"ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ"
လည်ပတ်နေသော အရှိန်ကို ကြည့်ရုံဖြင့် ရှီရန်သည် ချားရဟတ်အပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
"ချားရဟတ်က စုံတွဲတွေစီးဖို့ သင့်တော်တယ်လို့ ကြားဖူးတယ်။ ချားရထားနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတချို့လည်း ရှိတယ်။" ချူးကျင်းချန်းက သူ့မေးစေ့ကို ပွတ်ပြီး စိတ်ဝင်တစား ပြုံးလိုက်သည်။
ရှီရန်က သူ့ကို 'အဲ့ဒါက ပိုပျင်းစရာကောင်းတယ်။'ဆိုသောအကြည့်တစ်ချက်ကြည့်ပေးလိုက်သည်။
ချူးကျင်းချန်း: "..."
[မာစတာရန်ဟာ တကယ်ကို တုံးတဲ့ မိန်းကလေးမှန်း ငါ သိလိုက်ရပြီ။]
[ချောမောတဲ့သူက ငါမင်းရဲ့ချစ်သူဖြစ်ချင်တယ် လို့ သွယ်ဝိုက်ပြောနေတာကို။]
[ချောမောသောလူက ရှီရန်နှင့် ပရောပရီလုပ်နေတာက ထင်ရှားပေမဲ့ သူမက တကယ် ရိုးရိုးဖြောင့်ဖြောင့်ကြီးဖြစ်နေတယ်။]
[မာစတာရန်: ငါ တုံးအနေသရွေ့ မက်မွန်ပွင့်တွေက ငါ့ကို ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။]
[လူတိုင်းကို မက်မွန်ပွင့်တွေကို လွင့်ပျံ့စေတဲ့နည်းကိုပြလိုက်စမ်းပါ]
ချူးကျင်းချန်းက ရှီရန်ကို ခဏလောက် စိုက်ကြည့်ပြီး ရယ်မောသည်။ "ဒါဆို မင်း စိတ်ဝင်စားစရာ တစ်ခုခု ကစားချင်လား"
"အိုး?" ရှီရန်က ဘေးကို တစ်ချက်ကြည့်လိုက်သည်။
နာရီဝက်အကြာတွင်
ရှီရန်နှင့်ချူးကျင်းချန်းတို့သည် ပြိုင်ကားကလပ်၏အဝင်ဝတွင် ရပ်နေသည်။ ခေါင်းပေါ်ကစကားလုံးကို ကြည့်ပြီး သူမ ပြုံးလိုက်သည်။
'ပြိုင်ကား?'
'ဒါက ချားရဟတ် ဒါမှမဟုတ် တခြားတစ်ခုခုထက် ပိုစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်။'
ရှီရန် စိတ်ဝင်စားသည်ကို မြင်၍ ချူးကျင်းချန်းလည်း ပြုံးကာ ရှီရန်နှင့်အတူ ဝင်သွားသည်။
မကြာခင်တွင် ရှီရန်သည် သူမ၏ပြိုင်ကားဝတ်စုံကို ဝတ်ဆင်ပြီး အဝတ်လဲခန်းထဲက ထွက်လာသည်။
အဖြူအမည်း ပြိုင်ကားဝတ်စုံက သိပ်ပြီး လူအမြင်အာရုံကိုမဆွဲဆောင်နိုင်သော်လည်း သူမဝတ်လိုက်သောအခါ သူမ၏သွယ်လျသောခြေသလုံးနှင့် သူမ၏ပိုသွယ်လျသောခါးက ဝတ်စုံကို ပိုလို့တောင် ဆွဲဆောင်မှုရှိသည်။
သူမ၏အေးဆေးတည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး စိတ်နေစိတ်ထားနဲ့အတူ ဤဝတ်စုံက သူမကို ပိုပြီး ရဲရင့်သောအသွင်ပုံစံကိုဖြစ်စေသည်။
ရှီရန်သည် သူမ၏လက်မောင်းအောက်တွင် ဦးထုပ်တစ်လုံးထားကာစောင့်နေသည်။
မျက်နှာချင်းဆိုင်တံခါးပွင့်လာပြီး ချူးကျင်းချန်းထွက်လာသည်။ သူ့အဝတ်အစားက ရှီရန်အဝတ်အစား၏အရောင်နဲ့အတူတူဖြစ်ပြီး သူ့ဦးထုပ်ကပင် ရှီရန်နဲ့ စုံတွဲပစ္စည်းဖြစ်နေသည်။
အရပ်190cm ဖြင့် သူ့ခန္ဓာကိုယ်အချိုးအစားက ပြိုင်ကားဝတ်စုံနဲ့ ပိုကြည့်ကောင်းသည်။
"သွားကြရအောင်။" ချူးကျင်းချန်း၏နှုတ်ခမ်းသည် အနည်းငယ် ကော့တက်သွားသည်။ ဤအဝတ်အစားဖြင့် သူသည် ပို၍ပင် ရက်စက်ပုံပေါက်သည်။
ရှီရန်သည် ချူးကျင်းချန်းနောက်လိုက်သွားသည်။
လှပသောမိန်းမချောလေးတစ်ယောက်နဲ့ချောမောသောအမျိုးသားတစ်ယောက် အတူတူလမ်းလျှောက်နေသည်မှာ လှပသောမြင်ကွင်းတစ်ခုဖြစ်သည်။
[သူတို့က အရမ်းလှပြီး ချောတယ်။ဒီနှစ်ယောက်က အရမ်းကြည့်ကောင်းတာပဲ။]
[ ဒီလူက တကယ်ပဲ ပွဲဦးမထွက်ဘူးလား ??? သူက ချောလွန်းနေတယ်!!!]
[အစ်ကိုနဲ့ အစ်မရဲ့ခြေထောက်တွေက ခြေထောက်တွေ မဟုတ်ဘူး။ သူတို့က သေစေမယ့်ဓားတွေပဲ။]
[တခြားအရာထက် သူတို့က ပြိုင်ကားမောင်းမှာက တကယ်လား။ ငါတို့မာစတာရန်က ဘယ်လိုမောင်းရမလဲသိလို့လား။]
[ငါသိသလောက် ရှီရန်က သူမမှာ အားကစားစွမ်းရည်မရှိဘူးလို့ အရင်ကပြောခဲ့ဖူးတယ်။]
[အဓိကက သူတို့ အချင်းချင်း တကယ်ကားမောင်းပြိုင်ကြမှာလား?? ဒါက ဒိတ်လုပ်နေကြတာ။ ချိန်းတွေ့နေတာလေ။ အိုကေ။]
"တတိယမြောက်သခင်လေး၊ မစ္စရှီ"
ကလပ်ပိုင်ရှင်က သူတို့နှစ်ယောက်ကို ယဉ်ကျေးသောအပြုံးနဲ့ နှုတ်ဆက်သည်။ "မစ္စရှီမှာ ပြိုင်ကားလိုင်စင်ရှိရဲ့လားဗျ။"
"မရှိပါဘူး" ရှီရန်က ခေါင်းယမ်းရင်း ပြန်ဖြေသည်။
ဤကိုယ်၏မူလပိုင်ရှင်သည် အားကစားကို အစကတည်းက မကြိုက်ပေ။ ပြိုင်ကားလိုင်စင်ရရှိရေးနေနေသာသာ ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေရန်တောင် တွန့်ဆုတ်နေသည်။
"ဒီမှာ အထူးလေ့ကျင့်ရေးစခန်းရှိပါတယ်။ မစ္စရှီက သွားလေ့ကျင့်ကြည့်ချင်လား။ တိုက်ရိုက်ကစားချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် မစ္စနဲ့အတူ မောင်းဖို့ နည်းပြတစ်ယောက်တော့လိုပါမယ်။"
"ဒါဆို ရှင့်ကို အနှောက်အယှက်ပေးရပါလိမ့်မယ် နည်းပြ" ရှီရန်က ပြုံးလိုက်သည်။
လေ့ကျင့်မှုက အချိန်အများကြီးယူရပေလိမ့်မည်။ ဤတိုက်ရိုက်ထုတ်လွှင့်မှုက သူမကို အချိန်အများကြီးမပေးထားဘဲ လေ့ကျင့်ရေးတွင် အချိန်အကုန်မဖြုန်းချင်ပေ။
"ဒါဆို ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေကို အရင်မိတ်ဆက်ပေးပါရစေ။ ပြိုင်ကားနဲ့ ရိုးရိုးကားကြားက အတော်လေး ကွာခြားချက်ရှိပါတယ်။"
ရှီရန်က ခေါင်းညိတ်ပြပြီး မနီးမဝေးကပြိုင်ကားဆီသို့ ဘော့စ်နဲ့အတူသွားသည်။
နေကာထီးအောက်တွင် ချူးကျင်းချန်းသည် မေးစေ့ကို အေးအေးဆေးဆေး ထောက်ထားပြီး ရှီရန်၏ဘေးမျက်နှာကို အပြုံးဖြင့် စိုက်ကြည့်နေသည်။
ဒရုန်းသည် လေထဲတွင် ပျံဝဲပြီး အောက်သို့ထိုးပျံလာသည်။ မြင်ကွင်းက ထူးထူးခြားခြား ကြည်နူးစရာကောင်းသည်။
ထိုအချိန်တွင် အထူးလက်ထောက်က လေးစားစွာဖြင့် ရှေ့သို့ တိုးလာသည်။ "တတိယမြောက် သခင်လေး၊ သခင်ကြီး ဖုန်းခေါ်နေပါတယ်"
ချူးကျင်းချန်း၏မျက်လုံးများ မှိန်ကျသွားသည်။ မတ်တပ်ရပ်ပြီး တစ်ဖက်သို့ လျှောက်သွားသည်။
ရှီရန်သည် သူဌေး၏ရှင်းပြချက်ကို ဂရုတစိုက်နားထောင်ကာ လိုအပ်သည့်အခါတွင် သိချင်သောမေးခွန်းများ မေးသည်။
သူဌေးက အနည်းငယ် အံ့သြသွားသည်။ "မစ္စရှီ အရင်က ပြိုင်ကားမောင်းဖူးတာလား။"
အဖြေက ထွက်မလာဘဲ သဘောထားကွဲလွဲသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေး ဒါကဘယ်သူလဲ၊ ဒါက ငါတို့ရဲ့ အလှလေးရှီရန်မဟုတ်ဘူးလား။" ထိုလူ၏အသံသည် ရွဲ့ပြီး အေးစက်နေသည်။
သူမ လှည့်ကြည့်သည်။ သူ့ကိုမြင်သဖြင့် သူမမျက်လုံး ကျဉ်းမြောင်းသွားသည်။
-လောင်ဖန်း
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမသည် လောင်ဖန်း၏လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သော်လည်း လောင်ဖန်းသည် ကျူးလီက ချူးကျင်းချန်း၏အပိုင်ဖြစ်ကြောင်း နားလည်မှုလွဲပြီးကတည်းက Jade Hunter သို့ သူ သွားရောက်လည်ပတ်ခြင်းမှ ရပ်တန့်ခဲ့သည်။
ပြိုင်ကားကွင်းတွင် ထိုလူနဲ့ ထပ်တွေ့ရန် မမျှော်လင့်ထားပေ။
"အလှလေးရှီရန်က ဘယ်သူလဲ။ သူမက သခင်လေးလောင်ရဲ့ ချစ်သူဟောင်းလား။" အနားက မိန်းမလိုမိန်းမရကောင်က ရယ်မောလိုက်သည်။
သူပြောသည့်အတိုင်း ရှီရန်ကို အပေါ်အောက်တစ်ချက်ကြည့်လိုက်သည်။ အံ့အားသင့်စွာ မျက်လုံးများ တောက်ပလာပြီး စိတ်ပျက်စရာကောင်းစွာ ပြုံးပြသည်။ "သခင်လေးလောင်ရဲ့ အကြိုက်အရသာက အရင်အတိုင်း ကောင်းနေတုံးပဲ။ ဒီလိုထိပ်တန်းစားမျိုးက မဆိုးပါဘူး"
လောင်ဖန်းက လှောင်ပြောလိုက်သည်။ "သူမက ခွေးမတစ်ကောင်ပဲ"
"သခင်လေးလောင် ဟုတ်တယ်မလား။ ရှင် မြန်မြန်နေပြန်ကောင်းလာပြီး နာကျင်ခဲ့တာတွေကို မေ့သွားတာလား။ ကြည့်ရတာ ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ်က အပြင်းအထန် မထိခိုက်နိုင်စေခဲ့တဲ့ပုံပဲ။ ဒီလိုမှမဟုတ်ရင် ရှင့်ကို ဒီဝက်ခေါင်းနဲ့ လှည့်ပတ်သွားဖို့ ကျွန်မက ဘာလို့ခွင့်ပြုရမှာလဲ"
ရှီရန်သည် သူမ၏လက်နှစ်ဖက်ကို ပိုက်ကာ လောင်ဖန်းနှင့် သူ့သူငယ်ချင်းကို မျက်နှာချင်းဆိုင်လိုက်သည်။ သူမတစ်ယောက်တည်းရှိသော်လည်း သူမသည် အရောင်အဝါထွက်နေပြီး လုံးဝကြောက်ပုံ မပေါ်ပေ။
"မင်းရဲ့ ချစ်သူဟောင်းကို ကျောထောက်နောက်ခံအဖြစ်ရနေလို့ မင်းကံကောင်းတယ်မှတ်။ ငါက မနေ့ကအရူးတွေလိုလို့ မင်း ထင်နေတာလား။" လောင်ဖန်းသည် ရှီရန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
သူ့မျက်နှာကို မည်သူကမှ မရိုက်ဝံ့ပေ။ ရှီရန်က ပထမဆုံးလူဖြစ်သည်။
ရှီရန်ကို သေသည့်အထိ ညှဉ်းပန်းနှိပ်စက်ရမည်အထိ သူ မရပ်တန့်နိုင်ပေ။
[ဒီတစ်ခါ မာစတာရန်က ဘယ်သူ့ကို စော်ကားမိတာလဲ။ ဘာလို့ နောက်တစ်ယောက်ထပ်ပေါ်လာရတာလဲ။]
[သူမက လူတွေကို စော်ကားတာ အရမ်းတော်တယ်။ သူမရဲ့ အကျင့်စရိုက်က ဘယ်လောက်ဆိုးလဲဆိုတာ ကြည့်ရုံနဲ့သိနိုင်တယ်။]
[နင် စိတ်ကောမှန်သေးရဲ့လား။ ဒီလူမှာ မကောင်းတဲ့အကြံအစည်ရှိမှန်း သိသာနေတာကို။ မာစတာရန်နဲ့ ဘာဆိုင်လို့လဲ။]
[ငါကပဲ ရည်းစားဟောင်းဆိုတဲ့စကားကို သတိထားမိတဲ့သူတစ်ယောက်ထဲလား။ ဟိုလူဆိုးတွေက အဲဒီစကားတွေကို မနေ့က ပြောခဲ့ခဲ့တယ်။]
[နားမလည်ရင်မေးလိုက်လေ။ ဒီတစ်ခေါက်က တမင်တကာလုပ်ကြံထားတာလားလို့ပေါ့။]
[မနေ့က ရန်ပွဲက ပျံ့နှံ့သွားပြီး ဒီနေ့ နောက်ထပ်တစ်ပွဲ ထပ်ဖြစ်လာဦးမှာလား။]
ရှီရန်သည် ပျံဝဲနေသော ဒရုန်းကို ကြည့်ကာ သူနှင့် စကားပြောရန် အချိန်မဖြုန်းချင်ပေ။ "ရှင် ဘာလိုချင်တာလဲပြော။"
"ငါ ဘာလိုချင်လဲ?" လောင်ဖန်းက သူ့မေးစေ့ကို ပွတ်လိုက်ပြီး ရှီရန်နောက်ကနေ ပိုင်ရှင်ကို ရုတ်တရက်ကြည့်လိုက်သည်။ "မင်းကို မေးပါရစေဦး၊ ဒီခွေးမနဲ့ မင်း ဘာလုပ်နေတာလဲ"
ကလပ်ပိုင်ရှင်က ရှီရန်ကို စိုက်ကြည့်နေသော်လည်း မဖြေပေ။
ဤသူမှာ တတိယငယ်သခင်လေးခေါ်လာသောပုဂ္ဂိုလ်ဖြစ်သည်။ သခင်လောင်ကရူးနေပြီလား?
"ရပါတယ်။ ပြောလိုက်ပါ" ရှီရန်က တိုးတိုးလေးပြောသည်။
သူဌေးက ခဏလောက်စဉ်းစားပြီး "ကျွန်တော် မစ္စရှီကို ပြိုင်ကားနဲ့ ပတ်သက်တဲ့ ဗဟုသုတတချို့ကို သင်ပေးနေတာပါ" လို့ ပြောသည်။
"ပြိုင်ကားနဲ့ ပတ်သက်တဲ့ ဗဟုသုတတချို့?" လောင်ဖန်းသည် ထိုစကားလုံးကို နားမလည်သောအဓိပ္ပါယ်ဖြင့် ထပ်ခါတလဲလဲပြောသည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်လာသည်။
"ငါ လိုချင်တာပြောမယ်။ ကားမောင်းပြိုင်ကြရအောင်။ မင်း ငါ့ကိုအနိုင်ယူနိုင်ရင် မင်းကိုလွှတ်လိုက်မယ်။ ငါတို့ရန်ကြွေးတွေရှင်းသွားလိမ့်မယ်။ ဒါပေမယ့် မင်းရှုံးရင်..."
ရှီရန်၏ခန္ဓာကိုယ်အပေါ်နှင့်အောက်သို့ တချက်ကြည့်ပြီး သူ့မျက်လုံးများက အနည်းငယ် မော့လာသည်။ နောက်ဆုံးတွင် သူသည် ပြတ်သားပြီး အေးစက်သော အပြုံးကို ပြုံးပြလိုက်သည်။ "မင်းရဲ့အဝတ်တွေကို ချွတ်ပြီး ဆယ်ခါလောက် ငါ့ကို ဦးတိုက်ရှိခိုးပြီး မင်း ငါ့ ဘောင်းဘီခွကြား တွားလာရမယ်။"
လောင်ဖန်း၏သူငယ်ချင်းက စိတ်အားထက်သန်ကြသည်။
[သေတာပဲဟေ့! အဲဒါက အခြေအနေမဟန်ဘူး။ ငါတို့မာစတာရန်က ဘယ်လိုပြိုင်ကားမောင်းရမလဲ မသိဘူးဆိုတာကို သူသိနေတယ်။]
[?? သူ့ကိုရိုက်လိုက်!! မာစတာရန် သူ့ကိုရိုက်!!!]
[ပြေးတော့၊ မာစတာရန်။ သူ့မှာ ကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။]
[ဒါပေမယ့် ရှီရန်မှာလည်း ပြဿနာကြီးတစ်ခုရှိနေတယ်လို့ ငါ ထင်တယ်။ သူမ ဘာလို့ လူတွေနဲ့ ကန့်လန့်စကားပြန်ပြောရတာလဲ။]
[သူမက တခြားသူတွေကို မစော်ကားရင် သူမမှာ ရန်သူတွေ အများကြီးရှိမှာ မဟုတ်ဘူး]
[မှတ်ချက်ထဲကလူတစ်ချို့က အရမ်းရူးနေကြပြီ။ ဒီလူတွေက ရှီရန်ကို လာရန်စွနေတာ သိသာတာကို။ သူမ ပြန်လည်မချေပရတော့ဘူးလား။]
"ဘယ်လိုလဲ။ မင်းသဘောတူလား မတူဘူးလား ငါ့ကိုပြော" လောင်ဖန်းက စိတ်အားထက်သန်စွာ မေးစေ့ကို မြှောက်ကာ မေးလိုက်သည်။
"ကျွန်မ ငြင်းတယ်။" ရှီရန်က အလွန်တိုက်ရိုက်ပြောသည်။
"ကြောက်နေတာလား?" လောင်ဖန်းက ပို၍ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"ဖူး" ရှီရန်က ရယ်မောလိုက်သည်။ "ရှင် သာ လူနဲ့တူတဲ့အကြံတစ်ခုခုကို ပေးခဲ့မယ်ဆိုရင် ကျွန်မ ငြင်းမှာ မဟုတ်ဘူး။"
"မင်း" လောင်ဖန်းက ဒေါသတကြီး လက်ညှိုးထိုးလိုက်သော်လည်း အမြန်ငြိမ်သက်သွားသည်။ "ဒါဆို ငါ့ကို ပြောစမ်း မင်း ဘာလိုချင်လဲ"
သူမ၏အကြည့်က ဒရုန်းပေါ်ရောက်သွားပြီး ထူးထူးခြားခြား ပြုံးလိုက်သည်။