ပိုင်ကျင်းထျန်က တခဏလောက် လန့်သွားပြီးနောက် နူးနူးညံ့ညံ့ ပြုံးပြသည်။ "မင်း တော်တော်ပြောင်းလဲသွားပြီဘဲ။"
ရှီရန်သည် ယခင်က ဤခန္ဓာကိုယ်၏မူလပိုင်ရှင်ပြုလုပ်ခဲ့သောအရာကို အမှတ်မထင် သတိရသွားပြီး သူမ၏နှာခေါင်းကို ထိလိုက်သည်။ "လူဆိုတာ ကြီးပြင်းလာရမယ်လေ။"
"မင်း ကြီးပြင်းလာတာ အရမ်းမြန်တယ်။" ပိုင်ကျင်းထျန်သည် အိမ်နီးချင်း၏အစ်ကိုကဲ့သို့ နူးညံ့သိမ်မွေ့စွာ သူမ၏ခေါင်းထိပ်ကို ပွတ်သပ်လိုက်သည်။
ရှီရန် အနည်းငယ် အဆင်မပြေသလို ခံစားရသော်လည်း ဤခန္ဓာကိုယ်၏မူလပိုင်ရှင်က ပြုမူခဲ့သောအရာကြောင့် ပိုင်ကျင်းထျန်အပေါ် အပြစ်ရှိသလို ခံစားရသည်။ ကင်မရာရိုက်ကူးနေချိန်တွင် သူမသည် ပိုင်ကျင်းထျန်ကို အရှက်ရစေလိုခြင်းမရှိပေ။
[ဒီမြင်ကွင်းက ဘာလဲ???]
[မာစတာရန်ရဲ့ စကားတွေက အရမ်းရဲရင့်တယ်!! ငါ ကြိုက်တယ် ကြိုက်တယ်!]
[ရှီရန်ပြောတာ မှန်တယ်။ ဒါပေမယ့် ဒါက ခွန်အားကို အခြေခံရမယ်။ မဟုတ်ရင် သူမက ဒီအတိုင်းရဲရင့်ဟန်ဆောင်နေတာပဲ။]
[ငါတစ်ယောက်တည်းကပဲ မာစတာရန်နဲ့ကိုကိုထျန်ကို စုံတွဲတစ်တွဲအနေနဲ့ ကြည့်ကောင်းတယ်လို့ ထင်နေတဲ့သူလား။]
[ငါတို့ကိုကိုထျန်က နဂိုကတည်းက သူ့ဘာသာသူ ချောမောပြီးသား။ ရှီရန် သူများအားကိုးနဲ့ နာမည်ကြီးဖို့ ကြိုးစားနေတာကို ရပ်ပေးလို့ရနိုင်မလား။]
ရှီရန်နှင့်ပိုင်ကျင်းထျန်တို့ ဝိုင်နှင့်အတူ ပြန်လာသောအခါ ညစာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
အားလုံး ညစာစားပြီးသောအခါ ဒါရိုက်တာက ပြန်ပေါ်လာသည်။
"ကျွန်တော်တို့ရဲ့ အချစ်ဒိတ်အတွက် စည်းမျဉ်းတွေကို အခု လူသိရှင်ကြား ထုတ်ပြန်ပါမယ်။ ဒီနေ့က ပထမဆုံးနေ့ဖြစ်ပြီး ဝန်ထမ်းတွေက အမျိုးသမီးဧည့်သည်တွေရဲ့ နာမည်နဲ့ စာတိုက်ပုံးလေးခုကို အပြင်မှာ ထားထားပြီးပါပြီ။"
"အမျိုးသားဧည့်သည်တွေက သူတို့အကြိုက်ဆုံးအမျိုးသမီးဧည့်သည်ကို ရွေးနိုင်ပါတယ်။ သူမဆီ စာတစ်စောင်ကို ရေးပြီး သူမရဲ့စာတိုက်ပုံးထဲကို ထည့်ထားလိုက်ပါ။"
"ဧည့်သည်ယောက်ျားနှစ်ယောက်ထက်ပိုပြီး အမျိုးသမီးဧည့်သည်တစ်ယောက်က အရွေးခံရရင် အမျိုးသမီးဧည့်သည်က အဖော်ကို ရွေးခွင့်ရှိပါမယ်။ အမျိုးသမီးဧည့်သည်က သူတို့ကို မရွေးချယ်ဘူးလို့လည်း ဆုံးဖြတ်လို့ရပါတယ်။"
"ကဲ အမျိုးသားဧည့်သည်တွေ အပြင်ထွက်ပြီး ကြိုက်တဲ့အမျိုးသမီးဧည့်သည်ကို ရွေးလို့ရပါပြီ"
"တဆိတ်လောက်..." လျန်ပု့က စကားဖြတ်ပြောသည်။ "ရလဒ်ကကော လူသိရှင်ကြား ထုတ်ဖော်မှာလား။"
"ဒါက ပရိုဂရမ်အဖွဲ့ရဲ့ စိတ်အခြအနေပေါ်မှာ မူတည်ပါတယ်" လို့ ဒါရိုက်တာဝမ်က ပြောသည်။
[ထုတ်လုပ်ရေးအဖွဲ့က အရမ်းမိုက်တယ်]
[အများပြည်သူကိုထုတ်ဖေါ်ပြသတာက ငရဲကမြင်ကွင်းတစ်ခုလိုဖြစ်နေမှာ။ ငါ ကြိုက်တယ်! ဖွင့်ချပြလိုက်။]
မှတ်ချက်များသည် လှုပ်လှုပ်ရှားရှားဖြစ်နေသော်လည်း နောက်တစ်စက္ကန့်တွင် ကင်မရာသည် မည်းမှောင်သွားသည်။
[ပရိုဂရမ်အဖွဲ့က လူမဆန်ဘူးလား?? အရေးကြီးတဲ့အခိုက်အတန့်မှာ တိုက်ရိုက်ထုတ်လွှင့်တာကို ပိတ်လိုက်တာလား။]
[သေတာပဲ!! စူးစမ်းချင်စိတ်ကတောင် စိတ်ကောက်သွားပြီ။]
[ဒီမြင်ကွင်းတွေကို အရည်အသွေးမြင့်တဲ့ရှိုးတွေမှာသာ မြင်နိုင်တယ်ဆိုတာသိပေမယ့် ထုတ်လုပ်ရေးအဖွဲ့ရေ ဒါတော့အရမ်းများသွားပြီ။]
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး အမျိုးသားဧည့်သည်များ ထွက်လာသည်။ ဧည့်ခန်းထဲတွင် အမျိုးသမီးဧည့်သည်များသာ ကျန်ခဲ့သည်။
"သူတို့က ဘယ်သူ့ကို ရွေးမယ်ဆိုတာကို ကျွန်မတို့ခန့်မှန်းကြရအောင်လေ။" ယွီဇစ်ကျန်းရုတ်တရက် အကြံတစ်ခုရလာသည်။
"ဟုတ်တယ်" ရှီဝန်ဖေးက စိတ်ဝင်တစားနဲ့ ခေါင်းညိတ်လိုက်သည်။
"ကျွန်မတို့ CEO ကျုံးက ဘယ်သူ့ကို ရွေးမယ်ထင်လဲ" ယွီဇစ်ကျန်းက ရှီရန်ကို အဓိပ္ပါယ်ရှိစွာ ကြည့်နေသည်။
"နင် ဘယ်လိုထင်လဲ?" ကူကျားက ယွီဇစ်ကျန်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။
ယွီဇစ်ကျန်းက စဉ်းစားဟန်ဆောင်သည်။ "စီအီးအိုကျုံးက Shi Ran ရှီရန်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အရမ်းပျင်းဖို့ကောင်းမယ်ထင်တယ်။ သူတို့နှစ်ယောက် စေ့စပ်ထားပြီးဖြစ်လို့ ရင်ဖိုစရာမကောင်းဘူး။"
ရှီဝန်ဖေးက ယွီဇစ်ကျန်းကို သဘောကျစွာ စိုက်ကြည့်သည်။
ယွီဇစ်ကျန်းသည် ထက်မြက်သည်။
ဤစာကြောင်းကြောင့် ယူဖန်သည် သူမအား ရွေးချယ်ခဲ့လျှင်ပင် ၎င်းအား ပရိုဂရမ်အကျိုးသက်ရောက်မှုအတွက် လုပ်ဆောင်ချက်တစ်ခုအဖြစ် ယာယီသတ်မှတ်ထားနိုင်သောကြောင့် သူမအား အင်တာနက်သုံးစွဲသူများ၏တိုက်ခိုက်ခြင်းကို မကြောက်စေပေ။
ရှီရန်က ဆိုဖာပေါ်ကို နောက်ပြန်မှီပြီး မျက်လုံးကိုမှိတ်ထားသည်။ "ဒါဆို ကျွန်မတို့က
အချစ်ရေးအစီအစဉ်မှာ ဘာဖြစ်လို့ပါဝင်နေတယ်လို့ ထင်လဲ။"
"နင်တို့ရဲ့အချစ်ကို ထုတ်ပြချင်လို့လား?" ယွီဇစ်ကျန်းက မသေချာမရေရာ ပြန်ဖြေသည်။
"ကျွန်မတို့က စေ့စပ်ပြီးပြီ။ ကျွန်မတို့အချစ်ကို လိုချင်တဲ့အချိန်တိုင်း ပြနိုင်တယ်။ ကျွန်မတို့က ဘာလို့ ဒီပွဲမှာ ရှိနေရမှာလဲ"
လေထုသည် ပြင်းထန်လွန်းသဖြင့် ယွီဇစ်ကျန်းသည် တဖြည်းဖြည်း မရေမရာဖြစ်လာသည်။ "ဒါဆိုဘာလို့လဲ" လို့သာ မေးနိုင်တော့သည်။
ရှီရန်သည် ရှီဝန်ဖေးကို စောင်းကြည့်လိုက်သည်။
ရှီဝန်ဖေးသည် သူမ၏အကြည့်ကို တွေ့ပြီး ဆိုးရွားသော ခံစားချက်ကို ရလာသည်။
နောက်တစ်စက္ကန့်တွင် ရှီရန်၏စကားကို သူမကြားလိုက်ရသည်။
"မရှင်းမရှင်းဖြစ်နေတဲ့ဆက်ဆံရေးတွေကို ပိုပြီးရှင်းလာအောင် လုပ်ဖို့လေ"
"မမ ဘာကိုဆိုလိုတာလဲ" ရှီဝန်ဖေးသည် ကြောက်နေပုံပေါက်နေသော်လည်း ကင်မရာကြောင့် ပြုံးနေရသည်။
ထိုအချိန်တွင် ကူကျားက ပြောလာသည်။ "ဒါက ပရိုဂရမ်ရဲ့ အကျိုးသက်ရောက်မှု ဖြစ်တာပဲဖြစ်ဖြစ်မဖြစ်တာပဲဖြစ်ဖြစ် CEOကျုံးက သူ့ရဲ့ စေ့စပ်ထားသူကို မရွေးချယ်စရာ အကြောင်းပြချက်မရှိဘူး။ နောက်မှ တခြားတစ်ယောက်ကို နင် ရွေးသင့်တယ်။"
"နင်တို့နှစ်ယောက်လုံးက ရသစုံရှိုးမှာပါဝင်နေပြီဆိုတော့ CEO ကျုံးက တခြားတစ်ယောက်ယောက်ကို ရွေးတာကထူးဆန်းတယ်လို့ မထင်ဘူး။ ရှီရန်ကစိတ်မဆိုးသင့်ဘူးမဟုတ်လား" ယွီဇစ်ကျန်းက ရှီရန်ကို ပြုံးလိုက်သည်။
ရှီရန်ထံမှ သူမ ရရှိသောတစ်ခုတည်းသော တုံ့ပြန်မှုသည် ရုတ်တရက် သမ်းဝေခြင်းတစ်ခုသာဖြစ်သည်။
ယွီဇစ်ကျန်းကိုကြည့်ရန်တောင် သူမ စိတ်မ၀င်စားပေ။
ကျုံးယူဖန်က မည်သူ့ကိုရွေးပါစေ သူမနဲ့မသက်ဆိုင်ပေ။
ရှီဝန်ဖေးက မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ယူဖန်က သူမကို သေချာရွေးချယ်မည်ဖြစ်၍ ရှီရန်က မည်သည့်အရာမှမထူးခြားသလို ဟန်ဆောင်သည်ကို သူမ တွေ့ချင်သည်။
ဒါရိုက်တာဝမ်သည် မော်နီတာပေါ်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ "ဒီရှီရန်က တကယ့်ကို ရဲရင့်တယ်။ ရင်းနှီးမြုပ်နှံသူတွေက သူမကို ရှိုးထဲပါစေချင်နေတာ အံ့သြစရာတော့ မရှိဘူး။"
"ငါတို့ ဒီအပိုင်းကို အစမ်းပြသရမယ်" ဒါရိုက်တာဝမ်၏လေသံသည် တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
အမျိုးသားဧည့်သည်များက မြန်မြန်ဆန်ဆန် ရွေးချယ်ပြီးသွားသည်။
အမျိုးသမီးဧည့်သည်များ တယောက်ပြီးတယောက်စာတိုက်ပုံးများကို စစ်ဆေးရန် ထွက်သွားကြသည်။
ပထမဆုံး အပြင်ထွက်လာသူမှာ ကူကျားဖြစ်သည်။
ရှီဝန်ဖေးနှင့်ယွီဇစ်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။
ယွီဇစ်ကျန်းသက်ပြင်းချလိုက်ပြီး စိုးရိမ်ဟန်ဆောင်သည်။ "နောက်မှ ကျွန်မကအရွေးမခံရရင် အရမ်းအနေရခက်နေမှာမလား။"
"အဲ့လိုမျိုးမဖြစ်ပါဘူး" ရှီဝန်ဖေးက ပြုံးပြီးပြောသည် ။ "နင်နဲ့လျန်ပု့တို့ ဒီနေ့ အဆင်ပြေနေတာကို တို့ တွေ့သားပဲ"
"ဒီစည်းမျဉ်းက အရွေးမခံရရင် နင့်မှာ ဆွဲဆောင်မှုမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား" ယွီဇစ်ကျန်းက ရှီရန်ကို ကြည့်ရင်း ပြောလိုက်သည်။
"ရှီရန်မှာ ရွေးချယ်စရာအမျိုးသားတွေ အများကြီးရှိရမယ်။ နေ့လည်ခင်းကမြင်ကွင်းက အရမ်းမိုက်တယ်။ လူတိုင်းက ရှီရန်ကို ရွေးချယ်ကြမှာသေချာတယ်။" ယွီဇစ်ကျန်းသည် ရှီရန်ကို မနာလိုစွာ ကြည့်နေသည် ။
ရှီဝန်ဖေး၏မျက်လုံးများတွင် ဒုက္ခပေးမည့်အလင်းတန်းတစ်ခု လင်းလက်တောက်ပလာကာ သူမ ပြောသည်။ "ဟုတ်တယ်၊ မမမှာ တန်းစီနေသူတွေ အများကြီးရှိရမယ်"
ဒီခွေးမက ဒီနေ့လည်ခင်းမှာ သူမကိုယ်သူမ ကျော်ကြားနေပြီလို့ တကယ်ထင်နေတာလား။
ရန်ဖြစ်ရတာကိုကြိုက်တဲ့မိန်းမကို ဘယ်လိုယောက်ျားမျိုးက ကြိုက်နိုင်မှာလဲ?
ရှီရန်ကို မည်သူမှမရွေးချယ်သောအချိန်ရောက်လာသောအခါ သူမသည် အနေရခက်နေမည်မှာ သေချာသည်။
'ငါ မစောင့်နိုင်တော့ဘူး။'
ကူကျား ပြန်လာသည်။ ယွီဇစ်ကျန်း၏သိချင်မေးမြန်းမှုကို သူမ ပြုံးပြသော်လည်း အဖြေမပေးခဲ့ပေ။
အပြင်ထွက်ရမည့်ဒုတိယမြောက်လူက ရှီရန်ဖြစ်သည်။
စာတိုက်ပုံးကို ပန်းများဝန်းရံထားသည့်အိမ်ရှေ့ခြံဝင်းထဲတွင် ထားရှိသည်။ သူမ လှမ်းဝင်လိုက်သည်နှင့် ပန်းပွင့်များ၏ရနံ့သည် နှာခေါင်းထဲလွှမ်းမိုးသွားသည်။
ညကောင်းကင်သည် ကြယ်ရောင်တောက်ပနေပြီး ခြံဝင်းသည် နွေးထွေးသော အဝါရောင်မီးရောင်များဖြင့် ထွန်းညှိထားသည်။
ပေါ့ပါးသောလေညင်းသည် သူမ၏ဆံနွယ်ရှည်များကို လှုပ်ခတ်လျက် သူမသည် နွေးထွေးသောအလင်းရောင်၌လမ်းလျှောက်နေသည်။
သစ်သားစာတိုက်ပုံးလေးခုကို မီးအလင်းရောင်ကြိုးဖြင့် ချည်နှောင်ထားပြီး ရှီရန်က သူမ နာမည်ပါသော စာတိုက်ဆီသို့ လျှောက်သွားသည်။
ပုံးကိုဖွင့်လိုက်သည်။
ကင်မရာသည် ပိုမိုနီးကပ်လာသည်။
သေးငယ်ပြီး မှိန်ဖျော့ဖျော့သောနေရာလေးတွင် ခေါက်ထားသော အဖြူရောင် စာအိတ်နှစ်အိတ်ပေါ်လာသည်။
သူမသည် စာများကို လှမ်းယူကာ တစ်စောင်ပြီးတစ်စောင် ဖွင့်သည်။
....
ရှီရန် ဧည့်ခန်းထဲကို ပြန်ဝင်သွားသည်။
ရှီဝန်ဖေးသည် ရှီရန်၏အမူအရာကို သတိထားကြည့်ကာ သူမ စာရ၊မရ သိချင်သည်။
သို့သော် သူမ၏အမူအရာက တည်ငြိမ်နေသဖြင့် မည်သူမှ ခန့်မှန်းမပြောနိုင်ပေ။
သူမ အလှည့်ရောက်ပြီဖြစ်သည်။
ချိုမြိန်သောအလင်းရောင်တစ်ခု သူမမျက်လုံး၌ပေါ် လာသည်။
ယူဖန်က သူမကို ရွေးချယ်မည်မှာ သေချာသည်။
သူမ စာတိုက်ပုံးဆီသို့ ပြုံးလျက် လျှောက်လာကာ ဖွင့်လိုက်သည်။ ပုံးသည် ဗလာဖြစ်နေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?!
မယုံကြည်၍ လက်နှိုက်ကာ စမ်းလိုက်သည်။ စာအိတ်ကို သူမ ရှာမတွေ့ပေ။ ၎င်းအစား လွှစာက သူမလက်ကို ခြစ်မိသည်။
သူမသည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
'ဘယ်လို!'
ယူဖန်ရွေးတဲ့လူက တကယ်တော့ ငါ မဟုတ်ဘူးလား?
ရှီဝန်ဖေးသည် ထူးဆန်းသောအမူအရာဖြင့် ပြန်လာသည်။ သူမသည် ဧည့်ခန်းရှိလူသုံးဦးကို ကြည့်ကာ နောက်ဆုံးတွင် အမျိုးသမီး CEO ဖြစ်သူကူကျားထံ အကြည့်ရောက်သွားသည်။
'သူမပဲဖြစ်မယ်! ကူကျားဖြစ်ရမယ်။'
ယူဖန်က ငါ့ကို အခုရွေးချယ်ခဲ့မယ်ဆိုရင် ငါက ပြည်သူတွေရဲ့ ကဲ့ရဲ့ခံရမှာကို ကြောက်နေတာပဲဖြစ်မယ်။
ဒါကြောင့် ယူဖန်က ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့ကူကျားကို ရွေးချယ်ခဲ့တာ။
ဒါက အရေးမကြီးပါဘူး။ ငါက အရွေးမခံရတဲ့ တစ်ဦးတည်းသောသူ မဖြစ်နိုင်ဘူး။
သူမ ရှီရန်ကို ကြည့်လိုက်သည်။
ရှီရန်ကို မည်သူမှ ရွေးချယ်မည်မဟုတ်ပေ။ယူဖန်က ရှီရန်ကို ဘယ်သောအခါမှ ရွေးမည်မဟုတ်ဟု ပြောခဲ့သည်။
ထိုအချိန်တွင် ရှီဝန်ဖေးသည် ထိုအတွေးကို အလွန်သေချာနေပြီဖြစ်သည်။
အမျိုးသမီးဧည့်သည်များအားလုံးသည် ၎င်းတို့၏စာတိုက်ပုံးများကို စစ်ဆေးခဲ့သည်။
ထို့နောက် ဒါရိုက်တာဝမ်၏အသံသည် ထပ်မံထွက်ပေါ်လာသည်။ "ကျွန်တော်တို့ရှိုးပွဲရဲ့ပထမဆုံးနေ့ဖြစ်တာကြောင့်ထုတ်လုပ်ရေးအဖွဲ့က ဒိတ်ရမယ့်သူတွေရဲ့ရလဒ်ကို ကြေငြာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။"
"ကံမကောင်းစွာနဲ့ဘဲ ဒီနေ့ညမှာ အမျိုးသမီးဧည့်သည်တစ်ဦးကို အမျိုးသားဧည့်သည်တွေက မရွေးချယ်ခဲ့ဘဲ အမျိုးသားဧည့်သည်နှစ်ဦးက အမျိုးသမီးဧည့်သည်တစ်ဦးထံ စာရေးသားပေးပို့ခဲ့တာလည်း တွေ့ရပါတယ်။"
"ကဲ ဒီည စာအိတ်တွေပို့ထားတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် ဖော်ပြသွားပါမယ်"