၁၂
Viewers 114

ရှီရန်သည် စတားမြို့​တော်ဖျော်​ဖြေ​ရေးသို့မရောက်ရှိခင်တွင် သူမသည် ထိုကုမ္ပဏီနှင့်ပတ်သက်သောအချက်အလက်များကို ရှာ​​ဖွေခဲ့ပြီးပြီဖြစ်သည်။

စတားမြို့​တော်ဖျော်​ဖြေ​ရေး၏စီအီးအိုသည် ဖျော်ဖြေရေးနယ်ပယ်၏ခေါင်းဆောင်တစ်ဦးအနေဖြင့် ရိုးရှင်းသူမဟုတ်သည်မှာ သဘာဝကျလှသည်။

သူမ၏လက်ရှိလုပ်ငန်းနယ်ပယ်ရှိ ပုံရိပ်နှင့် အဆင့်အတန်းကြောင့် သူမသည် စတားမြို့​တော်ဥက္ကဋ္ဌမှ ပုဂ္ဂိုလ်ရေးအရဖိတ်ကြားခံရရန် အရည်အချင်းပြည့်မီသည်ဟု မထင်ပေ။

သူမနှင့်ပတ်သက်သည့်အခြားအရာတစ်ခုက သူ့အာရုံကို ဆွဲဆောင်မိခြင်း ဖြစ်မည်မှာ သိသာလှသည်

သူမ တွေးမိသလောက် ထိုအဖြစ်အပျက်ကြောင့်ပင်ဖြစ်​ပေမည်။

ကျုံးယူဖန်က သူမကို ရှစ်သန်းတောင်းသောအီးမေးလ်ပို့သောသူလို့ မထင်ရသောအကြောင်းရင်းက ဤခန္ဓာကိုယ်၏မူလပိုင်ရှင်ကို သူက ရင်းနှီးသော​ကြောင့်ဖြစ်သည်။

သို့သော် သူမရှေ့ရှိလူနှစ်ယောက်က ဆက်ဆံရန်မလွယ်ကူလှပေ။ သူတို့သည် အီးမေးလ်ပို့သူမှာ သူမဖြစ်​ကြောင်းကို ခန့်မှန်းမိသည်မှာ ကြာလောက်ပြီဖြစ်သည်။

"ဘယ်လိုကြောင့်?" ကျူးယို့ဟန်က မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။

"စီအီးအိုကျူးရဲ့ သရုပ်ဆောင်စွမ်းရည်ကို... ဒီထက်တိုးတက်အောင်လုပ်ရဦးမယ်" ဟု သူမက ခဏတွေးတောပြီးနောက် ပြောကြားလိုက်သည်။

ကျူးယို့ဟန် ဆွံအသွားသည်။

ယခုအချိန်တွင် ရှီရန်သည် ချူးကျင်းချန်းကဲ့သို့ ဆက်ဆံရန်ခက်ခဲသူဖြစ်​ကြောင်း သူသိလိုက်သည်။

"ဒါဆို ကျွန်​တော်လိုရင်းကိုပဲ​​မေး​တော့မယ်။ ရေးကို သိလား"

ကျူးယို့ဟန်က သူမ ရိပ်မိသည်ကိုသိပြီး​နောက် ထပ်ပြီး မဖုံးကွယ်ဘဲ တိုက်ရိုက်မေးသည်။

ရှီရန်၏မျက်လုံးတွင် သ​​ဘော​ပေါက်​သောအလင်း​ရောင်းများ တောက်ပလာသည်။

ဒါဆို သူတို့က ရေးရဲ့အ​ကြောင်းကို သိချင်လို့​ပေါ့။

"ဒါကြောင့် ရှင် ကျွန်မကို​ဖိတ်ခေါ်လိုက်တာလား" ဟုသူမ မေးလိုက်သော်လည်း ထိုစကားသည် စကားမပြောသောသူကို ရည်ညွှန်း​​နေ​သောစကားဖြစ်သည်။

ချူးကျင်းချန်း ထို​နေရာမှာထိုင်နေသည်။ ရှည်လျားသောပြတင်းပေါက်များမှနေရောင်သည် သူ့နောက်တွင် အဖြူရောင်အလင်းတန်းများအဖြစ်ဖြာထွက်နေသည်။

သူမ အကြည့်သည် ဘုရားသခင်က ထွင်းထုထားပုံရသည့်သူ့မျက်နှာတစ်ပြင်ပေါ်၌ ဖြတ်သန်းသွားပြီး သူ၏လည်ပင်းပေါ်ရှိနီရဲနေသောအနီကွက်ပေါ် ကျရောက်သွား​​သောအခါတွင် သူမ၏မျက်နှာအမူအရာကို ထိန်းချုပ်ထားလိုက်သည်။

ရှီရန်သည် ချက်ချင်းဆိုသလို အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူမ မှတ်မိသ​လောက် ထိုအမှတ်အသားကို သူမ မနေ့ညက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် ပန်းချီဆရာတစ်ယောက်၏လက်ကဲ့သို့ပြီးပြည့်စုံသောလက်က ထိုအမှတ်အသားကို ဖုံးအုပ်လိုက်သည်။

သူမ မော့ကြည့်လိုက်သောအခါတွင် ပြုံးနေသောမျက်လုံးတစ်စုံက သူမကို ငေးကြည့်နေသည်ကို တွေ့ရသည်။

ချူးကျင်းချန်းက ခေါင်းကို အနည်းငယ် စောင်းပြီး အနည်းငယ်ပြုံးရယ်ပြသည်။ သူ့အသံသည် တိုးကာ ဆွဲဆောင်မှုရှိသည်။ "ကြည့်​ကောင်းရဲ့လား"

သူမလက်ကို နဖူးပေါ်တင်လိုက်ပြီး ရှီရန်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ "တောင်းပန်ပါတယ်။"

သူမရှေ့ကလူသည် ဆက်ဆံရန်မလွယ်ကူ​သောသူဖြစ်သည်မှာ သေချာသည်။

စာအုပ်ထဲမှာ မူရင်းအမျိုးသမီးဇာတ်ဆောင်က ထိုယောက်ျား၏အဝတ်အစားကို ညစ်ပတ်အောင်ပြုလုပ်မိခဲ့သဖြင့် ခက်ခဲသောအ​ခြေအ​နေကိုရင်ဆိုင်ခဲ့ရသည်။

ယခုမူ သူမသည် သူနှင့်အတူအိပ်လုနီးပါးဖြစ်သွားခဲ့ပြီး ထိုကဲ့သို့ထင်ရှားသော အမှတ်အသားတစ်ခုကိုပင် ချန်ထားခဲ့သည်။

တစ်ဖက်သား၏ဒေါသစရိုက်ကြောင့်  သူမတောင်းပန်စကားပြောသင့်သည်။

ချူးကျင်းချန်းသည် မျက်ခုံးပင့်လိုက်ကာ သူ့မျက်လုံးများ တောက်ပနေသည်။

"မနေ့ညက ဆေးအခတ်ခံရတာ​ကြောင့် ကျွန်မရီဝေ​ဝေဖြစ်သွားပြီး အမှားလုပ်ခဲ့မိတာပါ"

ရှီရန်က ရှင်းပြရန်လိုအပ်သည်လို့ ခံစားရသည်။

ကျူးယို့ဟန်သည် ရှီရန်ကို ထိတ်လန့်စွာကြည့်ပြီးနောက် ချူးကျင်းချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ဒါဆို အဲဒီညက အမျိုးသမီးက တကယ့်ကို ရှီရန်ပေါ့။

'ဆေးအခတ်ခံရတယ်?'

သူ့နှုတ်ခမ်းက အပေါ်ကို တဖြည်းဖြည်း ကွေးတက်သွားသည်။

ဒါဆို ကျင်းချန်းက အတင်းအကြပ်​အလုပ်​ခံခဲ့ရတာလား?

ဒီမိန်းကလေးရဲ့ သတ္တိက ချီးကျူးစရာပဲ။

"အဲ့ဒါဆို?" ချူးကျင်းချန်းသည် ရှီရန်ကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ရှင်?" ရှီရန် စိတ်ရှုပ်​ထွေးသွားသည်။

"မင်း ကိုယ့်ကိုတာဝန်ယူပေးရမှာ မဟုတ်ဘူးလား"

ထိုဆွဲဆောင်မှုရှိသောအသံတွင် ဝမ်းနည်းနေ​သောအသံအနည်းငယ် ပါဝင်​နေသည်။

ရှီရန်: "!!!"

ကျူးယို့ဟန်: "!!!"

၎င်းသည် တကယ့်ကို ကိုးရိုးကာယားနိုင်​သောအခြေအနေတစ်ခုဖြစ်သည်။

"ရှင် ကျွန်မကို ဘယ်လို...တာဝန်ယူပေး​စေချင်တာလဲ" ရှီရန်၏ပါးစပ်မှ စကားလုံးများ တုံ့ဆိုင်းစွာထွက်ပေါ်လာသည်။

ပထမတော့ သူမ အနည်းငယ် ထိတ်လန့်သွားသည် ။

သို့သော် ဤဗီလိန်၏မှန်းဆမရသောပင်ကိုယ်ဗီဇအရ ၎င်းသည် သူမ ထင်ထားသည့်အရာ မဖြစ်နိုင်​ပေ။

ထိုလူက တစ်စက္ကန့်အကြာတွင် ပျင်းရိစွာ ပြောလိုက်သည်။

'ရေးနဲ့ မင်းရဲ့ဆက်ဆံရေးအကြောင်းကို ပြောပြပေး'

ကျူးယို့ဟန်၏မျက်နှာ မည်းမှောင်သွားသည်။ "ဒါက မင်းပြောတဲ့ တာဝန်ယူတယ်လို့ ခေါ်တဲ့အ​ကြောင်းအရာလား။"

ဇာတ်လမ်းက ငါစိတ်ကူးယဥ်ထားတာနဲ့ ဘာလို့မတူရတာလဲ။

'ငါမျှော်လင့်နေတဲ့ အိုင်​ဒေါဒရာမာလိုမျိုး ဇာတ်ဝင်ခန်းက​ကော။'

ရှီရန်သည် တည်ငြိမ်စွာ သက်ပြင်းချကာ 'ကျွန်မ သူ့ကို မသိဘူး' ဟု ဝန်ခံလိုက်သည်။

နောက်ပိုင်းတွင် ချူးကျင်းချန်းသည် ထိတ်လန့်တုန်လှုပ်စရာစကားတစ်ခုမှမပြောခဲ့ပေ။ သူမ၏အဖြေက သူမ လုပ်ခဲ့သောအရာအတွက် တာဝန်ယူပေးမှုတစ်ခုဖြစ်သည်ဟု သူမှတ်ယူထားပုံပေါ်သည်။

ရှီရန်နှင့် ကျူးယို့ဟန်တို့သည် သူမ မထွက်ခွာခင်အချိန်အထိ ခဏတာ စကားစမြည်ပြောခဲ့ကြသည်။

ကျူးယို့ဟန်က စားပွဲပေါ်ကထိ​တောင်မထိထား​သောကော်ဖီခွက်ကို ကြည့်ပြီး ပခုံးတွန့်လိုက်သည်။ "သူမ မသောက်သွားဘူး"

ချူးကျင်းချန်းသည် မျက်လုံးများကို ကျဥ်း​မြောင်းလိုက်ပြီး တိတ်ဆိတ်နေသည်။ သူ လေးလေးနက်နက် တွေးနေပုံပေါ်သည်။

နောက်တစ်နေ့တွင် ရှီရန်ကို ကျုံးယူဖန်ဖုန်းဆက်လာသည်။

"မင်းရဲ့ရှေ့နေနဲ့ စာချုပ်ဖျက်သိမ်းရေးကိစ္စဆွေးနွေးပြီးပြီ" ဟု ကျုံးယူဖန် အေးစက်စွာပြောသည်။

"ဒါဆို" သူမ မောပန်းနွမ်းနယ်၍ သမ်းလိုက်သည်။

'ဒါကိုပြောဖို့ ငါ့ကိုဖုန်းခေါ်တာလား။'

"ရှီရန်၊ မင်း ငါတို့ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ မင်းကိုယ်တိုင် သတ္တိရှိရှိနဲ့ ပိုက်ဆံတွေ ယူလာတယ်လို့ ငါအရင်က ထင်ခဲ့ပေမယ့် မင်း KT အဖွဲ့က တစ်ယောက်ယောက်နဲ့ချိတ်မိနေတဲ့ပုံပဲ။"

ရှီရန်၏စိတ်သည် အနည်းငယ် ကြည်လင်လာသည်။

'KT?'

'စတားမြို့​တော်ဖျော်​ဖြေ​ရေးဖြစ်သင့်တာမဟုတ်ဘူးလား'

“KT အဖွဲ့ရဲ့ ရှေ့နေအကြီးဆုံးကို စည်းရုံးနိုင်တယ်ဆို​တော့  မင်းဘက်ကလူတွေက မရိုးရှင်း​လောက်ဘူး။ မင်း တယောက်ယောက်ရဲ့ မယားငယ်ဖြစ်အောင်အထိ​တောင် အရမ်းအဆင့်နိမ့်ကျသွားပြီလား"

"စာချုပ်ရပ်စဲကြေးက တစ်ယွမ်။ မင်းထွက်သွားတဲ့ချိန်မှာတောင် ငါ့ကို အရှက်ခွဲဖို့ မေ့မ​နေဘူးပဲ!"

'တစ်ယွမ်? ယွမ် ရှစ်သန်း မဟုတ်ဘူးလား။'

ရှီရန်သည် ခဏတာ အံ့အားသင့်သွားသည်။

"မင်း KT ရဲ့ ကျောထောက်နောက်ခံကြောင့် ငါ့ကို အရှက်ခွဲနိုင်မယ်လို့ မထင်နဲ့။ ငါမင်းကို သတိပေးလိုက်...."

ကျုံးယူဖန်၏ငြီးတွားသံကို နားမထောင်နိုင်တော့သဖြင့် ရှီရန်က ဖုန်းချရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် သူမသည် အပြည့်အဝ နိုးကြားလာပြီဖြစ်သည်။

သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး မနေ့က သူမ ထည့်ထားသော ကျူးယို့ဟန်၏WeChat အကောင့်ကို ရှာလိုက်သည်။

[ရှီရန်]- ကျုံးယူဖန်က KT ရဲ့ ရှေ့နေက ဒီနေ့ ကျွန်မ၏စာချုပ်ကို ရပ်စဲလာတဲ့သူလို့ ပြောခဲ့တယ်။

ကျူးယို့ဟန်က အမြန်ပြန်ဖြေသည်။

[ကျူးယို့ဟန်] ဟုတ်ပါတယ်၊ KT ရဲ့ ရှေ့နေအကြီးအကဲကျန့်လုပါ။  မနေ့က ချူးကျင်းချန်း သူ့ကို တာဝန်ယူလုပ်​ပေးဖို့ညွှန်ကြားခဲ့ပါတယ်။

[ရှီရန်]- ကျွန်မရဲ့ကျေးဇူးတင်မှုကို ဖော်ပြ​ပေးဖို့ကူညီ​ပေးပါဦး။ နောက်တခေါက် နှစ်ယောက်စလုံးကို ထမင်းလိုက်ကျွေးပါ့မယ်။

ထို့နောက် ကျုံးယူဖန်၏ WeChat ကို သူမ၏ဖုန်းအဆက်အသွယ်စာရင်းတွင် ရှာတွေ့သည်။

သူမ စကား​ပြောခန်းကိုဖွင့်လိုက်သည်။

ထို့နောက် မှတ်စုတွင် "စာချုပ်ရပ်စဲခြင်း" ဟူသော စကားလုံးရေးထားကာ သူ့ထံ တစ်ယွမ် လွှဲပြောင်းလိုက်သည်။

ချက်ချင်းဆိုသလိုပဲ သူ့ကို WeChat တွင် ဘ​လော့လိုက်သည်။

ထိုအချိန်တွင် ကျူးယို့ဟန်သည် ချူးကျင်းချန်းသို့ စိတ်လှုပ်ရှားကာ မက်ဆေ့ချ်ပို့နေသည်။

[ကျူးယို့ဟန်] - ဒီနေ့ ငါ အဲဒီကို ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်တဲ့အတွက် နှ​မြောစရာပဲ။ ကျန့်လုက စာချုပ်ရပ်စဲကြေးအကြောင်းပြောတဲ့အခါမှာ ဖြစ်သွားတဲ့ကျုံးယူဖန်ရဲ့အမူအရာကို ငါ အရမ်းမြင်ချင်မိတယ်။

ချူးကျင်းချန်းသည် နာရီဝက်ခန့်အကြာတွင် ပြန်လည်စာပို့သည်။

[ချူးကျင်းချန်း]- စတားမြို့​တော်ဖျော်​ဖြေ​ရေးက ပိတ်သွားပြီလား။

ကျူးယို့ဟန် စကားမပြောနိုင်ဖြစ်သွားသည်။

[ကျူးယို့ဟန်]- မစ္စ ရှီရန်က ငါတို့ကို ကျေးဇူးတင်ကြောင်းဖော်ပြချင်လို့ နောက်တစ်ခါဆုံရင် ထမင်းကျွေးပါမယ်လို့ ငါ့ကိုပြောခိုင်းလိုက်တယ်။

[ချူးကျင်းချန်း]- ကျေးဇူးသိတတ်မှုကို အဲ့လိုဖော်ပြလို့ရလို့လား။

ကျူးယို့ဟန်၏ပါးစပ် အနည်းငယ် တွန့်သွားသည်။

[ကျူးယို့ဟန်]- ငါ မင်းရဲ့ WeChatကို သူမဆီ ပို့ပေးပြီး သူမကိုယ်တိုင် ကျေးဇူးတင်ခိုင်းလိုက်မယ်။

ကျူးယို့ဟန် သည် ချူးကျင်းချန်း၏ WeChat အကောင့်ကို ရှီရန်ဆီသို့ အမြန်ပေးပို့သည်။

ထို့နောက် ချူးကျင်းချန်း၏စကား​ပြောခန်းသို့ သူပြန်လာသည်။

[ကျူးယို့ဟန်]: ငါ မင်းကိုမေးစရာရှိတယ်။

နာရီဝက်ကျော်သွားသည်အထိ  အကြောင်းမပြန်လာ​ပေ။

[ကျူးယို့ဟန်]- ရှီရန်က စတားမြို့​တော်ကို ဝင်တာကပြီးသွားပြီဆို​ပေမဲ့ သူမရဲ့မန်နေဂျာအဖြစ် ဘယ်သူ့ကိုတာဝန်ပေးရမလဲဆိုတာကို ငါ တွေ​ဝေ​နေလို့။

[ချူးကျင်းချန်း]: ဆက်ပြော။

ကျူးယို့ဟန် ဆွံအသွားသည်။

ရှီရန်အကြောင်းကိုပြောသောအခါ သူ ချက်ချင်းပြန်ဖြေသည်။

တိုက်ဆိုင်မှု မလား။

'ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးလား'

[ကျူးယို့ဟန်]- ငါ ယု​ဖေးရဲ့မန်နေဂျာကို ရွေးဖို့စီစဉ်ထားတယ်။ မင်းဘယ်လိုထင်လဲ?

[ချူးကျင်းချန်း]- သူမရဲ့လက်အောက်မှာ အနုပညာရှင်တွေ အများကြီးရှိတယ်။ သူတို့ထဲကအများစုက နာမည်ကျော်ကြားပြီး အဖိုးတန်တဲ့ရင်းနှီးမှု​တွေရှိတယ်။

[ကျူးယို့ဟန်]: ဒါက​တော့အမှန်ပဲ။ ရှီရန်သာ သူမဆီကို ရောက်သွားရင် သူမအတွက် ထွက်လမ်းမရှိလောက်ဘူး။

ချူးကျင်းချန်း: ဂျီဝမ်ဖုန်းက ပြန်မရောက်သေးဘူးလား။

[ကျူးယို့ဟန်]: အဲ့ဒီကောင်က ခရီးသွားနေတုန်းပဲ။ ဂျီဝမ်ဖုန်းကို ရှီရန်အတွက် စီမံခန့်ခွဲခိုင်းချင်တယ်လို့ မင်း ငါ့ကိုမပြောနဲ့။

[ကျူးယို့ဟန်]: မင်းမသိတာလည်း မဟုတ်ဘူး။ အဲ့ဒီအဖြစ်အပျက်ဖြစ်သွားကတည်းကစလို့ သူ့မှာ ဘယ်သူ့ကိုမှ စီမံခန့်ခွဲဖို့စိတ်ကူးမရှိ​တော့ဘူး

[ချူးကျင်းချန်း]- ရှီရန်ရဲ့ အချက်အလက်ကို သူ့ဆီပို့လိုက်။

[ကျူးယို့ဟန်]- သူရဲ့ ပင်ကိုယ်စရိုက်ကို ဘယ်သူက မသိလို့လဲ။ သူ့အနုပညာရှင်ဖြစ်လာတဲ့သူတိုင်း တိုင်ကြားကြလိမ့်မယ်။ ရှီရန်ကို သူ့လက်အောက်မှာ ထားချင်တာ သေချာလို့လား။ လက်စားချေဖို့ မင်း တမင်တကာလုပ်နေတာလို့ ငါ့ကိုမပြောနဲ့။

[ကျူးယို့ဟန်]- နောက်ပြီး သူက သဘောမတူလောက်ဘူး မဟုတ်လား။ သူက ရုပ်ရည်ချောမောတဲ့အနုပညာရှင်တွေကို နှစ်သက်ပေမဲ့ ရှီရန်ရဲ့မျက်နှာကြောင့် ဖျော်ဖြေရေးလောကကို ပြန်ဝင်လာဖို့တော့ခက်ခဲလိမ့်မယ်။

ကျူးယို့ဟန် စာပေးပို့ပြီးနောက် ချူးကျင်းချန်းက အကြောင်းမပြန်တော့​ပေ။

ချူးကျင်းချန်းက အလုပ်ရှုပ်နေသော​ကြောင့် စာမပို့​တော့ခြင်းဖြစ်သည်ဟု သူထင်လိုက်သည်။

သို့​သော် လက်တွေ့တွင် 'အလုပ်ရှုပ်နေသည်' ဟု သူထင်သော ချူးကျင်းချန်းက ဖုန်းကို ကိုင်ထားဆဲဖြစ်သည်။

ဖုန်းမျက်နှာပြင်တွင် WeChat စကား​ပြောခန်းကိုပြသထားသည်။ စကား​ပြောခန်းထိပ်တွင် စကားလုံးနှစ်လုံး ဖော်ပြထားသည်။

ရှီရန်