ရှီရန်သည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်သည်။
သူမရှေ့မှ အမျိုးသမီးသည် ဖက်ရှင်ကျကျ ၀တ်ဆင်ထားပြီး သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်ထူထူလိမ်းခြယ်ထားကာ သူမနှင့်ရင်းနှီးသည်ဟု မခံစားရပေ။
သူမ နားမလည်သလိုဖြစ်သွားသည်။ "ငါတို့ အချင်းချင်း သိကြလို့လား"
"နင် ငါ့ကိုမမှတ်မိဘူးလား?!"
လုဖေးဖေးက မယုံကြည်နိုင်ဖြစ်သွားသည်။ "နင် ငါ့ကိုမမှတ်မိဘူးပေါ့?"
"ငါ နင့်ကို မှတ်မိသင့်တာလား?"
"နင်" လုဖေးဖေးဒေါသထွက်သွားသည်။
ရှီရန်သည် ဂျီဝမ်ဖုန်းနှင့် အလွန်နီးကပ်စွာထိုင်နေသည်ကို သူမမြင်လိုက်သောအခါတွင် သူမသည် “အစ်ကိုဖုန်း ရောက်နေမှန်းသိလို့ ဒီကို နင်လာခဲ့တာလို့တော့ ငါ့ကိုမပြောနဲ့နော်။” ဟု လှောင်ပြောသည်။
လက်ထောက်ကလည်း ရှီရန်ကို မှတ်မိသည်။ "ညီမဖေး၊ ဒါက ရှင်းနေတာပဲကို၊အစ်ကိုဖုန်း ရောက်နေတာကို ကြားလို့ အပြေးလာတဲ့ပုံပဲ"
အစ်ကိုက နင့်ကို သဘောကျမယ်လို့ထင်နေတာလား? နင် အလေးချိန် ဘယ်လောက်ရှိလဲ မသိဘူးလား။" လုဖေးဖေးသည် သူမ၏လက်နှစ်ဖက်ကို ပိုက်ကာ ရယ်မောလိုက်သည်။
"တုံးလိုက်တာ" ရှီရန်က ပြောလိုက်သည်။
"ဘယ်သူ့ကိုတုံးတယ်လို့ပြောနေတာလဲ" လုဖေးဖေးပေါက်ကွဲသွားသည်။
“ဟားဟား” ရယ်မောသံတစ်ခု ထွက်လာသည်။
ဂျီဝမ်ဖုန်းရယ်နေသည်ကို မြင်လိုက်ရသဖြင့် လုဖေးဖေးသည် သူမဒီကိုလာရသည့် ရည်ရွယ်ချက်ကို ချက်ချင်းသတိရသွားသည်။
ဂျီဝမ်ဖုန်းကို ပြုံးပြလိုက်သည်။
"အစ်ကိုဖုန်း၊ ဒီအမျိုးသမီးက အစ်ကိုရဲ့လက်အောက်မှာ အနုပညာရှင်တစ်ယောက်မှ မရှိတာကိုသိလို့ တမင်တကာ လိုက်ဖားနေတာ ဖြစ်ရမယ်။"
"မင်း နားလည်မှုလွဲနေပြီလို့ ကျွန်တော်ထင်တယ်" ဂျီဝမ်ဖုန်း၏အပြုံးသည် ပျောက်ကွယ်သွားသည်။
လုဖေးဖေး နားမလည်ပေ။
"ကျွန်တော့်မှာ အနုပညာရှင်တစ်ယောက်ရှိနေပြီးသားပါ"
"ဘယ်သူက အရမ်းကံကောင်းတာလဲ" လုဖေးဖေး အံ့သြသွားသည်။
ဂျီဝမ်ဖုန်း၏အလုပ်ပြန်လုပ်လာခြင်းအကြောင်းကို သူမ မကြားခဲ့ရပေ။
ဂျီဝမ်ဖုန်းကို လက်မှတ်ထိုးအောင် ဘယ်သူက လုပ်နိုင်စွမ်းရှိတာလဲ။
"အဲ့ဒီလူက မင်းပြောနေတဲ့သူ ကျွန်တော်ကို လာဖားနေတဲ့သူလေ။"
လုဖေးဖေး အံသြသွားသည်။
အဲဒါက သူမ
ဘာလို့ သူမလဲ?
လုဖေးဖေးသည် စတူဒီယိုမှ ထွက်သွားကာ မှင်တက်နေတုံးပင်ဖြစ်သည်။
ဂျီဝမ်ဖုန်းက စနောက်သည်။ "မင်းမှာ ရန်သူတွေအများကြီးရှိနေတာကို ငါမြင်ရတယ်နော်။"
"သူမက စက္ကူကျားတစ်ကောင်အဆင့်သာရှိတာ" ဟု ရှီရန်က မလိုအပ်သလို ပြောသည်။
လုဖေးဖေးသည် မာနကြီးပြီး ကြီးစိုးနေပုံပေါ်သော်လည်း သူမသည် အားနည်းသူများကိုသာ အနိုင်ကျင့်ပြီး သန်မာသူများကိုသာ ကြောက်ရွံ့သည်။
မဟုတ်ပါက သူမသည် ယခုတစ်ကြိမ်ကလို ရှီရန်၏စကားအနည်းငယ်နဲ့ ရပ်တန့်သွားမည်မဟုတ်ပေ။
ဓါတ်ပုံရိုက်ပြီးသည်နဲ့ နေ့လည်ပိုင်းရောက်သွားပြီဖြစ်သည်။
နွေးထွေးသောလိမ္မော်ရောင်နေဝင်ချိန်သည် ပြင်သစ်ပြတင်းပေါက်များမှတဆင့် ရုံးခန်းကို ဝင်ရောက်လာသည်။
"မင်း သွားဖို့ ရသစုံရှိုးတစ်ခုကို ငါရွေးပေးရဦးမယ်။ 'နှောင်ဖွဲ့နန်းတော်' က ရိုက်ကူးနေတုန်းဆိုတော့ တကယ်ကြည့်ရဖို့ အချိန်တော်တော်ကြာလိမ့်မယ်။ မင်းရဲ့ လက်ရှိဂုဏ်သတင်းနဲ့သာဆိုရင် တခြားထုတ်လုပ်ရေးအဖွဲ့တွေက မင်းကို လက်ခံဖို့ ခက်လိမ့်မယ်။"
"အင်း" ရှီရန်ခေါင်းညိတ်လိုက်သည်။
သူမ၏အခြေအနေကို သူမ နားလည်သည်။
“လက်ရှိအခြေအနေမှာ သရုပ်ဆောင်တစ်ယောက်ကမကောင်းတဲ့ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီးသတင်းထွက်ရင်တောင် ဇာတ်လမ်းတွဲတစ်ခုလုံးကို တိုက်ရိုက်ပိတ်ပင်ခံရဖို့ အလားအလာရှိတယ်။ ဒါကြောင့် ဒါရိုက်တာတွေက သရုပ် ဆောင်တွေရွေးချယ်တဲ့နေရာမှာ ပိုပိုသတိထားလာကြတယ်။"
ရှီရန်သည် တရားမ၀င်သောအရာ မလုပ်ခဲ့သော်လည်း သူမသည် ဒါရိုက်တာတွေအတွက် ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေသည်။
သို့သော် ဒါရိုက်တာကူးကတော့ ဂျီဝမ်ဖုန်းကို ယုံကြည်၍ သူမကိုလက်ခံခဲ့သည်။
သို့သော် ဂျီဝမ်ဖုန်းသည် အနုပညာ လုပ်ငန်းခွင်ကထွက်လာသည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်၍ တခြားသူများက သူ့အတွက် ဒီတာဝန်ကို ခေါင်းခံကူညီပေးမည်မဟုတ်ပေ။
"ရသစုံရှိုးက မင်းနာမည်ကို ရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဟုတ်တယ်၊ ပြောင်းပြန်လည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် မင်းကို ငါယုံကြည်တယ်။" ဂျီဝမ်ဖုန်းက ရှီရန်ကို စိုက်ကြည့်နေသည်။
"ရှင် ဆုံးဖြတ်လိုက်ပါ။ ရှင့်သဘောပဲ။"
ဂျီဝမ်ဖုန်းက သူမ၏ရုတ်တရတ် ယုံကြည်မှုကြောင့် ပြုံးလိုက်သည်။
ထိုနောက်တွင် သူ ပြုံးခြင်းကို ဘယ်တော့မှ မရပ်တော့ပေ။
ရှီရန်ကို သူမတိုက်ခန်းကို ပြန်ပို့ပြီးနောက် ထင့်ယွင်စားသောက်ဆိုင်သို့ မောင်းသွားသည်။
ဗီအိုင်ဗီအခန်းထဲရောက်သည်နဲ့ တံခါးဖွင့်လိုက်သည်။ အထဲမှာ အမျိုးသမီးတစ်ယောက် ထိုင်နေသည်။
အတိအကျပြောရလျှင် သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမအပေါ်၌ သူ့မျက်လုံးကို မဖယ်ခွာနိုင်ပေ။
အမျိုးသမီးသည် အစိမ်းဖျော့ဖျော့တရုတ်ရိုးရာမိန်းမလှဝတ်စုံကို ၀တ်ဆင်ထားပြီး လှပသောကောက်ကြောင်းရှိသည်။ သူမ၏ဆံပင်ကို ချည်နှောင်ထားပြီး ရှေ့ဆံပင်နှစ်ချောင်းကိုသာ ချထားသည်။
သူမက ဂျီဝမ်ဖုန်းကို ပြုံးပြလိုက်သည်။ "မတွေ့ရတာ တော်တော်ကြာပြီနော်။"
သူမ၏အသံသည် နွေဦးလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့သည်။
ဂျီဝမ်ဖုန်းသည် ခဏတာအံ့အားသင့်သွားပြီး သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။ "မတွေ့ရတာကြာပြီ။"
ကျူးယို့ဟန်က စနောက်သည်။ "ငါတို့၏ရုပ်ရှင်ဘုရင်မဝန်ကို တွေ့ရဖို့ မလွယ်ကူဘူးနော်။
"မင်းဘာလို့ဒီကိုရောက်နေတာလဲ?" ဂျီဝမ်ဖုန်းက နောက်ဆုံးတော့ ကျူးယို့ဟန်ကို သတိထားမိလိုက်သည်။
ကျူးယို့ဟန်ဆွံအသွားသည်။
ချီး၊ သူက ညီအစ်ကိုတွေထက် မိန်းမတွေကို ပိုဂရုစိုက်တာပဲ။
"နင် အနုပညာရှင်အသစ် လက်မှတ်ရေးထိုးထားတယ်လို့ ငါကြားတယ်" ဝန်ယုဖေးက မေးသည်။
"အင်း"
"သူမကိုတွေ့ရဖို့စောင့်မျှော်နေပါတယ်နော်။" ဝန်ယုဖေး ပြုံးလိုက်သည်။
ဂျီဝမ်ဖုန်း ခေါင်းငုံ့ပြီး ဘာမှမပြောပေ။
ထိုအချိန်တွင် သီးသန့်အခန်း၏တံခါးပွင့်လာပြန်သည်။
ချူးကျင်းချန်းသည် အဖြူရောင်နှင့်အနက်ရောင်ဘောင်းဘီဝတ်ထားကာ လူတိုင်းရှေ့တွင် ပေါ်လာသည်။
ဝန်ယုဖေး၏အပြုံးသည် နက်ရှိုင်းလာပြီး သူမ၏လေသံသည် နူးညံ့သိမ်မွေ့သည်။ "နင် နောက်ကျတာပဲ။"
"ဒါဆို ပြစ်ဒဏ်အနေနဲ့ ငါ သောက်လိုက်မယ်" ချူးကျင်းချန်းပြုံးပြီး သောက်ရန် ဝိုင်တစ်ခွက် သူ့ဘာသာသူ လောင်းထည့်လိုက်သည်။
သူသောက်နေရင်းနဲ့ သူ့ဆွဲဆောင်မှုရှိသောအာဒံလည်သီးက လှုပ်နေသည်။ သူ့ဖန်ခွက်အလွတ်ကို လူတိုင်းပြပြီး ဝန်ယုဖေးဘေးမှာ ဝင်ထိုင်လိုက်သည်။
ဝန်ယုဖေးသည် ချူးကျင်းချန်း၏ဘေးမျက်နှာကို ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် အချစ်များပြည့်လုနီးပါး ဖြစ်နေသည်။
ချူးကျင်းချန်းကို သူမ ကြိုက်မှန်း လူတိုင်းသိသည်။
ဝန်ယုဖေးက ပြောသည်။ "ဝမ်ဖုန်းရဲ့ အနုပညာရှင်အသစ်အကြောင်း ငါတို့ပြောနေကြတာ။"
ချူးကျင်းချန်းသည် စိတ်မဝင်စားသလို မေးစေ့ကို ကိုင်လိုက်သည်။
"ဟုတ်တယ်။" ကျူးယို့ဟန်က လက်ခုပ်တီးသည်။ "ဒီနေ့ ရိုက်ကူးဖို့ ရှီရန်ကို မင်း မခေါ်လာဘူးလား"
"ရိုက်ပြီးသွားပြီ" ဟု ဂျီဝမ်ဖုန်းကပြောသည်။
သူ ယနေ့ ထူးထူးခြားခြား တိတ်ဆိတ်နေ သော်လည်း ကျူးယို့ဟန်က ၎င်းကို ထူးဆန်းသည်ဟု မမြင်ပေ။
သူ့မျက်နှာချင်းဆိုင်၌ထိုင်နေသော ချူးကျင်းချန်းနှင့်ဝန်ယုဖေးကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ချူးကျင်းချန်းသည် စားပွဲပေါ်မှ လက်ချောင်းထိပ်များကို ခေါက်လိုက်ကာ သူ့မျက်လုံးများ မည်းမှောင်သွားသည်။
စားပွဲထိုးက စပြီးစားပွဲတည်ခင်းသည်။
ဝန်ယုဖေးက ချူးကျင်းချန်းကို စိုက်ကြည့်ပြီး ပြောသည်။ "ငါ မှာထားသမျှဟင်းတွေက နင့်အကြိုက်တွေပဲ"
ချူးကျင်းချန်းက ၎င်းတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
ဝန်ယုဖေးက ၎င်းကို နေသားကျနေပြီဖြစ်ပြီး သိပ်စိတ်အနှောက်အယှက်မဖြစ်ပေ။ သူမက "ငါ့မန်နေဂျာက ငါ့ကို အချစ်ရသစုံရှိုးမှာ ပါဝင်စေချင်နေတာကို ငါက တုံ့ဆိုင်းနေတာ။ ကျင်းချန်း နင်ကော ဘယ်လိုသဘောရလဲ" ဟုပြောသည်။
သူမသည် ချူးကျင်းချန်း၏ဘေးမျက်နှာကို စိုက်ကြည့်ရင်း သူ့မျက်နှာပေါ်ရှိသောအမူအရာအနည်းငယ်မှ လက်လွတ်မခံချင်ပေ။
ချူးကျင်းချန်းက စိတ်လွှင့်ပျံ့နေသလို ပြုံးလိုက်သည်။ "မဆိုးပါဘူး။ စမ်းကြည့်ပေါ့။"
ဝန်ယုဖေး၏မျက်လုံးများမှေးမှိန်သွားကာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးကို ငုံ့ချလိုက်သည်။
"ငါ့ကို မသွားနဲ့လို့ နင်ပြောမယ်လို့ထင်နေတာကို" ဝန်ယုဖေးက စနောက်ကာ ပြောသည်။
ချူးကျင်းချန်းသည် သူ့နာရီကိုကြည့်ကာ မတ်တပ်ရပ်လိုက်သည်။
အားလုံးက သူ့ကို လှည့်ကြည့်ကြသည်။
"ငါလုပ်စရာရှိလို့ ငါအရင်သွားတော့မယ်။ ဒီပွဲကို ငါဒကာခံမယ်"
ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ သူ ထွက်သွားသည်။
သူတို့နှင့်အတူ သူသည် ဆယ်မိနစ်ထက်တောင် ပိုမနေခဲ့ပေ။
ဝန်ယုဖေး၏အပြုံးသည် အေးခဲသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို ငုံ့ထားလိုက်သည်။
"နောက်ဆုံးပေါ်လာတဲ့အလုပ်ပဲဖြစ်ရမယ်။ သိတဲ့အတိုင်း သူက အမြဲတမ်း အလုပ်သရဲလေ။"
"ငါ အဆင်ပြေပါတယ်"ဝန်ယုဖေးက ပြုံးပြုံးလေးပြောလိုက်သည်။ "နင်တို့ ဒီမှာရှိတာ နဲ့တင်လုံလောက်ပြီ။ ငါတို့ မတွေ့ရတာတောင်ကြာပြီ။"
...
ရှီရန်သည် ရေချိုးခန်းမှ ထွက်လာသောအခါ သူမ၏စိုစွတ်နေသောဆံပင်များကို သူမ၏ခါးပေါ်တွင် တွဲလောင်းချထားသည်။
သူက ကွန်ပျူတာကိုဖွင့်ပြီး လက်ချောင်းများဖြင့် မြန်မြန်ဆန်ဆန် အလုပ်လုပ်လိုက်သည်။
ကုဒ်လိုင်းများ တောက်ပလာပြီး သူမ၏မျက်လုံးများ မှိန်သွားသည်။
ယခုရက်ပိုင်းအတွင်း သူမသည် လောင်ဖန်း ၏သတင်းကို အာရုံစိုက်နေခဲ့သည်။ ကံကောင်းစွာနဲ့ပဲ လောင်ဖန်း က ဘာမှလုပ်နေပုံမပေါ်ပေ။
သို့သော် Lလောင်ဖန်း က တကယ်ကလဲ့စားချေရန်ကြောက်နေသည်ဟု သူမ မထင်ခဲ့ပေ။
ရူးသွပ်သောခွေးကို ခွေးရူးလို့ ခေါ်ကြသည်မှာ ဆင်ခြင်တုံတရားမရှိခြင်းကြောင့်ဖြစ်သည်။ ပိုဒေါသအဆွခံရလေလေ သူတို့ ပိုရူးသွပ်လေလေဖြစ်သည်။
တယ်လီဖုန်း အရောင်တောက်လာသည်။
ရှီရန်က ကောက်ကိုင်လိုက်သည်။
[ချူးကျင်းချန်း]: ကျွန်တော် အောက်ထပ်မှာရောက်နေပြီ။
သူမ ထလာပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ အဆောက်အဦးအောက်မှာ အနက်ရောင် Maybach တစ်စီးရပ်နေသည်ကို သူမတွေ့လိုက်ရသည်။
သူမ၏တိုက်ခန်းသည် မြို့လယ်ခေါင်တွင်တည်ရှိသောကြောင့် ထိုနေရာတွင်နေထိုင်သူအများစုမှာ ချမ်းသာကြသည်။
သို့သော် Maybach သည် လူအာရုံစိုက်မှုကို များစွာ ဆွဲဆောင်နိုင်သေးသည်။
သူမဖုန်းတွင် ခလုတ်အချို့ကို နှိပ်လိုက်သည်။
[ရှီရန်]: ကျွန်မကို အချိန်ခဏလောက်စောင့်ပေးပါ။
ရှီရန်သည် သူမ၏တီရှပ်နှင့် ဘောင်းဘီတိုကို မ၀တ်မီ ဆံပင်အခြောက်ခံရန် ရေချိုးခန်းသို့ သွားသည်။
ချူးကျင်းချန်းသည် ပြတင်းပေါက်ကို နှိမ့်ချလိုက်ပြီး သူ့ဆီသို့ လျှောက်လာနေသောရှီရန်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်သည် မှောင်နေပြီဖြစ်သည်။ လမ်းမီးတိုင်များက ရှီရန်အပေါ်တွင် အလင်းရောင်များထွန်းလင်းတောက်ပနေသဖြင့် သူမ၏အသားအရေသည် ဖျော့တော့ပြီး သူမ၏ခြေထောက်များကို ရှည်လျားဖြောင့်စင်းစေသည်။
"ဘာကိစ္စရှိလို့လဲ?" ရှီရန်သည် ကားအပြင်ဘက်တွင် ရပ်လိုက်ပြီး ချူးကျင်းချန်း၏မျက်လုံးများကို ကြည့်လိုက်သည်။
"ကျွန်တော် ညစာမစားရသေးဘူး" ချူးကျင်းချန်းကပြောသည်။
ရှီရန်က မျက်ခုံးပင့်လိုက်သည်။
'ဆိုတော့?'
"အတူတူညစာစားမလား?" ချူးကျင်းချန်း ကားတံခါးကိုဖွင့်လိုက်သည်။
ရှီရန်က ငြင်းချင်သော်လည်း နက်ရှိုင်းသောအသံတစ်ခုကိုကြားလိုက်ရသည်။ "နောက်ဆုံးအကြိမ်တုံးက ကျွန်တော့်လည်ပင်းကို အစုပ်ခံရပြီးကတည်းက ကျွန်တော် အမြဲဗိုက်ဆာနေတာ။ ကျွန်တော် အခု သွေးအားနည်းနေပြီလားမသိဘူး"
ရှီရန် ဆွံအသွားသည်။
ထိုစကားက အဓိပ္ပါယ်မရှိသော်လည်း ရှီရန်သည် ကားပေါ်သို့ တက်လိုက်သည်။
ချူးကျင်းချန်း၏မျက်လုံးများ တောက်ပလာသည်။
အလုပ်ဖြစ်သရွေ့ နည်းလမ်းက အဓိပ္ပါယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပေ။
သူမ ကားပေါ်ကိုဝင်ရောက်လာသည်နှင့် ပန်းရနံ့သင်းသင်းလေးက သူမနှာခေါင်းထဲကို စိမ့်ဝင်သွားသည်။ နှင်းဆီဖြူပန်းစည်းတစ်ခု သူမမျက်လုံးရှေ့မှာ ပေါ်လာသည်။
နှင်းဆီဖြူပန်းစည်းသည် ရှီရန်၏ အမြင်အာရုံကို ပြည့်နက်စေသည်။ ပန်းပွင့်များပေါ်မှ ရေစက်များကို မြင်နေရဆဲဖြစ်သည်။
ရှီရန် အံ့ြသသွားသည်။
'ဒါက ဘာကိုဆိုလိုတာလဲ?'