၃၅
Viewers 158

ရှီရန်သည် ဗီလာသို့ ပြန်လာခဲ့သည်။

သူမ ဝင်လာသည်နဲ့ ဒါရိုက်တာဝမ်က သူမကို ချက်ချင်း ကြိုဆိုလိုက်သည်။

"မင်း ပြန်လာပြီ။" ဒါရိုက်တာဝမ်က ရှက်ရွံ့စွာ ပြုံးပြီး ရှီရန်ကို ဂရုတစိုက် စိုက်ကြည့်သည်။

ရှီရန်သည် ရပ်တန့်လိုက်ပြီး ဒါရိုက်တာဝမ် ကို စကားမပြောဘဲ အညိုရင့်ရောင် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဒါရိုက်တာဝမ်က ခေါင်းကို ကုတ်လိုက်ပြီး ပြောသည်။ "ကျွန်​တော်တို့ဒီနေ့နောက်ကျသွားတယ်။ ကံကောင်းထောက်မစွာပဲ မင်းဒဏ်ရာမရခဲ့ဘူး။"

'နောက်ကျတယ်?'

သူမ မျက်ခုံးပင့်လိုက်သည်။

ဤကိစ္စ၏အမှန်တရားကို လူတိုင်းသိသည်။

"အဲဒါက ရှင် ကျွန်မကိုပြောချင်တဲ့စကားတစ်ခုဘဲမဟုတ်ဘူးမလား" ရှီရန်က ပြောသည်။

ဖော်ထုတ်ခံခဲ့ရသောဒါရိုက်တာဝမ်သည် ရှက်ရွံ့ဟန်ဖြင့် တွေးတောပြီးနောက်တွင် ခဏစဥ်းစားပြီး“တတိယမြောက်သခင်​လေးကို မင်းသိတာလား” ဟု မေးသည်။

"ဟင့်အင်း၊ ကျွန်မ မသိဘူး" ရှီရန်ကပြောပြီး ဧည့်ခန်းထဲဝင်သွားသည်။

အားလုံးက ဧည့်ခန်းထဲမှာ ဝိုင်းထိုင်နေကြသည်။

ကျူယီ​ဖေးသည် နာရီကို ကြည့်​နေသည်မှာ ဆယ့်ရှစ်ကြိမ်မြောက်ဖြစ်သည်။ "ရှီရန်က ဘာလို့ ပြန်မလာသေးတာလဲ။ ကြေညာချက်ထုတ်ဖို့ တော်တော်ကြာနေပြီမလား"

သူသည် နေ့ခင်းဘက်တစ်​နေခင်းလုံးမှီနေခဲ့သောဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲနေသည်။ လမ်းကြားရှိ လှပသောအမျိုးသမီး၏ပုံရိပ်သည် သူ့စိတ်ထဲတွင် ပေါ်လာကာ သူမ၏ အသုံးအဆောင်များကဲ့သို့ ရှုံးနိမ့်သွားသော ပြိုင်ဘက်များလည်း ထွက်ပေါ်လာသည်။

ဒုန်း ဒုန်း

ကျူယီ​ဖေးက သူ့ရင်ဘတ်ကို ထိလိုက်ပြီး နှလုံးခုန်နှုန်း ပိုမြန်လာသည်ကို ခံစားလိုက်ရသည်။

"ရှင် သူမကိုစောင့်နေတာလား။" ကူကျားက နောက်ပြောင်သည်။

သူ မဆိုင်းမတွ ခေါင်းညိတ်သည်။
"ဒီနေ့ နေ့လည်ကရိုက်ကူးထားတာကို ကျွန်​တော် ကြည့်ခဲ့တယ်။ သူမက အရမ်းမိုက်တယ်။ လှုပ်ရှားမှုတိုင်းကို တိကျအောင် သူမ ဘယ်လိုလုပ်လိုက်တာလဲ။ မင်း​ကော ကြည့်ပြီးပြီလား။"

"ကြည့်ပြီးပြီ" လို့ ကူကျားကပြောသည်။

မည်သူမဆို ထိုကဲ့သို့ ရှီရန်ကို သ​ဘောကျလိမ့်မည် ဟု သူမ ထင်သည်။

၎င်းကိုတွေးပြီး သူမနှင့် မလှမ်းမဝေးတွင်ရှိ​နေ​သော ပိုင်ကျင်းထျန်ကို လှည့်ကြည့်လိုက်သည်။

ပိုင်ကျင်းထျန်သည် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ထားပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်။

ခေါင်းကို ငုံ့ထားပြီး အတွေးထဲတွင် နှစ်​မျောနေပုံရသည်။ ချောမောသောမျက်နှာဖြင့် သူ့အ​တွေးကမ္ဘာကို လွှင့်​​မျော​နေပုံ​ပေါ်သည်။

ထို့နောက် သူမသည် တစ်ဖက်ကကျုံးယူဖန်ကို ကြည့်လိုက်သည်။

ရှီရန်၏လက်ရှိစေ့စပ်ထားသူသည် နေ့ခင်းဘက်ပြန်ရောက်ကတည်းကပင် နှုတ်ဆိတ်နေသည်။

သူသည် ယခုအချိန်တွင် စိတ်အရှုပ်ထွေးဆုံးဖြစ်​နေသောသူဟု ယူဆနိုင်သည်။

တစ်ဖက်သား၏အကြည့်ကို အာရုံခံစားနိုင်သကဲ့သို့ ကျုံးယူဖန်က မော့ကြည့်လိုက်သောအခါတွင် ကူကျား၏စူးစမ်းသောအကြည့်ကို တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူ အဝေးကို လှမ်းကြည့်လိုက်သည်။

ကျုံးယူဖန်သည် တံခါးအပြင်ဘက်တွင် ညအ​မှောင်ကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ထိုလူများကို တိုက်ခိုက်နေသည့် ရှီရန်၏ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်သည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ လှပကြောင်း သူ ဝန်ခံသည်။

ဒါပေမယ့် ရှီရန်က ဒီအရာအားလုံးကို ဘယ်တုန်းက သင်ယူခဲ့တာလဲ?

'ဒေါက်'

ကြမ်းပြင်ပေါ်ရှိဒေါက်ဖိနပ်များ၏ရိုက်သံက ပိုနီးကပ်လာသည်။

ကျူယီ​ဖေးသည် တံခါးဆီသို့ လှမ်းကြည့်လိုက်ပြီး အခြားသူများလည်း လှမ်းကြည့်ကြသည်။

သို့သော်လည်း အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသောရှီဝန်ဖေးသည် သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ အားလုံးက သိသိသာသာ စိတ်ပျက်သွားကြသည်။

"ဘာလို့ အားလုံး ဒီကို ရောက်နေကြတာလဲ" ရှီဝန်ဖေးပြုံးလျက် ဝင်လာပြီး ကျုံးယူဖန်အနားတွင် ဝင်ထိုင်လိုက်သည်။

ရှီဝန်ဖေး၏ဘေးမျက်နှာကိုကြည့်ရင်း ကျုံးယူဖန်က ရှီဝန်ဖေးသည် နေ့ခင်းတစ်ခင်းလုံး ဗီလာတွင် မရှိကြောင်း သတိရမိသည်။

"နေ့လည်က မင်း ဘယ်ကိုသွားနေတာလဲ?"  ကျုံးယူဖန်က ညင်သာစွာ မေးလိုက်သည်။

"ကျွန်မ တိုက်ရိုက်လွှင့်နေတာ​လေ။ ဘာ ထုတ်လွှင့်ရမလဲမစဉ်းစားနိုင်တာကြောင့် စန္ဒယားဆိုင်ကိုပဲသွားခဲ့တာ။" ရှီဝန်ဖေးက ချိုသာစွာ ပြုံးလိုက်သည်။

သူမ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရှီရန် မရှိသည်ကို တွေ့လိုက်ရသည်။ "မမ ဘယ်မှာလဲ။ ပြန်မ​ရောက်သေးဘူးလား" လို့ ပေါ့ပေါ့ပါးပါး မေးဟန်ဆောင်သည်။

"အင်း"  ကျုံးယူဖန်က ခေါင်းညိတ်ပြပြီး သူ့အမူအရာက ခန့်မှန်း၍မရ​ပေ။

"ဟူး" ရှီဝန်ဖေးသက်ပြင်းချလိုက်သည်။ "မမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအ​ခြေအ​နေက ဒီနေ့မွန်းလွဲပိုင်းမှာ သိပ်ကောင်းတယ်လို့မထင်ဘူး။ သူမ အရမ်းဝမ်းနည်းစရာ​နေတာများလား"

ထိုသို့ပြောလိုက်သောအခါ လူတိုင်း၏အမူအရာက အနည်းငယ်သိမ်မွေ့သွားသည်။

"ဒီနေ့နေ့လည်က မှတ်ချက်​တွေကို မဖတ်လိုက်ဘူးလား" ကျုံးယူဖန်က မေးသည်။

ရှီရန်အတွက် ဆိုးရွားသောအရာတစ်ခု ဖြစ်လုနီးနီးဖြစ်နေပြီဆိုသည်ကို မှတ်ချက်များကိုဖတ်ပြီးနောက် သူတို့သိကြသည်။ ရှီဝန်ဖေး၏မှတ်ချက်အပိုင်းသည် ဤလောက်တိတ်ဆိတ်နေစရာအကြောင်းမရှိပေ။

ရှီဝန်ဖေးအံ့သြသွားသည်။ "ကျွန်မက တစ်နေ့လည်လုံး စန္ဒယားတီးပြီး မှတ်ချက်တွေကို သိပ်ပြီး မတုံ့ပြန်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ကြည့်ရှုသူ​တွေအများကြီး ဆုံးရှုံးသွားတယ်။"

ရှီဝန်ဖေးသည် နောက်ဆုံးအပိုင်းအတွက် စိတ်ရှုပ်နေသေးသည်။

သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု အစပိုင်းတွင် အလွန်အခြအ​နေကောင်းမွန်သော်လည်း အကြောင်းတစ်ခုခုကြောင့် နောက်ပိုင်းတွင် ပရိတ်သတ်များကျဆင်းသွားသည်။

ကံအားလျော်စွာ ပြိုင်ပွဲသည် ထိုနေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အမြင့်ဆုံးဒေတာကိုသာ အသုံးပြုသည်။

"ဒီနေ့လည်..." ယွီဇစ်ကျန်းက နေ့လည်ခင်းကအကြောင်းကို ရှီဝန်ဖေးကို ပြောပြတော့မည်ဖြစ်သော်လည်း သူမ မော့ကြည့်လိုက်သောအခါ စကားမပြောနိုင်ဖြစ်သွားသည်။

ရှီရန်၏ပုံရိပ်သည် ဧည့်ခန်းထဲတွင် ပေါ်လာသည်။

ကျူယီ​ဖေးချက်ခြင်းထရပ်ပြီး ရှေ့သို့ လျှောက်သွားသည်။ "ပြန်လာပြီလား။ အဆင်​ပြေရဲ့လား။မင်း ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး။" ရှီရန်က ခေါင်းခါလိုက်သည်။ "ကျွန်မ အရင်တက်သွားပြီး ရေချိုးလိုက်ဦးမယ်။ နောက်မှ ဆင်းလာပြီး လူတိုင်းနဲ့ ထမင်းအတူချက်လိုက်ပေးပါမယ်။"

ရှီဝန်ဖေးသည် ပြောင်းလဲမှုကို သံသယဖြင့် စောင့်ကြည့်နေသည်။

ငါဘဲ မှားမြင်​နေတာလား? သူမ ဝင်လာတုန်းက လူတိုင်းက သူမကိုဘာလို့ အာရုံစိုက်နေတာလဲ?

ရေချိုးပြီးနောက် အိပ်ယာပေါ်တွင် သူမ သက်တောင့်သက်သာ လှဲနေလိုက်သည်။

"ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုရဲ့အဆင့်သတ်မှတ်ချက်များကို ငါးမိနစ်အတွင်း ကြေညာပါမယ်။ လူတိုင်းက အခန်းထဲကို ပြန်သွားပြီး ပရိုဂရမ်အဖွဲ့ကထုတ်ပေးထားတဲ့ဆဲလ်ဖုန်းမှတစ်ဆင့် စစ်ဆေးပေးကြပါ။"

ဒါရိုက်တာ၏အသံသည် အသံစနစ်ဖြင့် အိမ်တစ်အိမ်လုံးတွင် ကျယ်လောင်စွာထွက်​ပေါ်လာသည်။

ရှီရန်သည် အစီအစဉ်အဖွဲ့မှ ပေးထားသည့် ဆဲလ်ဖုန်းကိုဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် ကိန်းဂဏန်းအဆင့်သတ်မှတ်ချက်၏ နောက်ထပ်ကော်လံတစ်ခုကို တွေ့လိုက်ရသည်။

ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး စောင်နှင့်ခြုံကာ အိပ်ချင်မူးတူးဖြင့် သမ်းလိုက်သည်။

ရှီရန်၏ဂရုမစိုက်သော သဘောထားနှင့် နှိုင်းယှဉ်လျှင် ရှီဝန်ဖေးသည် စိတ်လှုပ်ရှားနေပြီး မျှော်လင့်နေသည်။

သူမသည် ထုတ်လုပ်ရေးအဖွဲ့၏ဖုန်းကိုကိုင်ကာ ဒေတာမက်ဆေ့ချ်များကို ချက်ချင်းတွေ့ရန် ခဏခဏ ဖုန်းကိုင်ကာ စောင့်မျှော်နေသည်။

အကယ်၍ သူတို့သည် သူမ၏ကြည့်ရှုနှုန်းအမြင့်ဆုံးကိုယူပါက သူမသည် ထိပ်တန်း သုံးဦးတွင် သေချာပေါက်ပါနိုင်မည်ဖြစ်သည်။

ရှီရန် အတွက်မူ...

ရှီဝန်ဖေး ပီတိဖြာသွားသည်။

ရှီရန်၏ကြည့်ရှုနှုန်းကို သူမ တွေ့ဖူးသည်။ ထိုခွေးမတွင် ကြည့်ရှုသူ လူနှစ်ယောက်သာရှိသည်။

ထိုကဲ့သို့ ဆိုးရွားသောနှုန်းဖြင့် ဖယ်ရှားခံရမည့် ပထမဆုံးသူမှာ ရှီရန်ဖြစ်ပေမည်။

ထိုအရာကိုတွေးပြီး ရှီဝန်ဖေးသည် ရလဒ်များကို ပို၍ပင်မျှော်လင့်နေသည်။

ငါးမိနစ်ကြာသွားသည်။ ရှီဝန်ဖေးပြန်လည်ကြည့်​သောအခါ စာရင်းဇယားများ ထွက်ပေါ်လာသည်။

ပရိုဂရမ်အဖွဲ့သည် သည်းထိတ်ရင်ဖိုဖြစ်​စေလိုသောကြောင့် အဆင့်သတ်မှတ်ချက်များကို တစ်ခုပြီးတစ်ခုဖော်ပြသည်။

ပထမဖော်ပြသည့်​အဆင့်မှာ တတိယအဆင့်ဖြစ်သည်။ ရှီဝန်ဖေးက သူမနာမည်ကို မြင်လိုက်ရသည်။

သူမ မျက်လုံး တောက်ပလာပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။

ထို့နောက် စတုတ္ထ မှ သတ္တမ အဆင့်နေရာများကို ထုတ်ဖော်ပြသသည်။

ရှီဝန်ဖေးမျက်လုံးက အဆင့်လိုက်စောင့်ကြည့်နေသည်။

မျှော်လင့်ထားသည့်အတိုင်း ရှီရန်အကြောင်း ဖော်ပြခြင်း မ​တွေ့ရ​ပေ။

ယခုမူ ပထမနဲ့အဋ္ဌမအဆင့်နေရာသာ ကျန်တော့သည်။ တစ်ယောက်က ယွီဇစ်ကျန်းနှင့် နောက်တစ်ယောက်မှာ ရှီရန်ဖြစ်သည်။

သူမ မျက်မှောင်ကြုတ်လိုက်သည်။

ယွီဇစ်ကျန်းက တကယ်ပဲ ပထမနေရာရတာလား?

သူမ မခံမရပ်နိုင်အောင်ဖြစ်သော်လည်း ကံကောင်းထောက်မစွာပဲ ရှီရန်က နောက်ဆုံးနေရာမှာ ရှိနေသောကြောင့် သူမစိတ်ကို အများကြီး ပိုသက်သာ​စေသည်။

ပထမနှင့် အဋ္ဌမနေရာများကို မကြေညာခဲ့ပေ။ ညစာစားပြီးနောက် ထုတ်​​ဖော်ပြမည်ဖြစ်ကြောင်း ပရိုဂရမ်အဖွဲ့မှ ကြေညာသည်။


ရှီဝန်ဖေးဧည့်ခန်းထဲသို့ဝင်လာသည်။ ကျန်သောသူများက မီးဖိုချောင်မှာ ချက်ပြုတ်ပြီး ကူညီပေးနေကြသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်" ဟု ဒါရိုက်တာက ချက်ချင်း ညွှန်ကြားသည်။

"ဒါပေမယ့် ပထမနဲ့ အဋ္ဌမအဆင့်နေရာကို နောက်ပိုင်းမှ ကြေညာမှာ မဟုတ်ဘူးလား" စာရေးက အံသြပြီး မေးသည်။

"ပထမနေရာကို သည်းထိတ်ရင်ဖိုအောင်ထားဖို့ လိုသေးလို့လား" ဒါရိုက်တာက မျက်လုံးတစ်ချက်​​ဝေ့ဝှိက်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားသည်။

[ငါ လာပြီ! ငါ လာပြီ! ငါ့မာစတာရန်ဘယ်မှာလဲ??]

[မာစတာရန်က မီးဖိုချောင်ထဲမှာ။ သူမ ဟင်းချက်နေတာလား? မာစတာရန်ရဲ့ အစားအသောက်ကို စားရရင် ငါအရမ်းပျော်မိမှာ။]

[အရမ်းလှတာပဲ! ငါ့မာစတာရန်က အရင်က အရမ်းလှတာကို ငါဘာလို့ မသိခဲ့ရတာလဲ။]

[စခရင်ပေါ်ကမှတ်ချက်တွေက ရူးနေတာလား။ ရှီရန်က အရင်တုန်းက လုပ်ခဲ့တဲ့ ရွံစရာကောင်းတဲ့ အရာတွေအကြောင်း နင့်ကို ပြောပြဖို့ လိုသေးလား။]

[နင် သူ့ကို မာစတာရန်လို့ခေါ်တယ်။ ဘယ်လောက်တောင် ရွံစရာကောင်းလဲ။]

ရှီဝန်ဖေးက အသီးအရွက် ရွေးနေသော ရှီရန်ဆီကို လျှောက်သွားသည်။ "မမ၊ ပထမနဲ့ အဌမနေရာတွေကို ခဏနေကြေညာတော့မယ်။ မမ စိတ်လှုပ်ရှားနေလား"

ရှီရန်က သူမကို လှမ်းကြည့်သော်လည်း စကားတစ်ခွန်းမှမပြောပေ။

၎င်းကိုမြင်၍ ရှီဝန်ဖေးက ရှီရန်သည် သူမက နောက်ဆုံးဖြစ်မှန်းသိသောကြောင့် စိတ်ဓာတ်ကျနေသည်ဟု တွေးမိသည်။

သူမမျက်နှာက စိုးရိမ်မှုအပြည့်နဲ့ ရှေ့ကို တိုးလာသည်။ "မမ နောက်ဆုံးနေရာကို ရရင်တောင် အရေးမကြီးပါဘူး။ ဒါက ပထမဆုံးနေ့ပဲ၊ ပြီးရင် မမကို ညီမ​လေးကူညီမယ်"

"နောက်ဆုံး?" ရှီရန်က အတင်းပြုံးပြသည်။

ရှီဝန်ဖေးက သူမ ပြောသည်ကို သဘောပေါက်သလို သက်ပြင်းချလိုက်သည်။

"ဒီနေ့နေ့လည်က မမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ညီမ​လေးကြည့်ခဲ့တယ်။ လူနှစ်ယောက်ပဲရှိတယ်။ နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုအတွက် မမကို ညီမတွဲခေါ်ပေးမယ်။ မမကို လူ​တွေအာရုံစိုက်လာအောင် ညီမ ကူညီပေးရင်​ကော ဘယ်လိုလဲ?"

အားလုံးက ရှီဝန်ဖေးကို သိမ်မွေ့သော အမူအရာဖြင့် လှည့်ကြည့်လိုက်ကြသည်။