"မင်းတို့နှစ်ယောက်ဘယ်သွားပြီးဘာလုပ်ခဲ့ကြတာလဲ" အေးဂျင့်က ရှီရန်ကို သတိရှိစွာကြည့်သည်။
မည်သည့်ကင်မရာများမပါဘဲ ဤရူးသွပ်နေသောပရိတ်သတ်က ကျင်းထျန်ကိုအခွင့်ကောင်းမယူသင့်ပေ။
ရှီရန်နှင့် ပိုင်ကျင်းထျန်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။
ခဏအကြာတွင် ရှီရန်က ပြောသည်။ "ကျွန်မတို့ ရုပ်ရှင်ပဲ သွားကြည့်ခဲ့တာပါ"
"ဒါဆို မင်းတို့ ဘာလို့ရုပ်ရှင် ပြန်မကြည့်တာလဲ? ဒါမှမဟုတ် နေရာကို ပြောင်းလိုက်ပါလား။" ဒါရိုက်တာက ဂရုတစိုက်မေးသည်။
"ဒါဆို တခြားရုပ်ရှင်ကားသွားကြည့်ရအောင်" ပိုင်ကျင်းထျန်က ရှီရန်ကို ပြုံးပြလိုက်သည်။
ရှီရန်က မငြင်းပေ။
သူတို့ ထွက်သွားကြသည်။
အပင်အောက်မှာ ရပ်နေသော ကူကျားက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
"အကောင်းဆုံးမင်းသားပိုင်နဲ့ မမက ချိန်းတွေ့တာအဆင်ပြေနေတဲ့ပုံပဲ။"
ရှီဝန်ဖေးသည် ကာတွန်းရေဖန်ခွက်ကိုကိုင်ကာ ကူကျားဆီသို့ လျှောက်လာသည်။
ကူကျားသည် မျက်လုံးလွှဲလိုက်ကာ သူမမျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခုပေါ်လာသည်။ "ချိန်းတွေ့တာက ပျော်စရာကောင်းရမှာပေါ့။"
"တကယ်လား?" ရှီဝန်ဖေးခေါင်းငဲ့စောင်းလိုက်သည်။ "ဒါပေမယ့် မမက မင်းသားပိုင်ရဲ့ အရူးအမူးပရိတ်သတ်ဖြစ်ခဲ့ဖူးတယ်။ သူက မမကို အမြဲတမ်းမုန်းနေခဲ့တာ"
"ဒါရိုက်တာက ဒရုန်းက ပျက်သွားခဲ့တယ်လို့ ပြောတယ်။ ဒီလိုတိုက်ဆိုင်မှုမျိုးဖြစ်လာတာကိုဘယ်လိုသဘောရလဲ။"
"ဘာကိုဆိုလိုတာလဲ?" ကူကျားမျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
"အစ်မကျားနဲ့အကောင်းဆုံးမင်းသားပိုင်က ပိုလိုက်ဖက်တယ်လို့ ညီမ ထင်တယ်" ရှီဝန်ဖေးက အပြစ်ကင်းစင်ဟန်ဆောင်ကာ ပြုံးပြလိုက်သည်။
ကူကျားက အာရုံစူးစိုက်ပြီး သူမ၏အဓိပ္ပါယ်က မရှင်းမလင်းဖြစ်နေသည်။ "ဒါပေမယ့် ကျင်းထျန်က ရှီရန်ကို ပိုကြိုက်တယ်ထင်တယ်။"
"အစ်မကျားနဲ့အကောင်းဆုံးမင်းသားပိုင်က စုံတွဲတစ်တွဲလို့ လူတိုင်းက တိတ်တဆိတ်သဘောတူနေကြတယ်။ မမက ရုတ်တရက်ကြားဝင်လာဖို့ မမျှော်လင့်ထားဘူး။"
"မမက သူများတွေလိုချင်တာတွေကို ရဖို့အတွက် အမြဲတမ်း ကြားဝင်လုယူတတ်တယ်။ ဒီတစ်ခါလည်း အဲ့ဒီလိုပဲဖြစ်နိုင်တယ်။ မမကိုယ်စား ညီမ တောင်းပန်ပါတယ်နော်။"
ကူကျားသဘောပေါက်သွားသည်။ "ဒါဆို ရှီရန်က သူ့ကို တမင်တကာလုယူသွားတယ်လို့ ဆိုလိုတာလား။"
"ဟင်း" ရှီဝန်ဖေးသက်ပြင်းချကာ ကူကယ်ရာမဲ့စွာ ဖြစ်နေသည်။ "မမက အမြဲတမ်းအဲ့ဒီလိုပါပဲ။ ယူဖန်နဲ့ ညီမလို..."
သူမ အတင်းအကျပ်ပြုံးထားပုံပေါ်သည်။ "အစ်မကျားလည်း ညီမက ယူဖန်နဲ့ ပိုရင်းနှီးတယ်လို့ ခန့်မှန်းပြောနိုင်မှာသေချာတယ်။ မမက ညီမက အငယ်အနှောင်းတစ်ယောက်လို့ အမြဲပြောနေပေမယ့် အဲဒါက မဟုတ်ဘူး။"
"ရှီမိသားစုဆီ ညီမ ပြန်မရောက်လာခင် ယူဖန်နဲ့ ညီမ အတူတူတွဲနေကြတာ ကြာပြီ။ မမက အဲ့ဒါကို သိသွားပြီး နောက်ပိုင်းမှာ..."
သူမ ပြောနေရင်း ဝမ်းနည်းနေပုံပေါ်သည်။
"မမက ယူဖန်ရဲ့ စေ့စပ်ထားသူ ဖြစ်သွားတယ်လေ။ ညီမ သူ့ကို စွန့်လွှတ်ဖို့ စိတ်ကူးထားပေမယ့် တကယ် မလုပ်နိုင်ခဲ့ဘူး။"
ကျုံးယူဖန်၏အသံက ဝမ်းနည်းသံပေါက်နေပြီး စကားလုံးတိုင်းက ခံစားချက်နဲ့ပြည့်နှက်နေသည်။
"အဲ့လိုသာဆိုရင် ရှီရန်က အရမ်းလွန်သွားပြီ" လို့ ကူကျားက ပြောသည်။
ရှီဝန်ဖေးက ကူကျားသည် သူမ၏စိတ်ခံစားချက်နောက်အတိုင်း လိုက်ပါလာသည်ကိုကြည့်၍ ကျေနပ်မိသည်။
"အစ်မကျား၊ မမကို အပြစ်မတင်ပါနဲ့။ အဲ့ဒါက မမရဲ့ နဂိုပုံစံပါ"
"အစ်မဆီကနေ ပစ္စည်းတွေ လုယူသွားတာကို အစ်မ မကြိုက်ဘူး။ ဒီလိုလူတွေကို အစ်မ အလွှတ်မပေးနိုင်ဘူး။" ကူကျားသည် ရှီဝန်ဖေးကို ကြည့်လိုက်သည်။
ထို့နောက် သူမ အဝေးကို လှမ်းကြည့်သည်။ "အစ်မလုပ်စရာတွေရှိလို့ အစ်မအခန်းကို ပြန်တော့မယ်။"
ကူကျား ထွက်သွားသည်။
ရှီဝန်ဖေးက ကူကျား၏နောက်ကျောကို ကြည့်ပြီး အောင်ပွဲခံစွာ ပြုံးလိုက်သည်။
ကူကျားသည် အင်အားကြီးမားသော ရန်သူဖြစ်သည်။
'ခဏစောင့်နှင့်နေဦးပေါ့၊ ရှီရန်ရေ'
ညဘက်တွင် ရှီဝန်ဖေးသည် အိပ်ရာထဲတွင် လဲလျောင်းနေစဥ် ကူကျား၏အခန်းထဲတွင် လှုပ်ရှားသံကို ကြားလိုက်ရသည်။
မကြာခင်တွင် တံခါးခေါက်သံကြားသည်။
ကျေနပ်စွာဖြင့် သူမ မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။
ခြံထဲတွင်
ရှီရန်နှင့်ကူကျားတို့သည် ခြံရှေ့သို့ တိတ်တဆိတ် လမ်းလျှောက်နေကြသည်။
CCTV မမြင်နိုင်သောနေရာတွင် သူတို့ ရပ်လိုက်ကြသည်။
"ဒီမှာ ကင်မရာမရှိဘူး" ရှီရန်သည် သူမ၏ညအိပ်ဝတ်စုံကို ၀တ်ထားပြီး သစ်ပင်၏ပင်စည်ကို ပျင်းရိစွာ မှီလိုက်သည်။
"ဘယ်လိုသိတာလဲ?" ကူကျားအံ့သြသွားသည်။
ရှီရန် သမ်းလိုက်သည်။ 'ဒီလမ်းတစ်လျှောက်မှာ အစ်မပဲ ကင်မရာ ရှာနေတာလေ။'
"ညီမက ဉာဏ်ကောင်းသားပဲ။" ကူကျား၏ နှုတ်ခမ်းများက ပြုံးကာ ကွေးသွားသည် ။ "ဒီညက ရှီဝန်ဖေး အစ်မကို စကားလာပြောတယ်။"
"ပျင်းနေလို့ဖြစ်မယ်" ရှီရန်က ရယ်မောလိုက်သည်။
ရှီဝန်ဖေးပြောသည့်အရာကို သူမ ခန့်မှန်းနိုင်ပုံပေါ်သည်။
အမှန်တရားကိုလိမ်လည်လှည့်ဖြားပြောဆိုရာတွင် ရှီဝန်ဖေးသည် ထူးချွန်လွန်းလှသည်။
ကူကျားရယ်သည်။ "သူမ စိတ်ထဲမှာ အကြံတွေအများကြီးပဲ။ ညီမ သတိထားသင့်တယ်။"
ကူကျား၏သတိပေးချက်က မမျှော်လင့်ထားသောအရာဖြစ်သည်။ သူမကိုကြည့်ရင်း ပြောသည်။ "ကျေးဇူးပါ"
"ရှီရန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က အစ်မ ကြည့်ခဲ့ပြီးပြီ။ ရှီရန်က အစ်မတို့ရဲ့ နောက်ဆုံးပေါ် ရေမွှေးပုံစံနဲ့ကိုက်ညီမယ်ထင်တယ်။ အတူတူ လက်တွဲအလုပ်လုပ်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်။"
သူမလက်ကို ရှီရန်ကို လက်ကမ်းပေးလိုက်သည်။
ရှီရန်သည် အံ့သြသွားပြီး ထိုအမျိုးသမီး၏လက်ကို ချက်ချင်းကိုင်လိုက်သည်။ 'ညီမအတွက်တော့ ဝမ်းမြောက်စရာပါပဲ'
တစ်ယောက်ကိုတစ်ယောက် ပြုံးပြကြသည်။ တခြားစကားလုံးများ ပြောရန် မလိုအပ်ပေ။
ရိုက်ကူးရေးပရိုဂရမ်၏တတိယမြောက်နေ့တွင် လူသန်းပေါင်းများစွာသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာသည်။
သို့သော် လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာကို မြင်သောအခါတွင် မေးခွန်းများဖြင့်သာ ပြည့်နှက်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကင်မရာသည် ရှီရန်၏အိပ်ရာကို မျက်နှာမူထားသည်။
ထိုအချိန်တွင် သူမသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှုမြန်နေသည်။
ပြီးလျှင် အိပ်မောကျနေသည်။
[အိပ်ရင်းလွှင့်နေတာလား။]
[ မာစတာရန်က အိပ်နေတဲ့အချိန်မှာတောင် ဘာလို့ဒီလောက်တောင်လှနေရတာလဲ!!]
[ဘေးအခန်းက ရှီဝန်ဖေးက သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုကို တိုက်ရိုက်ထုတ်လွှင့်နေတယ်။ မာစတာရန်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။]
[သူမ အိပ်နေတာကို ကြည့်ရတာ သဘောကျတယ်!!!]
"သတိအချစ်ရှိသည်" ရိုက်ကူးရေးသည် တစ်ခါရိုက်ကူးလျှင် ၃ ရက်ကြာရိုက်ကူးသည်။ ယနေ့က သုံးရက်မြောက်နေ့ဖြစ်သည်။
ဆိုလိုသည်မှာ ယနေ့တွင် တစ်စုံတစ်ယောက်က ဖယ်ရှားခံရတော့မည် ဖြစ်သည်။
"ကံမကောင်းစွာပဲ၊ ဒီနေ့ ဖယ်ထုတ်ခံရသူက... လျန်ပု့ပါ"
အားလုံးက လျန်ပု့ကို အံ့သြမနေစွာ ကြည့်နေကြသည်။
ယခုအတောအတွင်း လျန်ပု့၏တိုက်ရိုက်ထုတ်လွှင့်မှုဒေတာသည် အလွန်နည်းလှသည်။
ယွီဇစ်ကျန်းလည်း အစပိုင်းတွင် အလွန်နည်းလှသည်။ သို့သော် streamingလုပ်ခြင်းက သူမ၏အားသန်ရာဖြစ်ပြီး ဒေတာကို အမြန်ဆွဲတင်နိုင်ခဲ့သည်။
လျန်ပု့ကို ဖယ်ရှားလိုက်ခြင်းဖြင့် ရိုက်ကူးမှု ပြီးဆုံးသွားသည်။
"နောက်ထပ်ရိုက်ကူးရေးကွင်းက တစ်ပတ်အတွင်းရှိပါလိမ့်မယ်။ အဲ့မှာ ဧည့်သည်အသစ်ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ စည်းကမ်းအသစ်တွေ ထပ်ထည့်ပါမယ်။ စောင့်မျှော်ပေးကြပါဦး။"
ဒါရိုက်တာသည် ဤကဲ့သို့ အဓိပ္ပါယ်ရှိသော စကားတစ်ခွန်းကို ပြောသည်။
ရှီရန်သည် ခရီးဆောင်အိတ်ဖြင့် ထွက်လာသည်။ ဂျီဝမ်ဖုန်း၏ကားသည် တံခါးဝတွင် ရပ်နေပြီဖြစ်သည်။
"မမ၊ မမကို လာခေါ်တာ တတိယမြောက်သခင်လေးချူးလား။" ရှီဝန်ဖေးက ကားကို ကြည့်ရင်း စပ်စုကာ မေးလိုက်သည်။
"နင် ကန်းနေတာလား?" ရှီရန်က ခပ်ပြတ်ပြတ်မေးသည်။
ရှီဝန်ဖေးက အံကြိတ်လိုက်သည်။ "တတိယမြောက်သခင်လေးချူးက မမကို သဘောကျနေတယ်လို့ ညီမက အင်တာနက်မှာ တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် သိချင်မိတာပါ"
"ငါတို့က ရင်းနှီးလို့လား"
ပူပြင်းသောနေရောင်အောက်တွင် ရှီရန်သည် တခြားသူနှင့် ထိုးနှက်စကားအပြန်အလှန်တောင် မပြောနိုင်တော့ပေ။ ၎င်းကို ပြောပြီးသည်နဲ့ ကားပေါ်တက်သွားသည်။
"ဒုက္ခက လာရှာတွေ့ပြန်ပြီလား" ဂျီဝမ်ဖုန်းက မေးသည်။
"အဲဒါက ယင်ကောင်တစ်ကောင်ပါပဲ" ရှီရန်က တည်ငြိမ်စွာပြောသည်။
ဖန်တုံတုံခေါင်းညိတ်သဘောတူသည်။ "မမရန်က သူမကို လုံးဝတောင် စိတ်ထဲထည့်တာမဟုတ်ဘူး။"
ဂျီဝမ်ဖုန်းသည် သူ့အမူအရာကို ထိန်းကာ အလုပ်အကြောင်းပြောသည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုကနေတစ်ဆင့် မင်းရဲ့ကျော်ကြားမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်။ မင်းအတွက် ကြော်ငြာတွေတောင်ရှိနေပြီ။ ဒါပေမယ့် မင်းရဲ့တိုးတက်မှုအတွက် အလားအလာအကန့်အသတ်တွေရှိနေတာကြောင့် သူတို့ကို ငါပယ်ချလိုက်တယ်။"
"အိုကေ။" ရှီရန်က ဘာကြောင့်လဲလို့ မမေးဘဲ ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်သည်။
ဂျီဝမ်ဖုန်းကို ယုံကြည်မှုအပြည့်ရှိသောထိုပုံစံက သူ့နှလုံးသားကို ပိုနွေးထွေးစေသည်။
"မင်းနဲ့ပိုင်ကျင်းထျန်က မကြာသေးခင်က တော်တော်အဆင်ပြေနေကြတာပဲ မဟုတ်လား" ဂျီဝမ်ဖုန်းရုတ်တရက် ပြောလိုက်သည်။
ရှီရန်အံ့သြသွားသည်။ "ဘာကြောင့်မေးတာလဲ?"
"မကြာသေးခင်က ဇာတ်ညွှန်းအနည်းငယ် မင်းကို ကမ်းလှမ်းလာခဲ့တယ်။ သေးငယ်တဲ့စီးရီးတွေဆိုပေမဲ့ အရည်အသွေးကောင်းမွန်တယ်။ ဒါပေမဲ့ တစ်ခုကို မျက်စိကျမိသွားတယ်။ ဒါရိုက်တာလီက စချဉ်းကပ်လာဖို့တောင် မမျှော်လင့်ထားမိဘူး။"
အိပ်ငိုက်ခြင်းသည် ရှီရန်၏မျက်နှာမှ စွန့်ခွာသွားသည်။
ဂျီဝမ်ဖုန်းက သူ့လက်ဆွဲအိတ်ထဲက ဇာတ်ညွှန်းနှစ်ခုကို ထုတ်ပြီး ရှီရန်ကို ပေးလိုက်သည်။ "အမျိုးသမီးဇာတ်ဆောင်နှင့် ဒုတိယမြောက်အမျိုးသမီးဇာတ်ပို့"
ရှီရန်သည် ဇာတ်ညွှန်းကို လှန်ကြည့်လိုက်သည်။
တသ်ခုက ခေတ်မီလုပ်ငန်းခွင်ရှိ အချစ်အကြောင်းဒရာမာတစ်ခုဖြစ်သည်။
နောက်တစ်ခုကတော့ မသေမျိုးနွယ်ပုံစံဖြစ်ပြီး ဗီလိန်အဖြစ် သရုပ်ဆောင်ရမည်။
"ဒါရိုက်တာလီရဲ့ "ဘုရင်နှင့်အတူပြန်လာခြင်း"။ အမျိုးသမီးဇာတ်ဆောင်က ဝမ်ယုဖေး၊ အမျိုးသားဇာတ်ဆောင်က ပိုင်ကျင်းထျန်။ အကောင်းဆုံးဇာတ်ဆောင်နှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်စီစဥ်ထားတာက အရမ်းခမ်းနားလွန်းတယ်။"
"သူတို့က ဒီအချိန်မှာ ဒုတိယမြောက် အမျိုးသမီးဇာတ်ပို့ကို လိုက်ရှာနေတာ။ မင်းကိုရွေးချယ်ဖို့အကြံပြုတာက ဒါရိုက်တာလီနဲ့ပိုင်ကျင်းထျန်ပဲ။ အဲ့ဒါကြောင့် မင်းကို ငါ အဲ့အကြောင်းကို မေးတာ။"
ရှီရန်က ဇာတ်ညွှန်းကို လှန်ကြည့်နေသည်ကို ရပ်တန့်လိုက်သည်။
သူမ မျက်ခုံးကို ပွတ်လိုက်သည်။
သူမ၏မူလရည်ရွယ်ချက်က အတိတ်ကအကြွေးကို ပြန်ဆပ်ရန်ဖြစ်သော်လည်း ယခုချိန်တွင် ပိုင်ကျင်းထျန်က အကူအညီပြန်ပေးနေသည်။
"ဘုရင်နှင့်အတူပြန်လာခြင်းရဲ့ ဒုတိယမြောက် အမျိုးသမီးဇာတ်ရုပ်က သရုပ်ဆောင်ရတာ အရမ်းခက်တယ်။ ပြီးတော့ ဗီလိန်တစ်ယောက်။ မင်း မလုပ်ချင်မှာကို စိုးရိမ်လို့ မင်းကို ရွေးချယ်ခွင့်ပေးတာ။"
သူမက ဇာတ်ညွှန်းကို မြန်မြန်ဖတ်သည်။
"ဘုရင်နဲ့အတူ ပြန်လာရတော့မယ် ထင်တာပဲ"
သူမသည် ပိုင်ကျင်းထျန်ကိုသာ အကြွေးတင်နိုင်တော့သည်။
ဂျီဝမ်ဖုန်းက မအံ့သြမိပေ။ မျက်လုံးမှိတ်ပြီး တစ်ရေးတစ်မော အိပ်တော့မည့် ရှီရန်ကို သူ ကြည့်လိုက်သည်။ သူ့မျက်လုံးက တွေဝေနေပြီး တစ်ခုခုပြောချင်သော်လည် တုံ့ဆိုင်းနေသည်။
"ဘာပြောချင်တာလဲ?" ရှီရန်၏မျက်လုံးများကို မှိတ်ထားပြီး သူမ၏နှုတ်ခမ်းသည် အနည်းငယ် လှုပ်ရှားသွားသည်။
"အမျိုးသမီး ဇာတ်ဆောင်ကဝမ်ယုဖေးလေ။ အချိန်တန်ရင် မင်း သူမနဲ့ ရိုက်ကူးရေးတွေ အများကြီး ရှိလာလိမ့်မယ်။ သူမနဲ့တတိယမြောက်သခင်လေးက...."