KT အဖွဲ့စီအီးအိုရုံးခန်း
ချူးကျင်းချန်းသည် ရှီရန်၏မက်ဆေ့ကို လက်ခံရရှိသောအခါ အနည်းငယ် အံ့သြသွားသည်။
ထို့နောက် သူက တိုးတိုးလေး ရယ်လိုက်သည်။
သူသည် ဖန်သားပြင်ပေါ်မှ လက်ညိုးတင်ကာ မည်သို့ ပြန်ငြင်းခုံရမည်ကို တွေးနေသည်။
ထိုအချိန်တွင် လက်ထောက်က တံခါးခေါက်ပြီး ခွင့်ပြုချက်ရပြီးနောက် ဝင်လာသည်။
"တတိယသခင်လေး၊ ရိုက်ကူးရေးအဖွဲ့က မနေ့ညက သတိအချစ်ရှိသည်မှာ ထူးဆန်းတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ပြောပါတယ်။"
"မနေ့ညက ဧည့်သည်တွေ အပြင်ထွက်ချိန်းတွေ့တဲ့အခါမှာ ဒရုန်းက အဲ့ဒီမြင်ကွင်းကို မဖမ်းနိုင်ခဲ့ပါဘူး။ ပရိုဂရမ်အဖွဲ့က အကြောင်းရင်းကို စစ်ဆေးခဲ့ပြီး တစ်စုံတစ်ယောက်က ဒရုန်းကို ဟက်ခ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။"
ချူးကျင်းချန်းသည် သူ့ဖုန်းဖြင့် မက်ဆေ့ချ်ကို ပြန်ဖြေနေပုံပေါ်ပြီး ဖန်သားပြင်ပေါ်တွင် သူ့လက်ချောင်းများကို ရံဖန်ရံခါ ပွတ်ဆွဲနေသည်။
လက်ထောက်က "အဲဒီတုန်းက တစ်ခုခု မှားနေတယ်လို့ ခံစားမိတဲ့အတွက် KTအဖွဲ့ရဲ့ နည်းပညာအဖွဲ့ကို စုံစမ်းခိုင်းထားပါတယ်။ မျှော်လင့်ထားသလိုပဲ ဒီလူရဲ့ နည်းလမ်းတွေက မစ္စရှီရဲ့ အင်တာဗျူးတုံးကနဲ့ အလွန်ဆင်တူနေပါတယ်။"
'မစ္စရှီ' ဟူသော စကားကိုကြားတော့ ချူးကျင်းချန်းသည် သူ့ဖုန်းကို ချလိုက်ပြီး လက်ထောက်ကို ကြည့်လိုက်သည်။
"မစ္စရှီအင်တာဗျူးမှာ ပါဝင်တုန်းက ရုပ်မြင်သံကြားဌာနကလည်း အဟက်ခံခဲ့ရပါတယ်။ ပြီးတော့ ကျုံးယူဖန်လက်ခံရရှိတဲ့ Ray ရဲ့ အီးမေးလ်ကလည်း တူညီတဲ့လူက ရေးသားထားတယ်။"
"ရုပ်မြင်သံကြားဌာနနဲ့ ကျုံးယူဖန်က ဒီဟက်ကာကို စုံစမ်းဖို့ လူများစွာကို အသုံးပြုခဲ့ပေမယ့် သူတို့ ဘာမှမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဒီအချက်သုံးချက်က မစ္စရှီနဲ့ပတ်သက်နေတာပဲဆိုတာကို ကျွန်တော် တွေ့ရှိရပါတယ်။"
"ဒါကြောင့် ကျွန်တော် ထင်တာက ဒီဟက်ကာက မစ္စရှီအတွက် အလုပ်လုပ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"
ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများကို ခန့်မှန်း၍မရပေ။ "အချက်သုံးချက်?"
"ဟုတ်ပါတယ်၊ ဒရုန်းက ဟက်ခံရတုန်းက မစ္စရှီနဲ့ ပိုင်ကျင်းထျန် ချိန်းတွေ့နေကြတုန်းပါ..." ဟု ပြောပြီး လက်ထောက်က ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
ချီး!
ခွဲခြမ်းစိတ်ဖြာရန် အလွန်အလုပ်များနေသဖြင့် ထိုကိစ္စကို သူ မေ့သွားသည်။
"ချိန်းတွေ့တယ်? အဟက်ခံရတယ်?" ချူးကျင်းချန်းသည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး နှုတ်ခမ်းပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ကြောက်စရာကောင်းလာသည်။
လက်ထောက်က တုန်လှုပ်သွားသည်။ "တတိယမြောက်သခင်လေး၊ မစ္စရှီနဲ့ပိုင်ကျင်းထျန်က ဗီလာကိုပြန်ရောက်ဖို့ သုံးနာရီလောက်ပဲအချိန်ကြာခဲ့တာပါ။"
"သုံးနာရီပဲကြာတယ်?" ချူးကျင်းချန်းသည် အသံကို လျှော့လိုက်ပြီး သူ့မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်နေသည်။ "သုံးနာရီအတွင်း သူတို့ဘာလုပ်နိုင်မယ်လို့ မင်းထင်လဲ"
လက်ထောက်က စကားပြန်မပြောနိုင်တော့ပေ။
သုံးနာရီ...
ဘာမဆို လုပ်လို့ရတယ်
သူတို့သာ လုပ်ချင်ရင်ပေါ့
သို့သော် သူက ထိုစကားကို အကျယ်ကြီး မပြောဝံ့ပေ။
"ရှိုးနဲ့ပတ်သက်တဲ့အချက်အလက်ကို ငါဆီပို့လိုက်" ဟု ချူးကျင်းချန်းက တိုးသောလေသံဖြင့် ပြောသည်။
"ဟုတ်ကဲ့" လက်ထောက်က ချက်ချင်းပြောသည်။
သူ သက်ပြင်းတစ်ချက်ချရင်း စိတ်သက်သာရာရသွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ချူးကျင်းချန်း၏ရေရွတ်သံ ထွက်ပေါ်လာသည်။
"ရိုမန့်တစ်ရှိုးမှာ ငါ ပါဝင်ရင် ဘာဖြစ်မယ်ထင်လဲ"
လက်ထောက်- "!!!"
နှစ်ရက်အကြာတွင် "သတိအချစ်ရှိသည်" ၏ပထမအပိုင်းကိုထုတ်လွှင့်သည်။ ပြသသည့်နေ့တွင် ကြည့်ရှုသူအဆင့်သတ်မှတ်ချက် 3.342% သို့ရောက်ရှိသည်။ တစ်နှစ်ခွဲအကြာတွင် ရသစုံရှိုးပွဲတစ်ခုက 3% ကျော်ရောက်ရှိလာသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။
တိုက်ရိုက်ပြသထားသည့်ဇာတ်ကွက်များကိုလည်း ပိုမိုစိတ်ဝင်စားစရာကောင်းပြီး ကွက်ကွက်ကွင်းကွင်းဖြစ်အောင် တည်းဖြတ်ထားသည်။
ရှီရန်၊ရှီဝန်ဖေးနှင့်ကျုံးယူဖန်တို့ကြားတွင် တင်းမာမှုများ ပွဲတွင်မြင့်တက်လာသည်။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ရှီရန်သည် သူမကိုယ်တိုင် လူဆိုး၁၀ကျော်ကို အနိုင်ယူနိုင်ခဲ့သည်။
လူတိုင်းကမျှော်လင့်နေသော ဧည့်သည်များက ၎င်းတို့၏အတွဲကို ရွေးချယ်နိုင်သည့်အပိုင်းလည်း ရှိသည်။
ထုတ်လွှင့်သည့်နေ့တွင် "သတိ အချစ်ရှိသည်" သည် ခေတ်စားနေသော ရှာဖွေမှုများ အများအပြားအပိုင်သိမ်းယူခဲ့ပြီး ရှီရန် တစ်ယောက်တည်းက ၎င်းတို့ထဲကသုံးခုကို နေရာယူထားသည်။
# မာစတာရန်မွေးဖွားခြင်း
# ရှီရန်က ခင်ပွန်းလောင်းနှင့် ချိန်းတွေ့ရန် ငြင်းဆိုခြင်း
## ရှီရန်နှင့်ကျူယီဖေးချိန်းတွေ့ခြင်း
ထိုအချိန်တွင် ချူးကျင်းချန်းသည် မြို့ F တွင် အလုပ်ကိစ္စဖြင့် ခရီးထွက်နေပြီး သူ ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ကျူးယို့ဟန်က WeChat မက်ဆေ့ခ်ျတစ်စောင် ပေးပို့သည်။
[ကျူးယို့ဟန်]- ဒီနေ့ညက "သတိ အချစ်ရှိသည်"စပြတာ။ မင်း အဲဒါကို ကြည့်ပြီးပြီလား။
[ချူးကျင်းချန်း]- ကုမ္ပဏီက ပိတ်သွားပြီလား။
[ကျူးယို့ဟန်]...
ချက်ချင်းပင် ကျူးယို့ဟန်က နောက်ထပ် ဗီဒီယိုတစ်ခု ပို့လိုက်သည်။
ချူးကျင်းချန်း၏သွယ်လျသောလက်ချောင်းများက သူ့အင်္ကျီကော်လာကို ဆွဲဖွင့်လိုက်ပြီး ဗီဒီယိုကို အခြားလက်ဖြင့် ဖွင့်လိုက်သည်။
ဗီဒီယိုထဲ၌ ရှီရန်နဲ့ကျူယီဖေးတို့က သရဲခြောက်သောအိမ်တွင် ရှိနေကြသည်။ နောက်ခံသည် ကြောက်စရာကောင်းသည်။ ကျူယီဖေးသည် အလွန်ထိတ်လန့်သွားပြီး သူသည် ဘောလုံးလိုကောက်ကွေးကာ ရှီရန်ဘက်ကို ထပ်ခါတလဲလဲကပ်နေသည်။
ရှီရန်၏လေသံက နူးညံ့သည်။ "မျက်လုံးမှိတ်ထားလိုက်ပါလား။ ရှင့်ကို ကျွန်မ တွဲခေါ်သွားပေးမယ်"
ချူးကျင်းချန်းခေတ္တရပ်ပြီး ဗီဒီယိုကို ပိတ်လိုက်သည်။
သို့သော်လည်း ကိုယ့်သေတွင်းကိုတူးရသည်ကို နှစ်သက်သောကျူးယို့ဟန်ကတော့ လက်မလျှော့သေးပေ။
[ကျူးယို့ဟန်]- အခုမှပဲ ထုတ်လွှင့်နေပေမယ့် သူတို့ရဲ့ အတွဲပရိသတ်တွေက အရှိန်အဟုန်နဲ့ မြင့်တက်နေပြီ။ ယီရန်စုံတွဲ။ ဒီနာမည်ကို ဘယ်လိုသဘောရလဲ။
ချူးကျင်းချန်းက ပြုံးပြီး သူ့အနက်ရောင်မျက်လုံးကအေးစက်မှုနဲ့ ပြည့်နေသည်။
[ချူးကျင်းချန်း]: အရမ်းကောင်းတယ်။
ထိုစကားကို ကျူးယို့ဟန်က မြင်သောအခါ ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ ရယ်သည်။
သူက ဂျီဝမ်ဖုန်းကို အမြန်ဖုန်းဆက်ပြီး ထိုစိတ်ဝင်စားစရာကောင်းသောကိစ္စကို မျှဝေလိုက်သည်။
ဂျီဝမ်ဖုန်းက ခဏလောက် ငြိမ်သက်သွားသည်။ "မင်း လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုကော တွေးကြည့်မိရဲ့လား။"
ကျူးယို့ဟန် ရယ်မောခြင်း ရပ်တန့်သွားသည်။
သူ့ဖုန်း တုန်ခါသွားသည်။ သူ ကြည့်လိုက်သောအခါ သူ့အမေဖြစ်နေသည်။
သူက ဂျီဝမ်ဖုန်းကို ပြောသည်။ "ဖုန်းတစ်ခု ဝင်လာလို့။ နောက်မှ ငါမင်းကိုဖုန်းဆက်လိုက်မယ်။"
ဖုန်းကိုင်လိုက်သည်နှင့် မိခင်၏ရယ်မောသံကို ကြားလိုက်ရသည်။
"ဟန်လေး၊ ဒီစနေနေ့ အိမ်ပြန်လာခဲ့။ အမေက မင်းအတွက် အကုန်စီစဉ်ပြီးပြီ။"
ကျူးယို့ဟန်ရုတ်တရက် စိတ်မသိုးမသန့်ဖြစ်လာသည်။
“စနေနေ့မှာ ဘာရှိလို့လဲ” ဟု သူ မဝံ့မရဲမေးသည်။
"ကလေးလေးရေ၊ မင်းက ဘာလို့ ဟန်ဆောင်နေသေးတာလဲ။ ကျင်းချန်းက မင်းလက်ထပ်ချင်တယ်လို့ အမေ့ကို ပြောထားပြီးသား။ ဘာလို့ စောစောက မပြောရတာလဲ။ မင်းအတွက် အမေ စီစဉ်ထားပြီးပြီ။"
ကျူးယို့ဟန် စကားမပြောနိုင်ဖြစ်သွားသည်။
အကျိုးဆက်တွေက မြန်ဆန်လွန်းတယ်။
ပြီးလျှင် သူ့အရှိုက်ကို တိုက်ရိုက်ထိသွားသည်။
ကျူးယို့ဟန်က ရှင်းပြရန် ကြိုးစားသော်လည်း သူ့အမေက သူ့စကားကို နားမထောင်နိုင်လောက်သည်အထိ အလွန်ပျော်နေသည်။
သူမသည် ဖုန်းမချမီ စနေနေ့အိမ်လာရန်ပြောသည်။
ကျူးယို့ဟန်သည် စိတ်ရှုပ်ထွေးနေသည်။
သူက သူ့ဖုန်းကိုဖွင့်ပြီး ချူးကျင်းချန်း၏နောက်ဆုံးမက်ဆေ့ချ်ကို ကြည့်လိုက်သည်။
'ဒါဆို"အရမ်းကောင်းတယ်" ဆိုတာက စုံတွဲနာမည်ကို ရည်ရွယ်တာမဟုတ်ဘူးပေါ့။
သေတာပဲ!
နောက်တစ်နေ့မနက်တွင် ရှီရန်နှင့် ဖန်တုံတုံအောက်ထပ်သို့ ဆင်းလာသောအခါ ဂျီဝမ်ဖုန်းသည် ထိုနေရာတွင် စောင့်နေပြီဖြစ်သည်။
ယနေ့ ဘုရင်နှင့်အတူပြန်လာခြင်းအတွက် ဓါတ်ပုံရိုက်ကူးရမည်။
ကားက KT အဖွဲ့တွင် ရပ်သွားသည်။
ရှီရန်သည် မျက်နှာအမူအရာတစ်ခုမှမပြဘဲ ဖန်တုံတုံမှ Maskကိုယူ၍ မျက်နှာကိုဖုံးအုပ်ထားကာ ကားပေါ်မှဆင်းလိုက်သည်။
သူမရှေ့က အဆောက်အဦးကြီးက တိမ်တိုက်ကြားထဲ တိုးဝင်သည်အထိမြင့်မားပြီး ခမ်းနားနေကာ 'KT အဖွဲ့' ဆိုသောစကားလုံးက အလွန်အမြင်အာရုံကိုဖမ်းစားသွားသည်။
"KT အဖွဲ့?"
"KT က ဒီရှိုးမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူလေ။ KT ရဲ့ နိုင်ငံတကာ ဓာတ်ပုံဆရာ Kell က ရိုက်ချက်တွေကို တာဝန်ယူထားတယ်။ သူတို့ ဆယ့်ရှစ်ထပ်က စတူဒီယိုမှာ ရှိနေတယ်။"
ရှီရန်က ခေါင်းညိတ်ပြပြီး ဂျီဝမ်ဖုန်းနောက်ကနေ ဓာတ်လှေကားထဲကို လိုက်သွားသည်။
ဓာတ်လှေကားတံခါးက ပိတ်ခါနီးတွင် ထပ်ပွင့်သွားသည်။
အမျိုးသမီးတစ်ဦးသည် ကြော့ရှင်းသော၀တ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက် အလွန်လှသည်။
သူမသည် Maskနှင့်နေကာမျက်မှန်တပ်ဆင်ထားသည်။ သူမ အထဲဝင်လာရင်း သူမ၏ လက်ထောက်နှင့် ဝန်ထမ်းများက သူမကို ဝိုင်းရံထားသည်။
နောက်အခိုက်အတန့်တွင် သူမနေကာမျက်မှန်ကို ချွတ်လိုက်ပြီး ဂျီဝမ်ဖုန်းအား သူမ၏နူးညံ့သောမျက်လုံးများဖြင့် ပြုံးပြကာကြည့်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ ဝမ်ဖုန်း"
"ဟုယ်တယ်" ဂျီဝမ်ဖုန်းက တောင့်တောင့်ကြီး ခေါင်းညိတ်ပြပြီး သူမကို ရှီရန်နဲ့ မိတ်ဆက်ပေးသည်။ "သူမက ဒီဇာတ်ကားရဲ့ အမျိုးသမီးခေါင်းဆောင် ဝမ်ယုဖေးလေ။"
"မင်္ဂလာပါ စီနီယာ" ရှီရန်က ယဉ်ကျေးစွာ နှုတ်ဆက်သည်။
"မင်းက ရှီရန်လား? မင်းနာမည်ကို တို့ အကြိမ်ကြိမ် ကြားဖူးတယ်။ ဝမ်ဖုန်းအကြိုက်တွေ့တဲ့အနုပညာရှင်က ဘယ်သူလဲဆိုတာ အမြဲ သိချင်နေခဲ့တာ။ ဒီလောက် မြန်မြန်တွေ့မယ်လို့တောင် မထင်ထားဘူး" လို့ ဝမ်ယုဖေးက ညင်သာစွာ ပြောသည်။
ဓာတ်လှေကားမှ ဆင်းလိုက်သည်နှင့် လူအုပ်စုနှစ်စုသည် ဆန့်ကျင်ဘက်သို့ ဦးတည်သွားကြသည်။ ထုံးစံအတိုင်း ပင်မဇာတ်ဆောင်၏အဝတ်လဲခန်းသည် အနီးအနားတွင်ရှိသည်။
ဖန်တုံတုံသည် ရှီရန်အနားသို့ လျှောက်သွားပြီး အလွန်စိတ်လှုပ်ရှားနေသည်။ "အို ဘုရားရေ။ ညီမ ဝမ်ယုဖေးကိုတကယ်တွေ့ခဲ့ပြီ။ သူမက အပြင်မှာနူးညံ့သိမ်မွေ့လွန်းတယ်။ သူမက တကယ် နတ်သမီးပဲ"
"ရှူး တိုးတိုး။" ရှီရန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"ညီမ အရမ်းစိတ်လှုပ်ရှားနေလို့ပါ။ သူမက ညီမတို့ကုမ္ပဏီရဲ့ ထိပ်တန်းမင်းသမီးပဲ။ ဒါပေမယ့် မမရန်က နောက်ထပ်ထိပ်တန်းမင်းသမီးဖြစ်လာမယ်လို့ ညီမယုံကြည်တယ်" ဟု ဖန်တုံတုံက လက်သီးဆုပ်ကာ ပြောသည်။
ထိုမြင်ကွင်းက ရှီရန်ကို ကြည်နူးမိစေသည်။
"ခွီး-"
အနောက်မှလှောင်ပြောင်သံ ထွက်ပေါ်လာသည်။
သူတို့ လှည့်ကြည့်လိုက်သောအခါတွင် ဝမ်ယုဖေး၏လက်ထောက်က သူတို့ကို မနှစ်သက်သလိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာ ကူညီပေးရမလဲ?" ရှီရန်က အေးအေးဆေးဆေး မေးသည်။
"အသစ်ဆိုပေမယ့် ရည်မှန်းချက်က ကြီးနေပြီးသားပဲ။ မမရဲ့ယုဖေးဖိနပ်ကိုတောင် ကိုင်ဖို့မထိုက်တန်ဘူး။" လက်ထောက်သည် လှောင်ပြောင်ပြီး မေးစေ့ကို မောက်မာစွာ မြှောက်ထားသည်။