"တတိယသခင်လေး၊ တကယ် သူမကို မတားတော့ဘူးလား" အထူးလက်ထောက်က လောင်ဖန်း၏မာနကြီးနေသောပုံစံကိုကြည့်ပြီးနောက် ရှီရန်ကိုကြည့်သည်။
မစ္စရှီရန်သည် သူမကိုယ်သူမ အထင်ကြီးလွန်းနေသည်ဟုလည်း သူခံစားမိသည်။
"သူမ အနိုင်ရမယ်လို့ မင်းကော မထင်ဘူးမလား" ချူးကျင်းချန်းက အေးအေးဆေးဆေး မေးသည်။
ကောင်းကင်တွင် ပျံနေသောဒရုန်းက အနီရောင်မီးတောက်နေသေးသည်။ လက်ထောက်သည် ခက်ခဲသောအနေအထားတွင် ရောက်နေသည်။ " မစ္စရှီရန်က နားလည်ပုံမပေါ်ဘူး။ တကယ်လို့ ရှုံးသွားရင်... အဲဒါက တိုက်ရိုက်ထုတ်လွှင့်ခံရမှာ။"
"စောင့်ကြည့်လိုက်ပါဦး" ချူးကျင်းချန်းသည် သူ့ဘေးနားရှိ အချိုရည်ကို ကောက်ယူပြီး ပိုက်ဖြင့်တစ်ငုံသောက်လိုက်သည်။
မြို့ A ရှိ ရိုက်ကူးရေး အဖွဲ့သားအချို့
"စကားကိုပြန်ရုတ်သိမ်းတဲ့ဘယ်သူမဆို ခွေးပဲ"
ရှီရန်၏ယုံကြည်မှုရှိသောအသံသည် ဖန်သားပြင်မှ ထွက်ပေါ်လာသည်။
ဝမ်ယုဖေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုပေါ်ကမျက်နှာကို ကြည့်လိုက်သည်။ သူမ၏အမူအရာ မဲမှောင်သွားသည်။
လက်ထောက်က သူမကို ဂရုတစိုက်ကြည့်ကာ သတိထား၍ပြောသည်။ "တတိယသခင်လေးက အစ်ကိုကြီးဂျီကြောင့် ဒီသာမန်နာမည်ကျော်ကြားသူကိုပံ့ပိုးနေတာလို့ပဲထင်တယ်။ ဒီသာမန်ဆယ်လီနဲ့ မမနဲ့ ဘယ်လိုနှိုင်းယှဥ်လို့ရမှာလဲ"
"ဝမ်ဖုန်းက တတိယသခင်လေးရဲ့ကြိုးစားမှုနဲ့ မထိုက်တန်ဘူး။" ဝမ်ယုဖေးသည် မျက်လုံးငုံ့ထားကာ သူမ၏ အမူအရာ ရှုပ်ထွေးနေသည်။
လက်ထောက်က နှုတ်ခမ်းစူလိုက်သည်။ “ဒါပေမယ့် ဒီဆယ်လီက ဘယ်လောက်တောင်မိုက်မဲလဲဆိုတာကို ကြည့်လိုက်ပါဦး။ တတိယမြောက် သခင်လေးတောင် နောက်ဆုံးတော့ သူမရဲ့ဆုံးဖြတ်ချက်ကို လျစ်လျူရှုလိုက်ပြီ။ သူမ သာ ရှုံးရင် အဝတ်တွေကို ချွတ်ပြီး သူ့ဘောင်းဘီရှေ့ တွားသွားရမှာလေ။ ဘယ်လောက်တောင်အရှက်ကွဲလိုက်မလဲ။ တတိယမြောက်သခင်လေးကတောင် သူမကို မကူညီတော့ဘူး။"
ဝမ်ယုဖေးက လက်ထောက်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ "အစ်မ အဆင်ပြေပါတယ်။ အစ်မ သူ့ကို သိတယ်။ သူက ဒီဆယ်လီကို မကြိုက်ဘူး။ သူက ပွဲကြည့်ရတာကိုပျော်နေတာ"
"တတိယမြောက်သခင်လေးက သူမ အနိုင်ရမယ်လို့မထင်လောက်ဘူး ဟုတ်တယ်မလား"
"မထင်ဘူး" ဝမ်ယုဖေးက ပြတ်ပြတ်သားသားပြောသည်။ "ပြိုင်ကားမောင်းပြိုင်ပွဲက သိပ်မရိုးရှင်းဘူး။ လောင်ဖန်းက သူ့အသက် 16 နှစ်ကတည်းက ကားမောင်းပြိုင်နေခဲ့တာ။ နှစ်တွေကြာလာတာတောင် လူတော်တော်များများက သူ့ကို အနိုင်မယူနိုင်ဘူး။"
"ဒါဆို ဒီဆယ်လီက တကယ်ကို တုတ်တောင်းနေတာပဲ။ ဒါက ကြည့်လို့ကောင်းမယ့်ပွဲတစ်ခု ပဲ" ဟု လက်ထောက်က ပျော်သွားသည်။
ရှီရန်က ဦးထုပ်ကို ဆောင်းထားပြီး ကလပ်ပိုင်ရှင်က နည်းပြအဖြစ် သူမဘေးမှာ ထိုင်နေသည်။ သူ စိုးရိမ်နေပုံပေါ်သည်။ "အဲ့ဒီလောင်ဖန်းက ကျွန်တော်တို့နေရာကို အကြိမ်ပေါင်းများစွာ လာဖူးတယ်။ သူက ကားမောင်းပြိုင်တာ အရမ်းတော်တယ်။"
“ဒါဆို ကျွန်မ သူ့အရည်အချင်းကို စောင့်မျှော်နေပါမယ်” ဟု ရှီရန်က ပြုံးပြုံးလေးနှင့် ပြောသည်။
သူဌေးက တခြားအရာပြောရန်ပါးစပ်ကိုဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဘယ်လိုလုပ်ရမလဲဆိုတာ နောက်မှပြောပြပါတော့မယ်။ ကျွန်တော် ပြောတဲ့အတိုင်းလိုက်လုပ်ပေးပါ"
နောက်ဆုံးတွင် သူမက တတိယမြောက်သခင်လေး၏အမျိုးသမီးဖြစ်ပြီး ခုနက လောင်ဖန်းရှေ့တွင် သူ့အား ကာကွယ်ပေးခဲ့သဖြင့် သူ တတ်နိုင်သလောက် ကူညီပေးမည်ဖြစ်သည်။
ကားနှစ်စီးသည် လမ်း၏အစလမ်းကြောင်းတွင် ရပ်နေသည်။လောင်ဖန်းက ပြတင်းပေါက်ကို နှိမ့်ချလိုက်ပြီး အော်ပြောသည်။ "နောက်ဖြစ်လာမယ့်ပြစ်ဒဏ်ကို ငါ စောင့်မျှော်နေပြီနော်။ မင်းကိုယ်ခန္ဓာအချိုးအစားက..အမိုက်အစားဖြစ်နေသင့်တယ်မဟုတ်လား"
သူ့မျက်နှာကို ဦးထုပ်ကြောင့် မမြင်ရသော်လည်း သူ့အမူအရာ မည်မျှ ကောက်ကျစ်ယုတ်မာနေသည်ကို သူမ သိနိုင်သည်။
ရှီရန်သည် ကားပြတင်းပေါက်ကို ပိတ်လိုက်ပြီး လောင်ဖန်းကို အရေးမလုပ်ပေ။
"ဗူး-"
လောင်ဖန်း၏ကားမှ ရုတ်တရက် အသံကျယ်တစ်ခု ထွက်ပေါ်လာသည်။
"ဝူး-ဟူး-"
လောင်ဖန်း၏သူငယ်ချင်းများက ကျယ်လောင်စွာ အော်ဟစ်ကြသည်။
"အဲ့ဒါက သူ့လီဗာပဲ" သူဌေးက ရှီရန်ကို ရှင်းပြသည်။
၎င်းကိုကြား၍ ရှီရန်က "အဲ့ဒါကို ကျွန်မဘယ်လိုလုပ်ရမလဲ" လို့မေးသည်။
သူဌေးက လီဗာကို မည်သို့နင်းရမည်ကို ရှီရန်အား ချက်ချင်းရှင်းပြသည်။
"ဗူး-"
နောက်ထပ် ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရှီရန်၏နှုတ်ခမ်းထောင့်သည် စိတ်ဝင်စားစွာ ကွေးတက်သွားသည်။
သူဌေး သက်ပြင်းအကျယ်ကြီးချလိုက်သည်။
ကြည့်ရတာ ရလဒ်က ကောင်းမယ်မထင်ဘူး။
မစ္စရှီသည် လီဗာကို မည်သို့နင်းရမည်ကိုပင် မသိသောကြောင့် ပြိုင်ကားအတွေ့အကြုံရှိသူ လောင်ဖန်းကို အနိုင်ယူရန်မဖြစ်နိုင်ပေ။
အချိန်က တရွေ့ရွေ့ကုန်ဆုံးနေသည်။
"ဒင်-"
ပြိုင်ကားမီးများ လင်းလာပြီး လောင်ဖန်း၏ကားက အရှိန်နဲ့ ပြေးထွက်သွားသည်။ ရှေ့ကို အရှိန်မြှင့်လိုက်သည်နှင့်အမျှ ကားသံက ပိုကျယ်လာပြီး သူ့ကားနောက်တွင် မီးခိုးလမ်းကြောင်းတစ်ခု ကျန်ရစ်သည်။
နောက်ဆုံး ရှီရန် ထွက်ခွာသောအခါ လောင်ဖန်းသည် သူမရှေ့သို့ ရောက်နေပြီဖြစ်သည်။
ပြိုင်ပွဲကို ကားကွင်းသုံးပတ်ပတ်ခြင်းဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။
လောင်ဖန်းသည် ရှီရန်ကို ဖုန်မှုန့်ထဲတွင် ချန်ထားခဲ့ပြီးဖြစ်သည်။
"ဟာဟားဟား ဒါပဲလား?"
"အစတုန်းကတော့ သူမက အရမ်းတော်တယ်လို့ ထင်ခဲ့တာ။ လေကြီးတာပဲရှိတယ်။"
'ပြစ်ဒဏ်ကို မြင်ချင်လှပြီ'
လောင်ဖန်း၏သူငယ်ချင်းများသည် ရယ်မောနေကြပြီဖြစ်သည်။ လူတိုင်းက ဝိုင်နီသောက်ပြီး ရှိုးပွဲကြည့်နေသလိုမျိုး ထိုမြင်ကွင်းကို စိုက်ကြည့်နေသည်။
လက်ထောက်က ၎င်းကိုမြင်သောအခါ ချူးကျင်းချန်းကို ချက်ချင်းကြည့်လိုက်သည်။
သို့သော် ချူးကျင်းချန်းသည် လုံးဝစိုးရိမ်ခြင်းမရှိသလို ပေါ့ပေါ့ပါးပါးနေနေသည်။
[ဘယ်လိုမှမဖြစ်ဘူး.. ဒါပဲတတ်နိုင်တာလား??]
[ ရှီရန်က ဒီတစ်ခါ ငါ့ကို ဆက်ပြီး အံ့အားသင့်စေလိမ့်မယ် လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ဒါက သူမ တတ်တာ အကုန်ပဲလား?]
[အခြားသူကတော့ အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေသလိုမောင်းနေပေမယ့် သူမက ဘယ်လိုမောင်းနေတာလဲ။]
[အဲဒါကြောင့် ဝမရှိဘဲဝိမလုပ်သင့်ဘူး။ အခုတော့ ဒါက ရှက်စရာကောင်းလွန်းနေပြီ။]
မြို့ A ရှိရိုက်ကူးရေးအဖွဲ့၌
"ခွီး" လက်ထောက်က ရယ်သည်။ "ဒါက အရမ်းနှေးနေတာမဟုတ်ဘူးလား။ သူ့ကို ဘယ်လိုတောင် ရန်စရဲရတာလဲ"
"လူတွေက သူတို့စကားအတွက် ပေးဆပ်ရမှာပဲ" ဟု ဝမ်ယုဖေးက ပြောသည်။
"အရင်ဆုံး စာနယ်ဇင်းကို ဆက်သွယ်လိုက်မယ်။ အချိန်တန်ရင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းမှာ တင်ဖို့ တစ်ယောက်ယောက်ကို ချက်ချင်းခိုင်းလိုက်မယ်။ သူမ ဒီနယ်ပယ်ကထွက်ရလောက်တဲ့အထိ အရှက်ရလိမ့်မယ်ဆိုတာ အာမခံတယ်။" လက်ထောက်က စိတ်အားထက်သန်စွာ ပြောသည်။
ဝမ်ယုဖေးက ပြုံးရုံသာ ပြုံးပြီး မကန့်ကွက်ပေ။
လမ်းကြောင်းပေါ်တွင် လောင်ဖန်းသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနေသည်။
ထိုအချိန်တွင် သူဌေးက ကား မည်ကဲ့သို့ လည်ပတ်ပုံအကြောင်းကို ရှီရန်အား ပြောပြနေတုံးပင်ဖြစ်သည်။
အခြေခံများကို သူရှင်းပြပြီးသောအခါတွင် လောင်ဖန်းသည် သူတို့ထက် ကားပြေးလမ်းတစ်ပတ်ကျော်တက်နေပြီဖြစ်သည်။
လောင်ဖန်း၏ဒုတိယမြောက်တစ်ပတ်သည် သူတို့ကို ကျော်သွားတော့မည်ဖြစ်သည်။
သူဌေး၏မျှော်လင့်ချက်များ အကုန်ဆုံးရှုံးသွားသည်။
"မစ္စရှီ၊ ဘာမှမဖြစ်ပါဘူး။ကျွန်တော်တို့ရှုံးသွားရင်တောင် တတိယမြောက်သခင်လေးက သေချာပေါက်..."
“သေချာထိုင်ထားနော်” ရှီရန်က အသံတိုးတိုးဖြင့် ပြောသည်။
သူဌေးက မတုံ့ပြန်ခင်တွင် မူလက လိပ်အရှိန်နဲ့ မောင်းနေသောကားက မြှားတစ်စင်းလို အရှိန်နဲ့ ထွက်လာသည်။
သူဌေးက အလွန်ထိတ်လန့်သွားပြီး လက်ကိုင်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး ရှီရန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမ၏ယုံကြည်ချက်ပြည့်နက်နေသောနှုတ်ခမ်းကိုသာ သူ ယောင်ဝါးဝါးမြင်ရသည်။
လောင်ဖန်း၏သူငယ်ချင်းသည် ရှီရန်ကို လှောင်ပြောင်နေကြကာ လောင်ဖန်းသည် ရှီရန်ကို ကားကွင်းတစ်ပတ်ထက်မက အသားစီးနိုင်မည်ဟု လောင်းကြေးထပ်ခဲ့ကြသည်။
မမျှော်လင့်ဘဲ အနီရောင်ပြိုင်ကားတစ်စီးသည် နောက်စက္ကန့်တွင် ရုတ်တရက်အရှိန်တက်လာပြီး လောင်ဖန်းနှင့် အလွန်ဝေးကွာသွားသည်။
"ချီး" လောင်ဖန်းက ဆဲဆိုပြီး အရှိန်မြှင့်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် လီဗာကို သူမည်မျှပင် ကြမ်းကြမ်းတမ်းတမ်းဖိပါစေ ရှီရန်သည် သူ့ထက်သာလွန်နေသေးသည်။ အမှန်တကယ်တွင် သူမသည် ကားကွင်းတစ်ပတ်ပတ်ပြီးပြီး သူ့နောက်တွင် အမှီလိုက်လာသည်။
လောင်ဖန်း ယုံရခက်နေသည်။
တခြားသူများလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?!" လောင်ဖန်း၏သူငယ်ချင်းများသည် ရုတ်တရက် ထရပ်လိုက်သည်။
"သူဌေးက ကားမောင်းနေတာလား။ မဟုတ်ရင် ရုတ်တရတ် ဘယ်လိုမြန်နိုင်မှာလဲ"
"ဒါက သူဌေးပဲဖြစ်ရမယ်။ သူက ပရော်ဖက်ရှင်နယ် ပြိုင်ကားသမားပဲ။ -ီး သူတို့ညစ်ပတ်နေကြပြီ"
သူတို့ကားသည် လောင်ဖန်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
လောင်ဖန်းက အန္တရာယ်ပြုတော့မည့်ပုံပေါက်နေသည်။
'ကလပ်ပိုင်ရှင် မောင်းနေတာဖြစ်ရမယ်။'
ရှီရန်ကို ရပ်တန့်ပြီး သူမ ညစ်ပတ်နေကြောင်းကို သက်သေယူချင်သည်။
ထိုအရာကိုတွေးပြီး ရှီရန်က သူ့ကိုကျော်တက်နေစဥ် စတီယာရင်ကို ချက်ချင်းလှည့်ပြီး ကားအား ညာဘက်ကို ကပ်ယူလိုက်သည်။
ရှီရန်၏ကားသည် သူ့ညာဘက်တွင် ဖြတ်တက်သွားတော့မည်ဖြစ်သဖြင့် ရှီရန်ကို လမ်းပိတ်ရန် နှစ်ဦးနှစ်ဖက် အဖျက်သဘောဆောင်သည့် နည်းလမ်းကို အသုံးပြုလိုသည်။
ရှီရန်၏အရှိန်ဖြင့် သူကောင်းကောင်း ထိန်းချုပ်နိုင်သရွေ့ သူမကို တားနိုင်မည်မှာ သေချာသည်။
လောင်ဖန်း၏ကားသည် လမ်းကြောပိတ်ရပ်ခါနီးတွင် ညာဘက်သို့ ပိုရွေ့လာသည်။
ကားက အရှိန်ပြင်းပြင်းမြင့်တက်လာသည်။ ယခုတစ်ကြိမ်တွင် ကင်မရာက အချိန်မီ မတုံ့ပြန်နိုင်လောက်အောင်အထိ ကားအရှိန်ကမြန်ဆန်လွန်းသည်။
ရှီရန်၏ကားသည် နေရာလပ်ကိုကျော်ဖြတ်၍ ဘရိတ်အုပ်ကာ ကွေ့လိုက်သည်။
လှပသောကားလှည့်မောင်းမှုနှင့်အတူ အနီရောင်ပြိုင်ကားတစ်စီးသည် အဆုံးသတ်စည်းတွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။
"မစ္စ...အရင်က ကားမောင်းပြိုင်ဖူးလား"
ပိုင်ရှင်က သူ့ရင်ဘတ်ကို ပွတ်သပ်ကာ သူ့မျက်နှာက စိတ်ရှုပ်ထွေးမှုဖြင့်ပြည့်နှက်နေသည်။ သူကြုံတွေ့ခဲ့ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။
"ရှင် ကျွန်မကို ခုနကပဲသင်ပေးခဲ့တာ မဟုတ်ဘူးလား" ရှီရန်က ခေါင်းလှည့်ကာ မေးသည်။
"ဒါပေမယ့်...ဒါကဘယ်လိုဖြစ်နိုင်မှာလဲ" သူဌေးက စိတ်ရှုပ်သွားသည်။
သူ အမှန်တကယ် ရှီရန်ကို သင်ပေးခဲ့ပြီး ရှီရန်က ထိုမတိုင်ခင် ကားကို မည်သို့မောင်းရမှန်းတောင် မသိပေ။
ဒါပေမယ့် သူမသာ အခုနကမှ သင်ယူခဲ့တာဆိုရင်...
ဒါက မယုံနိုင်စရာပဲ မဟုတ်လား?!
လောင်ဖန်း၏ကားသည် အနည်းငယ်အကြာတွင် ရောက်လာသည်။ သူ ချက်ချင်း ထွက်လာပြီး ကားပြတင်းပေါက်ကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။
ရှီရန်ကားပေါ်မှ ဆင်းလာသည်။
"မင်း အရင်က ကားမောင်းပြိုင်ဖူးတာလား။"
သူဌေး၏မေးခွန်းနဲ့တူညီလုနီးပါးဖြစ်သော မေးခွန်းတစ်ခုကို သူမေးသည်။
"ကျွန်မ ခုနကမှပဲ သင်ခဲ့တာလေ။"