တုတ်တစ်ချောင်းက သူမဆီကို လာနေသည်။
ရှီရန်သည် အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ ဘေးတိုက် ရှောင်ထွက်သွားသည်။
သူမသည် ၎င်းကို နောက်ပြန်ဆွဲကာ ရှေ့သို့တွန်းပစ်လိုက်သည်။
ထို့နောက် တုတ်နှင့်အတူလူမိုက်သည် ရှေ့သို့ လဲကျကာ မြေပြင်ပေါ်သို့ ကိုးရိုးကားရားကျသွားသည်။
ရှီရန်သည် သစ်သားတုတ်ကို ကိုင်ကာ သူမ၏ပခုံးပေါ် တင်ပြီး လည်ပင်းကို ဆန့်လိုက်သည်။
ထို့နောက် သူမ၏အကြည့် စူးရှလာသည်။
ချက်ချင်းပင် ချိတ်ဆွဲခြင်း၊ ပျံကန်ခြင်း၊ ခါးရိုးချိုးခြင်း၊ လည်ပင်းဖျစ်ခြင်းတို့ကိုပြုလုပ်လိုက်သည်။
သူမ၏မျက်လုံးများသည် ဓါတ်မီးများကဲ့သို့ပင်တောက်နေကာ သူမ၏လှုပ်ရှားမှုများသည် လျင်မြန်သည်၊ တိကျသည်၊ ရက်စက်ကြမ်းကြုတ်သည်။ သူမသည် အလွန်လျင်မြန်လွန်းသဖြင့် အားလုံးက အံ့အားသင့်သွားသည်။
သုံးမိနစ်လောက်အကြာတွင် နဂိုကအုပ်စုလိုက်မာနကြီးဘဝင်တက်နေသူများသည် မြေပြင်ပေါ်တွင် ပြားပြားဝပ်လျက် ခန္ဓာကိုယ်ကို ကွေးကာ နာကျင်စွာ ငိုကြွေးနေကြသည်။
ထို့နောက် ရှီရန်၏အကြည့်သည် မတ်တပ်ရပ်နေသော ဆံပင်ရွှေရောင်ရှိလူအပေါ်သို့ ရောက်သွားသည်။
ကျွီ
သူမလက်ထဲတွင် တုတ်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင် တစ်ရွတ်တိုက်ဆွဲကာ အသံဖြစ်ပေါ်စေသည်။
ရွှေရောင်ဆံပင်ရှိလူ၏မျက်နှာသည် ချက်ချင်းဖျော့သွားပြီး ပြေးရန် နောက်ပြန်လှည့်သွားသည်။
ရှီရန်က ဒူးကို ကွေးပြီး လက်ထဲက တုတ်ကို ပစ်လိုက်သည်။
'ဘန်း'
တုတ်သည် ထိုလူ၏ဒူးခေါင်းအနောက်ဘက်ကို တိကျစွာ ထိမှန်ခဲ့ပြီး ဆံပင်အဝါရောင်ရှိလူဆိုးအား မြေကြီး၌ ဒူးထောက်စေကာ သူ နာကျင်စွာ ညည်းတွားနေသည်။
ထို့နောက် ရှီရန်သည် ပို၍နီးကပ်လာသည်။
အမြန်ပြန်လှည့်ပြီး ရှီရန်ကို ရှိခိုးတောင်းပန်သည်။ "ကျွန်တော်မှားသွားပါပြီ။ ကျွန်တော့်အမှားကို တကယ်သိသွားပါပြီ။ ကျွန်တော်အတွက် ဘာကကောင်းတာမှန်းကို ကျွန်တော်မသိခဲ့တာပါ။ ကျွန်တော်သေဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ကျွန်တော် နောင်ထပ်မလုပ်တော့ပါဘူး။"
အခြေအနေက ပြောင်းပြန်ဖြစ်သွားသဖြင့် လူတိုင်းက အံ့အားသွားသည်။
[ငါ အိပ်မက်မက်နေတာလား?? အခုနကမိန်းမက ရှီရန်လား?? တကယ်ရှီရန်လား ???]
[ရှီရန်က ဘယ်သူလဲ။ သူက ငါ့မိန်းမ။ အားလုံး ရိုသေလေးစားကြစမ်း။]
[အရမ်းချောတယ်၊ အရမ်းချောတယ်။ သူမက အရမ်းမိုက်တယ်။ မမရေ၊ ညီမလေးကို အခွင့်အရေးတစ်ခုပေးပါဦး!!!]
[ရုပ်မြင်သံကြားဒရာမာတွေတောင် ဒီလိုအကွက်တွေ မထည့်ဝံ့ဘူး။ အဲဒီလှုပ်ရှားမှုတွေက အရမ်းမိုက်တယ်။ တကယ်လို့ ဒါက တိုက်ရိုက်ထုတ်လွှင့်တာသာမဟုတ်ရင် မြင်ကွင်းက အရှိန်မြှင့်ထားတယ်လို့ ငါ သံသယဖြစ်မိမှာ။]
[ငါတော့ နောင်ဘဝကို ကြိုမြင်လိုက်ရတယ် ထင်ပါရဲ့။]
[ခုနကပဲ ငါ့မာစတာရန်က သေတွင်းရှာနေတယ်လို့ ပြောနေတုန်းပဲရှိသေးတာကို။ ငါ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာပဲဟေ့!]
[ဒီလိုဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် ရဲကို ခေါ်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ မာစတာရန်ကို ထောင်ထဲမပို့ပါနဲ့။]
ရှီရန်သည် အန္တရာယ်ရှိသောအပြုံးဖြင့် ဆံပင်ရွှေရောင်ရှိလူဆိုးကို ငုံ့ကြည့်သည်။ "နင်ငါ့ကိုဘာလုပ်မယ်လို့ပြောခဲ့တာလဲ"
ဆံပင်အဝါရောင်ရှိလူမိုက်က ကြောက်နေသဖြင့် သူ့ဘောင်းဘီထဲတွင် သေး ထွက်လုနီးပါးဖြစ်သွားသည်။ နောက်ထပ် ကျယ်လောင်ပြတ်သားသော သူ၏နဖူးတိုက်သံကို ကြားလိုက်ရသည်။ "ကျွန်တော်တကယ်မှားသွားပါပြီ။ ကျွန်တော့်အမှားကို တကယ်နားလည်သွားပါပြီ"
"အိုး?" သူမ မျက်ခုံးပင့်လိုက်သည်။ "ဒီကိစ္စမှာ နင့်ရဲ့ ရိုးသားမှုကို ငါမြင်ပါရစေဦး။ နင့်မျက်နှာက အရမ်းပိန်လွန်းတယ်လို့ ငါအမြဲထင်နေခဲ့တာ။"
ဆံပင်ရွှေရောင်ရှိယောက်ျားက စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းတုံ့ပြန်လိုက်သည်။
သူ လက်ကို မြှောက်ပြီး ဘယ်ညာ ပါးရိုက်လိုက်သည်။
ဖြန်း ဖြန်း
ပြတ်သားပြီး ကျယ်လောင်သောပါးရိုက်သံများက အကြိမ်ကြိမ် ထွက်ပေါ်လာသည်။ ၎င်းကို ကြားရုံနဲ့ လူအများ၏မျက်နှာကို နာကျင်သွားစေသည်။
ရှီရန်က နံရံကို မှီပြီး အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။
အကြောင်းကြားစာကို သူမ နှိပ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်သည် 15 သန်းကျော်သွားပြီဖြစ်သည်။
[ပိန်လွန်းတဲ့မျက်နှာ ဟားဟားဟား]
[ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ရဲ့ပါးရိုက်သံက အရမ်းလန်းဆန်းပြီး ကျယ်လောင်တာကို မြင်ဖူးတာပဲ။]
[ညီမကိုကြည့်၊ မာစတာရန်။ ညီမကိုကြည့်ပါ!]
[မမ၊ ညီမကိုတွေ့ရလား။ မမနဲ့ ချိန်းတွေ့ဖို့ အခွင့်အရေးလေး ပေးသနားပါ။]
[မာစတာရန်၊ ငါမင်းကို ကြွက်တွေက ဆန်တွေချစ်သလောက်ကို ချစ်တာကွ။]
[မာစတာရန်၊ မင်းက ငါ့နတ်သမီးလေး!!!]
ထိုလမ်းတစ်လျှောက်လုံး ပြေးလာရင်း ဂျီဝမ်ဖုန်းသည် လမ်း၏အဆုံးတွင် မောဟိုက်လာ၍ ရပ်တန့်သည်။ သူ မော့ကြည့်လိုက်သောအခါ ကြက်သေသေသွားသည်။
ဖရိုဖရဲခြေသံများ ချဥ်းကပ်လာသည်။ ရှီဝန်ဖေးမှလွဲ၍ ထုတ်လုပ်ရေးအဖွဲ့နှင့် ဧည့်သည်များအားလုံး ရောက်လာသည်။ ထိုမြင်ကွင်းသည် မည်မျှ ကြေကွဲဖွယ်ကောင်းမည်ကို သူတို့ ခန့်မှန်းနိုင်နေပြီဖြစ်သည်။
သို့သော် ၎င်းတို့ကို လှမ်းကြည့်သောအခါတွင်တော့ သူတို့ နှစ်ဆလောက်ကြက်သေသေသွားကြသည်။
ဒါရိုက်တာဝမ်ရောက်လာသည်မှာ နောက်ကျသည်။ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးကိုချုပ်တည်း ရန် အတတ်နိုင်ဆုံး သူ ကြိုးစားသည်။
သတင်းစာရှင်းလင်းပွဲကို စီစဉ်ထားပြီး သတင်းထောက်များကို ဆက်သွယ်ထားပြီဖြစ်သည်။ ဤမြင်ကွင်းကို ရိုက်ကူးပြီး အွန်လိုင်းမှာ တင်ထားသရွေ့ သတင်းကြီးဖြစ်မည်မှာသေချာသည်။
ထိုအချိန်တွင် သူသည် သည်းထိတ်ရင်ဖိုမှုကို ထိန်းချုပ်ထားသရွေ့ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်များသည် ထုတ်လွှင့်သည့်နေ့တွင် ကျိန်းသေပေါက် မြင့်တက်လာမည်ဖြစ်သည်။
ဒါရိုက်တာဝမ်နှလုံးသားထဲတွင်လှပသောဆန္ဒတစ်ခုရှိကာ ဝမ်းနည်းသော အမူအရာဖြင့် လူအုပ်ကြားမှ ထွက်လာသည်။ "ကျွန်တော်တို့ နောက်ကျသွား... နောက်ကျသွားတယ်.."
သူ သုံးဆလောက် ကြက်သေသေသွားသည်။
ရဲကားသံထွက်လာသည်။
ရဲကားများ ချဉ်းကပ်လာသည်နှင့်အမျှ ရဲဥဩသံများ ပိုမိုကျယ်လောင်လာသည်။ ထို့နောက် ရဲများသည် ၎င်းတို့၏ကားများမှ ဒိုင်းများကို လက်ထဲတွင် ကိုင်ဆောင်ကာ ဆင်းလာပြီး မြင်ကွင်းကြောင့် ထိုနေရာတွင် အေးခဲသွားသည်။
အနက်ရောင်အဝတ်အစားကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသောရှီရန်သည် နံရံကို မှီနေသည်။
ကျေနပ်အားရစွာ ကျဉ်းမြောင်းနေသော သူမ၏မျက်လုံးများပေါ်တွင် နေရောင်ခြည်က တောက်ပနေပြီး သူမ၏နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွားသည်။
သူမ၏ခြေထောက်ပတ်ပတ်လည်ရှိလူတစ်ဒါဇင်ခန့်တွင် တစ်ချို့ကသတိလစ်နေပြီး အချို့မှာ ငိုကြွေးနေဆဲဖြစ်သည်။
အာရုံကိုအဖမ်းစားနိုင်ဆုံးမြင်ကွင်းမှာ ဆံပင်ရွှေရောင်အမျိုးသားက သူမရှေ့မှာ ဒူးထောက်ပြီး သူ့ကိုယ်သူ မဲကြီးသဲကြီး ပါးရိုက်နေသည်။
လူတိုင်း ဆွံအသွားကြသည်။
'ဘာလို့ ငါမျှော်လင့်ထားသလိုမဟုတ်ရတာလဲ'
'ဒါက ဘယ်လိုအခြေအနေကြီးလဲ။'
ဆံပင်ရွှေရောင်ရှိလူဆိုးက လှည့်ကြည့်လိုက်၍ ရဲများကို တွေ့လိုက်သည်။ မျက်ရည်ကျနေဆဲ လူကြီးသည် ရဲအရာရှိ၏ပေါင်ကို ပွေ့ဖက်ကာ "နောက်ဆုံးတော့ ရဲတွေ ရောက်လာပြီ" လို့ အော်ငိုလိုက်သည်။
[ခွီး ဟားဟား၊ ငါဆိုလည်း တကယ်ကို ကျေးဇူးတင်နေမှာပါ ဟားဟားဟား ]
[အမှုကို တိုင်ကြားတဲ့သူက ဘယ်သူလဲ။ ဟားဟား]
[ရဲသားက အံ့သြသွားပြီ။ ဟားဟား]
[ငါ မထိန်းနိုင်တော့ဘူး။ ရယ်ရတာ အူနာနေပြီ။]
[လူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ ငါတို့ရဲ့ မာစတာရန်က အကောင်းဆုံးပဲ။]
"အဆင်ပြေရဲ့လား?" ဂျီဝမ်ဖုန်းက ရှေ့ကို တိုးလာသည်။ သူသည် ဤစကားကို အလွန်အမင်း ထူးဆန်းစွာ ပြောပေသည်။
"ပြေပါတယ်" ရှီရန်က ခေါင်းကို လှည့်လိုက်ပြီး မလှမ်းမဝေးတွင်ရှိနေသောဒါရိုက်တာဝမ်ကို ကြည့်လိုက်သည်။
ဒါရိုက်တာဝမ် တုန်လှုပ်သွားသည်။
ဂျီဝမ်ဖုန်းသည် ရှီရန်၏အကြည့်နောက်သို့ လိုက်ကြည့်ကာ သူ့မျက်လုံး နက်မှောင်သွားသည်။ "ကြည့်ရှုသူအဆင့်သတ်မှတ်ချက်အတွက်သာဆိုရင် သူ ဘာမဆိုလုပ်နိုင်တာပဲ။"
"ကျွန်မတို့ လမ်းကိုလာပိတ်သမျှအရာတွေကို ဖြေရှင်းရမှာပဲ။" ရှီရန်အဝေးကို လှမ်းကြည့်သည်။
ယင်းနောက် ထွက်ဆိုရန် ရဲစခန်းဆီသို့ သူမ ခေါ်ဆောင်ခံရသည်။
နားနေရာသို့ပြန်ရောက်သောအခါ အဝေးက နွေးထွေးသော အဖြူရောင် လမ်းမီးတိုင်အောက်တွင် အရပ်ရှည်ရှည်လူပုံရိပ်ကို မြင်လိုက်ရသည်။
ထို့နောက် ရှီရန်ချဉ်းကပ်သွားသည်။ "ဂျီဝမ်ဖုန်းကို ရှာနေတာလား။"
ချူးကျင်းချန်းက ညင်သာစွာ ပြုံးလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်တော် မင်းကို ရှာနေတာ။"
သူသည် ရှီရန်၏နောက်မှဒရုန်းနှစ်စင်းကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
ခဏအကြာတွင် ဒရုန်းများသည် ၎င်းတို့၏သဘောအတိုင်း နောက်ပြန်ဆုတ်ကာ နားနေရာအခန်းထဲသို့ ပြေးဝင်သွားကြသည်။
"အင်တာနက်ရဲ့ ထိပ်တန်းရှာဖွေမှုတွေမှာ မင်းအကြောင်းတွေပဲမို့ ကျွန်တော်တို့ရဲ့ အာဂအမျိုးသမီးလေးကို တွေ့ဖို့ လာခဲ့တာပါ" လို့ ချူးကျင်းချန်းက အသံနိမ့်နိမ့်ဖြင့် ပြောသည်။
"ကျွန်မ အဆင်ပြေပါတယ်။" ရှီရန်၏တုံ့ပြန်မှုသည် ပို၍ငြိမ်သက်နေသည်။
"ကျွန်တော်နဲ့လမ်းလျှောက်မလား?" ချူးကျင်းချန်း မျက်ခုံးပင့်လိုက်ပြီး မဝေးသောလမ်းကို လှမ်းကြည့်လိုက်သည်။
ရှီရန်က မငြင်းဆန်ပေ။
သူတို့သည် လမ်းမပေါ် တိတ်တဆိတ် လမ်းလျှောက်လာခဲ့ကြပြီး တစ်ယောက်မှ စကားစမပြောကြပေ။
လေထုထဲတွင် နွေးထွေးမှုအပြည့်ရှိသည်။
"အင်း..." ချူးကျင်းချန်းက ညည်းလိုက်သည်။
နံရံကို လက်တစ်ဖက်နှင့်ကိုင်ထားကာ အခြားတစ်ဖက်နှင့် ဗိုက်ကိုကိုင်ထားသည်။ လမ်းမီးရောင်အောက်မှာ သူ့မျက်နှာက ဖြူဖျော့နေသည်။
ရှီရန် ချက်ချင်း ရှေ့ကို တိုးလာသည်။ "အစာအိမ်နာနေတာလား?"
"ကျွန်တော် အစာမစားဖြစ်တာတစ်ရက်လောက်ရှိပြီ။" ချူးကျင်းချန်းက ရှီရန်ကို မော့ကြည့်လိုက်သည်။
သူ့မျက်နှာက ပုံမှန်ဖြစ်နေသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့ကို သနားရန် ခယတောင်းပန်နေသောခွေးပေါက်ကလေးလို ဖြစ်နေသည်။
"အနီးနားက စားသောက်ဆိုင်ရှိတယ်။ ကျွန်မ ရှင့်ကို စားဖို့ ခေါ်သွားပေးမယ်။ လမ်းလျှောက်နိုင်ရဲ့လား"
"ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး။ ကျွန်တော့်လက်...."
ချူးကျင်းချန်းစကားမဆုံးခင်မှာ သူမက သူ့ဘေးကိုသွားပြီး သူ့ကို ပွေ့ချီလိုက်သည်။
ချူးကျင်းချန်း:" "
မင်းသမီးလို ပွေ့ချီခြင်းကို ခံချင်သည် မဟုတ်ဘဲ သူမလက်ကို ကိုင်ချင်သည်။
သို့သော် ပြန်တွေးကြည့်သောအခါတွင် ရှီရန်သည် ထိုနေ့က Jade Hunter နိုက်ကလပ်တွင် ကျူးလီကို ဤကဲ့သို့ သယ်ဆောင်သွားရန်ပြုလုပ်သည်ကို သတိရမိသည်။
"ဟားဟား"
သူများတွေတောင် ရတဲ့အရာကို ငါက ဘာလို့ မရနိုင်ရမှာလဲ။
ထို့ကြောင့် ချူးကျင်းချန်းသည် နှုတ်ဆိတ်နေပြီး ရှီရန်အား သူ့ကို ချီခွင့် ပြုလိုက်သည်။ သူမျှော်လင့်ထားသောပုံရိပ်က အပိုင်းပိုင်းကွဲသွားသော်လည်း သူ စိတ်သက်တောင့်သက်သာရှိနေတုန်းပင်ဖြစ်သည်။
"အို ဘုရားရေ၊ ငါ ဘာတွေမြင်နေတာလဲ" သူတို့နောက်မှ မလှမ်းမကမ်းတွင် ရှိနေသောကျူးယို့ဟန်သည် သူ့ရှေ့မှ ထူးဆန်းသော အမျိုးသားနှင့် အမျိုးသမီးကို စိုက်ကြည့်နေသည်။
ဂျီဝမ်ဖုန်း၏နှုတ်ခမ်း တစ်ချက်တွန့်သွားသည်။ "နောက်တစ်ခါ မင်း ငါ့နတ်သမီးကို လာနှုတ်ဆက်သင့်တယ်ထင်တယ်"
ကျူးယို့ဟန်က စက်ရုပ်လို ခေါင်းညိတ်လိုက်သည်။ "ငါလည်း အဲ့လိုထင်တယ်။"
ကျင်းချန်းသာ သူ၏အလွန်ချစ်စရာကောင်းသောပုံစံကို သူ(ကျူးယို့ဟန်)မြင်သွားကြောင်း သိလိုက်ရပါက သူ၏အနာဂတ်နေ့ရက်များသည် အလွန်ခက်ခဲလိမ့်မည်မှာ သေချာသည်။