ရှီရန်သည် သူမ၏ဆိုးရွားသောသရုပ်ဆောင်စွမ်းရည်ကြောင့် အမြဲတမ်း ဝေဖန်ခံနေရသည်။
သူမသည် ယခုတွင် လူတိုင်းကို အံ့အားသင့်သွားစေနိုင်ခဲ့သော်လည်း ငိုရမည့်ရိုက်ကွက်အတွက် သူမကို မည်သူမှ အထင်မကြီးကြပေ။
"ဘယ်လိုလဲ။ မင်း ယုံကြည်မှုရှိလား" ဒါရိုက်တာကူး သည် ထိုစကားသံများကို လျစ်လျူရှုပြီး ရှီရန်ကို တိုက်ရိုက်မေးသည်။
"ငါ့ရဲ့အနုပညာရှင်ကလား။ ရှိတာပေါ့ကွ" ဂျီဝမ်ဖုန်းက ဂုဏ်ယူစွာဖြင့် မေးစေ့ကို မြှောက်လိုက်သည်။
ရှီရန်ရယ်မိသွားသည်။ "ကိစ္စမရှိပါဘူး ဒါရိုက်တာကူး"
ထိုအချိန်တွင် ကျီလဲ့လျှောက်လာသည်။
ရှီဝန်ဖေး အားရဝမ်းသာဖြစ်သွားသည်။
'ကြည့်စမ်း၊ ခွေးမတော့ ဒုက္ခရောက်ပြန်ပြီ'
ဒါရိုက်တာကူးသည် ကျီလဲ့တစ်ခုခုပြောတော့မည်ဟု ထင်သောကြောင့် ခေါင်းကိုက်နေသကဲ့သို့ သူ့နဖူးကို ကိုင်လိုက်သည်။ "ကျီလဲ့ ၊ မင်း ဘယ်လောက်ပဲ စိတ်အလိုမကျဖြစ်နေပါစေ၊ ရိုက်ကူးရေးပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်နေပြီ။ မင်း..."
"ဒါရိုက်တာကူး" ကျီလဲ့က ဖြတ်ပြောသည်။ "ကျွန်တော်က သူမကို စိတ်ပေါ့ပေါ့ထားဖို့ ပြောချင်လို့ပါ။ သူမ ဇာတ်ရုပ်ထဲမျောပါလာအောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်။"
ဒါရိုက်တာကူး စိတ်ရှုပ်သွားသည်။
'ဒါက ဘယ်လိုအခြေအနေလဲ။'
ကျီလဲ့သည် ရှီရန်ဘက်သို့ လှည့်လိုက်သည်။ "မင်းရဲ့သရုပ်ဆောင်ပုံကို မကြည့်ဘဲ မင်းကိုသံသယဝင်မိတာ ကျွန်တော့်အမှားပါ။ အခုနကအခန်းမှာ မင်းသရုပ်ဆောင်တာ အရမ်းကောင်းတယ်"
ကျီလဲ့သည် သရုပ်ဆောင်လောကထဲကိုရောက်ရှိနေသည်မှာ ၁၅နှစ်လောက်ရှိပြီဖြစ်သောကြောင့် လူတစ်ယောက်မှာ သရုပ်ဆောင်စွမ်းရည်ရှိမရှိကို သဘာဝကျကျ ပြောပြနိုင်သည်။
ရှီရန်၏အကြည့်များသည် အစောပိုင်းကာလတစ်လျှောက်လုံးတွင် သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
သူ့လို သရုပ်ဆောင်ဟောင်းတစ်ယောက်ကတောင် ငါ့သရုပ်ဆောင်ချက်တွေကို ကြိုက်နေတာကြောင့် ငါက သရုပ်ဆောင်စွမ်းရည်မရှိတဲ့သူတစ်ယောက်ဆိုတာကို သူ မယုံတော့ဘူး။
နောက်ဆုံးတော့ သူဟာ အရင်ကတခြားသူတွေရဲ့ ပြောစကားတွေကြောင့် အထင်မှားနေတာပဲ။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ" ရှီရန်က ချိုသာစွာ ပြုံးလိုက်သည်။
ကျီလဲ့သည် ရှက်သွားသည်။
၎င်းကိုမြင်၍ ရှီဝန်ဖေးဒေါသအလွန်ထွက်သွားပြီး အံကြိတ်လုနီးပါးဖြစ်သွားသည်။
နောက်ထပ်ရိုက်ကွင်းကဧကရာဇ်၏အိပ်ခန်း၌ရိုက်ကူးမည်ဖြစ်သည်။
အနောက်တိုင်းဒေသမှမင်းသမီးက ကိုယ်လုပ်တော်ရန် အဖြစ် အပ်နှင်းခံရသဖြင့် ထိုညတွင် ဧကရာဇ်မင်းမြတ်အား ပြုစုရလေသည်။
သူမ ကုတင်ပေါ်တွင် လှဲလျောင်းရင်း စိတ်ထဲမှာ အတွေးပေါင်းတစ်ထောင်ရှိသကဲ့သို့ ကုတင်လိုက်ကာကို စိုက်ကြည့်နေသည်။
"ဧကရာဇ်မင်း ရောက်လာပါပြီ"
ထိုစကားကြားသည်နှင့် မင်းသမီး၏မျက်လုံးထဲက ခံစားချက်များအားလုံးက ရုတ်တရက် အေးစက်သွားသည်။
အဝါရောင်တောက်တောက်ကိုယ်ခန္ဓာတစ်ခုက သူမမြင်ကွင်းထဲသို့ရောက်လာပြီး သူမက မော့ကြည့်ကာ ချစ်စရာကောင်းစွာ ပြုံးပြလိုက်သဖြင့် သူမ၏မျက်လုံးများသည် အလွန်ကြည်လင်နေလေသည်။
တစ်ဖက်တွင် ဧကရာဇ်၏မျက်လုံးများထဲတွင် ချစ်ခင်ကြင်နာမှုအပြည့်ရှိနေသည်။
သူက အောက်ကိုငုံ့ကာ သူမ၏မေးစေ့ကို မြှောက်လိုက်သည်။ သူမ၏နူးညံ့ချောမွေ့သော အသားအရေကြောင့် သူသည် မသိစိတ်ကြောင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။
ညဉ့်နက်သည်နှင့်အမျှ ဧကရာဇ်မင်းသည် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ အနောက်တိုင်းဒေသမှမင်းသမီးက သူ့ကို မှီပြီး သူ့ရင်ဘတ်ကို သူမလက်ညှိုးဖြင့် တို့ထိနေသည်။ "အရှင်မင်းကြီး စစ်တိုက်ဖူးလား"
ဧကရာဇ်စကားပြန်မဖြေနိုင်ခင်တွင် သူမသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“စစ်ပွဲက အရမ်းရက်စက်တယ်။ လူတော်တော်များများ စစ်ပွဲကြောင့်သေကုန်ပြီး သူတို့ချစ်ရသူတဲ့တွေကို နာကျင်ခံစားရစေတယ်”
“ချစ်ရတဲ့သူ…” ဧကရာဇ်ဘုရင်က သူ့ခန္ဓာကိုယ်ကို ထိနေသောလက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ စစ်အကြောင်းကိုစကားပြောနေရန် သူ့မှာအချိန်မရှိပေ။
သူက လှည့်လိုက်ပြီး သူမကို အောက်မှာဖိထားလိုက်သည်။
သူ့အောက်ကလူက ရုတ်တရက် ပြုံးလိုက်သည်။ သူမ၏ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းများသည် အနည်းငယ် ပွင့်ဟသွားသည်။ "အရှင်မင်းကြီး၊ ကျွန်မရဲ့ချစ်သူက တိုက်ပွဲမှာကျဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်တစ်ဦးသေဆုံးမှုက အရိုးပေါင်းတစ်သောင်းနှင့် ညီမျှပေမဲ့လည်း ဒီလောက်များပြားတဲ့အရိုးတွေနဲ့တောင် ကျွန်မတို့ အနောက်တိုင်းဒေသရဲ့အောင်ပွဲကို ရအောင် မရယူနိုင်ခဲ့ဘူး။"
ဧကရာဇ်မျက်နှာ တင်းမာသွားသည်။
သူမကို မေးခွန်းမထုတ်မီမှာပင် လွန်ခဲ့သည့်အခိုက်အတန့်တွင် အလွန်ချစ်စရာကောင်းသော အနောက်တိုင်းဒေသမင်းသမီးသည် ရုတ်တရက် တိုက်ခိုက်လာသည်။
ဓား၏ရောင်ပြန်အလင်းရောင်သည် ဧကရာဇ်မင်းမြတ်၏ မျက်လုံးများကို ဖြတ်သန်းသွားသည်။
ဧကရာဇ်သည် အလျင်စလို ရှောင်လိုက်သည်။
ထို့နောက် ဓါးထိပ်က ဧကရာဇ်ပခုံးကို ထိုးဖောက်သွားပြီး သူ့တောက်ပသောအဝါရောင် ၀တ်ရုံကို သွေး စွန်းထင်းစေသည်။
"အစောင့်တွေ"
ဧကရာဇ်သည် အော်ဟစ်၍ မိန်းမစိုး ချက်ခြင်းရောက်လာသည်။
သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ သူက "တစ်စုံတစ်ယောက်၊ တစ်ယောက်ယောက်လာကြဦး။ လုပ်ကြံသတ်ဖြတ်သူ ရှိတယ်။ ဧကရာဇ်ကို ကာကွယ်ကြ" ဟု အော်လိုက်သည်။
အစောင့်တများက အပြေးဝင်လာပြီး အိပ်ခန်းကို ဝိုင်းထားကြသည်။
ထိုကဲ့သို့ပင် အနောက်တိုင်းဒေသမင်းသမီးသည် ရှုံးနိမ့်သွားသည်။ ရှုပ်ပွနေသောအိပ်ခန်းကို လှမ်းကြည့်လိုက်ပြီး သူမ ရုတ်တရက် ရယ်မောလိုက်သည်။
အစောင့်၏အံ့အားသင့်မှုကို အခွင့်ကောင်းယူပြီး သူမသည် မိမိကိုယ်ကို လွတ်မြောက်ရန်အတွက် ကြမ်းပြင်မှ ဓားကို ပြန်ယူရန် နံဘေးသို့ လှိမ့်ချလိုက်သည်။
လူတိုင်း၏တုန်လှုပ်ခြောက်ခြားသော အကြည့်များအောက်တွင် သူမသည် သူမ၏နှလုံးသားကို ဓားတစ်ချောင်းနှင့် ချိန်ရွယ်ပြီး မဆိုင်းမတွထိုးချလိုက်သည်။
သူမ၏ရင်ဘတ်တွင် ပွင့်နေသော အနီရောင် ပန်းပွင့်ကဲ့သို့ ဒဏ်ရာမှ သွေးများ စီးကျလာသည်။
သူမ၏ဘဝသည် ချက်ချင်းပင် ပျောက်ကွယ်သွားပေသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေချိန်တွင် သူမ၏မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိသောအကြည့်အားလုံး ပျောက်သွားကာ အပေါ်ကို ဗလာနတ္တိကြည့်နေသည်။
သူမ၏ဘဝနောက်ဆုံးထွက်သက်အခိုက်အတန့်တွင် အဝတ်သန့်သန့်ဖြင့်မြင်းစီးလာသည့် လူငယ်တစ်ဦးသည် သူမထံသို့ ရောက်ရှိလာကာ သူ့လက်ကိုကမ်းပေး၍ စကားပြောနေသည်ကို သူမမြင်လိုက်ရသည်။
'ကိုယ်တို့ ဘယ်တော့မှ မဝေးကွာတော့ဘူး'
အနောက်ပိုင်းဒေသမှမင်းသမီးသည် မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ သူမ သေဆုံးသည့်အချိန်၌ပင် ပျော်ရွှင်သောအပြုံးသည် သူမ၏နှုတ်ခမ်းပေါ်တွင် တည်ရှိနေသည်။
ရိုက်ကွင်းတွင် တိုးညင်းသောငိုရှိုက်သံများနှင့်အတူ တိတ်ဆိတ်ငြိမ်သက်မှုသာ ရှိနေသည်။
ထိုအချိန်မှ ဒါရိုက်တာကူးက အော်ပြောရန်သတိရသွားသည်။ "ကတ်"
"တော်တယ်။ တစ်ကြိမ်တည်းနဲ့ရိုက်ပြီးသွားပြီ။ အရမ်းကောင်းတယ်" ဒါရိုက်တာကူးအသံက ချီးကျူးစကားနဲ့ပြည့်နက်နေသည်။
သူ အများကြီး မမျှော်လင့်ထားသောကြောင့် ရှီရန်က သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်။
တခြားသူများကလည်း မင်းသမီးကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးနေကြဆဲဖြစ်သည်။
"စာသားတွေတောင် အများကြီးမပါတာကို ငါက ဒါကိုကြည့်ပြီး ဘာကြောင့် ငိုမိတာလဲ မသိတော့ဘူး။"
"အဆုံးမှာ မင်းသမီးက ဝမ်းသာအားရ ပြုံးလိုက်တယ်။ သူမရဲ့ချစ်သူကို တွေ့လိုက်ရလို့လား?"
"စာသားတွေက အရမ်းရင်ထဲထိအောင် သရုပ်ဆောင်ကပြောနိုင်လွန်းတယ်။ ရှီရန်က သရုပ်မဆောင်နိုင်ဘူးလို့ ဘယ်သူကပြောတာလဲ။ ထွက်လာပြီး အခုပဲ အရိုက်ခံလိုက်စမ်းပါ။"
"သူမ သေခါနီးမှာတောင် ဒီလောက်တောင် လှပနိုင်ရတာလဲ။ ငါသာ ဧကရာဇ်ဖြစ်ရင် တစ်သက်လုံး ဘယ်တော့မှ စိတ်အေးချမ်းရမှာ မဟုတ်ဘူး။"
ရှီဝန်ဖေးသည် သူမပတ်ဝန်းကျင်မှ ပြောဆိုသံကို နားထောင်ပြီး ငြိမ်သက်သွားသည်။
သူမ အဝတ်လဲခန်းကို အမြန်ပြန်သွားပြီး အားလုံးက ထွက်သွားပြီးနောက် ဒေါသပုံချရန် အရာအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ရှီရန်...ရှီရန်..." သူမ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး သူမ၏မျက်လုံးသည် အဆိပ်ရှိသောမြွေတစ်ကောင်လိုမျက်လုံးကဲ့သို့ဖြစ်နေသည်။
'ဘယ်လိုမှမဖြစ်နိုင်ဘူး'
ရှီရန် ဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားလာမှာကို ငါ လုံးဝခွင့်မပြုနိုင်ဘူး။
ရိုက်ကူးရေးနေရာ၌
ဒါရိုက်တာကူးနှင့် ကျီလဲ့တို့သည် ရှီရန်အပေါ် ချီးမွမ်းနေကြသည်။
"ကျွန်တော်က မင်းကို ဇာတ်ရုပ်ကိုမျောပါသွားအောင် ဆွဲခေါ်မလို့ကို နောက်ဆုံးတော့ မင်းက ကျွန်တော်ကို ဇာတ်ရုပ်ထဲမျောပါအောင်ဆွဲခေါ်လိုက်တာပဲ " ကျီလဲ့က အနေကျပ်စွာ ပြုံးလိုက်သည်။
"အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဆရာကျီရဲ့ကျေးဇူးကြောင့် ဇာတ်ကောင်ထဲကို ကျွန်မအမြန်မျောပါနိုင်ခဲ့တာပါ” လို့ ရှီရန်က ပြုံးပြီး ပြောသည်။
ဂျီဝမ်ဖုန်းသည် ရှီရန်ကို အံ့သြစွာ ကြည့်လိုက်သည်။
နတ်ဘုရားမသည် ဤမျှနှိမ့်ချတတ်သောပုံစံရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ရှီရန်အတွက် စုစုပေါင်းရိုက်ခန်းနှစ်ခုရှိသည်။ ထုတ်လုပ်ရေးအဖွဲ့သည် သူမအတွက် ပန်းစည်းများကို စေ့စေ့စပ်စပ် ပြင်ဆင်ထားသည်။
ရှီရန်သည် သူမ၏မိတ်ကပ်ကို ဖယ်ရှားပြီး အဝတ်အစားလဲပြီးနောက် ဂျီဝမ်ဖုန်းနှင့်အတူ ရိုက်ကွင်းမှ ထွက်ခွာသွားသည်။
ကားထဲသို့ဝင်သောအခါတွင် ပန်းများကို ကားနောက်ထိုင်ခုံတွင်ထည့်သောအခါ ထိုနေရာတွင် လီလီပန်းတစ်စည်းရှိနေပြီကို တွေ့လိုက်ရသည်။
ဂျီဝမ်ဖုန်းကို ရှီရန်ကမျက်ခုံးပင့်ပြလိုက်သည်။
ဂျီဝမ်ဖုန်းက ဟက်ဟက်ပက်ပက် ရယ်သည်။ "ဒါက မင်းအတွက် လက်ဆောင်တစ်ခုလေ။ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုဖို့ နောက်မှ မင်းကို ထမင်းတစ်နပ်လိုက်ကျွေးမယ်။ ပထမဆုံးရိုက်ကူးမှုက အောင်မြင်စွာ ပြီးသွားပြီ။"
"ကျေးဇူးတင်ပါတယ်" ရှီရန်က ပြုံးလိုက်သည်။
ညစာစားပြီးနောက် ရှီရန်သည် ဂျီဝမ်ဖုန်းနှင့်အတူ စတားမြို့တော်သို့ပြန်လာသည်။
သူမသည် ကုမ္ပဏီစတူဒီယိုတွင် ဓာတ်ပုံရိုက်ရိုက်ကူးရန်ရှိသေးသည်။
တံခါးဝကိုရောက်သောအခါတွင် ရှီရန်က ရေချိုးခန်းထဲကို အရင်ဝင်မည်ဖြစ်၍ ဂျီဝမ်ဖုန်းက စတူဒီယိုထဲကို အရင်သွားလိုက်သည်။
စတူဒီယိုမှာ ရိုက်ကူးနေသောလူတစ်ချို့လည်း ရှိသေးသည်။ ဂျီဝမ်ဖုန်းသည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ မဂ္ဂဇင်းကို ပေါ့ပေါ့ပါးပါး ကောက်ယူဖတ်သည်။
"အဆင်ပြေပါတယ် အစ်မဖေး" ဓာတ်ပုံဆရာက 'အိုကေ' အမူအရာလုပ်ရင်း ပြောသည်။
လုဖေးဖေးသည် မောက်မာစွာ လျှောက်သွားပြီး သူမ၏လက်ထောက်ထံမှ ရေကို ယူလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမသည် ဆိုဖာပေါ်၌ ဂျီဝမ်ဖုန်းကိုတွေ့လိုက်သည်။
သူမသည် ချက်ချင်းပင် အံ့အားသင့်သွားပြီး ဝမ်းသာသွားသည်။ လက်ထဲမှရေကို လက်ထောက်၏လက်ထဲသို့ထည့်ကာ အဝတ်အစားနှင့် မိတ်ကပ်များကို အမြန်ပြန်လည်ပြင်ဆင်လိုက်သည်။
ထို့နောက် သူမသည် ဂျီဝမ်ဖုန်းထံသို့ လျှောက်လာပြီး ချိုသာစွာပြောသည်။ "မင်္ဂလာပါ။အစ်ကိုက မန်နေဂျာဂျီဝမ်ဖုန်းမဟုတ်လား။"
"ကျွန်တော်ကဂျီဝမ်ဖုန်းပါ။" ဂျီဝမ်ဖုန်းအေးစက်စက် ခေါင်းညိတ်သည်။
"တကယ်ပဲ အစ်ကိုဖြစ်နေတာကို" လုဖေးဖေးက အံ့အားသင့်စွာဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ "အစ်ကို ဖျော်ဖြေရေး နယ်ပယ်က ထွက်သွားပြီလို့တောင် ကျွန်မထင်နေတာ။ အစ်ကိုနဲ့ ထပ်တွေ့ရဖို့တောင် မမျှော်လင့်ထားဘူး"
လုဖေးဖေးက စိတ်လှုပ်ရှားနေချိန်တွင် ကိုယ်ခန္ဓာတစ်ခုက သူမရဲ့အမြင်အာရုံထဲကို ဝင်လာပြီး ဂျီဝမ်ဖုန်းဘေးမှာ ထိုင်လိုက်သည်။
လုဖေးဖေး မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက ရှီရန်ကို လက်ညှိုးထိုးပြပြီး သွားများကို ကြိတ်လိုက်သည်။ "နင်ပဲ"