"သူက လမ်းပိတ်ရပ်နေလို့လေ" ရှီရန်၏တုံ့ပြန်မှုသည် ရိုးရှင်းပြီး အကြမ်းထည်ဖြစ်သည်။
"တကယ်လား?" ချူးကျင်းချန်းက ပဟေဠိဆန်စွာ ပြုံးလိုက်သည်။ " ကျူးလီက ကျွန်တော့်အပိုင်လို့ပြောလိုက်လို့ မဟုတ်ဘူးလား"
"ဟင်?" ယခုမူ ရှီရန် အံ့ဩသွားသည်။
လောင်ဖန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး "ရှီရန်၊ နင်က သူ့ကို တတိယသခင်လေးဆီက လုယူချင်သေးတာလား။ ကျူးလီက တတိယသခင်လေးရဲ့အပိုင်ဆိုတော့ နင် ကိုယ့်နေရာကို ပိုသိသင့်တယ်..." ဟု ကျယ်လောင်စွာပြောသည်။
သူ့စကားမဆုံးခင်တွင် သူ့မျက်နှာသည် သားရေဖိနပ်ဖြင့် အနင်းခံလိုက်ရသည်။
ထိုရင်းနှီးနေသောဖိနပ်အောက်ခံပြားအောက်တွင် လောင်ဖန်းသည် မလှုပ်ရှားဝံ့ပေ။
'ဒါက ဘယ်လိုအခြေအနေကြီးလဲ။'
တတိယသခင်လေးက ငါ့ဘက်က ရပ်တည်ပေးနေတာ မဟုတ်ဘူးလား?
ချူးကျင်းချန်း ခေါင်းငုံ့ကာ အောက်ကိုငုံ့ကြည့်ရင်း မျက်လုံးများသည် နက်မှောင်လာသည်။ "မင်း သူ့ကို နောက်ထပ်လာရှာဦးမှာလား ဟမ်?"
သူ့ခေါင်းကို အဖိခံထားရသဖြင့် လောင်ဖန်းသည် ခေါင်းမခါယမ်းနိုင်ပေ။ "ကျွန်တော် သူ့ကို လိုက်မရှာတော့ဘူး တတိယသခင်လေး။ ကျွန်တော် တကယ်ကို မဝံ့ရဲပါဘူး။ ကျူးလီက သခင်လေးရဲ့လူမှန်း မသိခဲ့ပါဘူး"
ရှီရန်က ချူးကျင်းချန်းကို အံ့သြစွာ ကြည့်လိုက်သည်။
ချူးကျင်းချန်းက ကျူးလီကို ကြိုက်ခဲ့တာလား။
မူရင်းစာအုပ်တွင် အမျိုးသားနှင့်အမျိုးသမီးခေါင်းဆောင်များအကြောင်းရေးသားဖော်ပြထားသောကြောင့် ချူးကျင်းချန်းအကြောင်း အများအပြား မဖော်ပြထားပေ။
စာအုပ်တစ်အုပ်လုံးမှာ ချူးကျင်းချန်းရဲ့အချစ်ရေးအကြောင်း မဖော်ပြထားတာကြောင့် သူက ယောက်ျားတွေကို ကြိုက်တာများလား?
ရှီရန်က ကျူးလီကို ကြည့်လိုက်ပြီး သူ့အကြည့်နဲ့ ဆုံမိသည်။
ကျူးလီက ကြောက်နေသည်ဟုထင်ပြီး သူ့နွေးထွေးသောလက်မောင်းကို ပုတ်လိုက်သည်။ "အဆင်ပြေပါတယ်၊ ငါ ဒီမှာရှိတယ်။"
ကျူးလီသည် ခဏလောက်အံ့အားသင့်သွားပြီးနောက် နာခံမှုရှိသောကောင်လေးတစ်ယောက်လို ခေါင်းညိတ်လိုက်သည်။
ချူးကျင်းချန်း၏နက်မှောင်သောမျက်လုံးများသည် ဗလာကျင်းဖြစ်နေသောကျူးလီ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြတ်သန်းသွားသည် ။
သူက ကျူးယို့ဟန်ကိုကြည့်လိုက်သည်။
"ချွတ်လိုက်။"
ကျူးယို့ဟန်: "!!!"
ကျူးယို့ဟန်သည် ချက်ချင်းပင် သူ့ကိုယ်ကို လက်နှစ်ဖက်ကိုဖက်ထားလိုက်သည်။ "မင်းဘာကိုလိုချင်တာလဲ?"
"မင်းရဲ့အပေါ်ဝတ်အင်္ကျီ"
ကျူးယို့ဟန်ငုံ့ကြည့်လိုက်သည်။ ယနေ့တွင် သူသည် တီရှပ်အဖြူနှင့် မိုးပြာရောင်အပေါ်ဝတ်အင်္ကျီကို ၀တ်ဆင်ထားသည်။
သူ့ရည်ရွယ်ချက်ကို မသိဘဲ အင်္ကျီကို ချွတ်ပေးလိုက်သည်။
ချူးကျင်းချန်းသည် ထိုအင်္ကျီကို ကျူးလီ၏လက်နှစ်ဖက်ထဲသို့ ပစ်ပေးလိုက်ပြီး သာမာန်လေသံဖြင့် ပြောသည်။"ဝတ်ထားလိုက်"
ထိုလုပ်ရပ်က ရှီရန်၏မှန်းဆချက်ကို ပိုသေချာစေသည်။
သူမက ကျူးလီကိုကြည့်ပြီး ချူးကျင်းချန်းကိုကြည့်သည်။
'သူတို့နှစ်ယောက်သာအတူတူဆို တစ်ကယ်လိုက်ဖက်တာပဲ။'
ကျူးလီကို ပြန်ပို့ပြီးနောက် ထိုအဖွဲ့သည် Jade Hunter နိုက်ကလပ်မှ ထွက်ခွာသွားသည်။
ယနေ့အဖြစ်အပျက်ပြီးနောက် လောင်ဖန်းက ကျူးလီကို ဒုက္ခမပေးဝံ့တော့သည်မှာသေချာသည်။
"ကျေးဇူးတင်ပါတယ်" ရှီရန်က ချူးကျင်းချန်းကိုပြောသည်။
ချူးကျင်းချန်း က သူမကို မကြည့်ဘဲ အေးစက်စက်ပြုံးလိုက်သည်။ "အဲဒါက မင်းကြောင့်မဟုတ်ပါဘူး။"
ရှီရန် အခြေအနေကို နားလည်ပုံရသည်။ "ကျွန်မမှာ ကျူးလီရဲ့ ဖုန်းနံပါတ်ရှိတယ်။ ရှင်လိုချင်လား။"
"မင်းက ဘာလို့ ကျူးလီရဲ့ ဖုန်းနံပါတ်ကို ကျင်းချန်းကို ပေးချင်နေရတာလဲ" ကျူးယို့ဟန်သည် အခြေအနေသည် မှန်းဆမရသော ဦးတည်ရာသို့ သွားနေသည်ဟု ခံစားမိသည်။
ရှီရန်သည် သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများဖြင့် ခေါင်းကို စောင်းလိုက်သည်။ "သူက ကျူးလီကို ကြိုက်နေတာမဟုတ်ဘူးလား"
ချူးကျင်းချန်း :"..."
ကျူးယို့ဟန် ဆွံအသွားသည်။
ဂျီဝမ်ဖုန်းလည်း ဆွံအသွားသည်။
"ဟားဟား" အချိန်ခဏတာကြာပြီးနောက် ချူးကျင်းချန်းသည် ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။
ကျူးယို့ဟန်သည် ချူးကျင်းချန်းနှင့်ဝေးရာသို့ တိတ်တဆိတ် ခွာနေလိုက်သည်။
အိုးဘုရားရေ..တတိယသခင်လေးရဲ့ အပြုံးက..
ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ
"ငါ့မှာ အလုပ်ရှိသေးတယ်။ သူမကို ပြန်ပို့ပေးလိုက်ဦး" လို့ ချူးကျင်းချန်းက ဂျီဝမ်ဖုန်းကို ပြောသည်။
ထို့နောက် သူ ကားပေါ်တက်ပြီး အနက်ရောင် Maybach သည် မောင်းထွက်သွားသည်။
ကျူးယို့ဟန်သည် ရှီရန်ကို လေးနက်စွာ ကြည့်လိုက်သည်။ "ညီမ ရှီရန်က အိုင်ဒေါဒရာမာတွေ အများကြီးရိုက်ဖူးတာကို ကျွန်တော် မှတ်မိပါတယ်။"
'မင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာလို့ အရမ်းမသိရတာလဲ။'
ရှီရန်အပေါ်ချူးကျင်းချန်း၏ရည်ရွယ်ချက်အမှန်ကို သူ အတိအကျ မပြောနိုင်သော်လည်း
ချူးကျင်းချန်းက ကျူးလီကိုသူ့အပိုင်ဖြစ်သသလို ပြုမူခဲ့သည်မှာ ရှီရန်ကြောင့်သာဖြစ်သည်ဟုလူတိုင်းက သိနိုင်သည်။
လောင်ဖန်းလို လူတစ်ယောက်က နားမလည်တာပုံမှန်ဖြစ်ပေမယ့် ရှီရန်ရဲ့ IQ က ဘာလို့ အရမ်းနိမ့်ကျနေရတာလဲ?
"ဒါဆို?" ရှီရန်က မေးသည်။ "သူ စိတ်ဆိုးနေတာလား"
"မင်းဘယ်လိုထင်လဲ?"
"ကျွန်မက သူ့အပျော်ကို ဖျက်မိသွားလို့လား?"
ရှီရန်က လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။
ကျူးယို့ဟန်က စကားမပြောနိုင်ဖြစ်သွားသည်။
"အစ်ကို၊ ညီမရှီရန်ကို ပြန်ပို့ဖို့ မင်းကိုပဲဒုက္ခပေးရတော့မယ်" လို့ ကျူးယို့ဟန်က အတင်းအဓမ္မပြုံးပြသည်။
ဂျီဝမ်ဖုန်းက ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
ထို့နောက် သူသည် ရှီရန်ကို အိမ်ပြန်ပို့ပေးသည်။
ရှီရန်အိမ်ပြန်ရောက်သောအခါ သူမသည် ဖုန်းပေါ်ရှိ ချူးကျင်းချန်း၏စကားပြောခန်းကို ကြည့်သည်။
ငါ သူ့ကို အထင်လွဲသွားမိတာလား?
.....
နှစ်ရက်အကြာတွင် ရှီရန်သည် ဂျီဝမ်ဖုန်း၏ရုံးခန်းသို့ရောက်ရှိလာသည်။
ဂျီဝမ်ဖုန်းက သူမအတွက် လက်ဖက်ရည်တစ်ခွက် လောင်းပေးသည်။
"ငါ မင်းအတွက် ရသစုံရှိုးတစ်ခု ရွေးထားတယ်။ အချစ်ရသစုံရှိုးလေ။"
"အချစ်ရသစုံရှိုး?"
"ဟုတ်တယ်၊ KT အဖွဲ့ရင်းနှီးမြုပ်နှံထားတဲ့ အချစ်ရသစုံရှိုးတစ်ခု။ ရှိုးအတွက်လုံလောက်တဲ့ရန်ပုံငွေတွေရှိလို့ အခုလောလောဆယ် အတည်ပြုနိုင်တဲ့ဧည့်သည်တွေက အကောင်းဆုံးသရုပ်ဆောင် ပိုင်ကျင်းထျန်နဲ့ထိပ်တန်းနာမည်ကြီး ကျူယီဖေးလေ"
"သူတို့နှစ်ယောက်ကိုသာအတူတူရိုက်လိုက်ရင် ဒီရသစုံရှိုးက အာရုံစိုက်မှုရလာမယ်။ မင်းရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ အခွင့်အရေးကောင်းတစ်ခုလို့ ငါထင်တယ်။"
"ဝန်ယုဖေးကို မူလက ဖိတ်ကြားခဲ့ပေမယ့် သူမ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး မင်းကို အကြံပြုပေးခဲ့တယ်လေ။"
'ဝန်ယုဖေး?'
ဂျီဝမ်ဖုန်း၏အနုပညာရှင်ဟောင်း ဖြစ်သည်။
ရှီရန်က ဂျီဝမ်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ဂျီဝမ်ဖုန်းကြောင့် ငါ ဒီနေရာကို ရနိုင်ခဲ့တာဖြစ်မယ်။
မူရင်းစာအုပ်တွင် ဝန်ယုဖေး၏အကြောင်းကိုအနည်းငယ်သာဖော်ပြထားသည်။ ထိုစာအုပ်တွင် သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီးစာရင်းဝင်မင်းသမီးတစ်ဦးဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသမီးဇာတ်ဆောင် ရှီဝန်ဖေးက သူမထက်သာလွန်ခဲ့သည်။
"မင်းရဲ့ ဆုံးဖြတ်ချက် သေချာရင် ငါ အခုထုတ်လုပ်ရေးဘက်ကို ပြန်သွားတော့မယ်။"
"အိုကေ"
အတည်ပြုပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သည် ဧည့်သည်များကို နှစ်ရက်အတွင်း မည်သူမည်ဝါဖြစ်ကြောင်း ကြေညာခဲ့သည်။
အမျိုးသားဧည့်သည်များ- ပိုင်ကျင်းထျန်၊ကျူယီဖေး၊ လျန်ပု့၊ ကျုံးယူဖန်
အမျိုးသမီးဧည့်သည်များ- ရှီဝန်ဖေး၊ ရှီရန်၊ ယွီဇစ်ကျန်း၊ကူကျား
တခြားသူများကို ဘေးဖယ်ထားပါက ဖျော်ဖြေရေးနယ်ပယ်မှာ ထိပ်တန်းမင်းသားနှစ်ယောက်ဖြစ်သော ပိုင်ကျင်းထျန်နဲ့ကျူယီဖေးတို့သည် ကြီးမားသောရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည်။
ပရိုဂရမ်သည် လျင်မြန်စွာ ခေတ်စားနေသော ခေါင်းစဉ်တစ်ခု ဖြစ်လာပြီး သူတို့နှစ်ဦးသည် ရှာဖွေမှုစာရင်းတွင် နေရာယူထားသည်။
ထိုမှတပါး တခြားအမည်သုံးမျိုးကိုလည်း အာရုံစိုက်လာကြသည်။
-ရှီရန်၊ရှီဝန်ဖေး၊ကျုံးယူဖန်။
[ဒါက ဘယ်လိုတောင်ထိပ်တိုက်တွေ့နေမှုလဲ။
သုံးပွင့်ဆိုင်ဇာတ်ဆောင်တွေက ရိုမန့်တစ်ဆန်တဲ့ရှိုးပွဲကို အတူတူ တက်ရောက်ကြမယ်?]
[ထုတ်လုပ်ရေးအဖွဲ့က ဂိမ်းကစားတာတော်လှချည်လား?]
[နာမည်ကို မိန်းမရဲ့ဆွဲဆောင်မှုလို့တောင် ပြောင်းနိုင်တယ်။]
[စောင့်မျှော်နေပြီ။]
တစ်နာရီအတွင်း #သတိအချစ်ရှိသည်# သည် ခေတ်စားလာသည်။
တရားဝင်ကြေငြာပြီး နှစ်နာရီအကြာတွင် ပရိုဂရမ်သည် ခေတ်စားနေသော အကြောင်းအရာသုံးခုကို သိမ်းပိုက်ခဲ့သည်။
သူတို့သုံးယောက်၏ဇာတ်လမ်းအပြင် တခြားဧည့်သည်များ၏နောက်ခံကိုလည်း လူတိုင်းက ရှာဖွေခဲ့ကြသည်။
မော်ဒယ်အသစ်လျန်ပု့၊ အင်တာနက်မှာနာမည်ကြီးကျော်ကြားသူယွီဇစ်ကျန်း၊ ရေမွှေးအမှတ်တံဆိပ်ကို တည်ထောင်ထားသူ ကူကျား နှင့် ချမ်းသာပြီး ချောမောသူ CEO ကျုံးယူဖန်။
၎င်းသည် တန်ဖိုးကြီးသောနာမည်စာရင်းတစ်ခု ဖြစ်သည်။
ရှီဝန်ဖေးသည် ထိုသတင်းကိုမြင်သောအခါ အံ့သြသွားသည်။
"ရှီရန်က ဘာလို့ ဒီပွဲမှာပါမှာလဲ။ ဒီပွဲမှာပါဝင်ရအောင် သူမက ဘာမို့လို့လဲ"
"ဒါက ဂျီဝမ်ဖုန်းနဲ့ သက်ဆိုင်လိမ့်မယ်။ ထုတ်လုပ်ရေးအဖွဲ့က ဝန်ယုဖေးကို အစကတည်းက ဖိတ်ခေါ်ခဲ့တယ်လို့ ကြားတယ်။ ဂျီဝမ်ဖုန်းက သူမကို ဒီပွဲမှာ ပါဝင်ရအောင်အရှက်မရှိ တောင်းဆိုခဲ့တာဖြစ်မယ်" လို့ မန်နေဂျာက နှုတ်ခမ်းစူပြီး ပြောသည်။
ရှီဝန်ဖေးက သူ့ဖုန်းထဲက မှတ်ချက်များကို ရုပ်ဆိုးသောအမူအရာနဲ့ ကြည့်သည်။
သူမနှင့်ယူဖန်တို့သည် ရှိုးပွဲမှတစ်ဆင့် နတ်ဖတ်သောအတွဲဖြစ်သည်ဟု လူတိုင်းကို ယုံကြည်စေလိုသောကြောင့်သာ သူမသည် ယူဖန်နှင့် အချစ်ဇာတ်လမ်းအစီအစဉ်တွင် ပါဝင်ရန် သဘောတူခဲ့သည်။
ယူဖန်၏စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်လိုက်ပါက သူတို့၏တရားဝင်ကြေညာချက်သည် ကျိုးကြောင်းဆီလျော်ပြီး သူတို့၏အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေမည်မဟုတ်ပေ။
ဒါပေမယ့် ဒီခွေးမက တကယ်ပဲ ဒီရှိုးမှာ ပါလာမယ်။
သူမက ဘာမို့လို့လဲ
"စိတ်အေးအေးထားပါ။" အေးဂျင့်က ရှီဝန်ဖေး၏နောက်ကျောကို ပုတ်လိုက်သည်။ "သူမက ရှိုးမှာ ပါရင် ပိုကောင်းတယ် မဟုတ်ဘူးလား။ သူမကိုယ်သူမ အရူးလုပ်မိရင် ဂျီဝမ်ဖုန်းတောင်မှ သူမကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။"
၎င်းကိုကြား၍ ရှီဝန်ဖေးသဘောပေါက်သွားသည်။ "နင်ပြောတာ မှန်တယ်။ သူမက ငါ့နောက်ကို လိုက်ကပ်နေတော့ ဒီအခွင့်အရေးကိုအသုံးချပြီးငါ သူမကို လုံးဝဖျက်ဆီးပစ်သင့်တယ်"
"အခုတော့ ငါတို့အတွက် အခွင့်အရေးရှိလာပြီ မဟုတ်လား" အေးဂျင့်၏အပြုံးက ယုတ်မာလွန်းသည်။
သူမ၏ဖုန်းထဲက နာမည်တစ်ခုကို ညွှန်ပြလိုက်သည်။
ရှီဝန်ဖေး ကြည့်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
ပိုင်ကျင်းထျန်
ရှီရန်သည် အကောင်းဆုံးသရုပ်ဆောင်ပိုင်ကို တစ်ချိန်ကအလွန်နှောင့်ယှက်ခဲ့သဖြင့် သူမသည် ဟာသတစ်ခုဖြစ်ဖူးခဲ့သည်။
အဲဒါကို သူမ ဘယ်လိုမေ့နိုင်မှာလဲ?
"အင်တာနက်က မမှတ်မိရင် ငါတို့က ဆွပေးရမှာပေါ့။" အေးဂျင့်က သူမကို အောင်နိုင်သူအပြုံးပြုံးပြသည်။