လောင်ဖန်းက "ထင်ထားတဲ့အတိုင်းပဲ" ဆိုသည့် အမူအရာကို ထုတ်ဖော်ပြနေသည်။ "ခုနက ပြိုင်ခဲ့တဲ့သူက မင်းမဟုတ်ဘဲ သူဌေး မလား။ မင်း ကားမောင်းပြိုင်ဖို့ သတ္တိရှိနေတာ မဆန်းပါဘူး။ အစကတည်းက မင်းသူဌေးကို အသုံးပြုဖို့ စိတ်ကူးထားပြီးသားပဲ။"
"သူမက ညစ်ပတ်တဲ့နည်းလမ်းအသုံးပြုခဲ့တာဖြစ်ရမယ်။ သူမသာ အခုမှသင်ယူခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပြီး ကောင်းကောင်းမောင်းနိုင်မှာလဲ!"
"သူဌေး မတရားဘူး"
လောင်ဖန်း၏သူငယ်ချင်းများက ဝင်ပြောလာကြသည်။
[မြင်ကွင်းက အရမ်းမိုက်ပြီး ရှက်စရာကောင်းပေမယ့် အခုမှ သင်လာတဲ့သူတစ်ယောက်အတွက်ကတော့ မောင်းနိုင်တာ တကယ်မဖြစ်နိုင်ဘူး။]
[သူတို့က ကင်မရာကို ကားထဲပါ ထည့်သွားရမှာ။]
[ညစ်ပတ်ပြီးအနိုင်ယူတာက အရှက်မရှိတာပဲ။]
[ပြိုင်ပွဲမှာပေါ်ပေါ်တင်တင် လှည့်စားရဲတယ်။ ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ။]
[ဒီလူက လူကောင်းမဟုတ်ပေမယ့် ရှီရန်ကသာ ညစ်ပတ်ရင် သူမလည်း မကောင်းတဲ့သူပဲ။]
ဆဲဆိုမှုများ စတင်ထွက်လာသည်။
"နောက်တစ်ပွဲမောင်းပြိုင်ကြရအောင်။ ဒီတစ်ခါတော့ သူဌေးက ကားထဲမှာ မနေရဘူး။ ငါတို့နှစ်ယောက်တည်း မောင်းပြိုင်မယ်" ဟု လောင်ဖန်းက အခိုင်အမာပြောသည်။ "ရှုံးတဲ့သူက ပြစ်ဒဏ်ကို ခံယူရမယ်။"
ရှီရန်သည် ယခုတစ်ကြိမ် လှည့်ကွက်များ ထုတ်သုံးနိုင်မည်ဟု သူ မယုံပေ။
ရှီရန်က သူ့ကို မျက်စိမှေးကြည့်သည်။ "အိုကေ"
အမှန်တရားကိုသိသော သူဌေးက လောင်ဖန်းကို စာနာစိတ်ဖြင့် ကြည့်ကာ လက်ကိုဖြန့်ပြလိုက်သည်။ "ကျွန်တော်မှာ ကန့်ကွက်စရာမရှိပါဘူး။"
[ထပ်ပြီးတော့လား? သူမ ဘယ်လိုတောင်သတ္တိရှိနေရတာလဲ။]
[နင် ရူးနေပြီလား???]
[ငါ့ကို ဒေါသထွက်စေတယ်နော်!!]
[ငါသာဆိုရင် အရှက်ရပြီး ငါ့စကားကို ပြန်ရုတ်သိမ်းမိလိမ့်မယ်။ နောက်တစ်ကြိမ်ထပ်ပြိုင်ဖို့ သူမ ဘယ်လိုတောင်သဘောတူရဲတာလဲ??]
[ဒီတစ်ခါ သူဌေးမပါဘဲ အောင်နိုင်မယ်လို့ သူမ တကယ်ထင်နေတာလား??]
စခရင်မျက်နှာပြင်တွင် ဆူပူမှုများဖြင့် ပြည့်နှက်နေသည်။
သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး လျှင်မြန်စွာ ရေပန်းစားလာသည်။
# လှည့်ဖြားကားမောင်းပြိုင်ခြင်း
#ရှီရန်ကျဆုံးချိန်
အင်တာနက်သုံးစွဲသူအများအပြားသည် ရုပ်သံထုတ်လွှင့်မှုကို ထပ်မံဝင်ရောက်လာပြီး ပြိုင်ကားဝါသနာအိုးအုပ်စုတစ်စုကိုပင် ဆွဲဆောင်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူဦးရေ ဆယ်သန်း ထပ်မံရောက်ရှိလာသည်။
"မမယုဖေး၊ ရှီရန်က ခေတ်စားနေတဲ့ရှာဖွေမှုမှာ ထပ်ရောက်လာပြန်ပြီ။ သူမက ဆိုးဆိုးရွားရွားအဆူခံနေရတယ်။" လက်ထောက်က ခေတ်စားနေသောရှာဖွေမှုများကို ကြည့်ရှုပြီး ဝမ်းသာအားရ ပြောသည်။
ဝမ်ယုဖေးသည် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို ကြည့်ပြီး ပြုံးလိုက်သည်။ "သူမနေရာမှာ အစ်မသာဆိုရင် အစ်မ ထပ်ပြိုင်မှာမဟုတ်တော့ဘူး"
"သူမက မမယုဖေးနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ မမယုဖေးသာဖြစ်ခဲ့မယ်ဆိုရင် တတိယမြောက်သခင်လေးက မမကို သူတို့နဲ့ ပြိုင်ခွင့်ပြုမှာတောင် မဟုတ်ဘူး"
တိုက်ဆိုင်စွာပင်၊ ကင်မရာသည် ချူးကျင်းချန်းကို ရိုက်ကူးလာသည်။
ဝမ်ယုဖေးသည် သူမ နှစ်ပေါင်းများစွာ ချစ်လာရသောမျက်နှာကို ကြည့်ပြီး ချိုသာစွာ ပြုံးလိုက်သည်။ "ကျင်းချန်းနဲ့အစ်မကြားက ဆက်ဆံရေးက တကယ့်ကို ထူးခြားတယ်။"
"ဟုတ်တာပေါ့။ မမယုဖေး စောင့်ကြည့်လိုက်ပါဦး။ သူမ ရှုံးသွားတဲ့အခါ တတိယသခင်လေးက သူမကို လိမ်လည်လှည့်စားတာအတွက်အပြစ်တင်ရုံတင်မကဘဲ သူမရဲ့အရှက်ကွဲခံရတာကိုလည်း သူမြင်လိမ့်မယ်။ နောင်အနာဂတ်မှာ သူမကို သခင်လေး ထပ်တောင်လှည့်မကြည့်တော့ဘူးလို့ ညီမ အာမခံတယ်။"
"သူမရဲ့မိသားစုငယ်လေးက ချူးမိသားစုရဲ့အာရုံကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး။" ဝမ်ယုဖေး၏ နှုတ်ခမ်းသည် ယုံကြည်ချက်ရှိသောအပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
ရှီရန်ဘက်တွင် သူမနှင့်လောင်ဖန်းတို့သည် သက်ဆိုင်ရာ ကားဆီသို့ ပြန်သွားကြသည်။
ကားက စတင်ရမည့်မျဥ်းကြောင်းတွင် ရပ်သွားနေသည်။ ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံးမှာ လိုက်ပါသူအဖော်မရှိပေ။
"အခြေအနေဘယ်လိုလဲ?"
ကျူးယို့ဟန်နှင့် ဂျီဝမ်ဖုန်းတို့သည် နောက်ကျမှရောက်လာကြပြီး ချူးကျင်းချန်းနှင့်ဆန့်ကျင်ဘက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် လောင်ဖန်းကိုတွေ့သောအခါ သူတို့ အပြေးလာကြသည်။
သူတို့သည် ကားပြိုင်ပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြသည်။
"လောင်ဖန်းက ရှီရန်ကို အလွှတ်မပေးဖို့ ဘယ်လိုတောင်သတ္တိရှိနေတုန်းလဲဟ"ကျူးယို့ဟန်ကျိန်ဆဲလိုက်သည်။
ကျိန်ဆဲပြီးသောနောက်ပိုင်းတွင် သူ စိတ်ပူစပြုလာတော့သည်။ "ရှီရန်ရှုံးသွားရင် သူမတကယ်... ရှီရန် ဒီတစ်ခါတော့ နည်းနည်းတဇွတ်ထိုးဆန်လွန်းတယ်"
ဂျီဝမ်ဖုန်းသည် လက်သီးဆုပ်ထားသည်။ "ဘာပဲဖြစ်ဖြစ်၊ ငါ သူမကို ထိခိုက်ခွင့်မပြုတာတော့ သေချာတယ်။ လောင်ဖန်းက သူမကို ထိချင်တယ်ဆိုရင် သူက စိတ်ကူးတောင်မယဥ်နိုင်စေရဘူး"
သူတို့၏သတိရှိနေသောပုံစံနဲ့ ယှဉ်ပါက ချူးကျင်းချန်းက ပိုပေါ့ပေါ့ပါးပါးဖြစ်နေပုံ ပေါ်သည်။ သူက နှုတ်ခမ်းကို ပျင်းရိစွာ ကွေးလိုက်သည်။ "သူမ ယုံကြည်ချက်မရှိတဲ့အရာကို သူမ လုပ်မှာမဟုတ်ဘူး။"
နံပါတ်ရေတွက်ခြင်း စတင်လာသည်။
လူတိုင်း၏အာရုံစူးစိုက်မှုမှာ အစမှတ်ရှိ ပြိုင်ကားနှစ်စီးပေါ်ကို ရောက်နေသည်။
"ဒင်-"
"ဗူး-"
အချက်ပြမီးပွင့်လာချိန်တွင် အနီရောင်ကားသည် လျင်မြန်စွာ အရှိန်ဖြင့်မောင်းထွက်သွားသဖြင့် ဒရုန်းတောင် တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ပေ။
လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်ချောက်ချားပြီး ထိုင်ခုံမှထကြသည်။
လောင်ဖန်းက အလျင်အမြန် လိုက်လာသော်လည်း အနီရောင်ကား၏အမြီးကိုတောင် မမြင်နိုင်ပေ။
မျဉ်းကွေးကို ဖြတ်ကျော်ပြီး ရှီရန်သည် ကားကွင်းပထမပတ်ပေါ်၌ ရှိနေဆဲဖြစ်သော လောင်ဖန်းကို ကျော်တက်သွားသည်။
လောင်ဖန်းသည် လီဗာကို နင်းထားသော်လည်း ရှီရန်ကား၏အိတ်ဇောကိုပင် မမြင်ရသေးပေ။
သူက နောက်ကြည့်မှန်ထဲကနေ သူ့ကားနားကို ထပ်နီးကပ်လာသောကားကို လှမ်းကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။
သူက ဘီးကို အမြန်လှည့်ပြီး သူမ၏ကား ကျော်မတတ်နိုင်အောင် တားဆီးရန် ကြံရွယ်ပြီး ကားလမ်းကြောင်းပေါ်၌ ဖြတ်ရပ်ထားသည်။
[ဒါက လွန်လွန်းတယ်!!!]
[သူ မနိုင်တော့လို့ သူ့စကားကိုပြန်ရုတ်သိမ်းနေတာလား???]
[ချီးပဲ။ မာစတာရန် သူ့ကိုသတ်ပစ်လိုက်!!]
သူ့ကားကိုယ်ထည်အများစုသည် ကားလမ်းတစ်လျှောက်တွင် ကန့်လန့်ရှိနေပြီး တစ်ဖက်တစ်ချက်စီတွင် ကားတစ်စီးစာ၏တစ်ဝက်ခန့်သာ နေရာလွတ်ရှိနေသည်။
ကားတစ်စီးစာလမ်းကြောင်း လုံးဝမရှိပေ။
အားလုံးက သူမ၏ကားကို အရှိန်လျှော့ပြီး ရပ်တန့်ရန် မျှော်လင့်နေကြသည်။
မမျှော်လင့်ဘဲ အနီရောင်ပြိုင်ကားသည် အရှိန်လျှော့ရန် ရည်ရွယ်ချက်မရှိဘဲ အရှိန်ပြင်းပြင်းဖြင့် မောင်းလာသည်။
"ရှီရန် ဘာလုပ်နေတာလဲ" ဂျီဝမ်ဖုန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုင်ခုံမှထကာ ကွင်းပြင်အခြေအနေကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။
လောင်ဖန်းက ၎င်းကို မမျှော်လင့်ထားပေ။
ကားက သူ့ကို ဝင်တိုက်တော့မည်ကို မြင်လိုက်သောအခါ ယခုသူမ၏ကားအရှိန်ကြောင့် သူ ဒဏ်ရာအပြင်းအထန်ရမည်ဆိုသည်ကို သူ သေချာသိသည်။
သူ ဦးတည်ရာကို အလျင်အမြန် ပြောင်းလိုက်ပြီး အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
ကား၏အသံက အနီးကပ်ရောက်လာသောအခါ သူ့မျက်နှာက ဖြူဖျော့ဖျော့နဲ့ ထိတ်လန့်တကြားကြည့်နေမိသည်။
အလွန်နောက်ကျသွားပြီဖြစ်သည်။
အနီကားက လောင်ဖန်းကို ဝင်တိုက်တော့မည်ကို မြင်လိုက်ရသောအခါတွင် လူအားလုံး၏မျက်နှာတွင် အမူအရာတစ်ခုသာ ရှိတော့သည်။
၎င်းသည် ကြောက်လန့်ခြင်းအမူအရာဖြစ်သည်။
တချို့လူက မကြည့်ဝံ့ကြပေ။
တိုက်မိခါနီးတွင် အနီရောင်ကားသည် ရုတ်တရက် ကိုးဆယ်ဒီဂရီ ညာဘက်သို့ ကွေ့ပြီး
ဖြတ်သန်းသွားသည်။
"ဘမ်-"
ကားသည် နောက်တစ်ကြိမ် လမ်းပေါ်ပြန်တက်လာကာ အရှိန်ပြင်းပြင်းဖြင့် လမ်းကြောင်းအတိုင်း ဆက်လက် မောင်းနှင်သွားသည်။
သူမ အဆုံးသတ်မျဥ်းကြောင်းထိ မရောက်မချင်း မည်သူကမှတုံ့ပြန်မှု မရှိကြပေ။ အခြားတစ်ဖက်တွင် လောင်ဖန်း၏ကားသည် လမ်းကြောင်းပေါ်တွင် ထိုနေရာ၌သာ ရပ်တန့်နေသည်။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေသည်။
[-ီး!! ဘယ်လောက်တော်လိုက်သလဲ!!!]
[ခုနကဟာက တကယ်ဖြစ်သွားတာလား။ တကယ် ဖြစ်နိုင်လို့လား???]
[CGI ကသာ ဒီလိုဇာတ်ကွက်မျိုးကို ဖန်တီးနိုင်မယ်လို့ ငါ အမြဲထင်ခဲ့တာ။ လက်တွေ့ဘဝဘဝမှာလည်း အဲ့လိုလုပ်နိုင်တာပဲ။]
[အံ့ဩသွားပြီဟေ့!!!]
[အနီကားကို မာစတာရန်က တကယ်မောင်းတာလား???]
"အနီကားက လောင်ဖန်းပိုင်တာ ဟုတ်တယ်မလား?" လောင်ဖန်း၏ သူငယ်ချင်းက မှင်တက်ကာမေးသည်။
"လောင်ဖန်းရဲ့ကားက အနက်ရောင်ဖြစ်တဲ့ပုံပဲ။"
"ကားကို ပြောင်းလိုက်တာလား"
အနီရောင် ကားတံခါး ပွင့်လာပြီး အဖြူရောင် ပြိုင်ကားဝတ်စုံဝတ်ထားသော ရှီရန်ကထွက်လာသည်။
သူမ ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ သူမ၏ နက်မှောင်သောဆံပင်များက လှပသောမျက်နှာပေါ်၌ ကျနေကာ ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။
နေရောင် ဖြာကျနေကာ ကင်မရာက အနီးကပ်ရိုက်လာသည်။
ထိုအချိန်တွင် သူမသည် အလွန်လှပနေသည်။
[F*ck,f*ck,f*ck!! တကယ့်ကို မာစတာရန်ပဲ !!!]
[အား!!! အရမ်းမိုက်တယ်!!!]
[မာစတာရန်တော်တယ်!!! အတော်ဆုံးပဲ!!!]
[ငါ ခုနကပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်!! ငါ့မာစတာက အတော်ဆုံးပဲ!]
[ဒါဆို ပထမတစ်ခေါက်ပြိုင်တုံးကလည်း မာစတာရန်ပဲမောင်းခဲ့တာပေါ့။ ဒီလူကသာ အရှုံးကို လက်မခံနိုင်တာ။]
[ကျွန်တော်က ပရော်ဖက်ရှင်နယ် ပြိုင်ကားသမား တစ်ယောက်ပါ။ သူမက တကယ်ကို ထူးချွန်တယ်လို့ ကျွန်တော် ဝန်ခံရမယ်။]
[ဒါကို သူမက ခုနကမှသင်ယူခဲ့တာဆိုရင် သူမရဲ့ အရည်အချင်းက သြချစရာပဲမဟုတ်ဘူးလား]
[ငါ သူမရဲ့ပရိတ်သတ်ဖြစ်သွားပြီ။ မာစတာရန်ဆီမှာ ပုံအောလိုက်တာက အမှန်တကယ်ဆုံးရှုံးတောင်မရှိဘူး။]
"မောင်းတဲ့သူက တကယ် ရှီရန်လား?!" ကျူးယို့ဟန်အံ့အားသင့်စွာ မတ်တပ်ထရပ်ပြီး ဂျီဝမ်ဖုန်းကို ကြည့်လိုက်သည်။ "သူမ က ဘယ်လိုကားမောင်းပြိုင်ရမလဲသိတယ်လား?"
"ငါ မသိဘူး" ဂျီဝမ်ဖုန်းသူ့လက်ကို ဖြန့်လိုက်သည်။ သူလည်း အံ့သြမိသည်။
"ကျင်းချန်း မင်းသိပြီးသားလား" ကျူးယို့ဟန်သည် ငြိမ်သက်နေသော ချူးကျင်းချန်းကို ကြည့်လိုက်သည်။
"ငါ မသိဘူး" ချူးကျင်းချန်းက တည်ငြိမ်စွာပြောသည်။
သူသည် သူ့မေးစေ့ကို လက်ပေါ်တွင်တင်ထားပြီး သူ၏အနက်ရောင်မျက်လုံးများက လမ်းပေါ်ရှိတခုတည်းသောပုံရိပ်ကို ကြည့်နေသည်။ လေပြေအေးလေးက သူမ၏ဆံပင်ကို တိုက်ခတ်သွားသည်။
ချူးကျင်းချန်းသည် မျက်လုံးများကို မှေးပြီး ပြုံးလိုက်သည်။
၎င်းသည် လှပလွန်းသည်။
ထိုအခိုက်အတန့်တွင် ချူးကျင်းချန်း၏အမူအရာကို ကင်မရာက အမိအရရိုက်ကူးထားသည်။
ဝမ်ယုဖေး၏မျက်အိမ်များသည် ကျဉ်းမြောင်းလာပြီး သူမ၏မျက်နှာပေါ်ရှိ ယုံကြည်မှုရှိနေသောအမူအရာ ပျောက်ကွယ်သွားသည်။
ကျင်းချန်းကို ယခုလိုပုံစံမျိုး သူမ မမြင်ဖူးပေ။
"ဒါက တကယ်သူမပဲ။ ဒါကို တမင်စီစဉ်ခဲ့တာပဲ ဖြစ်မယ်" လက်ထောက်သည် ရလဒ်ကို လက်မခံလိုဘဲ သရော်သည်။
"ဆယ်ဗင်းရေ၊ အစ်မ ရှီရန်ရဲ့ ပတ်သတ်တဲ့အချက်အလက်အားလုံးကို လိုချင်တယ်။" ဝမ်ယုဖေးက မျက်နှာသေနဲ့ ပြောလိုက်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဝမ်ယုဖေးကို လက်ထောက်က ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမ အမြန် သဘောတူလိုက်သည်။
လောင်ဖန်းသည် ရုတ်တရတ် သဘောပေါက်သွားသည့်အခြေအနေတွင် ကားထဲ၌ ထိုင်နေ၏။
ငါ တကယ်ရှုံးသွားတာလား?
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?!
ရှီရန်က ငါ့ကို ဘယ်လို အနိုင်ယူနိုင်ခဲ့တာလဲ။
သူ အတွေးလွှင့်မျောနေပြီး ကားတံခါးပွင့်လာသောအခါ သူ့မျက်အိမ်ထဲတွင် သူမ၏အပြုံးတစ်ဝက်က ရောင်ပြန်ဟပ်လာသည်။
လောင်ဖန်း၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။ "မင်း လိမ်လည်လှည့်စားခဲ့တာ မဟုတ်လား"
"ရှင့်စကားကို ပြန်ရုတ်သိမ်းချင်လို့လား" ရှီရန်က လှောင်လိုက်သည်။
"မင်း ငါ့ကို အနိုင်ယူနိုင်စရာ အကြောင်းကိုမရှိဘူး၊ ငါမယုံဘူး!" လောင်ဖန်းက ရူးမိုက်စွာပြောလိုက်သည်။
ရှီရန်က ကားတံခါးပေါ် လက်တစ်ဖက်တင်ပြီး "ရှင် ကိုယ်တိုင် ချွတ်ချင်တာလား ဒါမှမဟုတ် ကျွန်မ ချွတ်ပေးရမှာလား" လို့ ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။