"ဘာကိုဆိုလိုတာလဲ?" ဖန်တုံတုံက တစ်ယောက်ယောက်က ထိုကဲ့သို့ပြောနေသည်ကို ကြား၍ထိတ်လန့်သွားသည်။
လက်ထောက်က မျက်ခုံးပင့်တင်ပြီး ရှီရန်ကို ခေါင်းမှခြေဖျားအထိ တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏အကြည့်များသည် ရှီရန်၏မျက်နှာဖုံးတပ်ထားသော မျက်နှာပေါ်သို့ ရောက်သွားသည်။
"ငါမှားနေတာလား။ အဆင့်အတန်း၊ ကျော်ကြားမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပရိသတ်အရေအတွက်အရ နင့်ရဲ့မင်းသမီးက ငါတို့မမယုဖေးနဲ့ ဘယ်လိုယှဉ်နိုင်မလဲ။"
"ပြီးတော့ ငါတို့ရဲ့မမယုဖေးက ကိုယ့်အားကိုယ် ကိုးပြီး ဒီနေရာကို ရောက်လာခဲ့တာ။ ဖြတ်လမ်းကို လျှောက်ချင်နေတဲ့သူတစ်ယောက်နဲ့ မတူဘူးလေ။"
"နင် ဘယ်သူ့ကိုပြောနေတာလဲ နင် လွန်နေ..." ဖန်တုံတုံသည် အမြဲတမ်း နူးညံ့သိမ်မွေ့သောပုံစံရှိသော်လည်း တင်းမာရမည့်အခြေအနေရောက်လာသောအခါတွင် သူမသည်ချက်ချင်းပင် တင်းမာသွားသည်။
ဂျီဝမ်ဖုန်းစိတ်လှုပ်ရှားနေသော ဖန်တုံတုံကို ပြန်ဆွဲလိုက်ပြီး လက်ထောက်ကို မကျေမနပ်နဲ့ ကြည့်သည်။ "ရှောင်ရှီး မင်း အရမ်းလွန်နေပြီ"
ရှောင်ရှီးသည် ချက်ချင်းပင် စိတ်ဆိုးသွားသည်။ "အစ်ကိုဂျီ၊ ညီမ မှားနေလို့လား? သူမ ချမ်းသာတဲ့မိသားစုထဲလက်ထပ်ဝင်ဖို့ ဘယ်လိုတောင် အိပ်မက်မက်ရဲရတာလဲ။ ညီမတို့ယုဖေးက တတိယမြောက်သခင်လေးရဲ့..."
"ရှောင်ရှီး!" ဂျီဝမ်ဖုန်းက အော်လိုက်သည်။
ရှောင်ရှီးသည် အလွန်ထိတ်လန့်သွားပြီး စကားမပြောရဲတော့ပေ။ သူမသည် သွားများကိုကြိတ်ထားကာ ရှီရန်ကို စိုက်ကြည့်ကာ ဒေါသတကြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဘာလို့ ငါတို့ကို လာရှာတာလဲ" ဂျီဝမ်ဖုန်းက စိတ်မချမ်းသာဟန်နဲ့ သူ့လေသံက စိတ်မရှည်တော့ပေ။
"မမယုဖေးက အစ်ကိုနဲ့ မတွေ့တာကြာလို့စကားစမြည်ပြောချင်လို့ အစ်ကိုကို လာခေါ်ခိုင်းတာပါ" ရှောင်ရှီးက နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
"ဒါဆိုလည်း သွားရအောင်။" ဂျီဝမ်ဖုန်းထွက်သွားသည်။ သူ မထွက်သွားခင် ရှီရန်နဲ့ဖန်တုံတုံကို အကြောင်းအရာတချို့ကို အသိပေးရန် မမေ့လျော့ခဲ့ပေ။
သူတို့ ဝေးသွားသောအခါတွင် ဖန်တုံတုံ ဒေါသတကြီး ဖြစ်နေသေးသည်။ "ဒါက လွန်လွန်းတယ်။ ညီမက ဝမ်ယုဖေးကိုတောင် အရမ်းချစ်မိခဲ့ရတယ်လို့။ သူမရဲ့လက်ထောက်ကို ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။"
"လက်ထောက်တစ်ယောက်ပဲဟာကို" ရှီရန်က ပေါ့ပေါ့ပါးပါးပြောသည်။
ဖန်တုံတုံ၏ကလေးမျက်နှာပေါက်သည် ပေါင်မုန့်အဖြစ်သို့ ပြောင်းလဲတော့မည်ကို မြင်လိုက်ရသဖြင့် သူမ ရယ်မောလိုက်သည်။ "နောက်မှ ဘာစားချင်လဲ။အရသာရှိတာတစ်ခုခုစားဖို့ခေါ်သွားမယ်။"
"ရေး" ဖန်တုံတုံ အလွန်ပျော်သွားသည်။
ရှီရန် အလိုအလျောက် ရယ်မောလိုက်သည်။
သူမသည် ဒုတိယမြောက် အမျိုးသမီးဇာတ်ပို့အဖြစ် သရုပ်ဆောင်ရမည်ဖြစ်၍ အမျိုးသား ဇာတ်ဆောင်သို့မဟုတ် အမျိုးသမီးဇာတ်ဆောင်လောက် အဆင့်မမြင့်သဖြင့် သူမသည် အများသူငှာ အဝတ်လဲခန်းကို အသုံးပြုရသည်။
သူမ ရောက်သွားသောအခါတွင် တစ်စုံတစ်ယောက်က မိတ်ကပ်လိမ်းပြီးနေပြီဖြစ်သည်။
သူမသည် နူးညံ့သိမ်မွေ့သောကောင်မလေးတစ်ယောက် ဖြစ်သည်။
ရှီရန်ကိုတွေ့သောအခါ သူမက ခေါင်းညိတ်နှုတ်ဆက်သည်။
ရှီရန်က မှန်တင်ခုံဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ မကြာခင်တွင် မိတ်ကပ်ပညာရှင်တစ်ယောက် ရောက်လာသည်။
ထို့နောက် သူမ၏Maskကို ချွတ်လိုက်သည်။
မိတ်ကပ်ပညာရှင်က အံ့ဩသွားသည်။
သူမ၏နေရာမှနေ၍ ရှီရန်၏နူးညံ့သိမ်မွေ့သော အသားအရေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ရှီရန် သရုပ်ဆောင်ရမည့်အခန်းကဏ္ဍက ယခင်ကအခန်းများနဲ့ မတူပေ။ အစပိုင်းတွင် သူမသည် ကျော်ကြားပြီး ဖြောင့်မတ်သောဂိုဏ်းတစ်ခု၏အကြီးဆုံးသမီးဖြစ်သည်။ သူမသည် အမျိုးသားဇာတ်လိုက်အားအရူးအမူးချစ်မိပြီးနတ်ဆိုးဂိုဏ်း၏နတ်ဆိုးဖြစ်မလာခင် ဖြူစင်ပြီး လောကကြီးအကြောင်းကို မသိနားမလည်ပေ။
ပင်ကိုယ်စရိုက်တွင် ကြီးမားသောပြောင်းလဲခြားနားမှုရှိသောကြောင့် မိတ်ကပ်နှင့် အဝတ်အစားတွင်လည်း ကြီးမားသောခြားနားမှု ရှိသည်။
ပထမဆုံးရိုက်ကူးရမည့်အခန်းမှာ ဂုဏ်သိက္ခာရှိသော ဂိုဏ်းတစ်ခု၏ အကြီးဆုံးသမီးဖြစ်သည်။
ရှီရန်က မိတ်ကပ်လိမ်းပြီး အဝတ်လဲခန်းထဲက ထွက်လာသောအခါတွင် အဝတ်လဲခန်းထဲက လူတွေ ချက်ချင်း အံ့ဩသွားကြသည်။
သူမသည် ပန်းရောင်ဖျော့ဖျော့ဂါဝန်ကို ၀တ်ဆင်ထားပြီး လက်ဖျားစပေါ်တွင် ပန်းနုရောင်ပန်းပွင့်သေးသေးလေးများချည်ထိုးထားသည်။ ငွေချည်သည် လှပသောတိမ်အနည်းငယ်ကဲ့သို့ တွဲလောင်းကျနေသည်။ သူမ၏ရင်ဘတ်ကို တောက်ပသောအဖြူရောင်ဖောင်းကြွပုံဖြင့် ပတ်ထားပြီး သူမ၏ဂါဝန်က လမ်းလျှောက်တိုင်း လှုပ်ယမ်းနေသည်။
သူမ၏အနက်ရောင်ဆံပင်များသည် ခါးတစ်ဝိုက်တွင် ပြန့်ကျဲနေပြီး ပန်းရောင်ဖဲကြိုးတစ်ခုတည်းဖြင့်ချည်နှောင်ထားသည်။ အခြားဆံပင်အသုံးအဆောင်များ မသုံးထားပေ။
သူမ၏မိတ်ကပ်လိမ်းခြယ်မှုကလည်း အလွန်ပါးလွှာသည်။ လူတိုင်း၏အကြည့်ကို ရင်ဆိုင်နေရသဖြင့် သူမသည် ချစ်စရာကောင်းစွာ ပြုံးပြပြီး ဖြူစင်သောမိန်းကလေး၏ပုံရိပ်သည် သူမထံတွင်ထင်ဟပ်နေသည်။
"မမ အရမ်းလှတာပဲ" ဖန်တုံတုံသည် ရှီရန်ကို လှည့်ပတ်ကာ သူမ၏မျက်လုံးများ တောက်ပနေသည်။ "မမရန်က အရမ်းလှတာပဲ!!"
"ကျေးဇူးပါ။" ရှီရန်က ပြုံးလိုက်သည်။
သူမသည် စတူဒီယိုဘက်သို့ ပြန်လှည့်သွားသည်။
"ပြီးပြည့်စုံတယ်၊ ပြီးပြည့်စုံတယ်။ ဖေးဖေး၊ မင်းက Kellတွေးထားတဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့တစ်ပုံစံထဲပဲ" ဓာတ်ပုံဆရာ Kell က ကင်မရာကို ကိုင်ထားပြီး အော်ပြောလိုက်သည်။
ကင်မရာရှေ့တွင် ဝမ်ယုဖေးသည် အဖြူရောင်ရှေးဟောင်းဝတ်စုံရှည်ကို ၀တ်ဆင်ထားသည်။ သူမ၏ရှည်လျားသော ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ ဆံပင်ကျစ်ထားသည်။ဆံပင်အသုံးအဆောင်များက ရိုးရှင်းသော်လည်း သူမကို ပိုလှပစေသည်။
သူမ၏မျက်နှာပေါ်က မိတ်ကပ်က အစစအရာရာ သပ်ရပ်လှပသည်။ ဤကဲ့သို့ကြည်လင်သောရိုက်ချက်တွင် အပြစ်အနာအဆာမရှိပေ။
"သူမက အရမ်းလှတယ်။" ဖန်တုံတုံသည် ဖန်သားပြင်ပေါ်တွင် ဝမ်ယုဖေးကိုမြင်သောအခါတွင် မထိန်းနိုင်ဘဲ အံ့အားသင့်စွာပြောသည်။
"ဟုတ်တယ်။" ရှီရန် ခေါင်းညိတ်လိုက်သည်။
ဝမ်ယုဖေးသည် အမှန်တကယ် အလွန်လှပသည်။ အစပိုင်းတွင် သူမသည် ချမ်းသာသောမိသားစုမှ မိန်းမပျိုတစ်ဦးကဲ့သို့ နူးညံ့ပြေပြစ်သည်။
ယခု သူမ ကင်မရာရှေ့တွင် ရှိနေသောအခါ အေးစက်ပြီးခပ်တည်တည်ဖြစ်နေသည်။ သူမ၏အကြည့်ကတောင် သရုပ်ဆောင်ထားခြင်းတစ်ခုဖြစ်သည်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်နာမည်နဲ့ သူမ ထိုက်တန်ပေသည်။
"မမယုဖေးက အရမ်းလှတယ်! ဝတ္ထုထဲက ရီရန်ရုကညီမရှေ့မှာပေါ်လာတာနဲ့တူတယ်။ မမက အရမ်းလှတာကြောင့် လူတချို့က မမနဲ့တောင်မယှဉ်နိုင်ဘူး"
ဤထူးဆန်းသောလေသံသည် ဝမ်ယုဖေး၏လက်ထောက်ရှောင်ရှီး၏အသံဖြစ်သည်။
ရှီရန်က မတုံ့ပြန်သည်ကိုမြင်သောအခါ ရှောင်ရှီးက မိတ်ကပ်ပညာရှင်ကို ဆက်ပြောသည်။ "မမယုဖေးက ဘယ်လောက်လှနေတယ်ဆိုတာကို တတိယသခင်လေးသာမြင်ရင် သူဘာလုပ်ရမှန်းမသိလောက်အောင် အလှထဲနှစ်မြောသွားလိမ့်မယ်"
ရှီရန်၏နားရွက်များ လှုပ်သွားသည်။
ချူးကျင်းချန်းနဲ့ ဝမ်ယုဖေး?
ရှောင်ရှီးပြောသည်ကို ကြားပြီးနောက် ရှီရန်က မူရင်းစာအုပ်ထဲက ဇာတ်ကွက်တစ်ခုကို ပြန်သတိရသွားသည်။
ဝမ်ယုဖေးသည် နိုင်ငံတကာတွင် ကျော်ကြားသွားပြီး နိုင်ငံတကာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိသောအခါတွင် သူမသည် ချူးကျင်းချန်းကို ချစ်မြတ်နိုးကြောင်း ဆုပေးပွဲ အခမ်းအနားတွင် ဝန်ခံခဲ့ပြီး ၎င်းသည်
ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
သို့သော်လည်း ချူးကျင်းချန်းသည် ထိုအချိန်တွင် စာထုတ်ပြန်ခဲ့ပြီး အိမ်ထောင်ပြုခြင်းကို အလိုမရှိကြောင်း ဖော်ပြခဲ့သည်။
ဤညှဉ်းပန်းနှိပ်စက်သောစာကြောင်းသည် ခေတ်စားနေသော ရှာဖွေမှုများတွင် အချိန်အကြာကြီး တည်တံ့နေခဲ့သည်။
ထို့နောက် ချူးကျင်းချန်းက အသက်သုံးဆယ်တွင် ကွယ်လွန်သွားခဲ့ပြီး မူရင်းစာအုပ်က ဝမ်ယုဖေးကို ဘယ်တော့မှ ထပ်မဖော်ပြတော့ပေ။
'အိမ်ထောင်ရေးကိုအလိုမရှိဘူး...'
တကယ်ကို ချူးကျင်းချန်းရဲ့ ပုံစံပဲ။
တစ်နည်းအားဖြင့် သူမနှင့် ချူးကျင်းချန်းတို့သည် တူညီသောလူများဖြစ်သည်။
ဝမ်ယုဖေး ဓါတ်ပုံရိုက်ပြီးသောအခါ သူမ၏မျက်နှာပေါ် နူးညံ့သောအပြုံးတစ်ခုပေါ်လာသည်။ "လူတိုင်း အလုပ်ကြိုးစားလို့ပင်ပန်းသွားရပါပြီ။"
“လုံးဝမဟုတ်ပါဘူး” ဝန်ထမ်းများက ပြန်ပြောကြပြီး အားလုံးက ဝမ်းသာနေကြသည်။
Kell သည် ဝမ်ယုဖေးအစောပိုင်းကရိုက်ထားသောဓာတ်ပုံများကို စစ်ဆေးနေသည်။
"ရိုက်ချက်တွေက အရမ်းကောင်းတယ်။ Kellလိုချင်တဲ့ပုံစံအတိုင်းပဲ" Kell ကျေနပ်သွားသည်။
သူ မော့ကြည့်လိုက်သောအခါတွင် သူ့မျက်လုံးက သေးသွယ်ပြီး ကျက်သရေရှိသော နောက်ကျောဆီကို ချက်ချင်း ရောက်သွားသည်။
သူမ ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူမ၏မျက်လုံးများက Kell နှင့်တွေ့ပြီး သူမ သူ့ကိုပြုံးပြသည်။
ထိုနေရာတွင် သူ အေးခဲသွားသည်။
ထိုအချိန်မှာ ခေါင်းလှည့်ငေးကြည့်ရသောအလှတရားဆိုသည်မှာ မည်သည့်အရာကိုဆိုလိုခြင်း ကို သူနားလည်သွားပုံပေါ်သည်။
သူသည် ရှီရန်ဆီသို့ အံ့အားသင့်စွာ လျှောက်သွားသည်။ "မင်းက ပိုင်လန်အဖြစ် သရုပ်ဆောင်မယ့် မင်းသမီးလား။"
"ဟုတ်ပါတယ်" ရှီရန်ခေါင်းညိတ်လိုက်သည်။
Kell က သူ့မေးစေ့ကို ပွတ်သပ်ပြီး ရှီရန်ကို လှည့်ပတ်ပြီး သူ့အကြည့်က အပေါ်မှအောက်မှ ဘယ်ညာသို့ ရွေ့ကြည့်ကာ သူမကို သေချာလေ့လာနေသည်။
နောက်ဆုံးတော့ သူက "ပိုင်လန်ရဲ့ မူလစရိုက်က တက်ကြွပြီး အပြစ်ကင်းတယ်။ မင်း...သူမအနေနဲ့ သရုပ်ဆောင်လို့ မရဘူး။" ဟု တိုက်ရိုက်ပြောသည်။
သို့သော်လည်း ၎င်းသည် အမှန်တရားဖြစ်သည်။
ရှီရန်၏အသွင်အပြင်သည် အေးစက်ပြေပြစ်ပြီး သူမ၏မျက်နှာပုံစံသည် တင်းမာသည်။ ပေါ့ပေါ့ပါးပါးနဲ့ သက်ဝင်လှုပ်ရှားသောခံစားမှုမျိုးရချင်ပါက မိတ်ကပ်နဲ့အဝတ်အစားအပြင် သူမ၏သရုပ်ဆောင်စွမ်းရည်ကလည်း လိုအပ်ပေမည်။
"မကြိုးစားကြည့်ရင် ဘယ်လိုလုပ်သိမှာလဲ" ရှီရန်၏နှုတ်ခမ်းများက ကွေးကာ ပရောပရည်ကျသော အပြုံးတစ်ခုပေါ်လာသည်။
Kell သည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
"ကျစ်၊ ကြွားနေသေးတယ်" ရှောင်ရှီးက လှောင်ပြောင်သည်။
ရှီရန်က ကင်မရာရှေ့သို့လျှောက်သွားသည်။ မီးအရောင်များစုပြီး ကင်မရာက သူမကို ချိန်လိုက်သောအခါ သူမ၏ပင်ကိုစရိုက်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများသည် တက်ကြွရုံသာမက သူမ၏ အမူအရာမှာလည်း တက်ကြွနေသည်။ သူမသည် လောကကြီးကို မသိနားမလည်သော မိန်းကလေးတစ်ယောက်နှင့် တကယ်တူသည်။
Kell အံ့သြလွန်းလို့ သူ့လေသံက တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။ "ကောင်းပြီ၊ ဒါပဲလေ။ အံ့သြစရာပဲဒါလင်။"
ဓါတ်ပုံအစုံရိုက်ပြီးသွားသောအခါ Kell သည် ချက်ချင်း ရှေ့သို့ တိုးလာသည်။ "Kell မင်းကို လျှော့တွက်ခဲ့မိတယ်ထင်တယ်။ မင်းရဲ့နောက်ထပ်ပုံစံကို စောင့်မျှော်နေပါမယ်။"
"အိုကေ" ရှီရန်က အသံတိုးတိုးဖြင့် ပြန်ဖြေပြီး ဒုတိယအဝတ်အစားကို ပြောင်းဝတ်ရန်သွားသည်။
ရှောင်ရှီးဒေါသထွက်သွားသည်။ "သူမက တုံးအတဲ့ ကောင်မလေးပဲ သရုပ်ဆောင်နိုင်မယ်။"
"ဒုတိယပုံစံက နတ်ဆိုးဘုရင်မလေ။ အဲ့ဒါက တကယ်ကို သရုပ်ဆောင်ရခက်တယ်" လို့ ဝမ်ယုဖေးက ညင်သာစွာပြောသည်။
"မမယုဖေးကတောင်ဒီလိုပြောနေရင်ရှီရန်က သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး။ အချိန်တန်လာတဲ့အခါ ရှီရန်က မမယုဖေးနဲ့တောင် ယှဉ်လို့မရဘူးဆိုတာကို Kell က သေချာပေါက် သိလာလိမ့်မယ်။"
သူတို့စောင့်ဆိုင်းနေစဉ် Kell သည် အခြားမိန်းကလေးတစ်ဦးအား သူမ၏မိတ်ကပ်ရိုက်ချက်များ၊ သူမ၏အမူအရာလေးနက်ပြီး ပရော်ဖက်ရှင်နယ်ဆန်သည့်ပုံစံရအောင် ကူညီပေးခဲ့သည်။
"ဝိုး! အရမ်းလှတာပဲ!"
အော်သံက ကျယ်လောင်လာပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။