၂၈
Viewers 143

ရှီဝန်ဖေး ကားပေါ်မှ ဆင်းလာသည်။

သူမသည် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အလွန်ဖြူစင်သောပုံပေါက်သည်။

ကင်မရာက ချဲ့ဆွဲပြီး သူမကို စခရင်အချိန်ပိုပေးနေသည်။

သူမသည် ခရီးဆောင်အိတ်နှင့်အတူ တံခါးဝတွင် နာခံစွာရပ်နေပြီးနောက် အခြားသူတစ်ဦးသည် ကင်မရာတွင် ပေါ်လာသည်။

ရှီဝန်ဖေးသည် ချဉ်းကပ်လာသောလူကို ကြည့်ကာ သူမ၏အမူအရာကို ထိန်းသိမ်းရန် ကြိုးစားသည်။

"CEO ကျုံး" ရှီဝန်ဖေးက သူ့ကို ရွှတ်နောက်စွာ နှုတ်ဆက်သည်။

ကျုံးယူဖန် ရယ်မောလိုက်သည်။ သူဘာမှပြန်မပြောသော်လည်း ချစ်စိတ်ဝင်​နေသောအပြုံးဖြင့် ပြုံးပြသည်။

ထို့နောက် အားလုံး တယောက်ပြီး တယောက် ရောက်လာသည်။ ကိုးနာရီထိုးလုနီးပါးဖြစ်နေသော်လည်း တစ်​ယောက်သောသူက မရောက်ရှိသေးပေ။

"လူတိုင်းဒီမှာမရှိသေးဘူး။ ဘယ်သူပျောက်နေတာလဲ..." ရှီဝန်ဖေးက စိုးရိမ်နေ​သောအမူအရာဖြင့် လှည့်ပတ်ကြည့်နေသည်။ "ဒါဆို ကျွန်မအစ်မ​ မရောက်​​သေးဘူးပဲ"

"ကိုးနာရီမှာ အသံသွင်းမယ်လို့ ပရိုဂရမ်အဖွဲ့ကပြောခဲ့တာမဟုတ်ဘူးလား။" ကူကျားသည် သူမ၏နာရီကို တစ်ချက်ကြည့်လိုက်သည်။

"ကိုးနာရီ၁၀မိနစ်​​တောင်ရှိနေပြီ"

"ကျွန်မ အစ်မ တစ်ခုခုဖြစ်နေတာဖြစ်ရမယ်။ သူမ နောက်ကျမှ အိပ်မိသွားတာလည်းဖြစ်နိုင်တယ်" ဟု ရှီဝန်ဖေးက ပြုံးလျက်ပြောသည်။

"သူမ ဒီမနက် မနက်စာသွားစားတာတောင် ကျွန်မ တွေ့ခဲ့တယ်" ယွီဇစ်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျူယီ​ဖေးက အပြင်မှာ ပူ​နေ​သောနေရောင်ကို ကြည့်ပြီး ပြောသည်။ "အထဲ အရင်ဝင်ကြတာ​ပေါ့"

"ဒါရိုက်တာဝမ်၊ ကျွန်တော် တစ်ယောက်ယောက်ကို မေးဖို့​ခေါ်လိုက်မယ်" ဟု ဝန်ထမ်းက ပြောသည်။

"မေးစရာမလိုဘူး။" ဒါရိုက်တာဝမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ထူးထူးခြားခြား ပြုံးလိုက်သည်။ "နောက်ကျတာက ပိုတောင်ကောင်းသေးတယ်။"

ဗီလာကို လည်ပတ်ပြီးနောက် လူတိုင်း ဧည့်ခန်းသို့ ပြန်လာကြသည်။ စကားစမြည်ပြောပြီး ရယ်မောကြပြီး လေထုက အတော်လေးကို ကောင်းမွန်လှသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်​တော့" ဟု ဒါရိုက်တာဝမ်က ညွှန်ကြားသည်။

[?? သတိပေးချက်မရှိဘဲ တိုက်ရိုက်ထုတ်လွှင့်မှုက စလာပြီလား။]

[ဖေး​ဖေး ၊ မာမီက ဖေးဖေးကိုတွေ့ဖို့ဒီမှာရောက်​နေပြီ​နော် ~]

[ကိုကိုထျန်၊ ကိုကိုထျန်၊ ကိုကိုထျန်ကိုတွေ့တယ်။ အရမ်းချောတာပဲ။ဖုန်းမျက်နှာပြင်ကို တောင် လျှာနဲ့လျက်ချင်နေပြီ။]

[ဖေး​ဖေးဒီနေ့ အရမ်းလှတယ်။ ရုပ်ရည်ကို စွဲလန်းတဲ့သူတွေအတွက် ဘယ်လောက်တောင်အကျိုးရှိလိုက်သလဲ။]

[တခါတရံ ကြွက်စုတ်တစ်​ကောင်က ပေါ်လာမှာကိုစဉ်းစားမိတဲ့အခါတိုင်း ဒီရှိုးကို မကြည့်ချင်ဘူး။]

[ရှီရန်က ဘာလို့အဲဒီမှာမရှိတာလဲ။ သူမကို ထုတ်ပစ်ခဲ့တာလား။ ဂုဏ်ပြုလိုက်ကြရအောင်!! ထုတ်လုပ်ရေးအဖွဲ့က အင်အားကြီးတယ်။]

ရှီဝန်ဖေးက ဝန်ထမ်းများ၏လုပ်ရပ်ကို သူမ၏မျက်လုံးထောင့်ကနေ မြင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားသည်ကို သိသည်။

သူမသည် အချိန်ကိုကြည့်ဟန်ဆောင်ကာ သူမ၏အမူအရာမှာ စိုးရိမ်နေသည်။ "ကိုးနာရီသုံးဆယ်တောင်ရှိတော့မယ်။ မမ ဒီကိုဘာလို့မရောက်လာသေးရတာလဲ။ တစ်ခုခုဖြစ်နေတာများလား။"

တခြားသူများက အံသြသွားကြသည်။

သူတို့အားလုံးသည် ထိုအရှုပ်တော်ပုံအကြောင်းကို သိကြပြီး သူမက အထင်ကြီးလောက်စရာမရှိပေ။

ယခု သူမသည် ရိုက်ကူးရေးပထမနေ့အတွက် နောက်ကျနေပြီဖြစ်သောကြောင့် သူမက အားလုံးကို စောင့်ရ​အောင်လုပ်နေသည်။

သူမနှင့် မဆုံမီတွင် လူတိုင်း၏ရှီရန်အ​ပေါ် အထင်အမြင်မှာ အောက်ဆုံးသို့ ကျဆင်းသွားသည်။

[မမ? အစ်မအကြောင်းပြောနေတာမဟုတ်လား? ဒါဆို သူမက နောက်ကျကျန်နေသေးတာလား။]

[ရှီရန် နောက်ကျတယ်?? ပထမနေ့ဆုံး​နေ့မှာ​လေ???]

[တစ်ခုခုဖြစ်ပါ​​စေလို့ မျှော်လင့်တယ်။
အပြင်ထွက်သွားတဲ့အခါအချိန် ကားတိုက်ခံရတာ ပိုကောင်းတယ်။ ကမ္ဘာပေါ်က အမှိုက်တစ်ခု​ပျောက်သွားမှာ​ပေါ့။]

[လူတိုင်းက သူမကို စောင့်နေကြတယ်။ ဘယ်လောက်တောင် နာမည်ကြီးလိုက်သလဲ။]

မှတ်ချက်များသည် ဆိုးရွားနေပြီး ရှီရန်ကို ရေပန်းစားနေသောရှာဖွေမှုဆီသို့ တွန်းပို့နေသည်။

မကြာခင်မှာ #နောက်ကျတဲ့ရှီရန် # သတင်းသည် ခေတ်စားလာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပြည်တွင်းပရိတ်သတ်များက ဝင်​ရောက်လွှမ်းမိုးလာသည်။ မှတ်ချက်များ ပိုများလာကာ ၎င်းတို့အားလုံးနီးပါး ရှီရန်ကို ကြိမ်းမောင်းနေကြသည်။

ဒါရိုက်တာဝမ်သည် လျင်မြန်စွာ ကျော်ကြားလာမှုကို ကြည့်ကာ မျက်လုံးများ မှေးသည်အထိ ပြုံးလိုက်သည်။

ဒီအချိန်မှာ ရှီရန်က သူမ၏ခရီးဆောင်အိတ်နဲ့ ဝင်လာသည်။

မြေပြင်ကို ခြစ်ထုတ်နေသောဘီးသံက လူတိုင်း အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားသည်။

ရှီရန် ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ ကင်မရာက သူမမျက်နှာကို အမြန်လှည့်ပြသည်။

ရှီဝန်ဖေးက နာရီကို ကြည့်လိုက်သည်။ ကိုးနာရီသုံးဆယ်။

သူမ သွားကြိတ်လိုက်သည်။

ဆယ်နာရီထိုးမှလာဖို့ ရှီရန်ကို သူမ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီကောင်မက နာရီဝက်လောက်စောပြီး ရောက်လာတာပဲ။

ဒါပေမယ့် အရေးမကြီးဘူး။ မိနစ် 30 နောက်ကျတာက လုံလောက်နေပြီ။

သူမ ထိုင်ခုံမှထကာ စိုးရိမ်တကြီးဖြင့် ရှေ့သို့ ပြေးသွားသည်။ "ဘာလို့ကြာနေတာလဲ မမ၊ တစ်ခုခုဖြစ်သွားလို့လား"

သူမ၏မျက်လုံးများသည် အနီရောင်မှိတ်တုတ်မှိတ်တုတ် ကင်မရာများကို ဖြတ်သန်းသွားသည်။ ဧည့်ခန်းထဲမှာ ထိုင်နေသောဧည့်သည်များက သူတို့မျက်လုံးထဲမှာ မကျေမနပ်ဖြစ်နေမှုကို အထင်အရှား ဖော်ပြ​နေသည်။

သူမရှေ့က ကြောင်သူတော် ရှီဝမ်ဖေးကို ကြည့်လိုက်ကာ ဖြစ်ပျက်နေသည့်အရာများကို သူမ နားလည်သ​ဘော​ပေါက်လိုက်သည်။

သူမ ခရီးဆောင်အိတ်ကို ချလိုက်ပြီး ရှီဝန်ဖေးကို အပြုံးမပျက် ကြည့်နေသည်။

ဂျီဝမ်ဖုန်းနှင့်ဖန်တုံတုံတို့သည် ထိုအချိန်တွင် နောက်မှလိုက်၍ ဝန်ထမ်းကြား၌ ရပ်နေသည်။

"အစ်ကိုဖန်း၊ ဘာလို့ လေထုက တစ်မျိုးဖြစ်​နေရတာလဲ။" ဖန်တုံတုံက သူမပါးစပ်ကို အုပ်ပြီး တိုးတိုးလေးပြောသည်။

ဂျီဝမ်ဖုန်း၏မျက်နှာ မည်းမှောင်သွားသည်။ "ငါတို့ ဒုက္ခရောက်နေပြီ။"

'သူ မနေ့ညက အပြင်ထွက်ပြီး ဒီမနက်ပဲပြန်လာမိသည်။ တစ်စုံတစ်ယောက်သည် သူ မရှိသည်ကို အခွင့်ကောင်းယူသွားသည်။'

မျက်လုံးများနှင့် ကင်မရာအားလုံး ရှီရန်ပေါ်တွင် ရှိနေသည်။

"မမ၊ အရင်ဝင်ပါ။ ညီမတို့ မမကို စောင့်နေတာ" ရှီဝန်ဖေးက ရှီရန်၏အချိန်မတိကျမှုကို လူတိုင်းကို ထပ်မံသတိပေးရန် မမေ့ဘဲ ပြုံးကာ​ပြောပြလိုက်သည်။

[ နောက်ကျမှ ပေါ်လာရဲတယ်​​ပေါ့။ ငါတကယ် ခေါင်းမူးနေပြီ။]

[လူတိုင်းက သူမကို စောင့်အောင်လုပ်ခိုင်းတယ်။ သူမ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။]

[နင် ရှိုးထဲကနေထွက်သွားပေးနိုင်မလား?]

ရှီရန် ဝင်လာချိန် ဧည့်သည်များ တိတ်ဆိတ်နေသည်။ သူမကို နှုတ်ဆက်ရန် မည်သူကမှ အရင်စကား မပြောကြ​ပေ။

"မင်း ဘာလို့နောက်ကျနေတာလဲဆိုတာကို အားလုံးကိုပြောပြလို့ရမလား" ကူကျားက မျက်နှာတည့်တည့်ဖြင့် မေးသည်။

"မနေ့ညက ဝန်ထမ်းက ဆယ်နာရီမှာ စမယ်လို့ ပြောခဲ့တယ်။ အခုကိုးနာရီခွဲနေပြီ။ ကျွန်မ ဒီထက်ပိုစောစောလာခဲ့သင့်တယ်" ရှီရန်က တည်ငြိမ်နေသည်။

ဧည့်သည်များ၏ အမူအရာသည် ချက်ချင်းပင် သိမ်မွေ့လာသည်။

ကျုံးယူဖန်က စိတ်ပျက်လက်ပျက် ဖြစ်သွားသလို သက်ပြင်းချလိုက်သည်။ "မင်း ဘာလို့ ဆင်ခြေရှာနေတာလဲ။ မင်းသာ ဝန်ခံရင် လူတိုင်းနားလည်ပေးနိုင်မှာ"

ဘယ်သူကမှ ဘာမှမပြောသော်လည်း သူမသည် ဆင်ခြေပေးရုံမျှသာဖြစ်ပြီး အဆိုးဆုံးလို့ သူတို့ တိတ်တဆိတ် သဘောတူထားပြီးသားဖြစ်သည်။

[နင့်ကို ယုံရမှာလား။]

[နင့်စေ့စပ်ထားသူတောင် စိတ်ပျက်နေပြီ။]

[သူမရဲ့ စရိုက်က ဆိုးလွန်းလို့ ဘယ်သူမှ သူမဘက်က​နေမပြောကြဘူး။]

စခရင်၏လေထုကိုပင် သက်​ရောက်သွားသည်။

ရှီဝန်ဖေးက လေးနက်သော မျက်နှာဖြင့် ရှေ့သို့ တိုးလာသည်။ “မမကို ယုံတယ်။ မမ၊ ဘယ်ဝန်ထမ်းလဲဆိုတာကို ညီမကိုပြောပြနိုင်မလား။"

နှုတ်ခမ်းကို ကော့ထားရင်း သူမ၏မျက်လုံးထဲတွင် အေးစက်မှုများ တောက်ပလာသည်။ "သူမက ဒီမှာမရှိဘူး။"

[အေးပါဟယ်၊ နင် သရုပ်ဆောင်တာကို ရပ်လို့ရမလား]

[စခရင်အချိန်ပိုအောင်လုပ်​နေသေးတယ်။ ငါ​တော့ ဆွံ့အသွားပြီ​ဟေ့။]

[ဝန်ထမ်းကို အပြစ်ပုံချတယ်? ငါတို့ သက်သေပြဖို့ အခွင့်အရေးပေးထားပြီးသားဖြစ်ပေမယ့် ဝန်ထမ်းမရှိဘူးလို့ ပြောတယ်။]

[သူမလက်ထောက်ကို အပြစ်ပုံချလိုက်တာကဝန်ထမ်းကို အပြစ်ပုံချလိုက်တာထက်တောင် ပိုအသုံးဝင်ဦးမယ်။]

[ဒါနဲ့ထိုက်တန်ရအောင် ဝန်ထမ်းတွေက ဘာများမှားခဲ့လို့လဲ။]

[ဖေး​ဖေးက သူမကို ကြင်ကြင်နာနာ ကူညီချင်ပေမယ့် တချို့လူတွေက မထိုက်တန်ဘူး။]

"ဆင်ခြေရှာနေတာကို ရပ်လိုက်တော့။ ဝန်ထမ်းက မင်းကို ပစ်မှတ်ထားစရာအကြောင်းကိုမရှိဘူး။ မင်း နောက်ကျရင် ထုတ်လုပ်ရေးအဖွဲ့အတွက်လည်း မကောင်းဘူး" ဟု ကျုံးယူဖန်က တင်းမာစွာပြောသည်။

ဒါရိုက်တာဝမ်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ရေပန်းစားမှုကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ဒီအရင်းရှင်ကောင်က အသရေဖျက်တဲ့ဒီအမျိုးသမီးကို အနစ်နာခံယစ်ပူ​ဇော်ဖို့အတွက် ဒီရှိုးပွဲမှာ ခေါ်ထားတာပဲ။

ရှီရန်၏ကျေးဇူးကြောင့် အစီအစဉ်အဖွဲ့၏ရေပန်းစားမှုဆက်လက်မြင့်တက်နေသည်။ ရိုက်ကူး​ရေးစ​သောပထမဆုံးနေ့တွင် သူတို့သည် ခေတ်စားနေသော အကြောင်းအရာတစ်ခု ဖြစ်လာနေပြီဖြစ်သည်။

ဒါရိုက်တာဝမ်က စိတ်လှုပ်ရှားနေပုံရသည်။ "ကင်မရာကို ရှေ့ကိုနည်းနည်းတိုးပြီး ရှီရန်ကို အနီးကပ်ရိုက်လိုက်။"

ဂျီဝမ်ဖုန်းသည် ဤမြင်ကွင်းကို သတိထားမိသည်။ သူ ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် သူဘာမှ မလုပ်နိုင်ပေ။ မဟုတ်ပါက ယခုထက်အ​ခြေအ​နေဆိုးသွားနိုင်သည်။

သူသည် ကွင်းပြင်ရှိ ရှီရန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

ဘာပဲဖြစ်​ဖြစ်​ဖြစ်​​ သူမကိုယ်​တိုင်​သူမပဲ အားကိုးနိုင်​တော့မယ်။

"မစ္စရှီက အခုကနေစပြီး မှတ်မိနေမယ်လို့ထင်တယ်။ သေချာတာကတော့ နောက်တစ်ခါ သူမ နောက်ကျမှာ မဟုတ်လောက်ဘူး။ ကျွန်​တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်အနေနဲ့ ဒီတစ်ခါတော့ ဒီအတိုင်းထားလိုက်ကြရအောင်။"

ပိုင်ကျင်းထျန်၏အသံက စကားပြော​နေရင်းနူးညံ့သိမ်မွေ့နေသည်။

ရှီဝန်ဖေး အံ့သြသွားသည်။

ပိုင်ကျင်းထျန်က ရှီရန်အတွက် တကယ်ကာပြောပေးနေတာလား။ အရင်က ရှီရန်ရဲ့အနှောင့်အယှက်ခံရတာကို မေ့နေတာလား။

[ငါတို့ကိုကိုထျန်က အဆိုးကို အကောင်းနှင့် အမှန်တကယ် တုံ့ပြန်နိုင်တာပဲ]

[ကိုကိုထျန်က အရမ်းနူးညံ့တာပဲ။ ကမ္ဘာ့ပထမဆုံး လူကြီးလူကောင်း။ သူ့ကို အရမ်းချစ်တယ်။]

[ယောင်္ကျားက ကြင်နာလွန်းပေမယ့် ဒီကောင်မက မထိုက်တန်ဘူး]

ကျူယီ​ဖေး ရှေ့ကို တိုးလာသည်။ "နောက်တစ်ပိုင်းကို စကြရအောင်။"

သူက အရာရာကို ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားနေပုံပေါ်​သော်လည်း တကယ်တမ်းတွင် သူ စိတ်မရှည်တော့ပေ။

"ဒါဆို စလိုက်ရ..."

မော်ဒယ်လျန်ပု့ စကား​ပြော​နေချိန်တွင်ပျင်းရိသော မိန်းကလေး၏နှောက်ယှက်ခြင်းကို ခံလိုက်ရသည်။

'ဒါပေမယ့် ကျွန်မ မြင်လိုက်တယ်။'

အားလုံးက ပြောနေသောရှီရန်ကို လှည့်ကြည့်လိုက်သည်။

သူမသည် အဖြူရောင် နံရံကို မှီ၍ ရှီဝန်ဖေးအ​ပေါ် သူမ စိုက်ကြည့်နေသည်။ "အဲ့ဒီဝန်ထမ်းက နင့်တံခါးလာခေါက်နေတာကို ကျွန်မတွေ့လိုက်တယ်။"