ဝမ်ယွီက စိတ်မထိန်းနိုင်ဘဲ ပြန်ကြည့်သည်။ သူ့မျက်လုံးက စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေသည်။ "သူမက ဘယ်သူလဲ။ ငါ သူမနဲ့ တိုက်ခိုက်ကြည့်လို့ရမလား"
"မင်း ဝမ်ဖုန်းကို မေးရလိမ့်မယ်။ သူမက အဲဒီကောင်ရဲ့ နတ်သမီးပဲ"
"ဟမ်?" ဝမ်ယွီသည် ဓားနှင့်တူသောမျက်ခုံးကိုပင့်တင်လိုက်သည်။
ဂျီဝမ်ဖုန်း၏နတ်သမီးက သူ့အစ်မ အမြဲဖြစ်နေခဲ့သည်ကို သူ အမှတ်ရမိသည်။ ဒါဆို သူမက အစားထိုးခံလိုက်ရပြီလား?
ထိုစိတ်နဲ့ ဗီဒီယိုထဲက အမျိုးသမီးကို ငုံ့ကြည့်ပြန်သည်။
ရုပ်ရည်အရ ဤအမျိုးသမီးက သူ့အစ်မထက် ပိုလှသည်။ အထူးသဖြင့် သူမ တိုက်ခိုက်နေချိန်တိုင်းမှာ သူမ၏လှုပ်ရှားမှုတိုင်းသည် အလွန်ဆွဲဆောင်မှုရှိသည်။
သို့သော် အရင်က တစ်နေရာရာမှာ သူ မြင်ဖူးသလို ခံစားရသည်။
"ဘာလို့ ရှီရန်ကို မခေါ်တာလဲ။ ဒီည သူမမှာ ဘာအစီအစဉ်မှ ရှိမနေသင့်ဘူး မဟုတ်လား။” ကျူးယို့ဟန်က ချူးကျင်းချန်းကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။
ဂျီဝမ်ဖုန်းမျက်လုံးတစ်ပတ်လှည့်ချလိုက်သည်။ "သူမ တက်တဲ့ ရှိုးက ချိန်းတွေ့တဲ့ ရှိုးမို့ ဒီည ချိန်းတွေ့ဖို့တော့ လိုတာပေါ့ကွ"
"ချိန်းတွေ့တယ်?" ချူးကျင်းချန်းသည် စကားပြတ်သွားသည်။ သူ့အသံနက်နက်က အန္တရာယ်ရှိပုံပေါက်သည်။
"ချိန်းတွေ့မယ်? ဘယ်သူနဲ့လဲ?" ကျူးယို့ဟန်က ထပ်ပြီး အတင်းစကားပြောလိုက်သည်။
ချူးကျင်းချန်းက ခေါင်းငုံ့ပြီး ဖုန်းကို လက်ထဲတွင် ကိုင်ထားသည်။ ရံဖန်ရံခါ သူသည် ၎င်းကို ကြိမ်ဖန်များစွာ နှိပ်သည်။
ငါးမိနစ်လောက်အကြာတွင် ချူးကျင်းချန်းက ထပြီး ဝမ်ယွီကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ "တခြားတစ်နေရာကို သွားရအောင်။"
"ဟုတ်တယ်။ ဘားတစ်ခုသွားရအောင်။ အထူးသဖြင့် နာမည်ကြီးတဲ့ မြို့A မှာ ဘားကိုပေါ့။" ကျူးယို့ဟန်က ပထမဆုံးသဘောတူခဲ့ပြီး သူ့လေသံက စိတ်လှုပ်ရှားနေသည်။
ဂျီဝမ်ဖုန်းက မောင်းလာပြီး လေးယောက်က သူတို့ ဦးတည်ရာကို မောင်းသွားသည်။
ရင်ခုန်သံအပန်းဖြေဥယျာဉ်
အနက်ရောင်ကားက ရပ်လိုက်ပြီး သူတို့လေးယောက် ထွက်လာသည်။
ကျူးယို့ဟန်သည် သူ့ရှေ့က ဆိုင်းဘုတ်ကို ကြည့်ကာ အံသြသွားသည်။ "အပန်းဖြေဥယျာဉ်လား?"
"မင်း ငါတို့ကို အပန်းဖြေကစားဖို့ ပန်းခြံထဲ ခေါ်လာတယ်လို့ မပြောနဲ့နော်" သူသည် ချူးကျင်းချန်းကို ကြည့်ပြီး သူတို့ အပန်းဖြေ ဥယျာဉ်ကို လာခဲ့ကြသည်ကို မယုံချင်သေးပေ။
ချူးကျင်းချန်းက ဘာမှပြန်မပြောဘဲ ဝင်သွားသည်။
လမ်းတလျှောက် သူတို့သည် ရိုလာကိုစတာနှင့် ခုန်ပျံသည့်စက်များကိုဖြတ်ပြီး ဆက်သွားကြသည်။
ကျူးယို့ဟန်က ပိုကြည့်လေလေ တစ်ခုခု မှားနေပြီဟု သူ ပိုခံစားရလေလေဖြစ်သည်။
ချူးကျင်းချန်းသည် အပန်းဖြေဥယျာဉ်ကို စိတ်ဝင်စားမည့်သူတစ်ယောက်လို့ မထင်ရပေ။
ထို့အပြင်ချူးကျင်းချန်း၏အသွင်အပြင်ကို ကြည့်လျှင် သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ဤနေရာတွင် ရှိနေပုံရသည်။
'တစ်ယောက်ယောက်ကို ရှာနေတာလား။'
ကျူးယို့ဟန်အကြံတစ်ခုရသွားသည်။
"ဝမ်ဖုန်း၊ ဒီည ရှီရန်ရဲ့ဒိတ်က ဘယ်မှာလဲ" သူသည် ဂျီဝမ်ဖုန်းထံသို့ ချဉ်းကပ်လာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"တုံတုံက သူတို့ အပန်းဖြေဥယျာဉ်မှာ ရှိတယ် လို့ ပြောတယ် ... " လို့ ပြောပြီးနောက် ဂျီဝမ်ဖုန်းက တုံ့ပြန်လာသည်။
တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ညနေခင်းမှာတွေ့ဖူးသော မင်းသမီးလေးလို ပွေ့ချီထားခြင်းကို ပြန်သတိရသွားသည်။
..
ရှီရန်ဘက်တွင်
သူမနှင့် ကျူယီဖေးတို့သည် သရဲခြောက်သောအိမ်မှ ထွက်လာကြသည်။ အကြောက်တရားနဲ့ ပြည့်နှက်နေကာ သူ့ရင်ဘတ်ကို ထိလိုက်ချိန်မှာ ကျူယီဖေး၏မျက်နှာက ဖြူဖျော့နေသည်။
တစ်ဖက်တွင် ရှီရန်သည် သာမန်ပုံစံနှင့် ငြိမ်သက်နေပုံရသည်။ သူမသည် သရဲခြောက်သောအိမ်ကို ကြုံတွေ့လာရသည့်သူတစ်ဦးနှင့် မတူပေ။
ဒရုန်းများသည် ၎င်းတို့အနားတွင် ပျံဝဲကာ ၎င်းတို့၏တုံ့ပြန်မှုများကို မှတ်တမ်းတင်သည်။
ရှီရန်က ကျူယီဖေးကို ရေတစ်ပုလင်း ပေးလိုက်သည်။
ကျူယီဖေးက ပုလင်းတစ်ဝက်ကို သောက်လိုက်ပြီးနောက် မျက်နှာအရောင်ပုံမှန်ဖြစ်သွားသည်။
"ရှီရန်ရော မကြောက်ဘူးလား" ကျူယီဖေး မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
ထိုမေးခွန်းကို သရဲအိမ်ထဲတွင် အကြိမ်ပေါင်းတစ်သန်းလောက် သူ မေးဖူးသည်။
"အားလုံးက အတုတွေပဲ" ရှီရန်က တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်သည်။
နောက်အခိုက်အတန့်တွင် သူမ မျက်လုံးများကို မှေးထားပြီး သူမ၏ညာဘက်၌
တစ်ဝက်တစ်ပျက်ပြုံးနေသောအနက်ရောင်မျက်လုံးတစ်စုံကို သူမ သတိဖြင့်ကြည့်လိုက်သည်။
သူမ မျက်ခုံးပင့်လိုက်သည်။
ချူးကျင်းချန်းက ဘာလို့ ဒီကိုရောက်နေရတာလဲ။ ပြီးတော့ နောက်ထပ်သုံးယောက်ရော...
ဒီနေ့ခေတ် ရက်စက်ကြမ်းကြုတ်တဲ့သူဌေးတွေအားလုံးက အပန်းဖြေဥယျာဉ်ကို နှစ်သက်တဲ့သူတွေများဖြစ်နေကြတာလား?
သူတို့ရိုက်ကူးလုပ်နေတုန်းမို့ ရှီရန်က သူတို့ကို နှုတ်ဆက်ရန် ရှေ့မတိုးခဲ့ပေ။ ယင်းအစား သူမသည် ကျူယီဖေးနှင့်အတူ အခြားစီးစရာများကို စီးရန်သွားသည်။
"အိုက်ယား၊ ရှီရန်ကို ငါတွေ့လိုက်တယ်။" ကျူးယို့ဟန်သည် သူ့မျက်လုံးထောင့်မှ ချူးကျင်းချန်းကို တစ်ချက်ကြည့်လိုက်သည်။
ချူးကျင်းချန်း၏ အပြုံးသည် ၎င်း၏သားကောင်ကို စိုက်ကြည့်နေသော ကျားသစ်ကဲ့သို့ နက်ရှိုင်းလာသည်။
ကျူးယို့ဟန် တုန်လှုပ်သွားပြီး နားမလည်နိုင်စွာဖြင့် ထိုမြင်ကွင်းကိုတွေ့ဖူးသလို ခံစားလိုက်ရသည်။
"သွားကြရအောင်။" ချူးကျင်းချန်းလှည့်ပြီးထွက်သွားသည်။
"ဟင်? မင်း ဒီလိုပဲ ထွက်သွားတော့မှာလား။" ကျူးယို့ဟန်က အံ့သြနေသည်။
ဒရာမာဇာတ်ဝင်ခန်းတစ်ခု ဖြစ်လာမယ်လို့ ငါထင်ခဲ့ပေမဲ့ ဒါပဲလား?
"ဘားကိုသွားမယ်" ချူးကျင်းချန်းက ဖြည်းညှင်းစွာပြောသည်။
ကျူးယို့ဟန်က ပါးစပ်ကို ဖွင့်လိုက်သည်။
ငါ အပန်းဖြေဥယျာဉ်ထဲမှာ ပိုနေချင်တယ်လို့
သို့သော် သူက ထိုစကားကို ပြန်မျိုချလိုက်သည်။
ချိန်းတွေ့ပြီးနောက် ရှီရန်နှင့်ကျူယီဖေးသည် ဗီလာသို့ပြန်လာသည်။
တခြားသူများက ပြန်မရောက်သေးပေ။ ကျန်ခဲ့သောလူနှစ်ယောက်ဖြစ်သော ရှီဝန်ဖေးနဲ့ ကျုံးယူဖန်တို့က ဆိုဖာပေါ်မှာ ထိုင်ပြီး ရုပ်ရှင်ကြည့်နေသည်။
ရုပ်ရှင်ထဲတွင် အမျိုးသားနဲ့အမျိုးသမီး ဇာတ်ဆောင်များက နမ်းနေကြကာ သူတို့၏လှုပ်ရှားမှုများ ပိုပြင်းထန်လာသည်။
နှစ်ယောက်သား စိတ်မရှည်ဟန်ပေါ်သော်လည်း ကင်မရာကြောင့် ထိန်းထားရသည်။
သို့သော် သူတို့ပတ်ဝန်းကျင်တွင်မရေရာသော လေထုကို ထူးထူးခြားခြား ခံစားနေရသည်။
မီးများ ရုတ်တရက် လင်းလာသည်။ နှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြားကာ ရှီရန်သည် နံရံကို မှီ၍ သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဒါဆို ခင်ဗျားတို့နှစ်ယောက် ရုပ်ရှင်ကြည့်နေကြတာပေါ့။ တောင်းပန်ပါတယ်။ကျွန်တော်တို့သတိမထားမိခဲ့ဘူး" လို့ ကျူယီဖေးက တောင်းပန်စကားဆိုသည်။
"အဆင်ပြေပါတယ်။ ရှင်တို့တွေကော ဒိတ်ပြီးကြပြီလား? အခြေအနေဘယ်လိုနေလဲ? ရှင် ပျော်ရဲ့လား" ရှီဝန်ဖေးက ညင်သာစွာ ပြုံးလိုက်သည်။
"အရမ်းပျော်တယ်" ကျူယီဖေးတောက်ပစွာပြုံးလိုက်သည်။ သူလှည့်ပတ်ကြည့်သည်။ "အားလုံးက ပြန်မလာသေးဘူးလား"
"မလာသေးဘူး။ ကျွန်မနဲ့ယူဖန်ပဲ ဗီလာမှာ ကျန်ခဲ့တာ။ ကျွန်မတို့ ဘာလုပ်ရမှန်းမသိလို့ အတူတူကြည့်ဖို့ ရုပ်ရှင်တစ်ကား ရှာခဲ့တယ်" ရှီဝန်ဖေးက ရှီရန်ကိုကြည့်ရင်း ၎င်းကိုပြောသည်။
ကျူယီဖေးသည် စူးစမ်းစိတ်ဖြင့် ရှေ့ကို တိုးလာသည်။ "ဘယ်ဇာတ်ကားကိုကြည့်နေကြတာလဲ"
နောက်တစ်စက္ကန့်တွင် သူသည် ခေါင်းစဉ်အမည်ကို မြင်လိုက်ရပြီး သိလိုက်သည်။ "အိုး အဲဒါက အချစ်ဇာတ်ကားပဲ။"
ရှီဝန်ဖေးသည် ခဏတာ ရှက်ရွံ့စွာ ကြည့်နေသည်။
ဒီကျူယီဖေးက ဘာဖြစ်နေတာလဲ?? ရှီရန်ဆီကနေ လာဘ်ထိုးခံထားရတာလား?
သူမနှင့်ယူဖန်တို့သည် အမှန်တကယ် ချစ်နေကြသော်လည်း အပြင်လူများအမြင်တွင် ကျုံးယူဖန်သည် သူမ၏အနာဂတ်ခဲအို ဖြစ်နေဆဲပင် ဖြစ်သည်။
ပြီးလျှင် သူမက အနာဂတ်ခဲအိုနဲ့ အချစ်ဇာတ်လမ်းကို ကြည့်နေသည်။ ဤအပိုင်းကို ထုတ်လွှင့်ခဲ့မည်ဆိုပါက အင်တာနက်သုံးစွဲသူများ၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူမ ခံရနိုင်သည်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှီရန်ကို ကြည့်လိုက်သည်။ "မမ၊ ဒီည ယူဖန်ကို ဘာလို့ မရွေးချယ်ခဲ့တာလဲ။ သူက မမရဲ့ ခင်ပွန်းလောင်းမဟုတ်ဘူးလား။"
သူမက ရှီရန်ကို မေးခွန်းထုတ်သည်။
မမျှော်လင့်ထားဘဲ ရှီရန်က သူမကို ပြုံးပြုံးလေး ပြန်ကြည့်နေသည်။ "သူက ငါ့ရဲ့ စေ့စပ်ထားသူမှန်း နင်သိရင် ဘာလို့ သူနဲ့အတူ အချစ်ဇာတ်ကားကိုကြည့်နေတာလဲ"
ရှီဝန်ဖေးတင်းမာသွားသည်။
ရှီရန် ခွေးကောင်မ!!
သူမ အပြုံးကိုအတင်းအကျပ်လုပ်ပြုံးလိုက်သည်။ "ညီမတို့ပဲ အိမ်မှာရှိနေတာဆိုတော့ ဘာလုပ်ရမှန်းမသိလို့ပါ"
"ဘာလုပ်ရမယ်မသိဘူးဆိုတာ နင် ဘာကိုဆိုလိုတာလဲ။ အခန်းက ဟိုမှာလေ။ နင် အဲ့လိုတွေ အများကြီးလုပ်ခဲ့ဖူးတယ်မလား။
လူတိုင်း: !!!
"ရှီရန်!" ကျုံးယူဖန်ချက်ခြင်း မတ်တပ်ထရပ်ပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရောဖြစ်သွားသည်။ "မင်း ဘာတွေကိုပြောနေတာလဲကောသိရဲ့လား?!"
ရှီရန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို စောင်းထားသော်လည်း သူမ၏မျက်လုံးများသည် အပြင်ဘက်မှ အေးမြသောလေထက် ပိုအေးစက်နေသည်။ "အဲ့လိုပြောတာ ကျွန်မ မှားလို့လား?"
အခြားလူများ ပြန်ရောက်လာသောအခါ ကျုံးယူဖန်သည် ပေါက်ကွဲလုဆဲဆဲဖြစ်နေသည်။
သူ့ဒေါသကိုသာ မြိုချထားရုံသာတတ်နိုင်သည်။
ယခုတစ်ကြိမ်တွင် အချစ်ရေးပြိုင်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာခြင်းက
အနာဂတ်တွင် ဖေးဖေးနှင့်ပွင့်ပွင့်လင်းလင်းချပြနိုင်သောဆက်ဆံရေးရှိနိုင်စေရန်သာဖြစ်သည်။
ပါဝင်ရမည်မှာ ကြောက်စရာမရှိဟု သူထင်ခဲ့သည်။
မမျှော်လင့်ဘဲ ၎င်းသည် ယခုအခါ အကြီးမားဆုံးပြောင်းလဲမှုဖြစ်လာသည်။
ရှီရန်သည် စိတ်ထဲ၌လှောင်ရယ်မောကာ အခန်းထဲသို့ ပြန်လှည့်သွားသည်။
ထိုကဲ့သို့ ယုတ်ညံ့သော ယောကျားတစ်ယောက်နှင့်အပျက်မတို့သည် စာအုပ်၏အဓိကဇာတ်ကောင်များ ဖြစ်လာနိုင်သည်ကို သူမ နားမလည်နိုင်သေးပေ။
ကျုံးယူဖန်လိုသူ့စိတ်ခံစားချက်ကိုတောင် ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့သူက ချူးကျင်းချန်းရဲ့လုပ်ငန်းကို ဘယ်လိုသိမ်းယူသွားတာလဲ။
သူမ နားမလည်နိုင်သောကြောင့် သူမအတွက်အခြေအနေများကိုခက်ခဲအောင် တွေးမနေချင်တော့ပေ။ အခန်းထဲပြန်ဝင်ကာ ရေချိုးပြီး အိပ်လိုက်သည်။
နောက်နေ့တွင် အားလုံးက စောစောထကြသည်။
နံနက်စာစားပြီးနောက် ထုတ်လုပ်ရေးအဖွဲ့က ညနေငါးနာရီတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု ကြေညာသည်။
"မမ ဒီတစ်ခေါက်ကော အရင်ပထမနေရာကို ရနိုင်ဦးမလားလို့ တွေးမိတယ်။" ရှီဝန်ဖေးက သိချင်ဟန်ဆောင်သည်။
ရှီရန်သည် ဤကဲ့သို့တမင်တကာလှုံဆော်မှုကြောင့် အနှောက်အယှက် မဖြစ်စေလိုပေ။
ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ထားသည့်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှီဝန်ဖေးကိုမကြည့်ဘဲ ထွက်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်လှစ်ပြီး လူတစ်သန်းကျော် ချက်ချင်း ဝင်လာသည်။
[မာစတာရန်၊ မာစတာရန်!!]
[နောက်ဆုံးတော့ စတင်ပြီ။ မာစတာရန်ကနောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်နေပြီ။]
[ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေပါပြီနော်]
လမ်းလျှောက်ရင်း နေရောင်ခြည်က သူမကို ရိုက်ခတ်လာသဖြင့် သူမကို ပျင်းရိစေသည်။
[ဒီနေ့ ထုတ်လွှင့်မှုက နည်းနည်း ပျင်းစရာကောင်းတယ်။ ငါတို့က သူမ လမ်းလျှောက်တာကို ကြည့်နေရုံပဲ မဟုတ်ဘူးမလား။]
[ဘာမှ စိတ်လှုပ်ရှားစရာမရှိဘူး?]
[ငါ ဒီမျက်နှာလေးကို တစ်နေကုန် ကြည့်နေနိုင်တယ်။ ရောင့်ရဲကြစမ်းပါကွာ။]
[သူမ လမ်းလျှောက်တာကိုပဲ ကြည့်မယ်။ ဘယ်သူက အဲ့ဒါကို ကြည့်ချင်လို့လဲ။ ဒီလိုမျက်နှာမျိုးမှာ ကြည့်စရာ ဘာရှိလို့လဲ။]
ရှီရန်သည် ကော်ဖီဆိုင်သို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ဒင်!
ခေါင်းလောင်းသံမြည်လာသည်။ သူမသည် လှည့်ပတ်ကြည့်ကာ နောက်ဆုံးတွင် ထောင့်စွန်းမှလူတစ်ယောက်ပေါ်၌ သူမ၏အကြည့် ရောက်သွားသည်။
ထို့နောက် သူမ လျှောက်သွားသည်။
သူမသည် ထိုလူဘေးတွင် ရပ်လိုက်သည်။
ထိုလူက မော့ကြည့်သည်။ သူ့မျက်နှာသည် ပက်ပက်စက်စက် ချောမောလှသည်။
ထိုလူသည် ချူးကျင်းချန်းဖြစ်သည်။