နေ့လည်ခင်းတွင် ရိုက်ကူးရေးစတင်တော့မည်ဟု ရှီဝန်ဖေးသိရသောအခါတွင် သူမ၏ဝတ်စုံကိုလဲလိုက်ပြီး ဆံထုံးကိုမချွတ်ဘဲ ရိုက်ကူးရေးနေရာဆီသို့ရောက်လာသည်။
သူမ လမ်းလျှောက်နေရင်း ကျီလဲ့၏စကားကို ကြားသွားသည်။ သူမ ဝမ်းသာသွားကာ ဒါရိုက်တာကူးဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားလိုက်သည်။
"ဂျီဝမ်ဖုန်းရဲ့ အမြင်ကို ကျွန်မယုံတယ်။ ရှီရန်ကို သူရွေးချယ်လိုက်တဲ့အတွက် သူမ တော်တဲ့အရာတစ်ခုခုတော့ ရှိရမယ်။"
"ဒါရိုက်တာကူး "ကျီလဲ့က သဘောမတူစွာ မျက်မှောင်ကြုတ်လိုက်သည်။
"အနောက်တိုင်းဒေသမင်းသမီးရဲ့ အခန်းကဏ္ဍက သူမ ပေါ်လာတဲ့အခိုက်အတန့်မှာ လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားတယ်။ အလှလေးတွေကို မြင်လေ့ရှိတဲ့ဧကရာဇ်တောင်မှ သူမအလှမှာဖမ်းစားခံရတယ်။"
"ဒါက လှပတဲ့မျက်နှာရှိရုံတင်မလုံလောက်သေးဘူး။ ကတဲ့အပိုင်းတွေလည်းပါသေးတယ်။ ကျွန်တော်သိသလောက် ရှီရန်က ကတတ်အောင်တစ်ခါမှမသင်ဖူးဘူး။ အဲဒီလိုမင်းသမီးတစ်ယောက်နဲ့အတူသရုပ်ဆောင်ရမှာ ကျွန်တော်အတွက်ခက်ခဲတယ်။"
ရှီဝန်ဖေးသည် ပန်ကာသေးသေးလေးကို ကိုင်ကာ အနီးတွင် ရပ်နေသည်။ ထိုစကားကို ကြားသောအခါတွင် အောင်ပွဲခံသော အပြုံးသည် သူမ၏မျက်လုံးထဲတွင် တောက်ပလာသည်။
ကျီလဲ့သည် သူ့ကိုယ်သူနှင့် သူ့ပတ်ဝန်းကျင်ရှိလူများ အထူးသဖြင့် သရုပ်ဆောင်များပေါ်တွင် မြင့်မားသောမျှော်လင့်ချက်ထားရှိသူဖြစ်သည်။
သူမသည် မနေ့က ကျီလဲ့ဆီအား သတင်းဖြန့်ရန် တစ်ယောက်ယောက်ကို တမင်တကာ တောင်းဆိုခဲ့သည်။ ကျီလဲ့သည် ဒါရိုက်တာကူး ကို အမှန်တကယ် လိုက်ရှာပြောရန် သူမ မျှော်လင့်ခဲ့ပေ။
"မင်း မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ" ဒါရိုက်တာကူးသည် ခေါင်းစကိုက်ခဲလာသည်။
သရုပ်ဆောင်တစ်ယောက်သည် သူ့အလုပ်ကို အလေးအနက်ထားသည်မှာကောင်းသော်လည်း တစ်ယောက်ယောက်က အလွန်အလေးအနက်ထားပါက သူ့ကို အနှောင့်အယှက်ဖြစ်စေသည်။
အလုပ်မဖြစ်နိုင်ဘူးဟုလည်း သူခံစားမိသော်လည်း သူ့သူငယ်ချင်း၏အမြင်ကို ယုံကြည်နေဆဲဖြစ်ပြီး ရှီရန်ကို အခွင့်အရေးတစ်ခါပေးချင်သည်။
"ဒါရိုက်တာကူး၊ တကယ်တော့ ဒီအခန်းကဏ္ဍအတွက် အရည်အချင်းပြည့်မီဖို့ ရှီရန်အတွက် အရမ်းခက်ခဲတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု လက်ထောက်ဒါရိုက်တာက တိုးတိုးလေးပြောသည်။
ဒါရိုက်တာကူးက သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ သူနည်းနည်းရှက်သွားသော်လည်း သူက ဆက်ပြောသည်။"အနောက်တိုင်းရဲ့ မင်းသမီးက ဇာတ်ကားတစ်ခုလုံးမှာ အလှပဆုံး ဇာတ်ကောင်ပါ။ အနည်းဆုံးတော့ ပရိသတ်ကို အဲ့လိုမြင်အောင် သိမ်းသွင်းနိုင်ရမယ်။"
"သူမက လှတယ်လို့ မင်းမထင်ဘူးလား" ဒါရိုက်တာကူးက မေးသည်။
"အဲ့လိုမဟုတ်ပါဘူး။ ဒါပေမယ့် အနောက်တိုင်းရဲ့ မင်းသမီးရဲ့ အလှက ပြင်ပအလှ မဟုတ်ဘူး။ အတွင်းစိတ်လှတာ။ ပြီးတော့ အဲ့ဒါကို သရုပ်ဆောင်ဖို့ သူမအတွက် ခက်ခဲမယ်ထင်တယ်။"
တခြားသူပါ ပါဝင်ဆွေးနွေးလာကြသည်။
ရှီဝန်ဖေး အော်ရယ်လုနီးပါးဖြစ်သွားသည်။
ကျီလဲ့သည် ဤမျှအသုံးဝင်မည်ဟု သူမ မမျှော်လင့်ခဲ့သလို သူကအလွန်စိတ်အနှောက်အယှက်ဖြစ်စေမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
"လူများလှချည်လား" ဂျီဝမ်ဖုန်းက လမ်းလျှောက်လာရင်း ပြောလိုက်သည်။
ဒါရိုက်တာကူးက “သူတို့က ဇာတ်ကောင်ကို ပြောင်းစေချင်တယ်လို့ပြောနေကြတယ်"ဟု တိုက်ရိုက်ပြောချလိုက်သည်။
ဂျီဝမ်ဖုန်းသည် ကျီလဲ့နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ "သူမ သရုပ်တောင်မဆောင်ရသေးဘဲ အဓိပ္ပါယ်မရှိတာတွေပြောနေပြီ။ မင်းမှာ အချိန်ရရင် ဘာလို့ ဇာတ်ညွှန်းကိုသွားမဖတ်တာလဲ။ မင်း အရမ်းအချိန်အားနေတဲ့ပုံပဲ"
ကျီလဲ့ဒေါသအရမ်းထွက်ပြီး မျက်နှာနီရဲသွားသည်။
ဒါရိုက်တာကူးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ရှီရန်ရဲ့ သရုပ်ဆောင်ချက်က ဘယ်လိုလဲဆိုတာ ကြည့်လိုက်ရအောင်။ ပထမဆုံး သရုပ်မဆောင်ကြည့်ဘဲ တစ်ယောက်ယောက်ကို ဖြုတ်ပစ်လို့ မရဘူး။"
"ဟုတ်လား ကျွန်မအကြောင်းကို ပြောနေကြတာလား။"
အနောက်မှ ဆွဲဆောင်မှုရှိသောအသံတစ်ခု ထွက်ပေါ်လာပြီး မြင့်တက်လာသော လေသံသည် လူတိုင်း၏နှလုံးသားကို ငှက်မွှေးဖြူဖြူတစ်ခု ပွတ်သပ်သွားသလိုဖြစ်နေသည်။
အသံကြားရုံနဲ့ နှလုံးသားက ယားယံလာသည်။
သူတို့အားလုံး ခေါင်းလှည့်ကာကြည့်ကြသည်။
သူတို့ ပထမဆုံးမြင်လိုက်ရသည်မှာ နီရဲနေသောအနီရောင်ဖြစ်သည်။
အနီရောင်မျက်နှာခြုံလွှာအောက်တွင် သူမ၏ နှုတ်ခမ်းနီကို မကွဲမပြားသာတွေ့မြင်နိုင်ပြီးအနီရောင်မျက်လုံးလိုင်နာဖြင့် ဆွဲဆောင်မှုရှိသော မျက်လုံးတစ်စုံကိုသာ ဖော်ထားသည်။ သူတို့သည် မီးလျှံကဲ့သို့ ကျက်သရေရှိသောအရောင်အဝါနှင့် ပြည့်နှက်နေပြီး သူမ၏မျက်ခုံးကြားတွင် အနီရောင်သစ်ကြံပိုးခေါက်ပုံတစ်ခုရှိနေသည်။
သူမသည် နှစ်သက်ဖွယ်ကောင်းသောအနီရောင်အကဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ ဖြောင့်စင်းသွယ်လျသော လက်မောင်းကို ဖော်ထားသည်။ ဝတ်စုံက လှပပြီးဖြူဖွေးသောသူမခါးကို ဖော်ပြထားသည်။
"ဘာပဲဖြစ်ဖြစ် သူမ တကယ်ကိုလှတယ်"
"လှတာက ဘာကောင်းလို့လဲ။ သရုပ်ကောင်းကောင်းမဆောင်နိုင်ရင် ဒီအတိုင်းအဆင်းလှနေတာတစ်ခုပဲ"
“တကယ်လို့ နင့်မျက်နှာကို မပြဘဲ မျက်လုံးနဲ့သာ သရုပ်ဆောင်ရမယ်ဆိုရင်ကော သိပ်ခက်ခဲမှာမဟုတ်ဘူးလား။ သူမသာ သေချာလုပ်နိုင်ရင် ချီးကျူးခံရလိမ့်မယ်။ စောင့်ကြည့်နေလိုက်။"
ရှီဝန်ဖေးသည် သူမလက်ထဲတွင် ပန်ကာကို ဆုပ်ကိုင်ထားပြီး သူမ၏မနာလိုမှုကို ထိန်းချုပ်ရန် ကြိုးစားသည်။
ဒါရိုက်တာကူးသည် သူ့ထိတ်လန့်သွားမှုကနေ ပြန်လည်အဆင်ပြေလာပြီး ပြောလိုက်သည်။ "ရုပ်ရှင်ရိုက်မယ် အဆင်သင့်ပြင်ကြတော့။"
ရှီရန်သည် သူမ၏အနီရောင်ပိုးဖြင့်ချုပ်ထားသောဖိနပ်ကိုဝတ်ထားပြီး ရိုက်ကူးရေးနေရာဆီသို့ လျှောက်သွားစဥ် သူမ ခါးမှ ခေါင်းလောင်း မြည်နေသည်။
"အခန်း ၅၊ ပထမအကြိမ် အက်ရှင်"
နန်းတော်၏ဧည့်ခန်းမဆောင်တွင် အနောက်သံတမန်က ၎င်းတို့၏ မင်းသမီးလေး ကပြဖျော်ဖြေရန်အကြံပေးပြီး ဧကရာဇ်မင်းသည် သဘောတူကြောင်း လက်ဝှေ့ယမ်းလိုက်သည်။
စောင်းသံက မြစ်ရေလို တဟုန်းဟုန်းမြည်လာပြီး အနီရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးတစ်ယောက် ရုတ်တရက်ဝင်လာသည်။
ထိုအခိုက်တွင် စောင်းအသံသည် လျင်မြန်လာသည်။ လျင်မြန်သောဂီတသံများကြားတွင် ရှီရန် ရုတ်တရက် ကလိုက်သည်။ သူမလက်ထဲက ခေါင်းလောင်းသံက မိုးရွာသလိုပဲ အဆက်မပြတ် မြည်နေသည်။
ရုတ်တရက် မြင့်မားသောသံစဥ်တစ်ခု ထွက်ပေါ်လာပြီး သူမသည် ဖြည်းညှင်းစွာ ခုန်လိုက်ကာ သူမ၏ အနီရောင်စကတ်သည် နှင်းဆီပန်းပွင့်များကဲ့သို့ ပြန့်ကျဲသွားသည်။
သူမလက်ကို ဝှေ့ယမ်းပြီး ခြေထောက်ကို မြှောက်လိုက်သည်။ လှုပ်ရှားမှုတိုင်းသည် တစ်စုံတစ်ယောက်အား ဂီတထဲသို့ ဆွဲသွင်းရန် ကြိုးစားနေသကဲ့သို့ ညှို့ဓါတ်အပြည့်ရှိနေသည်။
အကပြီးဆုံးသွားသည်နှင့် တိတ်ဆိတ်သွားပေသည်။
လူတိုင်းသည် ထိုတောက်လောင်နေသောအကတွင်မျောပါသွားကာ အချိန်အကြာကြီး စကားမပြောနိုင်ဖြစ်သွားသည်။
"ကောင်းတယ်" ဧကရာဇ်အဖြစ်သရုပ်ဆောင်နေသည့်ကျီလဲ့သည် အာရုံပြန်ဝင်လာသည်။ ဒါရိုက်တာက ကတ်လုပ်သည်မတွေ့ရသဖြင့် သူက ချက်ချင်း လက်ခုပ်တီးလိုက်သည်။
အခြားသူများကလည်း လက်ခုပ်သြဘာပေးခြင်းတွင် ဆက်လက်ပါဝင်လာကြသည်။
ရှီရန်သည် ရှေ့သို့တိုးလာကာ လက်တစ်ဖက်ကို သူမ၏ဗိုက်ရှေ့တွင်ထားကာ အရိုအသေပေးလိုက်သည်။
ရာဇပလ္လင်ပေါ်ကဧကရာဇ်ကို မော့ကြည့်လိုက်ရင်း သူမမျက်လုံးများထဲတွင် ခံစားချက်လှိုင်းလုံးများပွက်ထနေသည်။
ဧကရာဇ်သည် ဝမ်းမြောက်သွားသည်။
"အနောက်တိုင်းဒေသကမင်းသမီးက နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်တာတော့အမှန်ပဲ။ သူမအကက အရမ်းကိုလှတယ်။ ကမ္ဘာပေါ်မှာ နံပါတ်တစ်အလှတရားက ဘယ်လိုပုံစံလဲဆိုတာ ငါကိုယ်တော် ကြည့်ရအောင် မင်းသမီးက မျက်နှာခြုံလွှာကို ဘာလို့မချွတ်သေးတာလဲ?"
လူတိုင်း၏မျှော်လင့်ချက်အကြည့်များအောက်တွင် ထိုပျော့ပျောင်းလှသောလက်များသည် မျက်နှာခြုံလွှာပေါ်၌ ရပ်နားကာ ၎င်းကိုဖြည်းညှင်းစွာဖယ်ရှားပစ်လိုက်သည်။
သူမ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံး အသက်ရှူသံ မြန်လာသည်။
မျက်နှာခြုံလွှာကို ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက် ဟင်းခနဲဟာခနဲသံများထွက်လာသည်။
လက်ဖဝါးအရွယ်လောက်သာရှိသောသူမ၏မျက်နှာပေါ်တွင် သူမ၏မျက်နှာသွင်ပြင်မှာ သပ်ရပ်လှပပြီး ကောင်းမွန်စွာ အချိုးကျနေသည်။ သူမမျက်လုံးတစ်စုံတည်းကတောင် စွဲဆောင်မှုအပြည့်ရှိနေသည်။
ထိုအချိန်တွင် သူမ၏မျက်နှာတစ်ခုလုံး ပေါ်လာသည်။ သူမသည် ဆွဲဆောင်မှုနည်းသောပုံပေါက်သော်လည်း သူမသည် ပို၍ဖြူစင်ပုံပေါက်နေသည်မှာ သေချာသည်။
ဖြူစင်ပြီး ဆွဲဆောင်မှုရှိသောအလှတရား၊ အမှန်တကယ်ပင် ကမ္ဘာပေါ်ရှိအံ့အားသင့်စရာအလှတရားပင်ဖြစ်သည်။
ဧကရာဇ်မင်းသည် သူမ၏အလှတရားကြောင့် စွဲလမ်းသွားပြီး ကိုယ်လုပ်တော်ရန်အဖြစ်ချက်ချင်း အပ်နှင်းလိုက်သည်။
'ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။'
"ကတ်၊ မဆိုးဘူး" ဒါရိုက်တာကူးအသံထွက်လာသည်။
တခဏချင်းတွင် သူမ၏မျက်လုံးများထဲကစွဲဆောင်မှုကမှေးမှိန်သွားပြီး အေးစက်ခြင်းအရိပ်အယောင်များ ထပ်မံထွက်ပေါ်လာသည်။
တခဏချင်းတွင် သူမသည် စွဲဆောင်မှုရှိသောအလှလေးကနေ အေးစက်သောအလှလေးအဖြစ် ပြောင်းလဲသွားသည်။
"မင်း သေချာကနိုင်တာပဲ။ ဒီမနက်ကမှ အကကို သင်ယူခဲ့တာကော ဟုတ်လို့လား"
"ဒီမနက်မှာ သူမ အကသင်နေတာကို ငါတွေ့တော့ ဒီလောက်တောင် အလုပ်ဖြစ်မယ်လို့မထင်ထားဘူး"
"အဲ့ဒီမျက်လုံးတွေ... သူမ ငါ့ကိုကြည့်တဲ့အခါ မှာ ငါ ထုံအသွားတယ်။"
"အစ်ကိုလဲ့ အခုနကအံ့သြသွားတာအကြာကြီးပဲ။ သူလည်း စွဲဆောင်ခံလိုက်ရတာလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?" ရှီဝန်ဖေး ယုံရခက်နေသည်။
ရှီရန်သရုပ်ဆောင်တာက အမြဲတမ်း သဘာဝမကျဖြစ်နေတာကို အခုနက အသက်ဝင်နေတဲ့အကြည့်တွေက သူမ သရုပ်ဆောင်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဂျီဝမ်ဖုန်း၏တည်နေရာသို့ သူမ ခေါင်းလှည့်ကြည့်လိုက်သည်။
ဒါက ဂျီဝမ်ဖုန်းကြောင့်ပဲ။
ဂျီဝမ်ဖုန်းက ရှီရန်အတွက် လေ့ကျင့်ခန်းအချို့ ပြုလုပ်ခိုင်းခဲ့တဲ့ပုံပဲ။
ဒီဟာမက တကယ်ကံကောင်းနေတယ်
ဂျီဝမ်ဖုန်းသည် ရှီရန်ဆီသို့ လျှောက်သွားပြီး ရေတစ်ပုလင်း ပေးလိုက်သည်။ "အဆင်ပြေရဲ့လား။ ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူး" ရှီရန်က တည်ငြိမ်စွာပြောသည်။
ဤစာအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် မူရင်းရှီရန်သည် အလွန်အားနည်းကြောင်း သူမသဘောပေါက်သွားသည်။
ယခုမူ သူမ နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေသဖြင့် သူမ၏ကိုယ်ခံအားက တဖြည်းဖြည်း သန်မာလာသည်။
၎င်းသည် အကကခြင်းသာဖြစ်သည်။ သူမ၏အားအများကြီး မကုန်ခမ်းသွားပေ။
ဂျီဝမ်ဖုန်းသည် ကျီလဲ့ကို တစ်ချက်ကြည့်လိုက်သည်။
ကျီလဲ့လက်ထောက်နဲ့ မိတ်ကပ်ပညာရှင်က သူ့ကို ဝန်းရံထားပြီးသားဖြစ်သည်။ သူတို့က သူ့မိတ်ကပ်ကို ပြန်ပြင်ဆင်ပေးပြီး သောက်ရေလှမ်းပေးနေကြသည်။
ဂျီဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်းအတွက် လက်ထောက်နဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ရအောင် ကုမ္ပဏီကို ငါ နောက်မှ ပြောလိုက်မယ်"
"အိုကေ" ရှီရန်၏သဘောထားသည် သာမန်ကာလျှံကာပင်ဖြစ်နေသည်။
ဒါရိုက်တာကူးက အပြုံးတစ်ခုပန်ဆင်ကာလျှောက်လာသည်။ "ပထမတော့ မင်း ကောင်းကောင်းမလုပ်နိုင်မှာကို ငါစိုးရိမ်နေတာ။ အခုကြည့်ရတာတော့ ငါ အတွေးလွန်သွားတဲ့ပုံပဲ။ မင်းရဲ့ သရုပ်ဆောင်မှုစွမ်းရည်က အရမ်းတိုးတက်လာတယ်။"
ထိုအချိန်တွင် သူသည် မော်နီတာဖန်သားပြင်ကနေ ကြည့်နေခဲ့ကာ သူမ၏စွဲမက်ဖွယ် အမူအရာများကြောင့် အနည်းငယ် မှင်တက်သွားသည်။
"မမ အရမ်းတော်တာပဲ" ရှီဝန်ဖေးက ရှေ့ကို တိုးလိုက်သည်။ "နောက်ထပ် ဇာတ်ကွက်တစ်ခု ရှိသေးတယ်။ အဲဒါက ငိုရမယ့်ဇာတ်ကွက်လို့ ကြားတယ်။ မမ အဆင်ပြေမှာ အသေအချာပဲ"
တခြားသူများက ရှီဝန်ဖေးစကားကြောင့် ကျယ်လောင်စွာ ရယ်မောကြသည်။
"ငိုရတဲ့ရိုက်ကွက်၊ ရှီရန်က ငိုရမယ်?"
"သူမမျက်နှာလေးနဲ့ ကတာကအဆင်ပြေနိုင်ပေမယ့် ငိုတဲ့ရိုက်ကွက်? သူမက ငိုနိုင်လို့လား?"
"သူတို့မှာ မျက်စဉ်းခပ်ဆေးတွေ ရှိသေးလား။ ရှီရန်ကအဲ့ဒါနဲ့ပဲ ငိုနိုင်တာလို့ ငါကြားဖူးတယ်။"
"သူမ မျက်စဉ်းခပ်ဆေးအသုံးပြုတာတောင် ဆိုးဆိုးရွားရွား သရုပ်ဆောင်ခဲ့တယ် မဟုတ်ဘူးလား"
"ဒါက ရှီရန်ရဲ့ဆိုးရွားတဲ့သရုပ်ဆောင်မှုကို ငါ ပထမဆုံးမြင်ဖူးတာဖြစ်လိမ့်မယ်။ ငါ အဲ့ဒါကို ကိုယ်တိုင်တွေ့ရဖို့မစောင့်နိုင်တော့ဘူး"