"အဲ့ဒါက ဧည့်သည်အသစ်လား" ယွီဇစ်ကျန်းသည် ထိုလူ၏နောက်ကျောကို လျှို့ဝှက်စွာ အကဲခတ်လိုက်သည်။
ထိုလူသည် သီးသန့်ချုပ်ထားသောအ၀တ်အစားများ ဝတ်ဆင်ထားပြီး သူ၏လက်ပတ်နာရီပင်လျှင် ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ၎င်းသည် ယွမ်တစ်သန်းကျော်တန်ဖိုးရှိပြီး ကျုံးယူဖန်၏နာရီထက်တောင် ပိုစျေးကြီးသည်။
သူ့မျက်နှာပုံစံက မည်သို့ရှိမည်ကို သူတို့က သိချင်နေကြသည်။
အခြားသူများသည် ဧည့်သည်အသစ်ကို သိချင်နေကြသော်လည်း သူတို့၏အမူအရာမှာ မှန်းဆ၍မရပေ။
တခြားသူများက သူ့ကို မမှတ်မိနိုင်သော်လည်းသူ့ကို သူမက မှတ်မိနေပေသည်။
မနေ့ညက Gym မှာတောင် ဤကဲ့သို့မြင်ကွင်းမျိုး မြင်ဖူးပေသည်။
ရှီရန်က သူမလက်ကို ကူကယ်ရာမဲ့စွာ နဖူးပေါ်တင်လိုက်သည်။
ထိုအချိန်တွင် ရှေ့မှလူသည် သူ့နောက်မှ လှုပ်ရှားမှုကို ခံစားမိပုံပေါ်ပြီး လှည့်ကြည့်လိုက်သည်။
မနက်မိုးလင်းချိန်ဖြစ်နေသည်နှင့် ပင်လယ်ကမ်းစပ်အနီး နေက အားကောင်းပြီး နွေးထွေးသည်။ နေထီးဆောင်းထားသကဲ့သို့ ထိုလူပေါ်၌ အလင်းဖြာထွက်နေသည်။
ထိုနေရာ၌ ရပ်နေကာ လူတိုင်းကို ပြေပြစ်စွာ ပြုံးပြရင်း ပင်လယ်လေက ထိုလူ၏ဆံပင်တိုကို ဖြတ်သန်းတိုက်ခတ်သွားသည်။
"အရမ်းချောတာပဲ..." ယွီဇစ်ကျန်းက မထိန်းထားနိုင်ဘဲ ပြောလိုက်မိသည်။
ပိုက်ဆံအများကြီးနှင့် ကိုယ်ခန္ဓာအချိုးအစားကောင်းမွန်ပါက ရုပ်ရည်ကသာမန်သာဖြစ်နေပါကလည်း ရုပ်ရည်ကအရေးမကြီးဟု သူမ ထင်သည်။
နောက်ဆုံးတွင် ထိုလူက ဤမျှလောက်ချောမောနေရန် မမျှော်လင့်ထားပေ။
'ဒါပေမယ့်... သူက မြင်ဖူးသလိုပဲ။'
နောက်တစ်စက္ကန့်တွင် ယွီဇစ်ကျန်း၏မျက်လုံးများသည် ထိတ်လန့်စွာ ကျယ်လာသည်။ "ချူးကျင်းချန်းလား?"
တခြားသူများလည်း အံ့သြသွားသည်။
၎င်းမတိုင်မီက သူတို့ထဲမှ အနည်းငယ်သာ ချူးကျင်းချန်း၏ပုံစံကို သိသော်လည်း ရှီရန်
နှင့်ချူးကျင်းချန်းကြားကောလဟာလမှ သူ့ကို မြင်ဖူးပြီးသားဖြစ်သည်။
ထိုလူ၏အသွင်အပြင်က ဆွဲဆောင်မှုရှိလွန်းသည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်းမှတ်မိသွားနိုင်သည်။
အားလုံးက ရှေ့ကို တိုးလာကာ သူ့ကို နှုတ်ဆက်ရင်း အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
တခြားတဖက်မှာလည်း သူတို့သည် တယောက်နဲ့တယောက် မသိကြပေ။ နောက်တစ်ဖက်တွင်လည်း တစ်ဖက်သူ၏အဆင်အတန်းက သူတို့နဲ့ အလွန်ကွာခြားလွန်းနေသည်။
ဒီလိုလူက ရိုမန့်တစ်ရှိုးပွဲမှာ တကယ်ပါဝင်လာမှာလား?
အားလုံးက မှင်သက်စွာနဲ့ သူတို့အိတ်များကို အိမ်ထဲကို ဆွဲယူသွားသည်။
အခန်းသည် နှစ်ထပ်မျှသာ မြင့်သော်လည်း အခန်းအလှဆင်ထားခြင်း သို့မဟုတ် နံရံများကို အလှဆင်ခြင်းကြောင့် သမုဒ္ဒရာ၏ရနံ့နှင့် ပြည့်နှက်နေသည်။
အိမ်ကို လှည့်ကြည့်ပြီးနောက် အားလုံးက ဧည့်ခန်းသို့ ရောက်လာကြသည်။
ချူးကျင်းချန်းသည် ရှီရန်အနားတွင် ပုံမှန်အတိုင်း ဝင်ထိုင်လိုက်သည်။
"KT က ဒေဝါလီခံသွားရလို့လား?" ရှီရန်က မေးသည်။
သူမ၏တိုက်ရိုက်မေးခွန်းကြောင့် သူမပတ်ဝန်းကျင်ရှိလူများ အံ့အားသင့်သွားသည်ကို သူမ သိမနေပေ။
သူက သာမန်လူမဟုတ်ပေ။ သူသည် KTအဖွဲ့၏ဥက္ကဌဖြစ်ပြီး ဤပွဲ၏အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သည်။
ရှီရန်က ကိုယ့်သေတွင်းကိုယ်တိုင် တူးနေမိမှန်းကိုတောင် မသိဘူးလား?
ချူးကျင်းချန်းတိုးတိုးလေး ရယ်မောလိုက်သည်။ “ကျွန်တော် က KT ရင်းနှီးမြုပ်နှံထားတဲ့ပွဲကို ကိုယ်တိုင် အတွေ့အကြုံလာယူတာလေ”
ဒါရိုက်တာက တုန်လှုပ်သွားသည်။ ဤအချိန်မှစ၍ သူသည် အနားယူခြင်းမပြုနိုင်တော့ပေ။
အကယ်၍ သူ၏ရင်းနှီးမြုပ်နှံသူသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်ရှုပါက သူသည် အလွန်သတိထားရပေမည်။
"အဟမ်း" ဒါရိုက်တာ ချောင်းဆိုးလိုက်သည်။ "အရင်ဆုံး ကျွန်တော်တို့ရဲ့ ဧည့်သည်အသစ် ... ချူး...ကျင်းချန်းကို ကြိုဆိုလိုက်ရအောင်။"
ဤကဲ့သို့ရာထူးကြီးတစ်ယောက်၏နာမည်ကို တိုက်ရိုက်ပြောရသည်မှာ သူ့အတွက် ခက်ခဲလွန်းသည်။
ထို့နောက် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"အခုအပတ်ကစပြီး စည်းမျဉ်းအသစ်တွေကို အသုံးပြုသွားပါမယ်။ တစ်ချိန်လုံးတိုက်ရိုက်ထုတ်လွှင့်မှုပုံစံကို အသုံးပြုသွားပါမယ်။ဘတ်စ်ကားပေါ်က ဆင်းလာကတည်းက ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်ထားပါတယ်။"
ထို့နောက် ဒါရိုက်တာအနားက ဖန်သားမျက်နှာပြင်ကြီး ပွင့်လာသည်။ မျက်နှာပြင်သည် ထိုအချိန်၌ ဆိုဖာပေါ်မှာ ထိုင်နေသောဧည့်သည်များ၏ပုံစံကို ဖော်ပြနေသည်။ အလျင်အမြန်ဖြတ်ကျော်သွားသည့်မှတ်ချက်များစွာပင် ရှိသည်။
[အရမ်းချောလိုက်တာ! ဧည့်သည်အသစ်က အရမ်းချောတယ်!!!]
[ဒါက မားကတ်တင်းလုပ်နေတာလား။ သူကပြီးခဲ့တဲ့အပတ်က ရှီရန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါခဲ့ပေမဲ့ အခုအပတ်က ချက်ချင်းဆိုသလို ဧည့်သည်အသစ်အဖြစ်ရောက်လာတယ်။]
[မားကတ်တင်းလုပ်နေတယ်လို့ တကယ်ထင်နေတာလား။ ရှူးဂါးဒယ်ဒီက မားကတ်တင်းလုပ်ဖို့ လိုနေသေးလို့လား။]
[ခုနကတံခါးဝကမြင်ကွင်းက အရမ်းမိုက်တယ်!!]
[ကိုယ်လူချောက ငါတို့ရဲ့မာစတာရန်ကြောင့် ဒီကိုရောက်နေတာ ဖြစ်နိုင်လား??]
[ရှီရန်နဲ ချူးကျင်းချန်းကစုံတွဲတစ်တွဲလို့ ပြောနေကြတဲ့သူတွေက ဘယ်ရောက်ကုန်ကြတာလဲ။ ကျင်းချန်းက သူမကို သဘောကျနေတာလား။]
[တစ်ချိန်လုံးလွှင့်ထားမယ်!! နေ့တိုင်း ချောမောလှပတဲ့မိန်းမတွေယောက်ျားတွေအများကြီးတွေကို ငါ ကြည့်နိုင်မယ်လို့ ဆိုလိုတာလား။]
ချူးကျင်းချန်းဖန်သားပြင်ပေါ်တွင်ပေါ်လာသည့်အချိန်မှစ၍ မှတ်ချက်များသည် ပလူပျံနေသည်။
သူသည် ထိပ်တန်းချမ်းသာသောမိသားစု၏ အနာဂတ်အမွေဆက်ခံသူဖြစ်ပြီး KT အဖွဲ့၏ အသက်အငယ်ဆုံးဥက္ကဋ္ဌဖြစ်သည်။ ထိုအချက်နှစ်ချက်တည်းဖြင့် လူတိုင်းက သူ့ထက်နိမ့်ကျသည်ဟု လူတိုင်းအား ခံစားရစေရန်လုံလောက်ပေသည်။
ယခုလည်း ပိရမစ်ထိပ်ဆုံးပေါ်ရှိလူတစ်ယောက်သည် သူတို့ရှေ့တွင် ရှိနေပြီး သူသည် အလွန်ချောမောသည်။ အားလုံးသူက စိတ်မလှုပ်ရှားဘဲမနေနိုင်ပေ။
အဝတ်လဲခန်းတစ်ခုတွင်
"မမယုဖေးက တကယ်ကိုလှလွန်းတယ်!" ရှောင်ရှီးက ပြောသည်။ "ညီမသာ တတိယမြောက်သခင်လေးချူးဖြစ်မယ်ဆိုရင် ဒီလို ချောမောလှပလွန်းတဲ့စေ့စပ်ထားသူကို ပိုင်ဆိုင်ခွင့်ရလို့ ပျော်လွန်းလို့သေတောင်သေသွားလိမ့်မယ်"
"စကားများလွန်းနေပြန်ပြီနော်" ဝမ်ယုဖေးက ရှောင်ရှီး၏နဖူးကို ပုတ်လိုက်သည်။
ရှောင်ရှီး အရူးလို ပြုံးလိုက်သည်။ "ဒါကအမှန်တရားပဲလေ။ ရှီရန်က တတိယသခင်လေးနဲ့ နီးစပ်နိုင်မယ်လို့ ထင်နေတာ။ တတိယသခင်လေးက သူမက ဘယ်လိုလူမျိုးလဲဆိုတာတောင် မသိဘူး။"
ဝမ်ယုဖေးက ပြုံးပြီး ရှီရန်ကို စိတ်ထဲတွင်တောင် မထည့်ထားပေ။
ထိုအချိန်တွင် မန်နေဂျာက အမြန်ဝင်လာသည်။ "ယုဖေး၊ 'သတိအချစ်ရှိသည်' မှာ တတိယမြောက် သခင်လေးပါမယ့်အကြောင်း ကို သိထားလား"
"ဘာ?" ဝမ်ယုဖေးအံ့အားသင့်သွားသည်။
'သတိအချစ်ရှိသည်?'
ထို့နောက် မန်နေဂျာက ဝမ်ယုဖေး၏ဖုန်းတွင် ခေတ်စားနေသော အကြောင်းအရာကို ပြသသည်။
ဝမ်ယုဖေးက မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူမသည်
ခေတ်စားနေသောအကြောင်းအရာများကို မယုံကြည်နိုင်ဖြစ်ကာ ကြည့်လိုက်သည်။
“ဘယ်လို…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…” သူမ ဟန်ချက်ပျက်သွားကာ မြေပေါ်လဲကျလုနီးပါး ဖြစ်သွားသည်။ ရှောင်ရှီးက သူမကို အမြန်ဖမ်းမိလိုက်သည်။
"ကျင်းချန်းက ဘာလို့ရိုမန့်တစ်ရှိုးပွဲမှာ ပါလာရတာလဲ" သူမသည် ဖန်သားပြင်ပေါ်ရှိ ချူးကျင်းချန်း၏မျက်နှာကို ကြောင်ပြီးကြည့်နေကာ သူ့မျက်နှာ ပျောက်ကွယ်သွားသည်။
သူမ၏မျက်လုံးများ အရောင်မှိန်းကျသွားသည်။
သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဂျီဝမ်ဖုန်း၏နံပါတ်ကို နှိပ်လိုက်သည်။
ပင်လယ်နားရှိအိမ်၌
ဒါရိုက်တာက "ဒါကို တိုက်ရိုက်ထုတ်လွှင့်ပြသတာတင်မကဘဲ နှုတ်ထွက်ရမယ့်စည်းမျဉ်းတွေလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ လာမယ့် သုံးရက်အတွင်းမှာ အမျိုးသားဧည့်သည်တွေနဲ့ အမျိုးသမီး ဧည့်သည်တွေက အဖွဲ့တွေ ဖွဲ့ရမှာ ဖြစ်ပါတယ်။ အတွဲလိုက်ကစားကြရမှာဖြစ်ပြီး အမှတ်တွေ အတူတူ ယူရမှာ ဖြစ်ပါတယ်။" ဟုပြောသည်။
"အမှတ်တွေကို နေ့စဉ်အစားအစာချက်ဖို့လိုအပ်တဲ့ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ အသုံးပြုနိုင်ပြီး နောက်ဆုံးနေ့မှာ ကျန်ခဲ့တဲ့အမှတ်တွေအရ အဆင့်သတ်မှတ်ခံရပါမယ်။ နောက်ဆုံးဖြစ်တဲ့သူက ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ ရှိုးပွဲကနေ ထွက်ရမှာပါ။"
"ဒါရိုက်တာ၊ ကိုယ်နဲ့တစ်သင်းတည်းဖြစ်မဲ့သူက နေ့တိုင်းမတူဘူးလို့ ဆိုလိုတာလား။" ယွီဇစ်ကျန်းက အရင်မေးသည်။ သူမ မေးသောအချိန်တွင် သူမ၏မျက်လုံးထောင့်ကနေ ချူးကျင်းချန်းကိုပင် ကြည့်လိုက်သေးသည်။
သူမသည် ချူးကျင်းချန်းနှင့်အတူတစ်သင်းတည်းဖြစ်နိုင်ခဲ့ပါက သူမအတွက် အကျိုးကျေးဇူးများစွာရရှိမည်မှာ သေချာသည်။
"နေ့တိုင်း ဧည့်သည်အဖွဲ့တစ်ဖွဲ့ကို နည်းလမ်းအမျိုးမျိုးနဲ့ ရွေးချယ်သွားမှာပါ။ ဒီနေ့အဖွဲ့ရဲ့နည်းလမ်းက စိတ်ချင်းဆက်နွယ်မှုပဲဖြစ်ပါတယ်။ အပြင်ဘက်မှာ အခန်းလေးခန်းရှိပါတယ်။ အမျိုးသမီးဧည့်သည်တွေက အခန်းတစ်ခုထဲသို့ဝင်ဖို့ ပစ္စည်းတစ်ခုကို ရွေးချယ်နိုင်ပါတယ်။"
"အမျိုးသားဧည့်သည်တွေက ဂိမ်းတစ်ခုဆော့ပြီးမှ သူတို့ရဲ့အခန်းရွေးချယ်မှုနံပါတ်အစဥ်လိုက်ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်သူတို့က သူတို့ရွေးချယ်ထားတဲ့အခန်းရဲ့အပေါက်ငယ်ကနေတစ်ဆင့် ပစ္စည်းကို ခန့်မှန်းရပါမယ်။ မှန်ကန်စွာ ခန့်မှန်းနိုင်ရင် သူတို့က အဖွဲ့တစ်ခုဖြစ်သွားပါမယ်။"
"အခုတော့ အမျိုးသမီးဧည့်သည်တွေက ပစ္စည်းတွေကိုယူပြီး အထဲဝင်စောင့်ဆိုင်းဖို့ အခန်းကို ရွေးချယ်နိုင်ပါပြီ။"
အမျိုးသမီးဧည့်သည်များက ထပြီး ထွက်လာသည်။
ရှီရန်သည် သူမ၏အိတ်ကို မွှေနှောက်ရှာ ပြီး နောက်ဆုံးတွင် သူမကို ဖန်တုံတုံ
ပေးခဲ့သောသကြားလုံးကို ထုတ်ယူလိုက်သည်။
အခန်းလေးခန်းရှိပြီး တစ်ခုနှင့်တစ်ခု မီတာကွာသည်။ သူတို့ရှေ့ရှိ အပေါက်သေးသေးလေးကလွဲ၍ အခန်းတို့သည်လေလုံလုနီးပါး ဖြစ်နေသည်။
ရှီဝန်ဖေးသည် ပထမဆုံး အကြံပြုသူဖြစ်သည်။"ကျွန်မတို့ရွေးချယ်လိုက်ကြရအောင်။ အခန်းအားလုံးကအတူတူပါပဲ"
"ဟုတ်တယ်။"
"ဒါဆို ကျွန်မ ပထမအခန်းယူလိုက်မယ်" ယွီဇစ်ကျန်းက ဘောပင်ကို လက်ထဲတွင်ကိုင်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ယောက်ျားလေးဧည့်သည်များက ပထမအခန်းကနေ အရင်စတင်မည်မှာ သေချာသည်။ ဤနည်းအားဖြင့် သူမသည် ချူးကျင်းချန်း နှင့်တွေ့ဆုံရန် အခွင့်အလမ်းပိုများသည်။
"ဒါဆို ကျွန်မက ဒုတိယအခန်းယူမယ်" ရှီဝန်ဖေးက ပြောသည်။
"ကျွန်မ နောက်ဆုံးအခန်းယူမယ်" ရှီရန်သည် နောက်ဆုံးအခန်းတစ်ခုဆီသို့ ဦးတည်သွားသည်။
ငါးမိနစ်အကြာတွင် ဂိမ်းကိုအနိုင်ရခဲ့သော ချူးကျင်းချန်းသည် ပင်လယ်အနီးတွင် ပထမဆုံးပေါ်လာသည်။
ချူးကျင်းချန်းသည် ပထမဆုံးသစ်သားအိမ်သို့ ရောက်လာပြီး ခွေးခြေပေါ်ထိုင်ကာ အပေါက်ထဲသို့ လက်နှိုက်လိုက်သည်။
ကင်မရာသည် ချူးကျင်းချန်း၏လက်ကို အနီးကပ်ရိုက်ကူးသည်။
အနီးကပ်ရိုက်ချက်တွင် ချူးကျင်းချန်း၏လက်များသည် ဖြောင့်စင်းသွယ်လျသည်။ သူ၏သွယ်လျသော လက်ချောင်းရှိလက်ဆစ်များသည် အနည်းငယ် ကောက်ကွေးသွားကာ သူ၏လက်သည်းတိုများသည် ကျန်းမာပြီး သန့်ရှင်းပုံပေါ်သည်။
သူ့လက်နှင့်လက်ကောက်ဝတ်နောက်ကျောရှိ သွေးပြန်ကြောများအနည်းငယ် ဖောင်းတက်နေသဖြင့် ထိုမြင်ကွင်းက လူများ၏စိတ်နှလုံးကို အနိုင်ယူသွားသည်။
[ဒီလက်!!! ငါ ကြိုက်တယ်!!!]
[ငါက လက်လှလှလေးတွေကိုရူးသွပ်နေသူတစ်ယောက်ပဲလေ။]
[ဒီလက်ကို မထိမိရင်တော့ နာတာပဲဟေ့။]
သူ့ရှပ်အင်္ကျီ၏လိပ်တင်ထားသောလက်အစနားကို မြင်လိုက်ရသောအခါ ယွီဇစ်ကျန်း၏မျက်လုံးများ တောက်ပလာသည်။
သူမ လိုချင်တောင့်တနေသောသူပင်ဖြစ်သည်။
သူမ စိတ်မငြိမ်မသက်ဖြစ်နေသော်လည်း ကင်မရာရှေ့တွင် သူမ၏စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားရသည်။
ထို့နောက် ယွီဇစ်ကျန်းသည် ဘောပင်အလယ်ကို ကိုင်လိုက်ပြီး ချူးကျင်းချန်း၏လက်ထဲတွင် ထည့်လိုက်သည်။
သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သောအခါတွင် ချူးကျင်းချန်း၏လက်ဖဝါးပေါ်တွင် သူမလက်ချောင်းထိပ်များကို မတော်တဆ ပွတ်တိုက်မိဟန်ဆောင်သည်။
ကင်မရာအောက်တွင် ချူးကျင်းချန်း၏လက်က လက်ထဲရှိဘောပင်ကို ပွတ်တိုက်လိုက်ပြီး သူ့လက်ဆစ်များက ဘောပင်ကို ရံဖန်ရံခါ ထိကာလှုပ်သွားသည်။
[ဒါက ဘောပင်ပဲ။ ထိမိတာကဘောပင်တစ်ချောင်းပဲ။]
[ဘာညစ်ပတ်တဲ့အတွေးမှ မရှိဘူး!!!]
[ခုမှဝင်လာတာ ဒီမိန်းမရဲ့ ဟန်များနေတဲ့ပုံစံနဲ့ လာတိုးနေပြီ။]
[အဲဒါက ဘောပင်တစ်ချောင်းဆိုတာ တော်တော်ခန့်မှန်းရလွယ်တယ် မဟုတ်လား။]
[ယွီဇစ်ကျန်းက ဥာဏ်ကောင်းတယ်။ ဘောပင်က ခန့်မှန်းရအလွယ်ဆုံးပဲ။]
[သူတို့နှစ်ယောက်က အဖွဲ့တစ်ဖွဲ့ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဟုတ်တယ်မလား။]
ထိတွေ့ချိန်ပြီးသွားသောအခါ ချူးကျင်းချန်းသည် သူ့လက်ထဲကဘောပင်ကို ချလိုက်သည်။
အနီးကပ် HD ဖြင့် ပို၍သိမ်မွေ့သော သူ့မျက်နှာကို ကင်မရာက ရိုက်ကူးသည်။
သူ့နှုတ်ခမ်းက ကွေးတက်သွားသည်ကို မြင်လိုက်ရသည်။ "ခုနက ကျွန်တော် ထိလိုက်တာက..."
ယွီဇစ်ကျန်း၏နှလုံးခုန်သံများ ပြင်းထန်လာပြီး သူမ၏မျက်လုံးထဲရှိစိတ်လှုပ်ရှားမှုက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည်။
"သစ်သားချောင်းလေးဖြစ်မယ်ထင်တယ်"
လူတိုင်း ဆွံအသွားသည်။