၁၁
Viewers 123

ဒင်

ကွန်ပြူတာ အသံမြည်လာသည်။

ရှီရန် ဖွင့်ကြည့်လိုက်သောအခါတွင် အီးမေးလ်အသစ်တစ်ခုရောက်နေသည်ကို တွေ့လိုက်ရသည်။

[ငါ ဗီဒီယိုကို ဝယ်လို့ရပေမယ့် တခြားဘယ်နေရာမှာမှဒီဗီဒီယိုကိုမမြင်ချင်ဘူး။ ဒါ့အပြင် မင်းရဲ့ရည်ရွယ်ချက်ကို ငါအတည်ပြုဖို့လိုတယ်။ နိုင်ငံတကာဟက်ကာဖြစ်တဲ့ရေးက ဒီရှစ်သန်းကို လိုအပ်နေတဲ့ပုံမပေါ်ဘူး။

ကျုံးယူဖန်]

ရှီရန်က မျက်ခုံးပင့်လိုက်သည်။

သူမသည် အမည်တစ်ခုကိုသာ ကျပန်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဟက်ကာတစ်ယောက်၏နာမည်ဖြစ်ရန် သူမ မမျှော်လင့်ထားပေ။

ဤစာအုပ်ထဲရှိဇာတ်ကောင်သည် ကျုံးယူဖန်အတွက်သာ ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သောကြောင့် သူမသည် ကျုံးကော်ပို​ရေးရှင်း၏Tianxin ဖျော်​ဖြေ​ရေးကုမ္ပဏီတွင်သာ အလုပ်လုပ်နေခဲ့သည်မှာ သဘာဝကျသည်။

ထိုအချိန်တွင် ကျုံးယူဖန်နှင့် ရှီဝန်ဖေးသည် အတူရှိနေပြီဖြစ်သောကြောင့် ရှီရန်ကို ထောက်ခံအား​ပေးရန်မှာ မဖြစ်နိုင်ပေ။

သူမ၏ရုပ်ရည်ကြောင့် ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ရလာရန်ခက်ခဲသောဇာတ်ကောင်မျိုး မဖြစ်သင့်ပေ။

သို့သော် နောက်ဆုံးတွင် သူမသည် နာမည်မကျော်ကြားရုံသာမက အရှုပ်အရှင်းမျိုးစုံတွင်ပါ ပါဝင်ပတ်သက်လာခဲ့သည်။

ကျုံးယူဖန်နှင့်ရှီဝန်ဖေးတို့သည်
ထိုအရှုပ်အရှင်းတို့တွင် ပါဝင်ခဲ့သည်မှာ သဘာဝကျသည်။

ရှီရန်သည် မေးစေ့ကိုလက်ထောက်လိုက်ကာ အဝေးကို ငေးကြည့်နေသည်။

သူမသည် ယခင်ဘဝက ဆုပေးပွဲသို့သွားရာလမ်းတွင် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့ရသည်။

ထို့ကြောင့် သူမကိုယ်တိုင် အကောင်းဆုံး မင်းသမီးဆုကိုလက်ခံမရရှိခဲ့ပေ။

ယခုပြန်လည်မွေးဖွားလာပြီးနောက် သူမသည် ယခင်ဘဝကနောင်တများအတွက် ပြန်လည်ပြင်ဆင်ချင်သည်။

ထို့ကြောင့် သူမသည်ကျုံးယူဖန်၏ကုမ္ပဏီတွင် ဆက်မနေနိုင်တော့ပေ။

သို့​သော် စာချုပ်သက်တမ်းက သုံးနှစ်ကျန်သေးသည်။ စာချုပ်ရပ်စဲကြေးမှာ ယွမ်ရှစ်သန်းဖြစ်သည်။

ထို့ကြောင့် သူမ၏အိမ်တံခါးဝသို့ တွားလာပြီး သတ်ရန်အတွက် သူ့ဘာသာသူ ပူဇော်ပသလာသည့် သိုးကလေးကို သနားကာ အလွတ်​ပေးစရာအကြောင်းမရှိပေ။

ကီးဘုတ်ပေါ်တွင် စာရိုက်ထည့်လိုက်ကာ သူမ၏အမူအရာမှာ မည်းမှောင်သွားသည်။

[ငါဘယ်သူလဲဆိုတာ မင်းဂရုစိုက်စရာမလိုဘူး။ အကောင့်ထဲမှာ ရှစ်သန်းရောက်တာနဲ့ ဒီဗီဒီယိုကမင်းဆီမှာကလွဲလို့ ဘယ်သူမှာမှမရှိဘူးဆိုတာကိုငါအာမခံနိုင်တယ်။]

နှစ်နာရီလောက်အကြာတွင် သူမ ဖုန်းအသံမြည်လာသည်။

သူမ၏နှုတ်ခမ်းသည် အထက်သို့ ကွေးညွတ်တက်သွားသည်။

အကောင့်ထဲတွင် ရှစ်သန်း ရောက်ရှိလာပြီဖြစ်သည်။နောက်တစ်ဆင့်က စာချုပ်ကို ဖျက်သိမ်းရန်ဖြစ်သည်။

လောလောဆယ်တွင် ကျုံးယူဖန် သူမကို အီးမေးလ်ပို့သည့်သူနဲ့သိသည်ဟု သံသယမဝင်စေချင်​ပေ။

ထို့ကြောင့် စာချုပ်ကို ဖျက်သိမ်းရန် သူမ တိုက်ရိုက်အကြံပြုလို့မဖြစ်နိုင်ပေ။

စာချုပ်ကို မည်ကဲ့သို့အဆုံးသတ်ရမည်ဆိုသည်ကိုစဉ်းစားနေချိန်တွင် မရင်းနှီးသောဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။

"ဟဲလို" သူမ၏အသံသည် ပေါ့ပေါ့ပါးပါးနှင့် ပျင်းရိနေသံ​ပေါက်သည်။

"ဟဲလို ရှီရန်။ ကျွန်တော်က စတားမြို့​တော်ဖျော်​ဖြေ​ရေးကုမ္ပဏီရဲ့ဥက္ကဌ ကျူးယို့ဟန်ပါ။"


"အွန်လိုင်းမှာ သတင်းတွေကိုတွေ့ပါတယ်။ ရှီရန်က Tianxin မှာ ဆက်နေဖို့ မရည်ရွယ်တော့ဘူးထင်ပါတယ်၊ ဟုတ်တယ်မလား။ ကျွန်တော်တို့ရဲ့စတားမြို့တော်ကိုဝင်ဖို့ စဥ်းစားကြည့်မလား။"

စတားမြို့​တော်ဖျော်​ဖြေ​ရေးကုမ္ပဏီမှဖိတ်ကြားချက်သည် ရှီရန်ကို အံ့အားသင့်သွားစေသည်။

သူမ၏လက်ရှိဂုဏ်သတင်းကြောင့် တခြားကုမ္ပဏီစာချုပ်ချုပ်ရန် သူမအတွက်ခက်ခဲလှ​ပေသည်။

ထို့အပြင် စတားမြို့​တော်သည် နိုင်ငံတွင်း ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်သည်။

သူမသည် သံသယဖြစ်မိသော်လည်း သူတို့ကို တွေ့ဆုံရန်သဘောတူခဲ့သည်။

ဖုန်းချပြီးနောက် အခြားသူက အချိန်နှင့်နေရာကို တိုက်ရိုက်ပေးပို့သည်။

[ညနေ ၃း၃၀ KT အဖွဲ့။ ကျွန်​တော်နဲ့ချိန်းဆိုထားတာရှိတယ်လို့ ရုံးခန်းရှေ့မှာပြောလိုက်ပါ။]

'KT အဖွဲ့?'

နာမည်က သိပ်မရင်းနှီးတာ မဟုတ်ဘူး။

သာမန်ဝတ္ထုများတွင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မများ၏သစ္စာစောင့်သိမှုနှင့် ခွန်အားကို ပြသရန်အတွက် ဗီလိန်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောလူဆိုးများကို စီစဉ်ပေးမည်ဖြစ်သည်။

KT အဖွဲ့သည် ဝတ္ထုထဲတွင်အကြီးမားဆုံးဗီလိန်ဖြစ်​သော ချူးကျင်းချန်းပို​င်သောကုမ္ပဏီဖြစ်သည်။

ထိုစာအုပ်တွင် ချူးကျင်းချန်း သည် စီးပွားရေးပါရမီရှင်တစ်ဦးဖြစ်ပြီး မြို့တော်နံပါတ်တစ်မိသားစုဖြစ်​သော ချူးမိသားစု၏အနာဂတ်အမွေဆက်ခံသူဖြစ်သည်။

KT အဖွဲ့သည် ချူးမိသားစု၏လုပ်ငန်းဖြစ်သည်။

အမျိုးသမီးဇာတ်ဆောင်ရှီဝန်ဖေးသည် ဗီလိန်ကို မရည်ရွယ်ဘဲ တစ်ကြိမ်​လောက်စော်ကားမိသွားသည်။ ဗီလိန်က ဒေါသဖြစ်ပြီး ဇာတ်ဆောင်အမျိုးသမီးကို အကြိမ်ကြိမ် နစ်နာအောင် ကလဲ့စားပြန်​​ချေသည်။

အမျိုးသားဇာတ်ဆောင်ကျုံးယူဖန် သည် သူ့ချစ်သူကို သနားမိသောကြောင့် သူသည် ဗီလိန်နှင့်ယှဉ်ပြိုင်ခဲ့ရသည်။

အဆုံးတွင် ကျုံးယူဖန်က အနိုင်ရသွားသည်။

သို့သော် ဤအောင်ပွဲသည် ကျုံးယူဖန်၏လုပ်ကိုင်စွမ်းအားနှင့် မသက်ဆိုင်ပေ။

ချူးကျင်းချန်းသေဆုံးသွားခဲ့သောကြောင့်သာ သူအနိုင်ရခဲ့ခြင်းဖြစ်သည်။

ချူးကျင်းချန်းသည် အသက်သုံးဆယ်အရွယ်တွင် သေဆုံးသွားသည်။စာအုပ်ထဲတွင် သေချာမရှင်းပြထားသဖြင့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေ။

ချူးကျင်းချန်း ကွယ်လွန်ပြီးနောက် သခင်ကြီးချူး သည် အလွန်ဝမ်းနည်းပူဆွေးပြီး ကမ္ဘာလောကကြီးမှထွက်ခွာ((သို့)သေ)သွားသည်။

ထို့ကြောင့် မိသားစုကြီးသည် တဖြည်းဖြည်း ပြိုလဲဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် အမျိုးသားဇာတ်ဆောင်၏ဝါးမျိုခြင်းကို ခံခဲ့ရပြီး အမျိုးသားဇာတ်ကောင်၏စီးပွားရေးအင်ပါယာအဖြစ်သို့တည်ထောင်ခြင်းခံခဲ့ရသည်။

ရှီရန် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

နေ့ရက်နှင့်အချိန်အရဆိုလျှင် ချူးကျင်းချန်းသည် ယခုနှစ်တွင် အသက် ၂၈ နှစ်ရှိပြီဖြစ်သည်။

ဆိုလိုသည်မှာ သူ အသက်ရှင်ရန်နှစ်နှစ်သာကျန်တော့သည်။

...

KT အဖွဲ့၏ဥက္ကဌရုံးခန်း

"ငါ့အဝတ်အစားကို မင်းဘယ်လိုထင်လဲ။ ငါက မိန်းမဆန်နေလား"

ကျူးယို့ဟန်သည် အစိမ်းရင့်ရောင်ပန်းပါ​သောအင်္ကျီကို ၀တ်ဆင်ထားပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်နေသည်။

သူသည် အပေါ်မှကြယ်သီးအချို့ကို တမင်တကာ ဖြုတ်လိုက်ပြီး သူ၏ချောမွေ့ပြီး တောင့်တင်း​သောရင်ဘတ်ကို ဖော်ထားသည်။

သူသည် သူ၏ပေါ့ပေါ့ပါးပါးဝတ်ထား​သောဘောင်းဘီတိုကို အနက်ရောင်ဘောင်းဘီအရှည် လဲဝတ်လိုက်သည်။

သူ၏ဆံပင်ကိုလည်း ဂျယ်ဖြင့် လိမ်းထားကာ နဖူးကို အပြည့်ဖော်ထားသည်။

ထိုကျဉ်းမြောင်းသောမက်မွန်ပန်းပွင့်နေ​သောပုံစံကဲ့သို့​သောမျက်လုံးတစ်စုံသည် မှန်ထဲမှ သူ၏ရုပ်ပုံကို စူးစိုက်ကာကြည့်နေသည်။

ချူးကျင်းချန်း က သူ့ကို ပြန်မဖြေသည်ကို မြင်၍ ကျူးယို့ဟန်က ဂရုမစိုက်ဘဲ သူ့ကိုယ်သူ ဆက်ပြောနေသည်။

"ချောမောတဲ့ယောက်ျားတွေကို သ​ဘောမကျတဲ့မိန်းက​လေး​တွေဆိုတာ မရှိဘူး။ သူမ စတားမြို့​တော်မှာဝင်မယ်ဆိုတာငါသေချာပေမယ့် ငါ့ရဲ့ ရုပ်ရည်ချောမောမှုက သူမအတွက် ငါတို့ရဲ့စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ပိုပျော်စရာကောင်းစေမှာပါ"

"အခြားအရာကလွဲလို့ ရှီရန်ရဲ့ အလှက ငါ့ရဲ့သပ်သပ်ရပ်ရပ်ပြင်ထားတာနဲ့ ထိုက်တန်တယ်။"

"မင်းဘယ်လိုထင်လဲ ငါချောတယ်မလား?"

ကျူးယို့ဟန်သည် သူ၏ဆံပင်ကို နဖူးနောက်သို့ပြန်သပ်လိုက်ပြီး ဆိုဖာပေါ်ရှိ ချူးကျင်းချန်းကို ပရောပရည်ကြည့်လိုက်သည်။

ချူးကျင်းချန်း ပေါ့ပေါ့ပါးပါးထိုင်သည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ထားသောကြောင့် သူ၏ပခုံးကျယ်ပုံ​ပေါ်နေကာ ခါးကျဉ်းပုံ​ပေါ်နေသည်။

ရွှေဘောင်ခတ်ထားသောမျက်မှန်နှင့်အတူ သူ့ပုံစံက သူ့ကို 'လူကြီးလူကောင်း' နဲ့ ပိုတူစေသည်။

အမှန်တကယ်တွင် သူသည် ကျက်သ​ရေရှိ​သောဥရောပမင်းသားလေးနဲ့တူနေသည်။

သူ့နှုတ်​ခမ်း​ပါးလေး​က အနည်းငယ်​ပွင့်သွားသည်​။ "ဟုတ်တယ်၊ Jade Hunter နိုက်ကလပ်ရဲ့ထိပ်တန်းအမျိုးသားပြည့်တန်ဆာနဲ့တူတယ်။"

Jade Hunter နိုက်ကလပ်သည် မြို့တော်ရှိ နာမည်ကြီးအမျိုးသားပြည့်တန်ဆာကလပ် ဖြစ်သည်။

ကျူးယို့ဟန်စကားမပြောနိုင်ဖြစ်သွားသည်။

ဟူး

ဘာလို့ ဒီလောက်ချောမောတဲ့လူက ပါးစပ်ကြမ်းရတာလဲ။

ကျူးယို့ဟန်သည် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး စားပွဲပေါ်မှလက်ဖက်ရည်ကို သောက်လိုက်သည်။

"ရှီရန်ကို ငါဒီမှာတွေ့ဖို့ မင်း ဘာလို့စီစဉ်လိုက်တာလဲ။"

သူ့ပုံစံကို ဂရုစိုက်ပြီးနောက် ကျူးယို့ဟန်သည် အတင်းအဖျင်းစကားပြောရန် စကားစလာသည်။

ချူးကျင်းချန်း က ခေါင်းကိုမော့ပြီး မျက်မှန်အောက်မှအနက်ရောင်မျက်လုံးတစ်စုံကို ကျဉ်းမြောင်းလိုက်သည်။

သူ့နှုတ်​ခမ်း​ကွေးညွှတ်​သွားပြီး အသံက မ​ဖြေချင်​သောအသံ​ပေါက်​နေသည်​။ "သူမကိုတာဝန်ယူခိုင်းဖို့အတွက်ပဲ​ပေါ့။"

ကျူးယို့ဟန်၏မျက်လုံးသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။

သူထပ်မမေးနိုင်ခင် လက်ထောက်က ရှီရန်ရောက်လာကြောင်း သတင်းပို့သည်။

ရှီရန် ဝင်လာသည်။

သူမသည် အခြားကုမ္ပဏီများ၏အကြီးအကဲများနှင့် တွေ့ဆုံနေသော်လည်း ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။

အဆောက်အဦးအတွင်း ၀င်လိုက်ထွက်လိုက် သွားလာနေသောအထက်တန်းစားများ၏အ၀တ်အစားနှင့်နှိုင်းယှဉ်ပါက သူမသည် နေရာမှား​၍ရောက်လာပုံပေါ်​နေသည်။

သူမသည် စိတ်ဝင်စားစရာ​ကောင်း​သောအနက်ရောင်မျက်လုံးတစ်စုံကို မတွေ့ဆုံခင်အထိ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ထိုလူသည် အနက်ရောင်သားရေဆိုဖာပေါ်၌ မှီထိုင်​နေသည်။ သူ့အသားအရည်သည် မိန်းကလေးအများစုထက် ပိုချောမွေ့ပြီးပိုဖြူသည်။

အဖြူနှင့်အနက်ကြားရှိလွန်ကဲသော ခြားနားချက်သည် ယခင်အချိန်ကရေချိုးကန်ရှိသူ့ကိုယ်လုံးတီးပုံသဏ္ဍာန်ထက် ပို၍ပင် သူ့အလှကို ပေါ်လွင်​စေသည်။

ဒါဆို သူက ချူးကျင်းချန်းလား?

ရှီရန်သည် မျက်လုံးများကို ကျဥ်း​လိုက်သည်။

ဒါဆို ရေချိုးခန်းထဲကလူက စာအုပ်ထဲမှာ အသက်တိုတဲ့ဗီလိန်ဖြစ်​နေတာ​ပေါ့။

လူနှစ်ယောက်၏စိုက်ကြည့်မှုအောက်တွင် သူမ၏ဣန္ဒြေကို ထိန်းသိမ်းကာ သူမသည် သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"မစ္စရှီအတွက် ကော်ဖီတစ်ခွက် ယူလာလိုက်ဦး" ချူးကျင်းချန်းက သူ၏လက်ထောက်ကို ပျင်းရိစွာ ညွှန်ကြားသည်။

ရှီရန်က တုံ့ပြန်ပုံမ​ပေါ်​ပေ။

ယင်းအစား ကျူးယို့ဟန်သည်  ချူးကျင်းချန်းကို သံသယဖြင့် စိုက်ကြည့်လာသည်။

သူတို့စုဆောင်းရရှိထားသောအချက်အလက်များအရ ရှီရန်သည် ကော်ဖီကို မကြိုက်ဆုံးဖြစ်သည်ဟု သိထားသည်။

ကျင်းချန်းသည် အမှန်တရားဟုတ်မဟုတ်ကို တမင်တကာ စုံစမ်းနေသည်ဟုသာ သူယူဆလိုက်သည်။

သံသယမဖြစ်စေရန် သူ ဦးစွာပြောသည်။ "မစ္စ ရှီ က အခုတ​လော​ကျော်ကြား​နေတာဆို​တော့  ကျွန်​တော်သိချင်တာတစ်ခုရှိပါတယ်။"

ရှီရန်သည် တည်ငြိမ်သောအမူအရာဖြင့် ကျူးယို့ဟန်ကို တည့်တည့်ကြည့်လိုက်သည်။

ကျူးယို့ဟန် တိုက်ရိုက်​မေးရုံကလွဲလို့ရွေးချယ်စရာမရှိတော့​ပေ။ "မစ္စရှီရဲ့ပြသနာစီမံခန့်ခွဲမှုစွမ်းရည်က တော်တော်ကောင်းပုံရတယ်။ဒါဆို အရင်က ဘာလို့ ဒီလောက်ဆိုးဆိုးရွားရွား ဝေဖန်ခံခဲ့ရတာလဲ။"

"အားလုံးပြီးဆုံးသွားရင် ကျွန်​တော်တို့က အနာဂတ်မှာအတူတူအလုပ်လုပ်ရနိုင်တယ်ဆို​တော့ ကျွန်​တော် ဒါကိုရှင်းရှင်းလင်းလင်းနားလည်ထားရမယ်လေ။"

သူက နောက်ထပ်စာကြောင်းထပ်ထည့်ပြောလိုက်သည်။

"ယုန်​​တွေ​တောင်​မှဘဲ သူတို့စိတ်တိုရင် ထကိုက်​ကြတယ်​လေ" ဟု ရှီရန်က​ပြောသည်​။

"တကယ်တော့ မစ္စရှီရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ဆိုရင် ဒါဟာ ကောင်းကင်ဘုံကလက်ဆောင်တစ်ခုပါပဲ။ မစ္စရှီနဲ့စာချုပ်ချုပ်တာက သေချာ​ပေါက် အရှုံးရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် မစ္စရှီရဲ့ လက်ရှိဂုဏ်သတင်းနဲ့ ကျော်ကြားမှုဟာ စတားမြို့​တော်ဖျော်​ဖြေ​ရေးအတွက် စာချုပ်ရပ်စဲကြေးပြဿနာကို ဝင်ဖြေရှင်းရတဲ့အထိ မလုံလောက်သေးပါဘူး။

ဒါပေမယ့် မစ္စရှီအတွက် ရှေ့နေတစ်ယောက် ပေးနိုင်ပါတယ်။ မစ္စရှီမှာ​ကော စာချုပ်ရပ်စဲကြေးအတွက်​ပေးဖို့ငွေအဆင်သင့်ရှိရဲ့လား"

ရှီရန်သည် သူမ၏ခြေတံရှည်များကို ချိတ်လိုက်ကာ ပြုံးသည်။

သူမသည် စွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ "စီအီးအိုကျူးက သိပြီးသားမဟုတ်ဘူးလား?"