"အရင်က မင်းအတွက် ဒီလိုအခွင့်အရေးမျိုး ငါစီစဉ်ပေးထားခဲ့တယ်မလား။ မင်းပဲ မလိုချင်ဘူးပြောခဲ့တာလေ" ဟု ကျူးယို့ဟန်က ပြန်ပြောသည် ။
ဂျီဝမ်ဖုန်းသည် သူ့စိတ်ဝိညာဉ်ကို ရှီရန်ကို စွဲလမ်းနေသကဲ့သို့ သူမကို တောက်လောင်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူသည် ကျူးယို့ဟန်ပြောနေသောစကားကို လုံးဝနားထောင်မနေပေ။
ကျူးယို့ဟန်သည် ဤလူ၏ရုပ်ရည်အသွင်အပြင်နှင့်ပတ်သက်ပြီးစွဲလမ်းခြင်းကို သတိပြုမိသည်။
နောက်အခိုက်အတန့်တွင် ဂျီဝမ်ဖုန်း သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပေ။
"မင်းနာမည်က ဘယ်လိုခေါ်လဲ?"
ဂျီဝမ်ဖုန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။
ကျူးယို့ဟန်က ဆွံအသွားသည်။
"ဂျီဝမ်ဖုန်း ငါပို့ပေးထားတဲ့အချက်အလက်ကိုတောင်မကြည့်ဘဲ မင်းပြန်လာတာလို့တော့ ငါကိုမပြောနဲ့"
သူလည်း ဒီကောင်အကြောင်းကို ကောင်းကောင်းသိသည်။
ဂျီဝမ်ဖုန်းက သေချာပေါက် ယခုလိုမျိုးလုပ်မည့်သူဖြစ်သည်။
ဂျီဝမ်ဖုန်း မျက်မှောင်ကြုတ်ကာ သူအပြစ်ရှိသည်ဟု လုံးဝမခံစားမိပေ။ "ငါ့မှာ ကြည့်ဖို့ အချိန်မရှိဘူး"
"ဒါဆို အခုပဲ ဖတ်ကြည့်လိုက်။ ဖတ်ပြီးရင် သူမရဲ့ မန်နေဂျာ လုပ်မလား မလုပ်ဘူးလား မင်းဆုံးဖြတ်နိုင်တာပေါ့။" ကျူးယို့ဟန် က စာရွက်စာတမ်းတစ်ခုကို ထုတ်ပြီး ဂျီဝမ်ဖုန်းဆီကို ပစ်ပေးလိုက်သည်။
ဂျီဝမ်ဖုန်းက ရှီရန်ကို စူးစူးစိုက်စိုက်ကြည့်ကာ စာရွက်စာတမ်းကို ယူလိုက်သည်။
ရှီရန်သည် ဆိုဖာပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည်။
သို့သော် ထိုအချိန်မှာ သူမ စိတ်တကယ်တည်ငြိမ်နေသည်ဟု မခံစားရပေ။
တစ်ဖက်သားရဲ့မျက်လုံးက ဖြူစင်ပြီး အပြစ်ကင်းစင်သောပုံစံသာ မဟုတ်လျှင် သူမ သူ့ကို ထထိုးမိလိမ့်မည်။
"မင်း အရူးတစ်ယောက်လိုပြုမူတာကို ရပ်လို့ရပြီလား" ကျူးယို့ဟန်သည် သူ့မျက်နှာပျက်ရတော့မလို ခံစားရသည်။
ဂျီဝမ်ဖုန်းသည် တုံ့ဆိုင်းစွာ အဝေးကို လှမ်းကြည့်၍ နောက်ဆုံးတွင် စာဖတ်ရန် ဖွင့်လိုက်သည်။
ဂျီဝမ်ဖုန်းက စာရွက်စာတမ်းကို ကြည့်နေတုန်းတွင် ကျူးယို့ဟန် သူတို့ကို မိတ်ဆက်ပေးရန် သတိရသွားသည်။
"သူ့နာမည်က ဂျီဝမ်ဖုန်းပါ။ သူကတော့ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ကုမ္ပဏီရဲ့ ထိပ်တန်းမန်နေဂျာ။ ယုဖေး... အကောင်းဆုံး မင်းသမီးဝမ်ယုဖေးကို အရင်က သူပဲ စီမံခန့်ခွဲခဲ့တာလေ"
"အဲ့ဒီနောက်မှာတော့ သူက ဒီနယ်ပယ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဝမ်ယုဖေးက သူမရဲ့ လက်ရှိမန်နေဂျာဆီကို ပြောင်းလိုက်ရတယ်။"
"ဝမ်ယုဖေးရဲ့ လက်ရှိအောင်မြင်မှုတွေက သူ့ကြောင့်ရလာတာလို့တောင် ပြောလို့ရတယ်"
**ဒက်**
ဂျီဝမ်ဖုန်း ဖိုင်ကို ပိတ်လိုက်သည်။
အံ့သြသောမျက်နှာဖြင့် သူမေးလိုက်သည်။
"မင်းရဲ့ စေ့စပ်ထားတဲ့သူက မင်းလိုလှပတဲ့ မိန်းမထက် သာမာန်မိန်းမကို ရွေးချယ်ခဲ့တာလား"
ရှီရန်သည် ဆွံအသွားသည်။
သူဘာကြောင့် အဲဒါကို အာရုံစိုက်နေရတာလဲ။
ထို့အပြင် ရှီဝန်ဖေးသည် အလွန်တရာလှပသောသူ မဟုတ်သော်လည်း သူမ၏ရုပ်ရည် အသွင်အပြင်မှာ သာမန်မဟုတ်ပေ။
"သူက ရုပ်ရည်ကို အစွဲအလမ်းကြီးတယ်။ သူ့မျက်လုံးထဲမှာ ရုပ်ရည်အလှဆုံးလူတစ်ယောက်ရှိတဲ့အခါ ကျန်တာတွေကို သာမန်ရုပ်ရည်လို့ပဲ သတ်မှတ်လိုက်တာလေ" ဟု ကျူးယို့ဟန်က ရှင်းပြသည်။
ရှီရန်ထိတ်လန့်ကြောက်ရွံ့သွားမည်ကို စိုးရိမ်၍ သူက "ပထမအကြိမ်တွေ့ဆုံမှုမှာ အနည်းငယ် ပုံမှန်မဟုတ်တဲ့အပြုအမူမျိုးကို သူလုပ်တတ်တယ်။အဲဒီနောက်ပိုင်း သူ အဆင်ပြေလာမှာပါ" ဟု ထပ်ပြောသည်။
"ကောင်းပါပြီ။" ရှီရန်ခေါင်းညိတ်လိုက်သည်။
ဂျီဝမ်ဖုန်းခဏလောက်စဉ်းစားပြီး "မင်းမှာ အရှုပ်အရှင်းတွေနဲ့ မုန်းတီးနေတဲ့ပရိသတ်တွေ အရမ်းများနေတာကြောင့် နာမည်ကြီးဖြစ်လာဖို့ လွယ်မှာမဟုတ်ဘူး" ဟု လေးလေးနက်နက်ပြောသည်။
"ငါမင်းကိုကူညီနိုင်ပါတယ်။ ဒါပေမယ့် သွားရမယ့်ခရီးလမ်းကတော့ ကြမ်းမှာပေါ့။ ငါ မင်းအပေါ်မျှော်လင့်ချက်ကြီးကြီးမားမားတွေရှိနေလို့ မင်းငါ့မျှော်လင့်ချက်အတိုင်းမလုပ်နိုင်ဘူးလို့ထင်ရင် မင်းငြင်းနိုင်တယ်"
"ဒါဆိုလက်မှတ်ထိုးရအောင်" ရှီရန် မဆိုင်းမတွ သဘောတူလိုက်သည်။
ဂျီဝမ်ဖုန်း
စာအုပ်ထဲတွင် ဒီလူအကြောင်းကို ဖော်ပြထားသည်။
စာအုပ်ထဲရှိအမျိုးသမီးဇာတ်ဆောင်တောင်မှ သူ့ကို မန်နေဂျာလုပ်ခိုင်းရန် ချဥ်းကပ်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
သို့သော် စာအုပ်ထဲက ဖော်ပြထားသော စကားအရ ဂျီဝမ်ဖုန်းသည် ကျူးယို့ဟန်ပြောသလို ထူးချွန်သောမန်နေဂျာတစ်ယောက် ဖြစ်ပုံပေါ်သည်။
"ငါ့ရုံးခန်းက ဘယ်မှာလဲ" ဟု ဂျီဝမ်ဖုန်းက ကျူးယို့ဟန်ကို မေးသည်။
"အရင်ကအခန်းပဲ။ မင်းအခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ ငါခိုင်းထားပြီးပြီ"
ထိုစကားကိုကြား၍ ဂျီဝမ်ဖုန်း မတ်တပ်ထရပ်ပြီး ရှီရန်ကို ပြောလိုက်သည်။ "ရုံးခန်းကို သွားကြရအောင်"
သူသည် အရင်ကထက် ပိုပုံမှန်ဖြစ်ပုံပေါ်သည်။
ရှီရန်သည် ဂျီဝမ်ဖုန်း၏ရုံးခန်းသို့ လိုက်သွားသည်။
ဂျီဝမ်ဖုန်း၏ရုံးခန်းသည် သူ၏ပုံစံနှင့်လိုက်ဖက်သည်။ ၎င်းသည် ရိုးရှင်းပြီး ယောက်ျားဆန်သော ခံစားမှုမျိုးရသည်။
"မင်းရဲ့အရင်မန်နေဂျာက မင်းကိုအလေးအနက်ထားပြီး စီမံမခန့်ခွဲချင်ဘူးဟုတ်တယ်မလား? ဒါမှမဟုတ် သူမက မင်းကို တမင်တကာ ဖျက်ဆီးချင်နေတာလား" ဟု ဂျီဝမ်ဖုန်းတိုက်ရိုက်မေးသည်။
"အင်း။"ရှီရန်ခေါင်းညိတ်လိုက်သည်။
“အချက်အလက်တွေ ဖတ်ပြီးသွားပြီ။
မင်းရဲ့အရှုပ်တော်ပုံတော်တော်များများက အချိတ်အဆက်တွေသုံးပြီးဖုံးကွယ်ဖို့လွယ်ပေမယ့် မင်းရဲ့အရင်စတူဒီယိုက အဲဒါတွေကို မှန်ကန်တဲ့အကြောင်းအရာတွေဖြစ်ကြောင်း အမြဲတမ်းထုတ်ပြန်ခဲ့တယ်။"
"မင်းရဲ့ လက်ရှိနာမည်ကို အရှုပ်အရှင်းကင်းအောင်လုပ်ရတာ တခြားသူတွေအတွက် ခက်ခဲမှာဆိုပေမယ့် ငါ့အတွက်တော့ မခက်ဘူး။"
"ဒီကို မရောက်ခင်မှာ မင်းရဲ့ သရုပ်ဆောင်ထားတဲ့အပိုင်းကို ငါကြည့်ပြီးပြီ။ ရိုးရိုးသားသားပြောရရင် အဲ့ဒါက အရမ်းဆိုးရွားတယ်။ မင်းရဲ့ အိုက်တင်က မကောင်းရုံတင်မကဘူး မင်းရဲ့ ကင်မရာအာရုံကလည်း မကောင်းဘူး။ ဒီရထားတဲ့မျက်နှာအလှတရားက နှမြောစရာကြီး။"
"ငါမင်းကို အစက လက်မှတ်မထိုးပေးဘူး စဥ်းစားထားတာ ဒါပေမယ့် ဒီမျက်နှာနဲ့ ဒီခန္ဓာကိုယ်နဲ့... မင်း ငါ့ရဲ့လက်အောက်မှာ နာမည်ကြီးသွားလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ငါရနေတယ်။"
"ဒါကြောင့် မင်းကို နယ်ပယ်ပေါင်းစုံမှာ လေ့ကျင့်ပေးမယ်။ ခက်တော့ခက်ခဲမယ်။ မင်းအဆင်သင့်ဖြစ်ပြီလား"
ဂျီဝမ်ဖုန်း၏ပရိုဆန်သောလေသံသည် သူမ ပထမဆုံးစတွေ့သောအရူးအမူးစွဲလန်းနေသောသူနဲ့ လုံးဝမတူပေ။
ရှီရန်က ပြုံးလိုက်သည်။ "အဆင်သင့်ပဲ။"
အလှတရား၏ပြုံးပြခြင်းကို မြင်သောအခါ ဂျီဝမ်ဖုန်းသည် မျက်နှာကို တည်မထားနိုင်တော့ပေ။
နောက်ဆုံးတွင် သူသည် ရုပ်ရည်ကို စွဲလမ်းသောလူတစ်ယောက် ဖြစ်နေတုန်းပင်ဖြစ်သည်။
နေ့လည်ရောက်သောအခါ ဂျီဝမ်ဖုန်းသည် ရှီရန်ကို ထမင်းစားရန် ခေါ်သွားသည်။ ထို့နောက် နေ့လည်ပိုင်းတွင် သူသည်
ကုမ္ပဏီ၏ထရိမ်နင်တွင်ပါဝင်ရန် ရှီရန် ကိုဆွဲခေါ်သွားသည်။
ရှီရန် စတားမြို့တော်ဖျော်ဖြေရေးမှ ထွက်ခွာသွားသောအချိန်သည် ညနေကိုးနာရီခွဲနေပြီဖြစ်သည်။
အဝင်ဝမှာရပ်နေသောသူမက တက္ကစီကိုတားတော့မည့်အချိန်တွင် သူမ၏ဖုန်းက အသံမြည်ပြီး တုန်လာသည်။
စာကို သူမနှိပ်လိုက်သည်။
လောင်ဖန်း အမည်ရှိအမျိုးသားတစ်ဦးမှ ပေးပို့သည့်ဗီဒီယိုဖိုင်ဖြစ်သည်။
ဗီဒီယိုသည် တောက်ပပြီးရောင်စုံမီးများပါရှိသောသီးသန့်အခန်းတွင် ရိုက်ကူးထားပုံပေါ်သည်။
အမျိုးသားတစ်ဦးသည် သီးသန့်ခန်း၏အလယ်တွင် ဒူးထောက်နေပုံရသည်။ ထိုလူက ခေါင်းငုံ့ထားသည်။ သူ၏နက်မှောင်သော ဆံပင်များက စိုရွှဲနေသည်။
သူဝတ်ထားသည့် ရှပ်အင်္ကျီအဖြူသည် အဝါရောင်နှင့် အနီရောင်အရည်များ စွန်းထင်းနေသဖြင့် ရှပ်အင်္ကျီကို အနည်းငယ် ဖောက်မြင်ရသည်။
ကြမ်းပြင်ပေါ်တွင် မှန်ကွဲအစအနများလည်း ရှိနေသည်။ ဖန်ခွက်ကို ကောက်ယူရန် ကိုင်လိုက်သောအခါတွင် ဖန်ကွဲစများသည် သူ့လက်ကို ရှသွားသည်။ ဖန်ခွက်က သွေးစွန်းထင်းနေသော်လည်း သူသည် ညည်းညူမနေပေ။
တစ်စက္ကန့်အကြာတွင် ဆံပင်အနီရောင်ဆိုးထားသော အမျိုးသားတစ်ဦး ဝီစကီပုလင်းကို ကိုင်ဆောင်ကာ ပေါ်လာသည်။
ထိုလူဆီသို့ လျှောက်သွားကာ မနှစ်မြို့ဖွယ်စရာကောင်းအောင်ပြုံးပြလိုက်သည်။
သူက သူ့လက်ကို စောင်းလိုက်ပြီး ပုလင်းထဲက အရည်ကို ထိုယောက်ျား၏ခေါင်းပေါ်ကို လောင်းချလိုက်သည်။ သူ့ရဲ့ အနက်ရောင်ဆံပင်၊ နို့နှစ်ရောင်လည်ပင်းကို ဖြတ်ပြီး နောက်ဆုံးတွင် သူ့အင်္ကျီထဲကို ထိုအရည်များ ပြေးဆင်းသွားသည်။
ထိုလူက မော့ကြည့်သည်။ ကြွေရုပ်ကဲ့သို့ချောမွေ့နေသောသူ့မျက်နှာသည် မဖြုံပုံပေါက်နေသည်။
ပတ်ဝန်းကျင်နှင့်တွဲလျက်မြင်ရသော ထိုမြင်ကွင်းသည် အထူးသဖြင့် တုန်လှုပ်စရာကောင်းသည်။
ထို့နောက် ဗီဒီယိုသည် ရုတ်တရက် ရပ်သွားသည်။
[လောင်ဖန်း]: ဒါက မင်းရဲ့ရည်းစားဟောင်းပဲလို့ ငါကြားတယ်။ Jade Hunter နိုက်ကလပ် ရဲ့ ဗီအိုင်ဒီအခန်းနံပါတ်၄။ အဲ့ဒီမှာတွေ့ပြီး အတူတူ ပါတီပွဲလုပ်ချင်လား။
ရှီရန် က ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အေးစက်သောအလင်းတန်းတစ်ခု သူမ မျက်လုံးထဲတွင် ဖြတ်သွားသည်။
"မသွားသေးဘူးလား"
ဂျီဝမ်ဖုန်းထွက်လာသောအခါ ရှီရန်သည် တံခါးဝတွင် ရပ်နေသေးသည်ကို တွေ့လိုက်ရသည်။
"ကျွန်မ ထွက်သွားတော့မလို့ဘဲ။" ရှီရန် က ဖုန်းကို အေးအေးဆေးဆေး ချထားရင်း ပြန်ဖြေသည်။
"ငါ မင်းကို မောင်းပို့ပေးမယ်။"
ရှီရန်က ငြင်းချင်သော်လည်း ဤနေရာတွင် တက္ကစီရဖို့ ခက်မည်ကို သဘောပေါက်သွားသည်။
"ကျွန်မကို Jade Hunter နိုက်ကလပ်ကို ပို့ပေးလို့ရမလား"
" Jade Hunter နိုက်ကလပ်?" ဂျီဝမ်ဖုန်းသည် ရှီရန်ကို သံသယဖြင့် ကြည့်လိုက်သည်။
ထိုနေရာက နာမည်ကြီး အမျိုးသားပြည့်တန်ဆာကလပ်ဖြစ်သည်။
"ဟုတ်။"
"သွားကြရအောင်။" ဂျီဝမ်ဖုန်းက မေးခွန်း ထပ်မမေးဘဲ ပြောသည်။
ကားထဲသို့ဝင်ပြီးနောက် သူသည် သေတ္တာထဲမှ တစ်ခုခုကိုယူကာ ရှီရန်ထံ ပစ်ပေးလိုက်သည်။
ရှီရန် အောက်ကိုငုံ့ကြည့်လိုက်သည်။
၎င်းသည် မျက်နှာဖုံးတစ်ခု ဖြစ်သည်။
"မင်းရဲ့လွတ်လပ်ခွင့်ကို ငါမကန့်သတ်ဘူး။ ဒါပေမယ့် မင်းက လူသိများတဲ့သူ။ ဒီလိုနေရာကို ဝင်ထွက်နေတာတွေကို ဓာတ်ပုံအရိုက်ခံရရင် အခြေအနေမကောင်းဘူး။"
"ကျေးဇူးတင်ပါတယ်။"
ရှီရန်က မျက်နှာဖုံးမဝတ်ခင် သူ့ကို ကျေးဇူးတင်လိုက်သည်။
ခဏလောက် စဉ်းစားပြီးနောက် ရှီရန် က "ကျွန်မ အဲဒီကို အပျော်သွားရှာမလို့မဟုတ်ဘူး" လို့ ရှင်းပြသည်။
ဂျီဝမ်ဖုန်းသည် သူမ၏မန်နေဂျာဖြစ်လာပြီးကတည်းက သူမ ပွင့်ပွင့်လင်းလင်းပြောထားခြင်းက ပိုကောင်းသည်။
"ကိစ္စမရှိဘူး။ ပါတီပွဲလုပ်တာတွေက အဆင်ပြေတယ်။ လူအသိသာ မခံရစေနဲ့။ ငါ ဖြေရှင်းလိုက်မယ်" လို့ ဂျီဝမ်ဖုန်းက ပေါ့ပေါ့ပါးပါးပြောသည်။
သူက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျူးယို့ဟန်ကို မက်ဆေ့ချ်ပို့လိုက်သည်။
ဂျီဝမ်ဖုန်း - "ငါ့ရဲ့ အနုပညာရှင်ကို Jade Hunter ဆီကို အရင်ပို့လိုက်ဦးမယ်။ မင်းတို့ အရင် စုထားနှင့်ကြ။"
ထို့နောက် သူ့ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။
သူ့ဖုန်းက ဘယ်လောက်ပဲ မြည်နေပါစေ နောက်တော့ သူ ဖုန်းမကိုင်တော့ပေ။
Jade Hunter နိုက်ကလပ်
ဂျီဝမ်ဖုန်းသည် ကားပါကင်ထဲသို့ ဝင်လိုက်သည်။
"ဝင်ပေါက်မှာ ဆင်းတာက သိသာလွန်းတယ်။ ကားပါကင်က လူသိပ်မရှိဘူး။"
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်" ရှီရန်က စိတ်ရင်းနဲ့ပြောသည်။
ကားပေါ်မှဆင်းပြီးနောက် သူမ မဆိုင်းမတွ ဓါတ်လှေကားဆီသို့ လျှောက်သွားသည်။
Jဂျီဝမ်ဖုန်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျူးယို့ဟန်က သူ့ထံ မက်ဆေ့ချ် ဆယ်စောင်ထက် ပိုပို့ထားကြောင်း သိလိုက်ရသည်။
နောက်ဆုံးပို့ထားသောစာကို မြင်ရသည်။
[ကျူးယို့ဟန်]- စုဝေးရာနေရာ ပြောင်းသွားတယ်။ Jade Hunter က ဗီအိုင်ဒီအခန်း၃ ကို တိုက်ရိုက်လာခဲ့လိုက်တော့။