ရှီရန်၏နောက်ကျောသည် ကားတံခါးနှင့်ထိနေပြီဖြစ်သည်။
ချူးကျင်းချန်းသည် ညာလက်မောင်းကို ဆန့်တန်းထားပြီး သူ့လက်သည် သူမဘေးနားရှိ ကားပြတင်းပေါက်ကို ဖိထားသည်။
သူမ မော့ကြည့်လိုက်သည်။
ကားထဲရှိအလင်းရောင်က မှိန်ဖျော့နေသော်လည်း သူ၏ပြုံးနေသောမျက်လုံးများကို သူမ မြင်နိုင်သေးသည်။
သူမ၏နှုတ်ခမ်း အနည်းငယ် ပွင့်သွားသည်။ သူမစကားပြောခါနီးတွင် ချူးကျင်းချန်းသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ရှီရန် ရှောင်ရန်အတွက် မျက်နှာလွှဲလိုက်သည်။
သို့သော် နေရာက ကျဥ်းမြောင်းလှသဖြင့် ရှောင်လွှဲလို့မရပေ။
ရှီရန်က နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူမ လက်ကို ဘေးနားကို ရွှေ့လိုက်သည်။
သူမ လှုပ်ရှားမည့်အချိန်မှာ သူက အေးစက်နေသောလက်ဖဝါးကို သူမ၏လည်ပင်းနားမှာ တင်ထားပြီး သူမသွေးလွှတ်ကြောကို လက်မနဲ့ ပွတ်နေသဖြင့် စပ်ဖျဥ်းဖျဥ်းပြီး ထုံကျင်လာသလို ခံစားရသည်။
သူမ တောင့်တင်းသွားသည်။
သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက ချူးကျင်းချန်းသည် ရေချိုးကန်ထဲမှာ ထိုကဲ့သို့အလားတူတစ်ခုလုပ်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူမလက်ကောက်ဝတ်ကို သူချိုးလုနီးပါး ဖြစ်သွားသည်။
'အခုကော...?'
ရှီရန်၏ခန္ဓာကိုယ်သည် တင်းမာလာသည်။
ချူးကျင်းချန်း နောက်တစ်ကြိမ်လှုပ်ရှားလာပါက သူမ ပြန်တိုက်ခိုက်မည်။
ပွတ်သပ်နေခြင်း ရပ်တန့်သွားသည်။
သူမ၏အကြည့် စူးရှလာသည်။
နောက်အခိုက်အတန့်တွင် ချူးကျင်းချန်းသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ရှီရန်က အံ့သြသွားကာ တချက်ကြည့်သည်။
သူမ မြင်သည်မှာ သူ့လက်မသည် အနီရောင်ပြောင်းသွားပေသည်။
၎င်းသည် သွေးဖြစ်သည်။
"လည်ပင်းကသွေးတွေ မမြင်မိဘူးမလား" ချူးကျင်းချန်း မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရုတ်တရက် သူ ရယ်မောကာ စနောက်၍ ပြောလိုက်သည်။ "ကျွန်တော်က ဘာလုပ်မယ်လို့ ထင်နေတာလဲ"
"ဘာမှမထင်ပါဘူး" ရှီရန်က သူမ၏ပုံမှန်အမူအရာကို ထိန်းသိမ်းရင်း ပြောလိုက်သည်။
"အိုး?" ချူးကျင်းချန်းက သူ့အသံကို မြှင့်လိုက်ပြီး သူ့အနက်ရောင်မျက်လုံးများက ရှီရန်ရဲ့ လည်ပင်းပေါ်ကို ပြန်ရောက်သွားသည်။
သူ၏အသံနက်ကြီးဖြင့် ဆက်ပြောသည်။ "အရင်တစ်ခေါက်တုံးက မင်း ကျွန်တော့်လည်ပင်းမှာ အမှတ်တစ်ခု ထားခဲ့တယ်။ အပေးရှိရင် အယူရှိရမယ်ဆိုတော့ မင်းအတွက် ကျွန်တော်လည်း အမှတ်တစ်ခုထားပေးသင့်တယ်မလား။"
သေချာသည်မှာ ရှီရန်က ငြင်းချင်သည်။
အကယ်၍ ယခုသည် သူမ၏အရင်ဘဝဖြစ်ခဲ့လျှင် သူမသည် သူ့ကို ထိုးကြိတ်ပြီး သင်ခန်းစာတစ်ခု သင်ပေးလိမ့်ပေမည်။
သို့သော် ယခုသည် စာအုပ်ထဲမှာ သူမ ရောက်နေသည်။
ထိုလူသည် စာအုပ်ထဲရှိအကြီးကျယ်ဆုံးဗီလိန်ဖြစ်သည်။ သူ့မှာ အင်အားကြီးသောနောက်ခံရှိပြီး သဘောထားသေးသိမ်ပြီး ရန်ငြိုးကြီးသည်။
ယခု သူ့ကို ဆန့်ကျင်စော်ကားရန် သူမ မတတ်နိုင်ပေ။
သူမ၏အတွေးများ ပြင်းထန်စွာထွက်ပေါ်လာသည်နှင့်အမျှ သူမသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူမ၏လည်ပင်းကို ချူးကျင်းချန်းအား ပြလိုက်သည်။ "ရှင် တစ်ခု ချန်ထားခဲ့လို့ရတယ်။"
သူမ၏သဘောထားသည် ပြတ်သားလွန်းသဖြင့် လူအချို့၏မျက်ခုံးကိုပင် ပင့်သွားစေနိုင်လိမ့်မည်။
ချူးကျင်းချန်း ချဉ်းကပ်လာသည်နှင့်အမျှ သူ၏နွေးထွေးသောအသက်ရှုသံများက သူမ၏လည်ပင်းပေါ်သို့ ကျရောက်ကာ အနည်းငယ်ယားယံသွားစေသည်။
ကားထဲရှိအပူချိန်ကမြင့်တက်လာသည်။ အပူရှိန်သည် သူမ၏လည်ပင်းမှ ပျံ့နှံ့သွားပြီး သူမ၏နှင်းဖြူရောင်နားရွက်များကိုပင် နီရဲလာစေသည်။
သူ့အသက်ရှူသံက ပိုပို၍နီးကပ်လာသည်။
သူမအဝတ်စနားကို လျှို့ဝှက်ဆွဲကိုင်ထားရင်း ရှီရန်၏မျက်လုံး တဖျတ်ဖျတ်ခပ်လိုက်သည်။ အမှန်တကယ်တွင် သူမသည် မြင်နေရသလောက် မတည်ငြိမ်တော့ပေ။
သူမ ယခင်ဘဝတွင် လူအများက သူမအား ယောက်ျားများနှင့် မိတ်ဆက်ပေးလိုခြင်းမရှိခြင်းမဟုတ်ဘဲ ထိုစဉ်က သူမ ယောက်ျားများကို စိတ်မဝင်စားသောကြောင့်သာဖြစ်သည်။
ထို့ကြောင့် သူမသည် ယောက်ျားနှင့်အလွန်နှီးကပ်သောတစ်ခုတည်းသောအချိန်မှာ တိုက်ခိုက်သောအချိန်သာ ဖြစ်သည်။
ရေချိုးကန်ထဲမှာ ဖြစ်ပျက်ခဲ့သည့်အရာက မတော်တဆမှုတစ်ခုသာဖြစ်သည်။ ထိုအချိန်တွင် သူမသည် ဆေးခတ်ခံထားရသဖြင့် စိတ်ရှုပ်ထွေးနေလေသည်။
သို့သော် ယခုမူ...
သူမ၏နှာခေါင်းထဲတွင် ထိုလူ၏ရနံ့နှင့် ပြည့်နေသည်။
ထိုယောက်ျား၏နူးညံ့သောအနက်ရောင်ဆံပင်များက သူမ၏မေးစေ့ကို ရံဖန်ရံခါ ပွတ်တိုက်ကာ ကလိထိုးနေသည်။
ထိုယောက်ျား၏အသက်ရှုသံသည် သူမ၏လည်ပင်းတွင်ရှိနေပြီဖြစ်သောကြောင့် သူ၏နှုတ်ခမ်းသည် သူမ၏အရေပြားပေါ်၌ အချိန်မရွေးရောက်လာနိုင်သည်။
"ဟားဟား"
ချူးကျင်းချန်း၏လည်ချောင်းမှ ရယ်မောသံက ထွက်ပေါ်လာသည်။
သူ ရုတ်တရက် နောက်ဆုတ်ကာ သူ့ထိုင်ခုံ၌ပြန်ထိုင်လိုက်ပြီး သူ့မျက်လုံးက ပျော်ရွှင်မှုအပြည့်နဲ့ပြည့်နက်နေသည်။
ရှီရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ချူးကျင်းချန်းက သူမကို တမင်တကာ စနောက်နေခြင်းဖြစ်သည်။
၎င်းကို သိလိုက်ရကာ ရှီရန် စိတ်သက်သာရာ ရသွားသည်။
ချူးကျင်းချန်းသည် သူ့စတီယာတိုင်ကိုကိုင်ကာ သူ့လက်က သူ့မေးစေ့ကို ထောက်ထားလျှက် ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမီးတိုင်များ ထွန်းလင်းနေသည့်အတွက် သူ့မျက်နှာပေါ်၌အပြုံးကို သူမ မြင်ရသည်။
"Jade Hunter နိုက်ကလပ်မှာက ထိပ်တန်းဧည့်ခံသူအယောက်ငါးဆယ်ထက်ပိုမရှိဘူး။သူတို့အားလုံးသေရင်တောင် Jade Hunter နိုက်ကလပ်မှာသာ သေရမယ်လို့ လက်မှတ်ရေး ထိုးထားပြီးသားမို့လို့ သူတို့ နှုတ်ထွက်လို့မရဘူး"
ရှီရန် အံ့သြသွားသည်။
ချူးကျင်းချန်းသည် သူမ တွေးနေသည့်အရာကို အမှန်တကယ်သိသည်။
သူမသည် မူလက ကျူးလီကို Jade Hunter ထံမှခေါ်ထုတ်ရန် စိတ်ကူးခဲ့သည်။
'ငွေကြေးကိစ္စကြောင့်ပဲ မဟုတ်ဘူး။ ငါ့မှာလည်း ငွေမရှိတာမှ မဟုတ်တာ။'
သို့သော် ကျူးလီရဲ့ မျက်လုံးကို သူမ ကြည့်လိုက်သောအခါ သူမ ပြောမထွက်ပေ။
ငွေရေးကြေးရေးထောက်ပံ့ခြင်း ဒါမှမဟုတ် ပိုက်ဆံအလကားပေးခြင်းကိုသာပြောခဲ့မည်ဆိုပါက ကျူးလီကို အဆုံးစွန်ထိအောင်စော်ကားမိသလိုဖြစ်သွားမည်။
"လောင်ဖန်းက Jade Hunter နိုက်ကလပ်ရဲ့ နောက်ကွယ်ကသူဌေးနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘူး။ မင်းရဲ့အစွမ်းအစနဲ့ လောင်ဖန်းကိုဖြေရှင်းရတာ ပြဿနာမရှိဘူး။ ဒါပေမယ့် Jade Hunter ရဲ့ သူဌေးကိုတော့ လောလောဆယ် မင်း မဖြေရှင်းနိုင်ဘူး။"
'လောလောဆယ်?'
ချူးကျင်းချန်းက သူမအပေါ်ကို ယုံကြည်မှုရှိနေသည်မှာ သေချာသည်။
ထိုစကားလုံးများက သူမကို
'မူးနေသောယောက်ျားသည် ယုတ်ညံ့သော စိတ်ရှိသည်' ဟူသော စကားကိုသတိရစေသည်။
"ကျွန်မ လောင်ဖန်းကို အနိုင်ယူနိုင်မှာ မဟုတ်လောက်ဘူး။ ကျွန်မက ရှီမိသားစုဝင်ဖြစ်နေရင်တောင် ရှီမိသားစုနဲ့ ချန်ဖန်း အုပ်စုတို့ရဲ့ အဆင့်က ပုရွက်ဆိတ်နဲ့ ဆင်တွေလိုခြားနားချက်တွေ ရှိနေဆဲပဲလေ။" ရှီရန်ပခုံးတွန့်လိုက်သည်။
"ဟုတ်လား?" ချူးကျင်းချန်း မျက်ခုံးပင့်လိုက်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ "အရင်ရှီရန်ကတော့ အနိုင်ယူနိုင်မှာမဟုတ်တာ အမှန်ပဲ။"
ရှီရန် ရင်ထဲ၌ချမ်းအေးလာလို့ခံစားရသော်လည်း စိတ်ရှုပ်နေသောသူမက မေးလိုက်လေသည်။ "ဘာကိုဆိုလိုတာလဲ?"
"အခု မင်းရဲ့ နဂိုပုံစံကို ပြောင်းလိုက်တာ အောင်မြင်သွားပြီ မဟုတ်လား"
ချူးကျင်းချန်း၏ စကားများသည် အစပိုင်းတွင် မှားပုံမပေါ်ပေ။
သို့သော် ချူးကျင်းချန်းက သူမကို သံသယရှိနေကြောင်း သူမ ကောင်းကောင်းသိသည်။
Weibo တွင် ရှီဝန်ဖေးနှင့် နောက်ဆုံးအကြိမ်ဖြစ်ခဲ့သည့်ရန်ပွဲအပါအဝင် သူမ၏ပင်ကိုယ်စရိုက်သည် မူလပိုင်ရှင်နှင့် အလွန်ကွာခြားသည်။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် ချူးကျင်းချန်းနှင့် ပတ်သက်ရင်းနှီးမှုမရှိပေ။
သို့သော် ချူးကျင်းချန်း သည် စာရွက်ပေါ်ရှိ အချက်အလက်ကို အခြေခံ၍ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မဟုတ်ကြောင်း အမှန်တကယ် ဆုံးဖြတ်နိုင်သည်။
မူလရှီရန် နှင့်ရင်းနှီးသောရှီမိသားစုတောင်မှ နဂိုသူမ မဟုတ်တော့သည်ကို မသိကြပေ။ သူမကို ကျောထောက်နောက်ခံပေးမည့် တစ်စုံတစ်ယောက် ရှာတွေ့နေပြီလို့သာ အားလုံးက ထင်နေကြသည်။
ရှီရန်၏မျက်လုံးများသည် ချူးကျင်းချန်း၏ အနက်ရောင်မျက်လုံးများနှင့် ဆုံသွားသည်။
ထိုလူသည် ကြောက်စရာကောင်းလောက်အောင် ထက်မြက်ပြီးသတိရှိသည်။
ဒီလိုလူက အသက်၃၀မှာ ဘယ်လိုသေသွားရတာလဲ?
သဘာဝဘေးအန္တရာယ် သို့မဟုတ် ဖျားနာခြင်းမှလွဲ၍ ဤလူကို သတ်နိုင်သောမည်သူ့ကိုမျှ သူမ မစဉ်းစားနိုင်ပေ။
သူမ ထိုင်ခုံကို ပြန်မှီထိုင်လိုက်ပြီး ဘာမှမပြောတော့ပေ။
သူမ များများပြောလေ သူမ အမှားများများလုပ်မိလေပင်ဖြစ်မည်။
ထို့အပြင် ချူးကျင်းချန်းသည် သူမအား သံသယရှိသော်လည်း ဆက်လက်စုံစမ်းရန် မရည်ရွယ်ကြောင်း သူမ သိနိုင်သည်။
"မင်းရဲ့လက်ရေးက တော်တော်ပြောင်းလဲသွားပြီ။ နဂိုရှီရန်နဲ့ မတူဘူး" ချူးကျင်းချန်း ရုတ်တရက် ပြောလိုက်သည်။
ရှီရန် သည် ချူးကျင်းချန်းကို အေးစက်စွာ ကြည့်လိုက်သည်။ "အလွန်အကျွံဂရုစိုက်နေတာက လူတစ်ယောက်ရဲ့ သက်တမ်းကို လျော့ကျစေနိုင်တယ်နော်။"
ထိုယောက်ျားက သူမကို လှည့်စားနေသည်မှန်း သူမ သိသည်။
'ဒီလောက်ဆိုးရွားတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ။'
ချူးကျင်းချန်းသည် ခေါင်းငုံ့ကာ ဝမ်းသာအားရ ရယ်မောလိုက်သည်။
ရှီရန်သည် စကားမပြောနိုင်ဖြစ်သွားသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ သူသေသွားနိုင်တယ်လို့ တစ်ယောက်ယောက်က ပြောနေတာကို သူဘာလို့ပျော်နိုင်ရတာလဲ။
သူသည် မူမမှန်သောသူဖြစ်သည်မှာ သေချာသည်။
ကားက ရှီရန်ရဲ့ တိုက်ခန်းအဝင်ပေါက်ကို ရောက်သည်နှင့်သူမ နှုတ်ဆက်စကားတောင် မပြောဘဲ ကားထဲက ထွက်သွားသည်။
ချူးကျင်းချန်းသည် ကားပေါ်တွင်ထိုင်ကာ သူမ၏ပုံရိပ်ပျောက်ကွယ်သွားသည်ကို စောင့်ဆိုင်းရင်း "ဘိုးဘွားပိုင်စံအိမ်ကိုသွားရမယ်" ဟု တည်ငြိမ်စွာပြောသည်။
ရှီရန် အိမ်ပြန်ရောက်သောအခါ သူမသည် နောက်ဆုံးတွင် လုံး၀အနားယူနိုင်ပေပြီ။
ဂျီဝမ်ဖုန်း ပေးပို့လိုက်သောစာရွက်စာတမ်းကို သူမ တစ်ချက်ကြည့်လိုက်သည်။
၎င်းသည် နောက်အပတ်အတွက် လေ့ကျင့်ရေးအချိန်ဇယားဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် လုပ်စရာများပြည့်နေသည်။
မကြာခင် အချိန်တစ်ပတ်ကုန်လွန်သွားသည်။
ထိုအပတ်တစ်လျှောက်လုံးတွင် ရှီရန်သည် လေ့ကျင့်မှုစတင်ရန် နံနက်ရှစ်နာရီတိုင်း အိမ်ကထွက်ပြီး နံနက်ကိုးနာရီတွင် ကုမ္ပဏီသင်တန်းစတက်ကာ ညနေကိုးနာရီခွဲတိုင်း ကုမ္ပဏီမှထွက်ခွာသည်။
လေ့ကျင့်မှုတွင် ကဏ္ဍပေါင်းစုံ ပါဝင်သည်။ ၎င်းတို့အားလုံးသည် အနုပညာရှင်များအတွက် မသင်မနေရသင်တန်းများဖြစ်သည်။
တစ်နေ့တွင် ရှီရန်သည် နေ့လည်ပိုင်း လေ့ကျင့်မှု ပြီးသွားသောအခါ ဂျီဝမ်ဖုန်း၏ရုံးခန်းသို့ အခေါ်ခံရသည်။
"ဒီရက်ပိုင်း မင်းရဲ့ လေ့ကျင့်ရေးက အရမ်းကောင်းလာတယ်။ မင်း တော်တော် မြန်မြန် တိုးတက်လာပြီပဲ။ မင်း အရင်တုန်းက အရမ်း အသုံးမကျဘူးလို့ ငါတောင် မပြောနိုင်တော့ဘူး" လို့ ဂျီဝမ်ဖုန်းက ကျေနပ်စွာ ပြောသည်။
သူ၏အလုပ်လုပ်နေချိန်တွင် သူတို့နှစ်ယောက် ပထမဆုံးတွေ့တုန်းကလို ရုပ်ရည်နှင့်ပတ်သက်ပြီးစွဲလမ်းမှုမျိုး သူ့တွင် မတွေ့ရပေ။
ရှီရန်သည် ဂျီဝမ်ဖုန်းနှင့် ဆန့်ကျင်ဘက်ကုလားထိုင်တွင် ထိုင်လိုက်သည်။
ဂျီဝမ်ဖုန်း၏ချီးကျူးမှုကို သူမ မအံ့သြမိပေ။
သူမသည် အရင်ဘဝက မင်းသမီးတစ်ယောက်ဖြစ်ခဲ့သောကြောင့် သရုပ်ဆောင်မှုက သူမအတွက် မခက်ခဲပေ။ ထို့ကြောင့် သူမ၏ သရုပ်ဆောင်မှုသည် မူရင်းရှီရန်နှင့် မတူကွဲပြားသည်မှာ သဘာဝကျသည်။
"အခုလောလောဆယ် လေ့ကျင့်ရေးတွေ ရပ်ထားလို့ရပြီ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်း ကြိုးကြိုးစားစား လုပ်ခဲ့ပြီးပြီမို့ မင်းအတွက် လက်ဆောင်ပေးဖို့ ငါ ပြင်ဆင်ထားတယ်။"
ထို့နောက် ဂျီဝမ်ဖုန်းက အံဆွဲထဲက တစ်ခုခုကို ယူပြီး ရှီရန်ကို ပေးလိုက်သည်။
၎င်းသည် ဇာတ်ညွှန်းတစ်ခုဖြစ်သည်။
၎င်းသည် ဇာတ်ညွှန်းဖြစ်သော်လည်းအမှန်တကယ်တွင် စာမျက်နှာအနည်းငယ်သာ ရှိသည်။
'နှောင်ဖွဲ့နန်းတော်'
ရှီရန်သည် စာရွက်ခြောက်ကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်သည်။
မူရင်းစာအုပ်တွင် မင်းသမီး ရှီဝန်ဖေးသည် ဤဒရာမာကြောင့် ဆုရကာ အောင်မြင်သော မင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်ဖြစ်သောရှီရန်သည် ကျွန်အဖြစ် ရောင်းစားခံရပြီးပြီဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးဇာတ်ဆောင်၏အသက်မွေးဝမ်းကြောင်းသည် အထွတ်အထိပ်သို့ ရောက်နေသည်။
ရှီရန် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ဂျီဝမ်ဖုန်းက သူမ ဇာတ်ဝင်ခန်းကနည်းလွန်းသည်ဟုခံစားရနေသည် ဟု သူ ထင်မိသည်။
"ဒါက သေးငယ်ပေမယ့် ဒါရိုက်တာကူးရဲ့ ရုပ်မြင်သံကြားဒရာမာနော်။ ဒါရိုက်တာ ကူးပေါင်ခမ်း ကိုတော့ မင်း သိတယ် မဟုတ်လား" ဂျီဝမ်ဖုန်းက မေးသည်။