ရှီရန်သည် အနီရောင်ဂါဝန်ဝတ်၍ဖြည်းညှင်းစွာ လျှောက်လာသည်။ သူမ လမ်းလျှောက်လာရင်း ရှည်လျားသော ဆံပင်များ အနည်းငယ် ရွေ့လျားသွားပြီး အနီရောင်ဖဲကြိုးများ ဆုံသွားသည်။
မျက်နှာပေါ်က မိတ်ကပ်က အရင်ကထက် ပိုထူလာသည်။ သူမ၏eyeliner က ပိုထူသောကြောင့် သူမ၏မက်မွန်ပွင့်ပုံစံမျက်လုံးများကို ပိုလို့တောင် ဆွဲဆောင်မှုရှိစေသည်။ သူမ၏နှာခေါင်းဖျားရှိ မှဲ့သည် နေရာမှန်တွင် ရှိနေပုံရသည်။
လူတိုင်း၏အကြည့်အောက်တွင် သူမသည် ပြုံးရုံသာပြုံးပြသော်လည်း လူတိုင်းအာရုံကို ချက်ချင်းဖမ်းစားနိုင်သည်။
သူမ ဝတ်ထားသည့် လျော့ရဲသောအကျီသည် ချောမောလှပသောကိုယ်လုံးအသွင်အပြင်ကို ဖုံးလွှမ်းထားသည်။
Kell ဆီသို့ လျှောက်လာစဉ် သူမ၏စကတ်သည် ခြေတစ်လှမ်းတိုင်းတွင် ပြေပြစ်စွာ လွင့်ပျံနေသည်။
Kell အံ့သြသွားသည်။ ရှီရန်ကို ကင်မရာရှေ့တွင်ထားပြီး ဓာတ်ပုံရိုက်ရန် ထပ်မစောင့်နိုင်တော့ပေ။
"အရမ်းလှတယ် ဒါလင်။ Kellဘက်ကိုကြည့်ပြီး ပြုံးလိုက်နော်။"
"တော်လိုက်တာ ဒါလင်၊ Kellနှလုံးသားထဲထိသွားအောင်တောင် ပြုံးနေတာပဲ"
"လက်ထောက်လိုက်ပါဦး။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါပဲ၊ အဲဒါက အေးစက်တဲ့ခံစားမှုပဲ။"
Kell ၏စိတ်လှုပ်ရှားနေသော အသံသည် အခန်းထဲတွင် ပြည့်သွားသည်။
"ဘာများ ကြည့်စရာရှိလို့လဲ" ရှောင်ရှီးက နှုတ်ခမ်းကို ဖိထားလိုက်သည်။ "Kell က အမြင်လည်း မရှိဘူး။ ရှီရန်က ဘာလှလို့လဲ။"
"ဟင်?" ဓါတ်ပုံရိုက်နေသည်ကိုအာရုံစိုက်နေသောKell က ၎င်းကို ရုတ်တရက်ကြားလိုက်ရသည်။
သူ ပြုံးနေသည်ကို ရပ်လိုက်ပြီး အေးစက်စွာ ကြည့်လိုက်သည်။ "မင်း ငါ့အမြင်ကို မေးခွန်းထုတ်နေတာလား။"
"ကျွန်မ..." ရှောင်ရှီး၏မျက်လုံးများ ပျာယာခတ်သွားကာ ကြောက်လန့်တကြား ခြေတစ်လှမ်းဆုတ်သွားသည်။
၎င်းကိုမြင်၍ ဝမ်ယုဖေးက ရှောင်ရှီးကို သူမနောက်ကိုဆွဲခေါ်ပြီး Kell ကို ပြုံး၍တောင်းပန်လိုက်သည်။ "Kell၊ ရှောင်ရှီးက အမြဲတမ်း အာချောင်တတ်လို့ပါ။ ကျေးဇူးပြုပြီး သူမနဲ့ ငြင်းခုံမနေပါနဲ့။"
Kell သည် ရှောင်ရှီး၏မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်ကာ ငေါ့ပြောလိုက်သည်။ "သူမက အငယ်တန်းလက်ထောက်တစ်ယောက်ပဲ။ ကျွန်တော် သူမနဲ့လိုက်ပြောမနေတော့ဘူး။"
ရှောင်ရှီးသည် ဝမ်ယုဖေး၏နောက်တွင်ပုန်းကာ စကားမပြောဝံ့ပေ။
Kell က အလုပ်ထဲအာရုံပြန်ရောက်သွားပြီးနောက် ဝမ်ယုဖေးသည်
ရှောင်ရှီး၏နဖူးကို လက်ညှိုးဖြင့် တို့လိုက်သည်။ "လူရှေ့သူရှေ့ မှာ အဓိပ္ပါယ်မရှိတဲ့စကားတွေ ထပ်ပြောရဲလား စောင့်ကြည့်ဦးမယ်။"
"ညီမ မှားပါတယ် မမယုဖေး" ရှောင်ရှီးက ရေရွတ်သည်။ "ဒါပေမယ့် ရှီရန်က မမယုဖေးထက် နိမ့်ကျတယ်လို့ ညီမ ခံစားရလို့ပါ။"
"အဲ့လိုနှိုင်းယှဉ်တာတွေက မလိုအပ်ဘူး" ဟု ဝမ်ယုဖေးက ပြောဆိုသည်။
ရိုက်ကူးရေးပြီးနောက်တွင် ဝမ်ယွီဖေးသည် ထွက်ခွာခါနီး သူမအား ကြည့်နေသေးကြောင်းကို ရှီရန်ကမြင်သည်။
နောက်တစ်စက္ကန့်တွင် ဝမ်ယုဖေးက သူမဆီသို့ လမ်းလျှောက်လာသည်။
"ရှီရန်" ဝမ်ယုဖေးက အမျိုးသမီးတစ်ယောက်လို နူးညံ့သိမ်မွေ့စွာ ခေါ်လိုက်သည်။ "တို့ ရှောင်ရှီးအတွက် တောင်းပန်ပါတယ်နော်။ တို့ သူမကို အရမ်းအလိုလိုက်ထားမိသွားပြီ။"
ရှီရန်သည် ဒေါသထွက်နေသော ရှောင်ရှီးကို ကြည့်လိုက်ပြီး ဝမ်ယုဖေး၏မျက်နှာကို ပြန်ကြည့်သည်။ ထို့နောက်သူမက "ကျွန်မအဆင်ပြေပါတယ်" ဟုပြောသည်။
ရှောင်ရှီးသည် သေးငယ်သောယင်ကောင်
တစ်ကောင်သာဖြစ်သောကြောင့် သူမကို သိပ်ပြီးစိတ်ထဲမထားပေ။
"ဒါဆို နောက်တစ်ကြိမ်အားလပ်ချိန်မှာ တို့ မင်းကို ထမင်းလိုက်ကျွေးမယ်နော်။ မင်းရဲ့ပြိုင်ကားတိုက်ရိုက်ထုတ်လွှင့်မှုကို အရင်ကကြည့်ခဲ့ရတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ" လို့ ဝမ်ယုဖေးက ချီးကျူးသည်။
"ကျေးဇူးတင်ပါတယ်။"
သူတို့ နှစ်ယောက် စကား သိပ်မပြောဖြစ်ကြပေ။ စကားအနည်းငယ် ဖလှယ်ပြီးနောက် သူတို့ လမ်းခွဲလိုက်ကြသည်။
သူတို့ ကားပြန်ရောက်လာသောအခါ ရှောင်ရှီးက အံကြိတ်လိုက်သည်။ "မမယုဖေး၊ ရှီရန်ရဲ့ ပုံစံကို ကြည့်လိုက်ပါဦး။ သူမ အရမ်းအေးစက်လွန်းတယ်။ဖျော်ဖြေရေးနယ်ပယ်က အားလုံးက မမယုဖေးကိုမြင်ရင် ပြုံးပြကြတာကို"
"ဒါက သူမရဲ့ ပင်ကိုယ်စရိုက်ပဲလို့ထင်တယ်။ အဲဒါကလည်း တစ်မျိုးကောင်းတယ်လို့ ထင်တယ်" ဝမ်ယုဖေး၏ပေါင်ပေါ်တွင် ထူထဲသော ဇာတ်ညွှန်းတစ်ခု ရှိနေပြီး သူမသည် ၎င်းကို လေးနက်စွာ ဖတ်နေသည်။
"သူမက D-အဆင့်မင်းသမီးတစ်ယောက်လေ။ လတ်တလောမှာ ရှိုးပွဲအမျိုးမျိုးတွေမှာ ရေပန်းစားနေပေမယ့် ဘာအသုံးဝင်လို့လဲ။ သူမက လူကြိုက်များနေတာပဲရှိတာ။ သူမမှာ ထောက်ပြရမယ့်အလုပ်တစ်ခုတောင် မရှိဘူး။"
"အဲ့လိုလူက မမယုဖေးနဲ့ဒရာမာတစ်ခုတည်းမှာ ဒုတိယမြောက်အမျိုးသမီးဇာတ်ပို့ကို ဘယ်လိုသရုပ်ဆောင်ခွင့်ရှိလို့လဲ။ သူမက ထိုက်တန်လို့လား။"
ရှောင်ရှီးဒေါသထွက်သွားသည်။ ဒေါသအလွန်ထွက်လာသဖြင့် မျက်နှာပေါ်က အသားက တုန်ယင်နေသည်။
၎င်းကိုမြင်၍ ဝမ်ယုဖေးသဘောကျသွားသည်။ "ကျင်းထျန်က သူမကို ထောက်ခံပေးခဲ့တာ။ ကျင်းထျန်က အမြဲတမ်း သမာသမတ်ကျတယ်။ သူမမှာ အရည်အချင်းတွေ ရှိရမယ်လို့ မမ ယုံကြည်တယ်။"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ညီမအိုင်ဒေါက တကယ်ပဲ သူမကို ထောက်ခံပေးခဲ့တာလား? သူရဲ့ ဖန်အဖြစ် ညီမ ဆက်မနေနိုင်တော့ဘူး!" ရှောင်ရှီးဒေါသအလွန်ထွက်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး အယ်လ်ဘမ်ကိုဖွင့်လိုက်သည်။ သူမ ဖတ်ရင်း ရယ်မောလိုက်သည်။
ထိုစိတ်အပြောင်းအလဲမြန်မှုကြောင့် ဝမ်ယုဖေးက တစ်ဖက်သို့ လှည့်ကြည့်လာသည်။
ထို့နောက် ရှောင်ရှီးသည် ဖုန်းစခရင်ကို ဝမ်ယုဖေးထံသို့ ပေးအပ်ပြီး ပျော်ရွှင်စွာပြောသည်။ "ညီမ သူမရဲ့ပုံကို ခုနက လျှို့ဝှက်ရိုက်ခဲ့တာ။ မမယုဖေး၊ ဒီဓာတ်ပုံကို ကြည့်ပါဦး။ ရုပ်မဆိုးလွန်းဘူးလား။"
ဓာတ်ပုံ၏နောက်ခံသည် အလွန်မှောင်နေပြီး သူမ၏အသားရောင်ကို အနည်းငယ် ပိုမှောင်စေသည်။ ထို့အပြင် သူမသည် ကုလားထိုင်ပေါ်တွင် ကုန်းကာထိုင်လျှက် မျက်နှာမှာ အလွန်မှုန်ဝါးနေပြီး လှပသောအရိပ်အယောင် မတွေ့ရပေ။
"မူရင်းစာအုပ်ရဲ့ ပရိတ်သတ်တွေက ဒီဓာတ်ပုံကို မြင်ရင် ဆန့်ကျင်ကန့်ကွက်ကြလိမ့်မယ်။ စာအုပ်ထဲက ပိုင်လန်က ဒီလိုပုံစံမဟုတ်ဘူးလေ" ဝမ်ယုဖေးရယ်သည်။
"ဟုတ်သားပဲ" ရှောင်ရှီးသဘောပေါက်သွားသည်။ ဖုန်းထဲက ဓာတ်ပုံကို ကြည့်ပြီး အကြံတစ်ခု ရသွားသည်။
နောက်တစ်နေ့တွင် "ဘုရင်နှင့်အတူပြန်လာခြင်း" ၏တရားဝင် Weibo အကောင့်မှ ဓာတ်ပုံနှင့် သရုပ်ဆောင်စာရင်းကို ထုတ်ပြန်သည်။ ခေတ်စားနေသောရှာဖွေမှုများ၏ထိပ်ဆုံးသို့ ၎င်းက လျင်မြန်စွာ ရောက်သွားသည်။
'ဘုရင်နှင့်အတူပြန်လာခြင်း' သည် အရောင်းရဆုံးဝတ္ထုမှ အခြေခံထားခြင်းဖြစ်သည်။ ၎င်းတွင် ကြီးမားသောဖန်များရှိပြီး ၎င်းကို ရုပ်မြင်သံကြား ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ကြားသိရသောအခါတွင် ရောထွေးသောသုံးသပ်ချက်များကို ရရှိခဲ့သည်။
သို့သော် အားလုံးက သရုပ်ဆောင်စာရင်းကို စောင့်မျှော်နေကြသည်။
အလှပုံတင်ပြီးသည်နဲ့ မှတ်ချက်ပေါင်း 100,000 ကျော်သွားပြီဖြစ်သည်။
[ရီရန်ရုကို ဝမ်ယုဖေးကအမှန်တကယ် ပါဝင်သရုပ်ဆောင်မယ်!! အရမ်းမိုက်တယ်!!]
[ဝမ်ယုဖေးက ငါ့နှလုံးသားထဲက ရီရန်ရုပဲ။]
[ရှောင်ချန်းကို ပိုင်ကျင်းထျန်က သရုပ်ဆောင်မှာ။ သူ့ကို ငါ ကြိုက်တယ်!!!]
[ဒီအစီအစဥ်မှာ အမှန်တကယ် ကျော်ကြားတဲ့သူတွေပါတာပဲ။]
[ဒုတိယမြောက်အမျိုးသမီးဇာတ်ပို့က ဘယ်သူလဲ။ သူမ အရမ်းလှတယ်။ ဒီပုံက အရမ်းကောင်းတယ်။]
[ဒီအချိန်မှာ??? ငါ့မာစတာရန်က ပိုင်လန်အဖြစ် တကယ်သရုပ်ဆောင်မယ်??]
[စတိုင်လ်ဓာတ်ပုံတွေ တကယ်ထိမိလွန်းတယ်။ သူမ ဘယ်လောက် သရုပ်ဆောင်ကောင်းလဲ ငါမသိဘူး။ သူမကို တစ်ခါမှ မတွေ့ဖူးဘူးကော။]
[မာစတာရန်က နှောင်ဖွဲ့နန်းတော်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါတယ်ဆိုတဲ့ သတင်းထွက်တယ်မဟုတ်လား။]
[ရှီရန်ရဲ့သရုပ်ဆောင်ချက်ကို လူတိုင်းသိတယ်။ သရုပ်ဆောင်တာ အရမ်းဆိုးရွားလွန်းတယ်။ ကျေးဇူးပြုပြီး ငါ့ပိုင်လန်ကို မဖျက်စီးပါနဲ့။]
အားလုံးက တက်ကြွစွာ ဆွေးနွေးနေကြစဥ် 'ဖျော်ဖြေရေးနယ်ပယ်ကဂျူနီယာညီမငယ်လေး' ဟု ခေါ်သောမားကတ်တင်းအကောင့်တစ်ခုက ဓာတ်ပုံရိုက်ကူးမှုတစ်ခုကို တင်လာသည်။
ဝမ်ယုဖေးသည် နတ်ဘုရားမကဲ့သို့ လှပသည်။
နောက်တစ်ယောက်ကတော့...
[ဒါရှီရန်လား???]
[သူမရဲ့ အနေအထိုင်ပုံစံ... ဒီအသားရောင်... တကယ်ကြီးလား??]
[ဒီဓာတ်ပုံက ထုတ်လုပ်ရေးအဖွဲ့ရဲ့တရားဝင်ဓာတ်ပုံနှင့် လုံးဝကွဲပြားတယ်ကော။]
[အဖွဲ့ရဲ့ပုံပြုပြင်ထားတာတွေက အတော်လွန်လွန်းတယ်။]
[ဒီလိုပုံစံနဲ့ ပိုင်လန်အဖြစ် ဘယ်လိုသရုပ်ဆောင်မှာလဲ။ ပိုင်လန်က နင်နဲ့ ဘယ်နေရာကတူနေလို့လဲ??]
[တရားဝင်ဓာတ်ပုံကို ကြည့်ရင်း လှတယ်လို့ထင်ခဲ့တာ။ အခု... ဘမ်း]
[မူရင်းပရိသတ်တွေက ဒီလောက်ရုပ်ဆိုးတဲ့ပိုင်လန်ကို လက်မခံနိုင်ကြောင်း ဖော်ပြနေကြပြီ။]
[မူရင်းစီးရီးကို ဖျက်စီးနေတာပဲ]
ထိုအခိုက်အတန့်တွင် ရှီရန်၏ Weibo သည် "ဘုရင်နှင့်အတူပြန်လာခြင်း" ၏တရားဝင် Weibo ပို့စ်ကို ပြန်လည်တင်ခဲ့ပြီး အင်တာနက်အသုံးပြုသူများသည် သူမ၏ Weibo သို့ မှတ်ချက်ရေးရန်ဝင်ရောက်လာသည်။
[နင့်လိုလူက ပိုင်လန်လုပ်မယ်?? လာနောက်နေတာလား?]
[ကျေးဇူးပြုပြီး ငါ့ပိုင်လန်ကို မဖျက်ဆီးပါနဲ့။ သရုပ်ဆောင်တာကနေနှုတ်ထွက်လိုက်။]
[မင်းမှာ လူကြိုက်များနေသေးတုံး နှုတ်ထွက်လိုက်။]
[ငါက မင်းရဲ့အမာခံတစ်ယောက်ဖြစ်လာတော့မလို့ပဲ။ ဒါပေမယ့် မင်းဘာလို့ ပိုင်လန်အဖြစ်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။]
ပြည်သူများက ရှီရန်ကို ပြစ်တင်ဝေဖန်ပြီးသရုပ်ဆောင်မှုကို စွန့်လွှတ်ရန် အကြံပေးကြသည်။ အချို့သောလူများက ထိုရုပ်ဆိုးသောဓာတ်ပုံကို အီမိုတီကွန်အဖြစ်ပြောင်းပြီး မှတ်ချက်များကဏ္ဍတွင် ဖြန့်ကြသည်။
"ဒီဓာတ်ပုံကို ဘယ်သူရိုက်တာလဲ။ ဒါက လွန်လွန်းတယ်" ဖန်တုံတုံက ဒေါသထွက်ကာ တုန်လှုပ်နေသည်။
သူမ ဓာတ်ပုံကို ချဲ့ကြည့်သည်။ “ဒါက အလင်းရောင်ကို လျှော့ချဖို့ တမင်ကြိုးစားတာ ထင်ရှားတယ်။ ဒါမှမဟုတ် လက်တုန်နေတဲ့ရိုက်ချက်တစ်ခုလား။ မမရဲ့ပုံက မှုန်ဝါးနေတယ်!"
ရှီရန်သည် ဇာတ်ညွှန်းကိုဖတ်ကာ သူမ၏ခြေထောက်များကို စောင်ခြုံလျှက် ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။
နေရောင်က ပြတင်းပေါက်ကနေ အလင်းပြန်ဝင်လာပြီး သူမမျက်နှာကို ရိုက်ခတ်နေသည်။ သူမ၏အသွင်အပြင်သည် အလွန်သိမ်မွေ့ပြီး တောက်ပနေသည်။
၎င်းကိုမြင်၍ ဖန်တုံတုံက သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဓာတ်ပုံရိုက်လိုက်သည်။
ပုံကို ပြန်လည်ပြင်ရန်တောင် မလိုအပ်ပေ။ လှပသည်ထက်ပိုလွန်းသည်။
သူမ နှုတ်ခမ်းစူလိုက်သည်။ "မမရန်က အရမ်းကြည့်ကောင်းတယ်။ ဒီလူက မမရန်ကို တမင်တကာ ဒုက္ခပေးချင်တာ ဖြစ်မယ်။"
ရှီရန်သည် ဇာတ်ညွှန်းကို ရောင်ခြယ်ဘောပင်ဖြင့် အမှတ်အသားပြုပြီး ဖန်တုံတုံ၏ပွစိပွစိလုပ်နေသံကို နားထောင်သည်။ ထို့နောက် သူမ ရယ်မောလိုက်သည်။ "ရေခဲသေတ္တာထဲမှာ ညီမ အကြိုက်ဆုံးရေခဲမုန့်ရှိတယ်။ကိုယ်တိုင်သွားယူစားလိုက်လေ။"
ဤတစ်ကြိမ်တွင် ဖန်တုံတုံသည် အစားအသောက်နှင့် အာရုံလွှဲမခံတော့ပေ။
ဂျီဝမ်ဖုန်းသည် ရှီရန်၏တိုက်ခန်းသို့ ရောက်သောအခါ ဖန်တုံတုံသည် ဒေါသတကြီး လှည့်ပတ်လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။
"ဓာတ်ပုံကြောင့်လား?" ဂျီဝမ်ဖုန်းသည် အကြောင်းရင်းကို လျင်မြန်စွာ ခန့်မှန်းလိုက်သည်။
သူ ဖိနပ်ပြောင်းစီးပြီး ဝင်လာသည်။
ရှီရန်က ဇာတ်ညွှန်းကိုဖတ်နေသည်ကိုမြင်လိုက်ရသောအခါ သူက ဖန်တုံတုံကို မေးသည်။ "မနေ့က မင်းရိုက်ခဲ့တဲ့ ဓာတ်ပုံရိုက်ကွင်းကဗီဒီယိုလေးရှိသေးလား?"