၁၃
Viewers 116

ရှီရန်: ရှေ့နေအတွက် ကျေးဇူးတင်ပါတယ်။

ချူးကျင်းချန်း၏နှုတ်ခမ်း ကွေးတက်သွားသည်။

ပြန်ဖြေဖို့ အလျင်မလိုသကဲ့သို့ သူ့လက်ထဲက ဖုန်းကို လှည့်လိုက်သည်။

နာရီဝက်လောက်အကြာတွင် သူ စာပြန်ဖြေလိုက်သည်။

[ချူးကျင်းချန်း]: ကျေးဇူးတင်စရာမလိုပါဘူး။

တစ်ပတ်ကြာပြီး​နောက်

ရှီရန်သည် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားကာ စတားမြို့​တော်ဖျော်​ဖြေ​ရေးသို့ ရောက်လာသည်။

ထိုနေ့သည် စတားမြို့​တော်နှင့် စာချုပ်ချုပ်မည့်နေ့ဖြစ်သည်။

"အို ဘုရားသခင်၊ မမကျားရဲ့ဝတ်စုံက..."

ခန်းမထဲကို ဝင်လိုက်သည်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံက သူမ နားထဲမှာ ပျံလွင့်လာသည်။

ထို့နောက် သူမ အသံရှိရာအရပ်ကို လမ်း​လျှောက်သွားသည်။

ဓာတ်လှေကားတံခါးမှာ ကမောက်ကမဖြစ်နေကြသည်။

ချန်နယ်၀တ်စုံနှင့် နေကာမျက်မှန်တစ်လက် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လူပုံအလယ်မှာ ရပ်နေသည်။

ထိုအချိန်တွင် သူမ၏အဖြူရောင်စကတ်အလယ်ပေါ်တွင် ထင်ရှားသောအညိုရောင်အမှတ်အသားတစ်ခုကို မြင်တွေ့နိုင်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်!" မျက်နှာချိုသောကောင်မလေးက စက္ကူခွက်ကိုကိုင်ရင်း တောင်းပန်စကားဆိုသည်။ သူမ အထိတ်တလန့် ဖြစ်နေချိန်တွင် အဖြူ​ရောင်စက္ကူခွက်မှာအညိုရောင်အရည်များ စီးကျ​နေသည်။

"ဖြန်း"

အကူလက်ထောက်တစ်ယောက်က ရှေ့ကို လှမ်းလာပြီး ကောင်မလေးကို ဒေါသတကြီးဖြင့် ပါးရိုက်လိုက်သည်။

မိန်းကလေး၏မျက်နှာသည် တစ်ဖက်သို့ လှည့်သွားကာ လျင်မြန်စွာ နီရဲလာသည်။

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ကာ တောင်းပန်ရုံသာ တတ်နိုင်သည်။

"နင့်မှာ မျက်လုံးမရှိဘူးလား မမကျားရဲ့အဝတ်အစားတွေဘယ်လောက်ကုန်ကျလဲသိလား? နင်တတ်နိုင်လို့လား" လက်ထောက်က ပိုလို့တောင် မညှာမတာဖြစ်လာသည်။

"တကယ်တောင်းပန်ပါတယ်။ ကျွန်မ အဲဒါကို သန့်ရှင်းအောင် ရေနဲ့​ဆေးပြီး​ လျော်​ပေးပါမယ်" က​လေးအရုပ်မျက်နှာလေးနဲ့ ကောင်မလေးက မျက်ရည်များစီးကျလုနီးပါဖြစ်​နေသည်။

"မမကျားရဲ့ ၀တ်စုံက နိုင်ငံရပ်ခြားကနေ ကိုယ်ပိုင်ဒီဇိုင်းမှာထားရတာ။ ယွမ် ၁သိန်း ကျော်ထက်​တောင်အဖိုးတန်တယ်။ နင့်ရဲ့ညစ်ပတ်နေတဲ့ လက်နဲ့ ဒီဝတ်စုံကို ဘယ်လိုလျှော်မှာလဲ။"

နေကာမျက်မှန်တပ်ထားသော အမျိုးသမီးသည် က​လေးကဲ့သို့မျက်နှာရှိ​သောကောင်မလေးကို စူးစိုက်ကြည့်နေကာ  မျက်မှောင်ကြုတ်နေလေသည်။

သူမ ဘာမှဝင်မပြောသော်လည်း သူမမျက်လုံးများက ထိုကောင်မလေးကို သတ်ချင်စိတ်ဖြစ်​နေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

"အစ်မကျား ညီမ တကယ်တောင်းပန်ပါတယ်။ ညီမ တကယ်မရည်ရွယ်ပါဘူး။ အခြောက်လျှော်​သမားဆီကို ဆေးကြောဖို့ ယူသွားပေးပါမယ်” လို့  ထိုမိန်းကလေးက ကမန်းကတန်း ပြောလိုက်သည်။

“ပိုက်ဆံလျှော်ပေး” နေကာမျက်မှန်တပ်ထားသည့်အမျိုးသမီး၏လေသံသည် တင်းမာ​နေသည် ။

"ညီ... ညီမမှာ ပိုက်ဆံမရှိပါဘူး။ ညီမ မတတ်နိုင်ဘူး..." ထိုမိန်းကလေးသည် ကြံရာမရဖြစ်ကာ အကူအညီတောင်းရန် ပတ်ဝန်းကျင်ရှိလူများကို လှည့်ပတ်ကြည့်သည်။

သို့သော် မည်သူမျှ သူမကိုကူညီရန် ဆန္ဒမရှိပေ။ လူတိုင်းက ခေါင်းငုံ့ပြီး သူမကို မမြင်ချင်ယောင်ဆောင်ကြသည်။

"နင့်အခေါင်းကို မတွေ့မချင်း ကိုယ့်နေရာကို ကိုယ်မသိတဲ့ပုံပဲ။"

ထို့​နောက် လက်ထောက်က ရှေ့ကို လှမ်းတက်လာပြီး ကြမ်းတမ်းစွာဖြင့် ထိုကောင်မလေးလက်ထဲက စက္ကူခွက်ကို ဆွဲယူလိုက်သည်။

အတွင်းဘက်ရှိအညိုရောင်အရည်အချို့က  အပြင်ကိုဖိတ်စင်လာသည်။

လက်ထောက်က ကောက်ကျစ်စွာ ပြုံးပြီး ကျန်နေသောကော်ဖီကို ကောင်မလေးပေါ် လောင်းလိုက်သည်။

"အား-" ထို​ကောင်မလေးက ကြောက်ရွံ့စွာဖြင့် မျက်နှာကို အုပ်ထားသည်။

နောက်အခိုက်အတန့်တွင် သူမ လက်ကို ဆုပ်ကိုင်လာသလို ခံစားလိုက်ရသည်။

သူမ ဘေးဘက်သို့ အဆွဲခံလိုက်ရသောအခါ အညိုရောင်အရည်သည် ကြမ်းပြင်ပေါ်ရှိ မီးခိုးရောင်ကြွေပြားများပေါ်သို့ ဖိတ်ကျသွားသည်။

ထိုကောင်မလေးသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်သောအခါတွင် လှပသောအညိုရောင်မျက်ဝန်းတစ်စုံကို တွေ့ရသည်။

"နင်က ဘယ်သူလဲ?!" လက်ထောက်က ထိုကောင်မလေးကို ကယ်တင်ဖို့ ရုတ်တရက်ဝင်စွက်ဖက်လာသော ရှီရန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

ရှီရန်သည် အမျိုးသမီး၏စကတ်ပေါ်ရှိ အစွန်းအထင်းကို စိုက်ကြည့်ကာ "အခြောက်လျှော်လိုက်လို့ရပါတယ်" ဟု ပြောသည်။

"သူမက မမကျားရဲ့အဝတ်အစားတွေကို ညစ်ပတ်​အောင်လုပ်တာတင်မကဘဲ မမရဲ့ ခရီးကိုလည်း နှောင့်နှေးစေတယ်။ ဒါက မမရဲ့အဝတ်ကို လျှော်ပေးရုံနဲ့ ဖြေရှင်းလို့ရတဲ့အရာမို့လို့လား။"

"နင်သာ သူမကို ဒီမှာ မဆူပူ​ရင် နင့်မမရဲ့ခရီးစဉ်က နှောင့်နှေးမှာမဟုတ်ဘူး" ရှီရန်က အေးဆေးတည်ငြိမ်စွာပြောသည်။

"ဒါက နင်နဲ့မဆိုင်ဘူး။ ကိုယ့်ကိစ္စကိုသာကိုယ်ဂရုစိုက်" ဟု နေကာမျက်မှန်တပ်ထားသော အမျိုးသမီးက မပျော်မရွှင်ဖြစ်ကာပြောသည်။

ရှီရန်သည် သူမ၏လက်ထဲတွင် ယုန်တစ်ကောင်လို တုန်လှုပ်နေသောကောင်မလေးကို ငုံ့ကြည့်သည်။

သူမသည် ဝင်​ရောက်စွက်ဖက်ရန် မရည်ရွယ်ခဲ့ပေ။

သို့​​သော် ထိုကောင်မလေးသည် သူမ အရင်ဘဝက သူငယ်ချင်းတစ်ယောက်နဲ့တူသည်။

သူမသည် ဘာမှ မလုပ်ဘဲ မ​နေနိုင်ပေ။

ရှီရန်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူမနှင့်မျက်နှာချင်းဆိုင်ဘက်တွင်ရှိသောလူကို မော့ကြည့်လိုက်သည်။ "ဘယ်လောက်လဲ။ ကျွန်မ ပေးမယ်။"

ကျုံးယူဖန်ဆီက ယွမ်ရှစ်သန်းကို ယခင်က လှည့်ဖြားကာရထား​ပေသည်။

"အစ်မ..." ထိုမိန်းကလေးက သူမကို တားရန်ကြိုးစားသော်လည်း ရှီရန်ရဲ့ အကြည့်က သူမကို ရပ်တန့်သွား​စေသည်။

“နှစ်သိန်း” ဟု နေကာမျက်မှန်တပ်ထားသည့် အမျိုးသမီးက ပြောသည်။

ရှီရန်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ရေဒါတစ်ခုလိုနေကာမျက်မှန်တပ်ထားသော အမျိုးသမီးကို ကြည့်လိုက်သည်။

"ရှင့်ရဲ့ချန်နယ်ဝတ်စုံက လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ၀တ်ထားတာဆိုတော့ အခု ယွမ်သောင်းဂဏန်းလောက်ပဲတန်တော့တယ်။ အထည်ရဲ့ အသားကို ကြည့်ရသ​လောက် အကြိမ်တော်တော်များများ ဝတ်ပြီးပြီမဟုတ်ဘူးလား"

"ငါ နှစ်သိန်းလို့ပြောပြီးပြီ​လေ။ နင် မတတ်နိုင်ရင်လည်း ဒူးထောက်ပြီး သူမ အစား တောင်းပန်!" နေကာမျက်မှန်တပ်ထားသော အမျိုးသမီးက မောက်မာစွာပြောသည်။

"မဟုတ်ဘူး" ထိုကောင်မလေးက ချက်ချင်း ပြောသည်။ "ညီမက ညစ်ပတ်အောင်လုပ်မိခဲ့တာမို့ တစ်​ယောက်​ယောက်ကဒူးထောက်ရမယ်ဆိုရင် ညီမပဲဒူး​ထောက်သင့်တယ်"

ထိုမိန်းကလေးသည် အရှက်ခွဲခံရကာ ဒူးထောက်ရန် ဒူးကို​ကွေးလိုက်စဥ် အလျင်အမြန်ပင် အ​ပေါ်ကိုဆွဲမခံလိုက်ရသည်။

ရှီရန်သည် မိန်းကလေး၏ရှုပ်​ထွေး​နေပုံ​ပေါ်​သောအကြည့်ကို တွေ့သောအခါတွင် သူမ ခေါင်းကို နှစ်သိမ့်စွာ ပွတ်သပ်လိုက်သည်။

နေကာမျက်မှန်တပ်ထားသော အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ "ဒီဝတ်စုံဝယ်ဖို့ ကျွန်မနှစ်သိန်းပေးမယ်။"

“အို​ကေ” နေကာမျက်မှန်တပ်ထားသော အမျိုးသမီးက သဘောတူသည်။

ထို့နောက် ရှီရန်မှ ငွေနှစ်သိန်းကို သူမ၏အကောင့်သို့ လွှဲပြောင်းပေးသည်။

နေကာမျက်မှန်တပ်ထားသော အမျိုးသမီးက ကျေနပ်စွာ ပြုံးပြပြီး "ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ သွားကြစို့" လို့ မောက်မာစွာနဲ့ ပြောသည်။

ထို့နောက် သူမသည် မောက်မာစွာဖြင့် ထွက်ခွာရန် ပြင်ဆင်သည်။

ထိုအချိန်တွင် လှပသောလက်မောင်းတစ်ချောင်းက သူမရှေ့တွင် ဆန့်တန်းလာသည်။

သူမကို တားထားသည့်ရှီရန်ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။ "နောက်ထပ် ဘာလိုသေးလို့လဲ။"

ရှီရန်က 'ရှင့်ရဲ့အဝတ်တွေကို ချွတ်လိုက်'
ဟု တည်ငြိမ်စွာပြောသည်။

"နင် ရူးနေတာလား?"

"ဒီအဝတ်အစားက အခု ကျွန်မ ပိုင်သွားပြီဆိုတော့ ချွတ်လိုက်" ရှီရန်၏ မျက်လုံးများ စူးရှလာသည်။

နေကာမျက်မှန်တပ်ထားသော အမျိုးသမီးသည် ချက်ချင်းပင် သူမ၏သတ္တိ ဆုံးရှုံးသွားသည်။ "ဘယ်လို... ငါက အခု ဘယ်လို ချွတ်ရမှာလဲ"

"အဲ့ဒါက ရှင် ဖြေရှင်းရမယ့် ပြဿနာလေ။"

"ငါတို့မမကျားက ဘယ်သူလဲဆိုတာကို နင် သိလား? မမ အဝတ်ကို ချွတ်ခိုင်းဖို့ နင်က ဘယ်လိုတောင်သတ္တိရှိရတာလဲ" လက်ထောက်က ချက်ချင်းပင် ဆူပူကြိမ်းမောင်းလာသည်။

ရှီရန်က ရယ်မောလိုက်သည်။ "သူမ ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့ကိုယ်တိုင် ဆွဲချွတ်ရ​အောင်မလုပ်နဲ့ပေါ့"

"နင်!" နေကာမျက်မှန်တပ်ထားသော အမျိုးသမီးသည် ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။

သို့သော် ရှီရန်၏လူသတ်ချင်​နေ​သောအကြည့်ကို မြင်လိုက်ရသောအခါတွင် သူမ ဘာမှ မပြောဝံ့ပေ။ သူမသည် ဒေါသတကြီးဖြင့် "နင် ဒီမှာခနစောင့်နေ" ဟု​ ပြောသည်။

ထို့နောက် သူမ လှည့်၍ ဧည့်ခန်းထဲသို့ ဝင်သွားသည်။

သူမ ထွက်လာသောအခါတွင် အနက်ရောင်ကုတ်အင်္ကျီကြီးကို ဝတ်ဆင်ထားသည်။ ကုတ်အင်္ကျီက သူမတစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော်လည်း အင်္ကျီလက်နှစ်ဖက်ကို သူမဆုပ်ကိုင်ထားပြီး အရှက်ရနေပုံပေါ်သည်။

ထို့နောက် လက်ထောက်သည် နေကာမျက်မှန်တပ်ထားသောအမျိုးသမီးက ချွတ်လိုက်သည့်ဝတ်စုံကို ရှီရန်၏မျက်နှာသို့ ပစ်ပေးလိုက်သည်။

ရှီရန် ဘေး​သို့ရှောင်လိုက်သဖြင့် ဝတ်စုံက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"နင် စောင့်ကြည့်​နေ" ထိုအမျိုးသမီးက ပြောကာ ထွက်သွားသည်။

သူမသည် တစ်ချိန်လုံး ခါးကုန်းနေကာ သူမကိုယ်ကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။ ထို့​နောက် သူမ၏ပုံရိပ်သည် လုံးဝကွယ်ပျောက်သွားသည်။

ထိုမိန်းကလေးသည် မြေပြင်ပေါ်ရှိ အဝတ်အစားများကို ကောက်ယူရန်ကမန်းကတန်း ခါးကုန်းလိုက်ကာ လက်ချောင်းများကို အ​နေရခက်ကာပွတ်သပ်​နေသည်။

"ကျေး...ကျေးဇူးအများကြီးတင်ပါတယ်။ ယွမ်နှစ်သိန်းကို ညီမ အရစ်ကျပေးလို့ရမလားဟင်"

ရှီရန်က သူမကို လှည့်ကြည့်လိုက်သည်။

ဤမျှနီးကပ်သောအကွာအဝေးတွင် အပြစ်ကင်းသောသူမ၏မျက်နှာသည် ရှီရန်၏ယခင်ဘဝကသူငယ်ချင်းတစ်ယောက်နှင့် ပို၍ပင်တူသည်။

"အဆင်ပြေပါတယ်။ အစ်မမှာ ပိုက်ဆံအများကြီးရှိတယ်။ အဝတ်အစားကို အစ်မကိုယ်တိုင်ပဲ ဖြေရှင်းလိုက်ပါမယ်။" ရှီရန်သည် ထိုကောင်မလေး၏ပခုံးကို ပုတ်ကာ ပြောသည်။

ခဏအကြာတွင် ဓာတ်လှေကားရောက်လာ၍ သူမဝင်သွားတယ်။

သူမ ဖုန်းကို ငုံ့ကြည့်လိုက်သည်။

ကျူးယို့ဟန် နဲ့ သူမ ချိန်းထားသည့်အချိန်မှာ ဆယ်နာရီဖြစ်​သော်လည်း ယခုအချိန်တွင်ဆယ်နာရီဆယ့်ငါးမိနစ်ဖြစ်သွားပြီဖြစ်သည်။

နောက်ဆုံးတွင် သူမသည် ကျူးယို့ဟန်၏ရုံးခန်းသို့ ရောက်ရှိသွားသည်။

"မင်း တော်တော်စောရောက်တာပဲ။"

သူမ ဝင်လိုက်သည်နှင့် တပြိုင်နက် ကျူးယို့ဟန်၏စ​နောက်ကာ​ပြောသောလေသံကို သူမ ကြားလိုက်ရသည်။

"တောင်းပန်ပါတယ် ကိစ္စတစ်ခုခုပေါ်လာလို့ပါ။"

ကျူးယို့ဟန် က သူမ နောက်ကျသည်ကိုစိတ်ထဲထားမ​နေ​ပေ။

သူတို့နှစ်ဦးသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်ရည်ရွယ်ချက်ကို အမြန်အဆုံးသတ်ကာ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်ချုပ်ဆိုပြီးနောက် ကျူးယို့ဟန်သည် ဖိုင်တွဲကို ပိတ်လိုက်သည်။ "မင်းရဲ့မန်နေဂျာက ဒီကိုရောက်ခါနီးနေပြီ။ မင်း သူ့ကို အရင်တွေ့ရမယ်။"

ဆယ်မိနစ်နီးပါးစောင့်ပြီး​နောက် ရုံးခန်းတံခါး ပွင့်လာသည်။

ရှီရန်က မျက်ခုံးကိုပင့်လိုက်သည်။

ဝင်ရောက်လာသူမှာ အသက်သုံးဆယ်အရွယ်​လောက်ရှိပြီဖြစ်သည်။ သူ၏အသားအရေအ​ရောင်သည် ကျန်းမာသောကြေးဝါရောင်ဖြစ်သည်။ ပန်းပွင့်ပါ​သောစွပ်ကျယ်အဖြူရောင်နှင့် ပန်းပွင့်ပါ​သောဘောင်းဘီတိုကို ၀တ်ဆင်ထားသည်။

သူ ဝင်ရောက်လာပြီးနောက် ကော်ဖီစားပွဲဆီသို့ သွားကာ ရေတစ်ခွက် လောင်းထည့်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းကို မော့ကာ ရေသောက်လိုက်သည်။

သူ့ကိုယ်ပိုင်ရုံးခန်းထဲကို ဝင်လာသလိုပဲ ပေါ့ပေါ့ပါးပါးပြုမူ​နေသည်။

"ဂျီဝမ်ဖုန်း! မင်းရဲ့ပုံရိပ်ကို ဂရုစိုက်ပေးလို့မရဘူးလား" ကျူးယို့ဟန် သည် သူ့နဖူးကို ကူကယ်ရာမဲ့ ကိုင်လိုက်သည်။

ဂျီဝမ်ဖုန်း၏စူးရှ​သောမျက်လုံးသည် ရှီရန်ကိုမြင်ပြီးနောက် ခွက်ကို ချလိုက်သည်။

သူက မေးစေ့ပေါ်က မုတ်ဆိပ်မွေးငုတ်တိုစိမ်းများကို ပွတ်ပြီး ပတ်ချာလည်ကြည့်သည်။ သူ့မျက်လုံးများ အ​ရောင်​တောက်လာသည်။

"ဒီလောက်ကောင်းတဲ့ပျိုးပင်ကို ဘယ်က​နေ ရှာတွေ့လာတာလဲ။ ဘာလို့ ဒီလိုမျိုးကောင်းတဲ့အရာ​က ငါ့ဆီကို​ရောက်လာရတာလဲ"