၁၉
Viewers 129

"အင်း" ရှီရန်က ခေါင်းညိတ်ပြီး ဇာတ်ညွှန်းကို လှန်ကြည့်လိုက်သည်။

"ဒါရိုက်တာကူး က ရှေးခေတ်ဒရာမာတွေကို အကောင်းဆုံးရိုက်ကူးနိုင်တယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူရိုက်ကူးခဲ့တဲ့ ဒရာမာတွေအားလုံးက ရေပန်းစားလာခဲ့တယ်။ ဒါပေမယ့် ဒီဒရာမာက အရမ်းကွာခြားတယ်။"

"ဒါက ဒါရိုက်တာကူးရဲ့ ပထမဆုံး အမျိုးသမီးဇာတ်ဆောင်ဒရာမာ။ ကျုံးကော်ပိုရေးရှင်းတစ်ခုတည်းက ယွမ် သန်း ၆၀ တောင် ရင်းနှီးမြှုပ်နှံထားတယ်။"

'ကျုံးကော်ပိုရေးရှင်း?'

ရှီရန်က မျက်ခုံးပင့်လိုက်သည်။

မူရင်းစာအုပ်တွင် ဤဒရာမာကို ကျုံးကော်ပိုရေးရှင်းမှ အမှန်တကယ်ရင်းနှီးမြှုပ်နှံခဲ့သည်။

ဤဒရာမာဖြင့် ကျုံးကော်ပိုရေးရှင်းက အမြတ်အများကြီးရခဲ့ပြီး ကျုံးယူဖန်သည်လည်း ကျုံးမိသားစုတွင် သူ့နေရာကို ပိုတည်ငြိမ်ခိုင်မာစေသည်။

"မင်းအပိုင်းက နည်းပေမယ့် မင်းနဲ့ လိုက်ဖက်တယ်လို့ ငါထင်တယ်။ မင်းသာ သေချာ သရုပ်ဆောင်နိုင်ရင် မင်း အောင်မြင်လာလိမ့်မယ်။"

ရှီရန်က ဇာတ်ညွှန်းကို ပိတ်လိုက်သည်။

ရာဇပလ္လင်တိုက်ပွဲ ပြီးဆုံးသောအခါ ဧကရာဇ်မင်းသည် နန်းတွင်းကို တည်ငြိမ်စေကာ တိုင်းပြည် သာယာဝပြောပြီး ပြည်သူပြည်သား စိတ်ငြိမ်းချမ်းသွားကြောင်း ဒရမ်မာက ဖော်ပြထားသည်။ သို့သော်လည်း မောင်းမ​ဆောင်တွင် ဧကရီနှင့် ကြင်ယာတော်တို့သည် အာဏာရရန် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။

စွမ်းရည်ပြပွဲတစ်ခုမှတစ်ဆင့် လူသစ်များ ဝင်​ရောက်လာပြီး ဤတိုက်ပွဲတွင် ပါဝင်သူများ ပိုမိုများလာခဲ့သည်။

ဧကရာဇ်သည် သူ၏နယ်မြေကို ချဲ့ထွင်သောအခါ အနောက်နိုင်ငံငယ်များက ခုခံခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် သူ့ကို မယှဉ်နိုင်ဘဲ နောက်ဆုံးတွင် လီ၏ လက်အောက်ခံနိုင်ငံဖြစ်လာခဲ့သည်။

ရှီရန်၏ အခန်းကဏ္ဍဖြစ်​သော အနောက်တိုင်းဒေသငယ်လေးမှမင်းသမီးလည်း ထိုနှစ်တွင်ပင် နန်းတော်သို့ စေလွှတ်ခံခဲ့ရသည်။

အနောက်တိုင်းဒေသမှမင်းသမီး၏ချစ်သူသည် တိုက်ပွဲတွင် ကျဆုံးသွားသောကြောင့် ကလဲ့စားချေရန်အတွက် ဧကရာဇ်၏အာရုံကို ဆွဲဆောင်ရန် ပွဲ၌အတတ်နိုင်ဆုံး ကပြခဲ့သည်။ ထို့နောက် သူမသည် ကိုယ်လုပ်​တော်ယန်ဖြစ်လာပြီး ထိုညတွင် သူ့ကို ပြုစုခဲ့ရသည်။

ဧကရာဇ်၏အိပ်ရာပေါ်တွင် အနောက်တိုင်းဒေသမှမင်းသမီးသည် ဧကရာဇ်မင်းကို သူမအလှတရားဖြင့်ဆွဲ​ဆောင်သည်။

ဧကရာဇ်မင်းသည် သူမ၏အလှကို စွဲလမ်းနေချိန်တွင် အနောက်တိုင်းဒေသခံမင်းသမီးသည် ဓားမြှောင်ကိုထုတ်ကာ သူ့ကို ဓားဖြင့်ထိုးရန် ကြိုးစားသည်။ သို့သော်လည်း သူမက ဧကရာဇ်မင်း၏ဖမ်းချုပ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် မိမိကိုယ်ကို သတ်သေခဲ့သည်။

မူရင်းစာအုပ်တွင် "နှောင်ဖွဲ့နန်းတော်" ကို ထုတ်လွှင့်သောအခါတွင် မင်းသမီးသည် ဇာတ်ကောင်ကို ကောင်းစွာသရုပ်မ​ဆောင်နိုင်သောကြောင့်  အဆက်မပြတ်ဝေဖန်ခံခဲ့ရသည်။

နှောင်ဖွဲ့နန်းတော် ရေပန်းစားနေသရွေ့ မင်းသမီးသည် အဆက်မပြတ်အဆဲခံရသည်ဟု ဆိုနိုင်သည်။

၎င်းသည် အလွန်ခက်ခဲသောအခန်းကဏ္ဍတစ်ခုဖြစ်သည်။

“အဲဒီတုန်းက ဒါရိုက်တာကူး နဲ့ငါက အနောက်တိုင်းဒေသရဲ့မင်းသမီးအခန်းကဏ္ဍအတွက် သင့်တော်တဲ့သူကို ရှာမတွေ့ဘူးလို့ ညည်းညူနေကြတာ။ ဒါပေမဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးတာနဲ့ မင်းကို ငါ ချက်ခြင်း တွေးမိသွားတယ်။"

ဂျီဝမ်ဖုန်းက ရှီရန်ရှေ့တွင် လက်ဖက်ရည်ပူပူတစ်ခွက်ကို ချထားပြီး "အပိုင်းက အများကြီးမရှိပေမယ့် ဒါက သရုပ်ဆောင်မှုစွမ်းရည်စမ်းသပ်မှုတစ်ခုပဲ။ ဘယ်လိုလဲ။ မင်း ယုံကြည်ချက်ရှိလား" ဟုဆက်​ပြောသည်။

"ရှိတာ​ပေါ့။" ရှီရန်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။

"ဒါပေမယ့် ဒီဇာတ်လမ်းတွဲမှာ အမျိုးသမီး ဇာတ်ဆောင်က ရှီဝန်​ဖေးဖြစ်တယ်ဆိုတာမင်းကို ပြောဖို့ ကျန်သေးတယ်။ ရင်းနှီးမြှုပ်နှံသူက မင်းစေ့စပ်ထားသူရဲ့ကုမ္ပဏီလည်း ဖြစ်တယ်။"

"အဲ့​တော့?" ရှီရန်က လုံးဝ ဂရုမစိုက်ပေ။

ဂျီဝမ်ဖုန်း ကျေနပ်စွာ ပြုံးလိုက်သည်။ “ဒီဒရာမာက ရိုက်ကူးနေတာ ရက်ပိုင်းပဲ ရှိသေးတယ်။ မင်းကို ဒါရိုက်တာကူးဆီ မနက်ဖြန် ခေါ်သွားပေးမယ်။"

"ကောင်းပါပြီ။"

...

နှောင်ဖွဲ့နန်းတော်၏သရုပ်ဆောင်များ၏နား​နေခန်း၌

"နှောင်ဖွဲ့နန်းတော်" မှာ နင်ပါမယ်ဆိုတဲ့သတင်းထွက်လာပြီးတဲ့နောက်ပိုင်း ဒီဒရာမာရဲ့ ရေပန်းစားမှုက ထိပ်တန်းဒရာမာတချို့နဲ့ ယှဉ်လို့တောင်ရတယ်။ ဒါရိုက်တာကူးက အမြဲတမ်း သရုပ်ဆောင်ရွေးချယ်တာကောင်းမွန်တဲ့အတွက် ဒါက နင့်သရုပ်ဆောင်မှုစွမ်းရည်ကို သက်သေပြလိုက်တာပဲ"

မန်နေဂျာသည် အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များကို လှန်ကြည့်ကာ ခေါင်းငြိမ့်၍ ပြုံးပြသည်။

"အဲဒီတုန်းက ရုပ်ရှင်ဘုရင်မဝန်'ခမ်းနားတဲ့အင်ပါယာမြို့​​တော်'မှာ အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်မယ်ဆိုတာနဲ့ သူမက အစကနေ အဆုံးအထိ ဝေဖန်အပြစ်တင်ခံခဲ့ရတယ်။"

"ငါ မမျှော်လင့်ထားတဲ့အရာက အဲ့ဒီဒရာမာကို ထုတ်လွှင့်ချိန်မှာ အင်တာနက်သုံးစွဲသူတွေက စိတ်ပြောင်းပြီး ရုပ်ရှင်ဘုရင်မဝန်ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို အားလုံးက သဘောကျခဲ့ကြတယ်။ သူမက အဲ့ဒီဒရာမာကြောင့် အဆင့် Bထဲကိုဝင်လာပြီး အခုဆိုထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ယောက်တောင်ဖြစ်နေပြီ။"

"အခု နင် 'နှောင်ဖွဲ့နန်းတော်' မှာ သရုပ်ဆောင်နေပြီဆိုတော့ ဒီရှိုးနဲ့ ထိပ်တန်းစာရင်းတောင်ဝင်သွားနိုင်တယ်။"

ဆိုဖာပေါ်တွင်ထိုင်ကာ ဇာတ်ညွှန်းကို ဖတ်ရင်း  ရှီဝန်​ဖေးက ထိုစကားများကို ကြားလိုက်ရသောအခါ မျှော်လင့်ချက်မြင့်တက်သွားသည်။

ထို့နောက် သူမသည် မထီမဲ့မြင်စွာ ပြုံးလိုက်သည်။ " ရှီရန်က ငါ့ကို အသံဖိုင်ရယ်၊ဗီဒီယိုတစ်ခုနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာ။ ဘယ်လောက်တောင် နုံအလိုက်သလဲ။"

အေးဂျင့် ပြုံးလိုက်သည်။ "နင့်သတင်းကိုမြင်ပြီ သူမဒေါသထွက်နေ​လောက်ပြီ။ သူမက နင့်ကိုနာမည်ကြီးအောင် အလကားလုပ်ပေးလိုက်သလိုဖြစ်သွားပြီ။ အခု နင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က အရှိန်နဲ့တက်နေပေမယ့်  သူမက​ကော? အင်တာနက်အသုံးပြုသူတွေကတော့ သူမကို မေ့နေတာကြာပေါ့။"

"အခု သူမ နောက်ကွယ်မှာ​ထောက်ပံ့ပေးတဲ့သူရလာပြီး ဒီရက်ပိုင်း သူမ အရမ်း ငြိမ်နေလို့ ကြီးကြီးမားမား တစ်ခုခုကြံနေမှာကို ငါ စိုးရိမ်မိတယ်။" ရှီဝန်​ဖေး၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။

ယခင်အဖြစ်အပျက်ပြီးနောက်တွင် ရှီရန်သည်တစ်ခုခုကွဲပြားခြားနားလာသည်ဟု သူမခံစားလာရသည်။

ရှီရန်သည် KT အဖွဲ့နှင့်ပတ်သက်နေမည်ဟု သူမ မမျှော်လင့်ထားသောကြောင့် သူမကို ဤမျှဒုက္ခပေးနိုင်ခဲ့သည်မှာ အံ့သြစရာမရှိပေ။

"သူမရဲ့ လက်ရှိနာမည်ပုံရိပ်နဲ့ဆိုရင် သူမကို ဘယ်အေးဂျင့်မှလက်ခံချင်မှာ မဟုတ်ဘူး။ စာချုပ်ဖျက်သိမ်းပြီးကတည်းက သူမဆီက ဘာသတင်းမှမကြားရသေးဘူး။ သူမက အနုပညာနယ်ပယ်ကထွက်သွားတာ ဖြစ်နိုင်တယ်။"

"ဒါ့အပြင် သူမ အနုပညာနယ်ပယ်မှာရှိနေသေးရင်ကော ဘာဖြစ်လဲ။ နင် အခုထိအောင်မြင်ရရှိလာတာ​တွေက သူမဘယ်တော့မှ လက်လှမ်းမမီနိုင်တဲ့အရာတွေပဲ။"

"သူမကိုယ်ကို အလကားပေးရင်တောင် ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်နိုင်မှာမဟုတ်ဘူး။ သူမကို ကြောက်စရာမလိုဘူး။"

အေးဂျင့်က ခနဲ့ပြီး ရှီရန်ကို လုံးဝ အ​ရေးမလုပ်​ပေ။

ရှီဝန်​ဖေးသည် ၎င်းကိုကြားပြီးနောက် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိကာ သူမ၏ကနဦးစိုးရိမ်မှုက ချက်ချင်းပျောက်ကွယ်သွားသည်။

နောက်နေ့တွင်

ဂျီဝမ်ဖုန်း၏အဖြူရောင်မာစီဒီးကားသည် ရှီရန်၏တိုက်ခန်း အပြင်ဘက်တွင် ရပ်ထားသည်။

သူသည် ပေါ့ပေါ့ပါးပါးနှင့် တောက်ပြောင်စွာ ၀တ်ဆင်ထားဆဲဖြစ်သည်။ နေကာမျက်မှန်ကို ၀တ်ဆင်ထားပြီး ဆွဲ​ဆောင်မှုရှိသော မုတ်ဆိပ်ငုတ်တိုနှင့် ကြေးဝါရောင်အသားအရည်ဖြင့် ကားကို မှီကာ နိုင်ငံတကာအဆင့်အမျိုးသားမော်ဒယ်လ်တစ်ဦးနှင့် တူသည်။

သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။သူ ပြန်မော့ကြည့်လိုက်သောအခါတွင် အံ့အားသင့်သွားသည်။

နေကာမျက်မှန်ကို ချွတ်လိုက်သောအခါတွင် သူ၏အမြင်အာရုံသည် ပိုမိုကြည်ကာတောက်ပလာသည်။

ဇာတ်ရုပ်နှင့် ကိုက်ညီရန်အတွက် ရှီရန်သည် အနီရောင်သားရေဝတ်စုံကို ၀တ်ဆင်ထားသည်။

အနီရောင်သည် အမြဲတမ်း ဝတ်ရခက်သောအရောင်ဖြစ်သည်။ သတိမထားမိပါက ဖက်ရှင်​ဟောင်းဖြစ်နေလိမ့်မည်။

သို့​သော် ထိုအရောင်ကို ရှီရန်ဝတ်ဆင်လိုက်သောအခါတွင် သူမရဲ့ အသားအရေသည် နှင်းလို ဖြူဖွေးပြီး သူမမျက်နှာကို ပိုလို့တောင် ဆွဲ​ဆောင်မှုရှိ​စေသည်။

သူမ၏ရှည်လျားသောအနက်ရောင်ဆံပင်အကောက်များသည် သူမ၏ခါးတစ်ဝိုက်တွင် ပြန့်ကျဲနေပြီး သူမ၏လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ် ဝေ့ယမ်းနေသည်။

သူမသည် ယနေ့တွင် မက်မွန်ပန်းပွင့်မိတ်ကပ်ကို တမင်တကာ ပြင်ဆင်လိမ်းထားသောကြောင့် အရင်က သူမပုံစံထက် မအေးစက်ပုံပေါ်သည်။

သူမ၏နှာတံထိပ်က မှဲ့လေးက ထိုမိတ်ကပ်အောက်တွင် ပိုလို့တောင် နှစ်လိုဖွယ်​ကောင်းပုံ​ပေါ်သည်။

သားရေစကတ်က တင်းကျပ်သော ဒီဇိုင်းပုံစံရှိသည်။ သူမ၏ခါးသည် သေးသွယ်ပြီး ရှည်လျားလှသောခြေတံများသည် ငွေရောင်ဒေါက်မြင့်ဖိနပ်များဖြင့် လိုက်ဖက်ပေသည်။

ဂျီဝမ်ဖုန်းက သူ့မျက်လုံးများ ကောင်းချီး​ပေးခြင်းခံရသည်ဟု ခံစားရသည်။

ရှီရန်သည် မိတ်ကပ်မလိမ်းဘဲ လှပသော်လည်း သူမသည် အမြဲတမ်း ထူထဲသောမိတ်ကပ်ကို လိမ်းထားသောကြောင့် သူမ၏အရှိန်အဝါက ချဉ်းကပ်ရခက်ပုံ​ပေါက်​နေသည်။

သို့သော် လက်ရှိအခြေအနေတွင်...

အနောက်နိုင်ငံမှမင်းသမီးသည် ဇာတ်ညွှန်းမှ ခုန်ထွက်ကာ သူ့ရှေ့သို့ ဆင်းသက်လာသည်ဟု သူ ခံစားမိသည်။

သူမ၏လှုပ်ရှားမှုတိုင်းသည် လှပပြီး ဆွဲဆောင်မှုရှိသည်။

ဂျီဝမ်ဖုန်းသည် လက်​ဖျောက်တစ်ချက်တီးပြီး ချက်ခြင်းပင် သတိပြန်ကပ်လိုက်သည်။

သူသည် ကြက်​သေသေလုနီးပါး ဖြစ်သွားပြန်သည်။

သူ့နှာခေါင်းက နွေးနေသလို ခံစားရသည်။

ချက်ချင်းပင် သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ကံကောင်းထောက်မစွာ ၎င်းသည် ရှက်စရာကောင်း​သောနှာခေါင်းသွေးယိုခြင်း မဟုတ်ပေ။

ဂျီဝမ်ဖုန်းကားပေါ်တက်သွားသောအခါ  သူ့နှလုံးခုန်ရပ်သွားသည်။ သူ့မျက်လုံးများက နောက်ကြည့်မှန်ကနေတဆင့် ကြောင်နဲ့တူသောမျက်လုံးနဲ့ ဆုံမိသွားသည်။

'ကျေးဇူးပြုပြီး သူမကိုကြည့်နေတာကို ရပ်လိုက်စမ်းပါ'

မနက်အစောကြီးကတည်းကပင် အလွန်စိတ်လှုပ်ရှားနေပါက နောက်ပိုင်းတွင်​ရောက်လာမည့်စိတ်လှုပ်ရှားမှုကို သူ မခံနိုင်​လောက်​ပေ။

သူ့ကိုယ်သူ စိတ်တည်ငြိမ်​အောင်လုပ်ပြီးနောက် ဂျီဝမ်ဖုန်းက "ဇာတ်ကောင်​နေရာက ဆုံးဖြတ်ပြီးပြီဆိုပေမယ့် မင်း ဇာတ်ရုပ်နဲ့ပိုတူလာတဲ့အတွက် ဒါရိုက်တာကူးနဲ့တွေ့စေချင်တယ်" လို့ ပြောသည်။

"တကယ်တော့ ငါ စတိုင်လစ်တစ်ယောက်ကို​တောင် ချိန်းထားပြီးသား။ မင်းက ငါ့အ​တွေးနဲ့ ထပ်တူကျနေမယ်လို့တောင် ငါမထင်ထားခဲ့ဘူး။ ဒါရိုက်တာကူးက အရမ်းစည်းကမ်းတင်းကြပ်တဲ့အတွက် မင်း ပြင်ဆင်ထားတာ ပိုကောင်းမယ်။"

"ဟင်?" ရှီရန်ကို မော့ကြည့်လိုက်ပြီး သူမ၏ မေးခွန်းထုတ်သောလေသံမှာပင် စွဲဆောင်မှုရှိသည်။

သို့သော် သူမ၏မျက်လုံးများသည် အပြစ်ကင်းစင်ပြီး သံသယများဖြင့် ပြည့်နှက်နေသည်။

ဖြူစင်သော်လည်း ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် အနောက်တိုင်းဒေသ၏ မင်းသမီး၏ပုံစံပင်ဖြစ်သည်။

ယခုအချိန်တွင် နှောင်ဖွဲ့နန်းတော်၏အဖွဲ့သားများ ရိုက်ကူးရေးလုပ်​နေသည်။

"ကတ်" ဒါရိုက်တာကူး၏အသံထွက်လာပြီး သူနှင့်ဆန့်ကျင်ဘက်၌ရှိ​သောသရုပ်ဆောင်သည် သရုပ်ဆောင်ရပ်သွားသည်။

"မဆိုးပါဘူး။" ကူးသည် မော်နီတာပေါ်တွင် ပြန်လည်ပြသမှုကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်သည်။

ဝန်​ဖေးလမ်းလျှောက်လာသည်ကိုတွေ့တော့ ဒါရိုက်တာကူးက သူ့ချီးကျူးမှုကို မတွန့်တိုနေ​ပေ။ "မင်း ဒီအပိုင်းမှာ ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့တယ်"

ရှီဝန်​ဖေးရှက်ပြုံးလေးပြုံးသည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာကူး"

ထိုအချိန်တွင် ဒါရိုက်တာကူးက ဖုန်းလက်ခံရရှိခဲ့သည်။ ထို့နောက် သူ့ဘေးနားရှိ ဝန်ထမ်းကို လက်ဝှေ့ယမ်းလိုက်သည်။ "ဂျီဝမ်ဖုန်း ဒီကိုရောက်နေပြီ။ သူတို့ကို အပြင်ကနေ ခေါ်လာပေးကြဦး။"

ဂျီဝမ်ဖုန်း

ရှီဝန်​ဖေးသည် ထိုနာမည်ကိုကြား၍ အံ့အားသင့်သွားသည်။

သူသည် မရေမတွက်နိုင်သောနာမည်ကြီးများကို ဖန်တီးပေးနိုင်ခဲ့သော နိုင်ငံရှိထိပ်တန်းအေးဂျင့်များထဲမှတစ်ဦးဖြစ်သည်။

'ဒါပေမယ့် သူ ဖျော်ဖြေရေး လုပ်ငန်းကနေ ထွက်သွားပြီလို့တောင် ငါထင်နေတာ။'

ရှီဝန်​ဖေးတွေးနေမည့်အရာကို မှန်းဆမိ၍ ဒါရိုက်တာကူးက ပြုံးပြီး "လူသစ်တစ်ယောက်ကြောင့် မကြာသေးခင်ကမှ သူပြန်ဝင်လာတာ။ သူလည်း ရိုက်ကူး​ရေးအဖွဲ့ထဲကို နှစ်ရက်လောက်ကြာရင် ဝင်လာမှာ။ ကြည့်လိုက်ဦး၊ သူက ငါ့ကိုတွေ့​ပေးဖို့ သူ့အနုပညာရှင်ကို ခေါ်လာတာ​လေ။" ဟု ပြောသည်။