၃၀
Viewers 149

[အိုမို၊ အိုမို!! ငါဘာကြားလိုက်တာလဲ???]

[ဒီမှာ သတင်းအချက်အလက်တွေ အများကြီးပဲ။ အဲဒါတွေက ပိုက်ဆံမပေးဘဲ ငါ နားထောင်လို့ရတဲ့အရာတွေလား။]

[ထုတ်လုပ်ရေးအဖွဲ့က အရမ်းမိုက်တယ်။ ဒါ သတင်းကြီးပဲ !!]

[နင် တကယ်ပြောနေတာလား? စေ့စပ်ထားသူနှင့်ခယ်မလောင်း။ ဒါကတော့ အရမ်းစိတ်လှုပ်ရှားစရာပဲ။]

[ရှေ့မှာရှိ​နေတဲ့ဖေး​ဖေးက အမွေဆက်ခံသူ အရင်းလေ။ သူမကို ခယ်မလောင်းအဖြစ် သတ်မှတ်လို့မသင့်တော်ဘူး။]

[ထုတ်လုပ်ရေးအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်ရဘူးနော်။ မဟုတ်ရင်တော့ ငါတကယ်စိတ်ဆိုးသွားလိမ့်မယ်။]

ထိုအချိန်တွင် ရှီဝန်ဖေးက တကယ့်ကို ထိတ်လန့်သွားသည်။

ရှီရန် ရူးသွားပြီလား??

ရှီရန်က ယခုလိုအသံကျယ်ကျယ်ဖြင့်ပြောရန် သူမ မမျှော်လင့်ထားပေ။

၎င်းက ရှီရန်၏စတိုင်မဟုတ်​ပေ။

ဟိုတယ်ဖြစ်ခဲ့​သောအဖြစ်အပျက်စပြီးကတည်းက ရှီရန်သည် တခြားလူတစ်ယောက်လို ဖြစ်သွားသည်။

"ရှီရန်  ဖေး​ဖေးနဲ့ ငါက အပြစ်ကင်းတယ်။ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ဒီမှာ လာပြောမ​နေနဲ့!" ကျုံးယူဖန်က မျက်နှာမဲ​မှောင်​နေသောအမူအရာဖြင့် အော်လိုက်သည်။

သူ့ကြည့်ရသည်မှာ အမှန်တကယ်ပဲ အမှားလုပ်မိပုံဖြစ်​နေသည်။

ရှီရန်သည် သူမ၏ဆံပင်တစ်​ချောင်းကို လက်ဖြင့်ကစား​နေပြီး မျက်ခုံးကို ပျင်းရိစွာ ပင့်လိုက်သည်။ "စောင့်ကြည့်ကင်မရာတွေကို ကျွန်မ စစ်ဆေးကြည့်လိုက်တော့ ရှင်အထဲဝင်သွားတာတွေ့လိုက်တယ်။ ညဆယ့်နှစ်နာရီမှာ ရှင် အလုပ်အကြောင်းပြောဖို့ရှိနေတယ်လို့တော့ ကျွန်မကိုလာမပြောနဲ့နော်။"

နောက်ဆုံးစာကြောင်းက ကျုံးယူဖန်နှင့်ရှီဝန်ဖေး၏စကားများကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

ရှီဝန်ဖေးသည် ရှီရန်ကို စိုက်ကြည့်ရင်း သူမ၏လက်များကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်။

ထိုအချိန်မှာပင် တချိန်လုံးနှုတ်ဆိတ်နေသော  ယွီဇစ်ကျန်းသည် ထရပ်လိုက်သည်။

"တကယ်တော့ ကျွန်မလည်း မနေ့ညက အဲ့ဒီ​နေရာမှာရှိ​နေတယ်။"

ထိုစကားများသည် လူတိုင်း၏အာရုံက သူမဆီ​ရောက်လာအောင်လုပ်ရန် အောင်မြင်သွားသည်။

ကြည်နူးမှုက သူမမျက်လုံးများထဲ ဖျတ်ခနဲ တောက်ပလာပြီး နောက်ကျောကို ဖြောင့်တန်းလိုက်သည်။ လူတိုင်း၏အကြည့်အောက်မှာ သူမက ပြောသည် "တကယ်တော့ ဝန်ဖေးကို ကျွန်မ သိတာကြာပြီ။ မနေ့က သူမနဲ့စကားပြောဖို့ ဟိုတယ်ကိုသွားခဲ့ပြီး CEOကျုံးက ဆယ့်နှစ်နာရီမှာ ရောက်လာခဲ့တယ်"

'သူ တကယ်သွားခဲ့တယ်?'

အားလုံးက ကျုံးယူဖန်ကို စိုက်ကြည့်လိုက်သည်။

ကျုံးယူဖန်သည် မျက်လုံးများကို မှေးထားပြီး ယွီဇစ်ကျန်းကို တိတ်တဆိတ် စကန်ဖတ်လိုက်သည်။

ဒီအင်တာနက်နာမည်ကြီးမက ဘာတွေပြောနေတာလဲ။

"ဘာပဲဖြစ်ဖြစ် ကျုံးယူဖန်က ရှီရန်ရဲ့ မွေးနေ့က မကြာခင်ရောက်လာတော့မှာဆိုတော့ ဝန်ဖေးကို လာရှာတွေ့တယ်လေ။
စီအီးအိုကျုံးက ရှီရန်ကို စပရိုက်လုပ်ချင်တာမို့ ဝန်ဖေးကို အဲဒီအစီအစဥ်နဲ့ ပတ်သက်ပြီး သူမ ဘယ်လိုထင်လဲလို့ မေးချင်နေတာ။"

"ဒါကြောင့်ဝန်ဖေးနဲ့ CEOကျုံးက အခု ဘာမှမပြောဘဲနေကြတာ။ ဒါ​ပေမဲ့ ဝန်ဖေးနဲ့ CEO ကျုံးက တကယ်ပဲ ဖောက်ပြန်နေတယ်လို့ တစ်ကမ္ဘာလုံးက ထင်နေမှာကို ကျွန်မ ကြောက်မိတယ်။"

"ရှီရန်၊ ကျွန်မက အပြင်လူဆိုပေမယ့် ဒီလူတွေထဲကတစ်ယောက်က ညီမဖြစ်သူ၊ နောက်တစ်ယောက်က စေ့စပ်ထားသူလေ။ နင် သူတို့ကို ယုံကြည်မှုမရှိဘူးလား။"

ရှီရန်က ရယ်မောလိုက်သည်။ "နင်က အပြင်လူမှန်းတော့ သိသေးလား?"

ယွီဇစ်ကျန်းသည် စကားမပြောနိုင်ဖြစ်သွားသည်။ ဒေါသက သူမမျက်လုံးထဲမှာ ပေါ်လာသည်။ "ငါအဲဒီမှာ တစ်ညလုံးရှိနေတာ။
သူတို့ ဘာမှထူးဆန်းတာ မလုပ်ခဲ့ကြဘူး"

"အိုး?" ရှီရန်က အဓိပ္ပါယ်ရှိစွာပြောသည်။ "မနေ့ညက နင် အခန်း 5602 ကို တံ​ခါးခေါက်ပြီး ဒီမနက်ပဲ ထွက်လာတာမလား။"

အေးစက်စက်အကြည့်တစ်ချက်က သူမနှင့် ဆန့်ကျင်ဘက်ရှိရာထုတ်လုပ်ရေးအဖွဲ့ကို ဖြတ်ကျော်သွားကာ ဒါရိုက်တာပေါ်၌ ရပ်သွားသည်။ သူမ၏လက်ညိုးသည် နီရဲသော နှုတ်ခမ်းပေါ်ဖြတ်သန်းသွားသည်။ " ကျွန်မ မှန်မိသ​လောက် 5602 က ဝမ်..."

"မြန်မြန်လုပ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်။" ဒါရိုက်တာက အမြန်ညွှန်ကြားသည်။

နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ မှောင်သွားသည်။

ဒါရိုက်တာဝမ်သည် ရှီရန်ကို မာန်ဖြင့် ကြည့်နေသည်။

သို့သော်လည်း ဤကိစ္စသည် ခေတ်စားနေသောအကြောင်းအရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ပြည်သူများသည် လျှို့ဝှက်ဆန်းကြယ်သော အခန်း 5602 ကို ဆွေးနွေးကြပြီး ယွီဇစ်ကျန်းသည် မည်သူနှင့် ခိုးစားနေသည်ကို ခန့်မှန်းနေကြသည်။

[တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်ခင် 'ဝမ်' ဆိုတဲ့ စကားလုံးကို ငါ ကြားလိုက်တယ်ထင်တယ်။ 'သတိအချစ်ရှိသည်' ရဲ့ ဒါရိုက်တာနာမည်ကဝမ်နဲ့ စတာကို မှတ်မိကြတယ် မဟုတ်လား။]

[အမှန်တရား ထွက်လာပြီ။ ဒါရိုက်တာရဲ့ အိပ်ယာကလွဲလို့ အင်တာနက်နာမည်ကြီးတစ်ယောက်အနေနဲ့ ဘယ်သူ့အိပ်ရာတွေပေါ်တက်နိုင်မလဲ။ CEO ကျုံး? ဒါပေမယ့် CEO ကျုံးက  ရှီဝန်ဖေးရဲ့ အိပ်ရာထဲမှာ ရောက်နေပြီလေ။]

[ဒါရိုက်တာရဲ့ ပုံကို ငါ မြင်ဖူးတယ်။ သူက အရမ်းဝပြီး ရုပ်ဆိုးတယ်။ သူမကိုယ်သူမ ဘယ်လို​တောင်အစားခံနိုင်ရတာလဲ။]

[ထုတ်လုပ်ရေးအဖွဲ့က အရမ်းမိုက်တယ်။ တစ်နေ့ထဲမှာ ခေတ်စားနေတဲ့ရှာဖွေမှုတွေ ဘယ်နှစ်ခု​တောင်ပိုင်ဆိုင်ထားပြီလဲ။ တကယ်လို့ ငါသာ ဒီအစီအစဥ်ကို မကြည့်ခဲ့ရင် ထုတ်လုပ်ရေးအဖွဲ့က ခေတ်စားနေတဲ့ရှာဖွေမှုတွေကို ဝယ်ယူခဲ့တယ်လို့ သံသယဖြစ်မိမှာပဲ။]

[သူမက ဘာလို့ အရာအားလုံးကို တူးဆွနိုင်ရတာလဲ။ သူမက အမှန်တကယ်ပဲ အလုံးစုံသိတဲ့သူဖြစ်​နေတယ်။]

[ရှီရန်က အဲ့ဒါကို ပြောရုံတင်မကဘဲ သူမက အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။ ငါက​တော့ ရယ်ရင်းသေတော့မယ်။ သူမကို မိုက်မဲတယ်လို့ ပြောရမလား ဒါမှမဟုတ် သူမရဲ့ EQ နိမ့်တာကို ဝေဖန်သင့်လား။]

"သတိအချစ်ရှိသည်"က စပြသည့်အချိန်ကပင် ခတ်စားလာသည်။ ဒါရိုက်တာဝမ် အစက မျှော်လင့်ထားသကဲ့သို့ ဖြစ်လာသည်။

သို့​သော် သူကိုယ်တိုင်ပါ ပါဝင်လာမည်ဟု မမျှော်လင့်ထားပေ။

အွန်လိုင်းမှာ လူထု၏သဘောထားက ထိန်းမရတော့ပေ။ ဒါရိုက်တာဝမ်က ရိုက်ကူး​ရေးကို ရပ်တန့်ရုံသာလုပ်နိုင်ပြီး ရှီရန်ကို ပထမထပ်က အခန်းကို ခေါ်သွားသည်။

ရှီရန်အပြင် ဂျီဝမ်ဖုန်းလည်း အခန်းထဲမှာ ရှိနေသည်။

"ရှီရန်၊ မင်း ဒီတစ်ခါ လွန်သွားပြီ!" ဒါရိုက်တာဝမ်၏မျက်နှာ မည်းမှောင်နေသည်။

ခေတ်စားနေသော ရှာဖွေမှုများကိုပင် သူ မကြည့်ဝံ့ပေ။

ရှီရန်သည် ဆိုဖာ၏လက်မောင်းကို ပျင်းရိစွာ မှီလိုက်သည်။ "ယွီဇစ်ကျန်းက အခန်း 5602 ကို ဝင်သွားတဲ့ကိစ္စကြောင့်လား?"

"အဲ့ဒီကိစ္စတင်မဟုတ်ဘူး။မင်းနဲ့ CEO ကျုံးကြားက ဖြစ်ပျက်ခဲ့တဲ့ ကိုယ်​ရေးကိုယ်တာကိစ္စအပါအဝင်ပဲ။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မ​ပြောသင့်ဘူး။" ဒါရိုက်တာဝမ်က နည်းလမ်းကျကျ​ပြောသည်။

"ဒါပေမယ့် အဲဒီအချိန်တုံးက ဒါရိုက်တာဝမ်က တော်တော်ပျော်နေတာကို ကျွန်မမြင်တယ်လေ။" ရှီရန်က ဒါရိုက်တာဝမ်၏ မျက်နှာကို​တောင် ထောက်မ​နေ​​ပေ။

"ရှီရန်" ဒါရိုက်တာဝမ်သည် သူ၏​သေးငယ်​သောမျက်လုံးများကို မှေးလိုက်သည်။ "ငါထင်တာသာမမှားရင် မင်းနာမည်ကိုရှင်းလင်းပြီး နာမည်ကြီးအောင်လုပ်ဖို့ ဒီရှိုးမှာ ပါဝင်ခဲ့တာမဟုတ်လား"

"မင်းက ရှိုးမှာရိုက်ကွက်မရှိဘဲ မင်းနာမည်ကို ရှင်းနိုင်မယ်လို့ မင်းထင်နေတာလား ဒါမှမဟုတ် စောစောစီးစီး ထုတ်ပစ်ခံလိုက်ရင် မင်းနာမည်ကို ရှင်းနိုင်မယ်လို့ မင်းထင်နေတာလား။"

"ကတ် လို့​အော်လိုက်တာ ကြားလိုက်တယ် မဟုတ်လား? ဘာပဲဖြစ်ဖြစ် ပရိသတ်က မင်းကို မမြင်ချင်ဘူး။ ငါ မင်းကို ဖြုတ်ပစ်နိုင်တယ် ဒါမှမဟုတ် မင်းကို သူတို့ ပိုမုန်းတီးသွားအောင် လုပ်နိုင်တယ်"

အဆုံးတွင် ဒါရိုက်တာဝမ်သည် ခင်မင်ရင်းနှီးဟန်ဆောင်မှုအားလုံးကို ခွာချလိုက်သည်။ တစ်စုံတစ်ယောက်ကို သူ ခြိမ်းခြောက်သောအခါ သူ့အမူအရာက စူးရှပြတ်သားသည်။

ဂျီဝမ်ဖုန်းက ရယ်လိုက်သည်။ "ဒါရိုက်တာဝမ်၊ ဒီနယ်ပယ်မှာ ဒါက ကျွန်​တော်တို့ရဲ့ ပထမဆုံးနေ့မဟုတ်ဘူး။ ခင်ဗျား ကြိုးစားကြည့်လို့ရတယ်။"

"အခုအချိန်မှာ အခန်း 5602 ပိုင်ရှင်အ​ကြောင်းကို လူတိုင်းက ခန့်မှန်းနေကြတုန်းပဲ။ ဒါရိုက်တာဝမ်က အားလုံးကို ရှင်းထုတ်ချင်တယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မယ်လို့ ထင်လဲ။"

"ကျွန်တော် မလာခင် စုံစမ်းခဲ့တယ်။ ဒါရိုက်တာ ဝမ်၊ ခင်ဗျားဇနီးရဲ့မိသားစုက ခင်ဗျားရဲ့အခုအောင်မြင်မှုတွေရ​အောင်အတွက် အများကြီး ပံ့ပိုးပေးခဲ့တယ်။"

"ဒါကသာ သူမ နားထဲရောက်သွားရင် ဒါရိုက်တာတစ်ယောက်အဖြစ် ဘယ်လောက်ကြာကြာဖြစ်နိုင်မယ်လို့ထင်လဲ။ ဒါရိုက်တာအသစ်ရောက်လာရင် သူမကို ရှိုးကနေဖြုတ်မလားဆိုတာကို ခင်ဗျားဆုံးဖြတ်ရမှာမဟုတ်ဘူး။"

ဂျီဝမ်ဖုန်းသည် အမြဲတမ်း ခက်ထန်သောသူတစ်ယောက်ဖြစ်သည်။ ဒါရိုက်တာဝမ်က သူ့ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသောကြောင့် သူ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုသည်ကို အပြစ်ဆိုလို့မရပေ။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။"
ဒါရိုက်တာဝမ်သည် ဒေါသတကြီးဖြစ်ကာ မျက်နှာနီမြန်းသွားသည်။

ရှီရန်သည် သူမ၏မေးစေ့ကို လက်ဖြင့် ထောက်လိုက်ပြီး ပျင်းရိစွာ သမ်းလိုက်သည်။

“အခုနက ကျွန်မ လုပ်ခဲ့တဲ့ပုံစံကို မြင်လိုက်ရပြီးတော့ ဒါရိုက်တာဝမ် အခုပြောခဲ့တာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ထင်နေတာလား။"

သူမ၏သွယ်လျသောလက်ကို မြှောက်လိုက်ပြီး ကျောက်စိမ်းနှင့်တူသော လက်ချောင်းများက ဖုန်းကို တို့လိုက်သည်။

အဓိပ္ပါယ်က ရှင်းလင်းသည်။

သူမ သူတို့စကားပြောနေသည်ကို မှတ်တမ်းတင်ထားသည်။

"မင်း" ဒါရိုက်တာဝမ်က ဒေါသထွက်နေသော်လည်း အခြေအနေအရ လိုက်လျောညီထွေပြုမူနိုင်သောသူတစ်ယောက်လည်း ဖြစ်သည်။

သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ပြုလုပ်သည်။ "ကောင်းပြီ။ မင်းရဲ့အခန်းတွေကို ဖြတ်တာ ဒါမှမဟုတ် ဆိုးဆိုးရွားရွား တည်းဖြတ်တာ ငါ မလုပ်ဘူး။ နောက်ပိုင်း မင်းကို ရိုက်ချက်တွေတောင် ပိုပေးလို့ရတယ်။ ဒါပေမယ့် မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်။"

ရှီရန်သည် စကားတစ်ခွန်းမှ မပြောဘဲ မျက်ခုံးပင့်လိုက်သည်။

"မင်းငါ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးရမယ်။ မင်း ဂျီဝမ်ဖုန်းက ထိပ်တန်းမန်နေဂျာတစ်ယောက်ပဲ။ ဒါက မင်းအတွက် အရမ်းရိုးရှင်းလွန်းတယ် မဟုတ်လား"

ရှီရန်က ဂျီဝမ်ဖုန်းကို ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ကို သူ့အားချခိုင်းသည်။

"သေချာတာ​ပေါ့" ဂျီဝမ်ဖုန်းက သဘောတူသည်။

သူတို့သည် ဤကိစ္စကို အစပျိုးလုပ်ဆောင်နေသူများဖြစ်သော်ငြားလည်း ၎င်းသည် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သူငယ်ချင်းတစ်ယောက်က ရန်သူတစ်ယောက်ထက်ပိုကောင်းပေသည်။

ထို့နောက် ဂျီဝမ်ဖုန်းက ဒါရိုက်တာဝမ်ကို လူထုအမြင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ပေးသည်။ သို့သော် ရှီရန်သည် ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားရပြီး ထိုနေရာတွင် ဆက်မနေချင်သောကြောင့် သူမ အခန်းထဲက အရင်ထွက်လာသည်။

တံခါးအပြင်ကို ထွက်လာသည်နှင့် ကျုံးယူဖန်က နံရံကို မှီပြီး သံသယစိတ်နဲ့ သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ "မင်းက ရှီရန် မဟုတ်ဘူးမလား။"