Viewers 132

"ဘာတွေဖြစ်နေတာလဲ" ရှီဝန်​ဖေး စိတ်လွတ်သွားသည်။ သူမ ရုတ်တရက်ထရပ်လိုက်ပြီး အ​ရေးမစိုက်ဘဲ မိတ်ကပ်ပညာရှင်အား နံရံဆီသို့တွန်းထိုးပစ်လိုက်သည်။ ထို့နောက် သူမသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး လက်တုန်တုန်ယင်ယင်ဖြင့် ကျုံးယူဖန်ကို ခေါ်လိုက်သည်။ "ယူဖန်..." ရှီဝန်​ဖေး၏အသံသည် ငိုချ​တော့မည့်အသံကဲ့သို့ဖြစ်နေသည်။ "ဒီပြဿနာက တော်တော်ခက်ခဲတယ်။ အဲဒီလူက ရှီရန်ဆီကနေလာဘ်(ပိုက်ဆံ)ယူထားတာဖြစ်နိုင်တယ်။ ပြီးတော့ ဒီသတင်းက အခုထိစာရင်းက​နေ လျော့ကျမသွားဘူး။ နည်းပညာရှင်တွေကလည်း ဘာမှလုပ်လို့မရဘူး။" ကျုံးယူဖန်၏အသံ အနည်းငယ်ပင်ပန်းနေပုံ​ပေါက်​နေသည်။ ရှီဝန်​ဖေးက ဆိုဖာလက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး "မနေ့ညက ဟက်ကာဖြစ်နေတာများလား?" ဟု​ မသက်မသာဖြစ်ကာ မေးသည်။ "ကိုယ် ရေးကိုရှာကြည့်လိုက်သေးတယ်။ သူက ကမ္ဘာ့နံပါတ်တစ် ဟက်ကာမို့ အလုပ်တစ်ခုအတွက် ရှစ်သန်းကျော်တောင်းလေ့ရှိတာ​ကြောင့် တစ်ယောက်ယောက်က သူ့နာမည်ကိုယူသုံးနေတာလို့ ကိုယ် သံသယဝင်မိတယ်။" "အဲ့ဒီလူက ရှီရန် ဖြစ်နိုင်လောက်လား" ရှီဝန်​ဖေး၏နှလုံးတစ်ချက်ခုန်တက်သွားသည်။ "ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့ဒီလူက သူမ သာဆိုရင် အခုဆို သူမက အွန်လိုင်းပေါ်မှာတင်လိုက်မှာ​​ပေါ့။ သူမက ကိုယ်တို့နဲ့ဆက်သွယ်ပြီး ပြဿနာရှာ​နေမှာ မဟုတ်ဘူး။" "ဒါဆို ကျွန်မတို့ အခုဘာလုပ်ကြမလဲ" ကျုံးယူဖန်သည် ခဏလောက် စဉ်းစားလိုက်သည်။ "အန်ကယ်ရှီကို ကိုယ် ဆက်သွယ်ပြီးပြီ။ အခုကိစ္စကျော်ကြားနေတာကို ဖိနှိမ်ဖို့ အခြားကိစ္စတစ်ခုကို ကိုယ် ယူအသုံးပြုမှဖြစ်မယ်။ စိတ်မပူနဲ့ ကိုယ် အရာအားလုံးကို ဖြေရှင်းလိုက်မယ်။" "ယူဖန်..."  ရှီဝန်​ဖေးက သူစကားများ​ကြောင့် ရင်ထဲထိသွားကာ သူမမျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။" "အရူးမလေး။" ကျုံးယူဖန်၏အ​ပြောကို နား​ထောင်ပြီးနောက်  ရှီဝန်​ဖေးနှင့် သူမ၏မန်နေဂျာတို့သည် သူတို့၏ဖုန်းများတွင် သတင်းများကို စောင့်မျှော်ရန် ဆုံးဖြတ်ခဲ့ကြသည်။ "ဒီမှာ!" မန်နေဂျာက စိတ်လှုပ်ရှားစွာပြောသည်။ အင်တာနက်သုံးစွဲသူများကလည်း ယခုအချိန်အထိ ထိုအ​ကြောင်းများကိုရှာ​​ဖွေ​နေဆဲဖြစ်သည်။ သူတို့အားလုံးသည် မနက်ခင်းကဖြစ်ပျက်ခဲ့​သောပွဲကို စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြပြီး အားလုံးတွင် သူတို့၏ကိုယ်ပိုင်အမြင်များ ရှိကြသည်။ ထိုကိစ္စပြီးသွားပြီဟု လူတိုင်းက ထင်နေကြ သောအချိန်တွင် နောက်ထပ် ဗီဒီယိုတစ်ခုက အင်တာနက်မှာ ပျံ့နှံ့လာ​ပေသည်။ ၎င်းသည် ညဘက်တွင် ရှီမိသားစု၏အိမ်ကို နောက်ခံထားပြီး စီစီတီဗီမှရိုက်ကူးထားသည့်ဗီဒီယိုဖြစ်သည်။ ဗီဒီယိုအစတွင် ရှီရန်သည် လုံခြုံရေးအစောင့်ကို နင်းခြေပြီး​နောက် တံခါးဝရှိအဝတ်များကို မီးရှို့သည်ကို တွေ့ရသည်။ ထို့နောက် ရှီရန်သည် ရှီမိသားစုနှင့်ရန်ဖြစ်​နေ​သောမြင်ကွင်းကို မြင်ရသည်။ အမေရှီက ဒေါသတကြီးနှင့်လက်မမြှောက်ခင်  တစ်ခုခုပြောနေသည်ကိုတွေ့လိုက်ရပေသည်။ အဆုံးတွင် သူမသည် အမေရှီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။ နောက်ဆုံးတွင် ဖခင်ရှီသည် ရှီရန်အား ထွက်သွားရန် ဒေါသတကြီးပြောနေသည့် မြင်ကွင်းတစ်ခုကိုမြင်ရသည်။ ဗီဒီယိုဖြတ်တောက်ထားမှုမှာ မသိသာ​ပေ။ ၎င်းကိုကြည့်ပြီးနောက် အင်တာနက်အသုံးပြုသူများက သူမကို ကျွမ်းကျင်သူဟု ခေါ်ဆိုကြသည်။ [သူမက တကယ်ကို ဥပ​ဒေမဲ့​နေတာပဲ။  ရှီရန်ဘက်မှာ ဘာ​ကြောင့် ဘယ်သူမှ မရပ်တည်​ပေးတာလဲဆိုတဲ့​မေးခွန်းရဲ့​အ​ဖြေကို အခု​တော့ငါတို့သိလိုက်ပြီ။] [ဒီလို ကျေးဇူးမသိတတ်တဲ့သူကို မွေးစားခဲ့မိတာ ဘယ်လောက်တောင်ကံဆိုးလိုက်သလဲ။] [ငါက ဒီလိုမိန်းမမျိုးကိုအား​ပေးဖို့ အ​တွေး​ဝင်ခဲ့ရတယ်လို့​။] [ငါက ထုတ်လုပ်ရေးနဲ့သက်ဆိုင်တဲ့အလုပ်ကို လုပ်​နေတာနှစ်အတော်ကြာနေပြီ။ ဒီဗီဒီယိုက ဖြတ်ညှပ်ကပ်လုပ်ထားတာ အသိသာကြီး။] [လူကို တက်နင်းတယ်၊ မီးရှို့တယ်၊ မွေးစားအမေကို ရိုက်တယ်။ ချီး။ သူမ က ဘယ်လိုလူစားမျိုးလဲ။] [ရှီရန်ကို သနားစရာလို့ ပြောခဲ့တဲ့သူတွေ ကျေးဇူးပြုပြီး လာကြည့်ကြပါဦး။ သနားစရာကောင်းတယ်လို့ ထင်နေတုံးဘဲလား။] [ဒီလိုလူနဲ့ ယှဉ်ရင် ဖေးဖေးရဲ့ အသံဖိုင်က ဒေါသထွက်နေတဲ့စကားသက်သက်ပဲဖြစ်နေတာ။ ဒါ့အပြင် သူမ ပြောခဲ့တာတွေက မမှားဘူးလေ။] [နောက်ထပ် အ​ခြေအ​နေက ပြောင်းပြန်ဖြစ်နိုင်တဲ့သက်​သေ​တွေရှိလာမယ်လို့ ငါ ခံစားမိတယ်။ ရှီရန်ရဲ့ရှင်းလင်းချက်ကို ငါတို့ တိတ်တဆိတ် စောင့်ဆိုင်းသင့်တယ်။] [ ရှီအိမ်ရာရှေ့မှာ ဘာ့ကြောင့် အဝတ်ပုံကြီးရှိနေရတာလဲ။] လူတိုင်း အင်တာနက်ပေါ်၌ရှိနေသည်ကို အခွင့်ကောင်းယူပြီး ရှီဝန်​ဖေးက ကြေညာချက်ထုတ်ခဲ့သည်။ [ရှီဝန်​ဖေး]- ကျွန်မ တောင်းပန်ပါတယ်။ အဲဒီအသံဖိုင်က တကယ်ပဲ ကျွန်မရဲ့အသံပါ။ အမှန်အတိုင်း ဝန်ခံဖို့စိတ်ကူးခဲ့ပေမယ့်လည်း ဒီအရာကတစ်ယောက်တည်း ဆုံးဖြတ်လို့မရတဲ့ အရာတစ်ခုဖြစ်​နေခဲ့လို့ပါ။ မနေ့ညကရှိုးပွဲရဲ့ နား​နေခန်းမှာ မမနဲ့ အ​ခြေအတင်ရန်ဖြစ်ခဲ့ပါတယ်။ အဲဒီစကားတွေကို ကျွန်မ ဒေါသထွက်နေချိန် ပြောမိသွားခဲ့တာပါ။ ပြီးတော့ အဲ့ဒီတုံးက အသံခိုးသွင်းခံရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အသံဖိုင်က စကားနည်းနည်း​လေးဘဲ ဖမ်းယူထားပြီး အဲ့ဒီစကား​တွေရဲ့အရှေ့ဘက်ကစကား​တွေရောအနောက်ဘက်ကဖြစ်ပျက်ခဲ့တာတွေကို မချပြထားပါဘူး။ အသံဖိုင်အပြည့်အစုံ ကျွန်မဆီမှာမရှိတော့ ကျွန်မမှာ အပြစ်မရှိကြောင်း သက်သေပြလို့မရပါဘူး။ ဒါ​ပေမဲ့ အသံဖိုင်ထဲက စကားတွေက ကျွန်မဆီက​နေ ထွက်လာတာ အမှန်ဖြစ်တာ​ကြောင့် လူသိများကျော်ကြားတဲ့သူတစ်​ယောက်အနေနဲ့ ကျွန်မတောင်းပန်ပါတယ်။" ရှီဝန်​ဖေးပရိသတ်များကလည်း ချက်ချင်းပင် မှတ်ချက်ပေးကြသည်။ [ဖေး​​ဖေးအတွက် ငါ့နှလုံးသားလေး နာကျင်နေတယ်။ ဘာ တောင်းပန်စရာလိုလို့လဲ။ ရှီရန်က အသံဖိုင်ကို တမင်တကာဖြတ်​တောက်ထားတာ အသိသာကြီးကို။] [ကောက်ကျစ်တဲ့သူတွေက အပြစ်ဒဏ်ကို ခံရလိမ့်မယ်။ ငါတို့ဖေး​​ဖေးကို ဆွဲမထည့်နဲ့။] [ဖေး​​ဖေးကစိတ်လွတ်ပြီး ဒီလိုစကားမျိုး​တွေ ထွက်လာအောင် ရှီရန်က တစ်ခုခုလွန်လွန်ကျူးကျုးပြောခဲ့တာဖြစ်ရမယ်။] "ဒီတစ်ခါ​တော့ အ​ဖော်ထုတ်ခံရမယ့်နည်းလမ်းမရှိတော့ဘူးမလား" မန်နေဂျာက စိုးရိမ်စွာပြောသည်။ "ရှီမိသားစုဆီမှာဘဲ ဒီစီစီတီဗီဗီဒီယိုရှိတာ။ ရှီမိသားစုကနေ နှင်ထုတ်ခံထားရတဲ့အတွက် ဒီဗီဒီယိုဖိုင်ကို သူမ ရယူနိုင်မှာမဟုတ်ဘူး" ဟု ရှီဝန်​ဖေးက ပြောသည်။ သို့​သော် ယ​နေ့ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်ပြီး​နောက် သူမလည်း သိပ်မသေချာနေပေ။ ၎င်းကို တွေးမိ၍ ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူမ အဖေ၏နံပါတ်ကို နှိပ်လိုက်သည်။ "ဖြစ်ပျက်ခဲ့တဲ့အရာ​တွေအတွက် အဖေ့ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ မမ က သမီး​ကို ဘာလို့ဒီလို လုပ်ကြံရတာလဲမသိဘူး။ အရင်တုန်းက မမက ဒီလိုမျိုးမဟုတ်ပါဘူး" "အဆင်ပြေတယ်။ဖေး​​ဖေး။ ဒီတစ်ကြိမ် သူမ အမှားလုပ်ခဲ့တာ။ ဒါက သူမအတွက် သင်ခန်းစာတစ်ခုပဲ။" အဖေရှီ၏အသံသည် ပို၍ နူးညံ့လာသည်။ "မမက သူငယ်ချင်းအသစ်တစ်ယောက်တောင်ရ​နေတဲ့ပုံပဲ။ ယူဖန် က Weibo ရဲ့နည်းပညာရှင်တွေကို မေးတော့ ဒေတာမှာ ပြဿနာရှိပြီး တစ်စုံတစ်ယောက်က နောက်ကွယ်က​နေလျှို့ဝှက်ကြိုးကိုင်နေတယ်လို့ ပြောတယ်။" “ဒါက သူမ လုပ်နိုင်တဲ့အရာလို့မထင်ဘူး” ဟု အ​ဖေရှီက တိတ်တိတ်ဆိတ်ဆိတ်ပြောသည်။ "မနေ့ညက အင်တာဗျုးမှာလည်း အဲ့ဒီအတိုင်းပဲ။ မမ က ကွန်ပြူတာကျွမ်းကျင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သိ​နေတာဖြစ်မယ်လို့ ယူဖန်က ပြောတယ်။" ရှီဝန်​ဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး "မမနဲ့ ဒီလိုမျိုး ဆက်ပြီး ငြင်းခုံမနေချင်တော့ဘူး။ ဒါပေမယ့် မမက ဗီဒီယိုအပြည့်အစုံကိုသာရသွားရင် ဒီကိစ္စက အဆုံးမသတ်နိုင်တော့မှာကို စိုးရိမ်မိတယ်" ဟုဆက်​ပြောသည်။ "ဖေဖေ၊ သမီးပဲ ဒီပြသနာကို ခေါင်းခံပြီးတာဝန်ယူလိုက်ရမလား။ မမက အ​ဖေတို့ကို ပြုစုပေးနေခဲ့တာ ကြာပြီဆို​တော့။ သမီး....." “အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောနဲ့” အ​ဖေရှီက ပြတ်ပြတ်သားသားဖြင့် စကားဝင်ဖြတ်ပြောသည်။ "သမီးက အ​ဖေတို့ရဲ့သမီးအရင်းပဲ။နှစ်တွေကြာလာတာနဲ့အမျှ ရှီရန်ကသာ ပိုပိုပြီး မဆင်မခြင်ဖြစ်လာတာ" "စိတ်မပူနဲ့။ အ​ဖေ့မှာ ဒီမနက်ကမူရင်းဗီဒီယိုဖိုင်ကိုဖျက်ဆီးလိုက်ပြီ။ သူမ ဗီဒီယိုအပြည့်အစုံကို ရနိုင်မှာ မဟုတ်ဘူး။ သမီးရဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီး အ​တွေးမများနဲ့။" အဖေရှီ၏စကားများက ရှီဝမ်ဖေး၏ယုံကြည်မှုကို မြှင့်တင်ပေးသည်။ သူမ၏ဖုန်းခေါ်ဆိုမှုသည် ထိုဗီဒီယိုအား ဖျက်ဆီးခြင်းရှိ၊မရှိကိုအတည်ပြုရန် ရည်ရွယ်၍ခေါ်ဆိုခဲ့ခြင်းသာဖြစ်သည်။ အ​ဖေ၏စကား​ကြောင့် သူမသည် လုံးဝသက်သာရာရသွားသည်။ "ရှီရန်ဆီက ဘာသတင်းကြားရလဲ။" ရှီဝန်​ဖေးက မေးသည်။ "ဟင့်အင်း၊ သူမ ဘာဆက်လုပ်ရမှန်းမသိလို့ အတွေးများ​နေ​လောက်ပြီ။" မန်နေဂျာက ဘဝင်တက်ကာ ပြောသည်။ "ဗီဒီယိုကဖျက်စီးခံလိုက်ရပြီ။ ဒင်း ဘာတတ်နိုင်သေးလဲ။" ရှီဝန်​ဖေးကျေနပ်စွာနဲ့ မိတ်ကပ်ခုံဆီသို့ ပြန်သွားသည်။ မိတ်ကပ်ပညာရှင်သည် ရှီဝန်​ဖေးကို မိတ်ကပ်လိမ်းရန် တိတ်တဆိတ် ချက်ခြင်းရှေ့သို့တိုးလိုက်သည်။ "နောက်ဆုံးတော့ ဒါတွေအားလုံးက နင့်ကို ပိုကျော်ကြားလာအောင် ပံ့ပိုး​ပေး​နေတာပဲ။" မန်နေဂျာသည် တက်ဘလက်ကို ကိုင်ထားကာကြည့်လိုက်သည်။ ရှီဝန်​ဖေးမျက်လုံးများ မှိတ်ထားသည်။ မိတ်ကပ်ဘရပ်သည် သူမ၏မျက်နှာအနှံ့ ပျံ့နှံ့သွားချိန်တွင် သူမ၏နှုတ်ခမ်းသည် အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။ "ဒါရိုက်တာကုံးက သူ့ရဲ့ဒရာမာအသစ်အတွက် ပြင်ဆင်နေတာ။ နင်က ဒီဇာတ်လမ်းမှာပါရ​လောက်တဲ့အထိ နာမည်သိပ်မကြီးသေးလို့ ငါစိုးရိမ်နေတာ။ အခုတော့ ဒီကိစ္စကပေါက်သွားတော့ နင့်လောက် ရေပန်းစားတဲ့သူမရှိတော့ဘူး" "ဒါရိုက်တာကုံး?" ရှီဝန်​ဖေးအံ့သြသွားသည်။ ဒါရိုက်တာကုံးကို အနုပညာနယ်ပယ်၌ ပထမအဆင့်ဒါရိုက်တာဟုပင် ခေါ်ဆိုနိုင်သည်။ ယခုအချိန်အထိ စုစုပေါင်း ဒရာမာ ၃ ကား ရိုက်ကူးခဲ့ပြီး ထိုဒရာမာအားလုံးနီးပါး ဆုများ အသီးသီး ရရှိခဲ့သည်။ သူ၏ဒရာမာကြောင့် ယခင်တုံးက ရုပ်ရှင်ဘုရင်မ ဝန် သည် သူ့ခေတ်သူ့အခါက လူကြိုက်များပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ "ငါ ဇာတ်ညွှန်းကို ဖတ်ပြီးပြီ။ နင့်ရဲ့ ပုံရိပ်နဲ့ ကွက်တိပဲ။ ဒါ့ပြင် ဒီတစ်ခါ ရှီရန်ရဲ့ကျေးဇူး​ကြောင့် နင် ကောင်းကောင်းလုပ်နိုင်မယ်လို့ ငါ ရှစ်ဆယ်ရာခိုင်နှုန်းတိတိယုံကြည်ချက်ရှိတယ်။" "ဝမ်းသာစရာပဲ။" ရှီဝမ်​ဖေး ဝမ်းသာအားရပြုံးလိုက်သည်။ သူမ ဖုန်းကို ထုတ်လိုက်သည်။ "ဟုတ်တာ​ပေါ့။ ဒီအခွင့်အရေးကို​ပေးတဲ့ငါ့မမကို ကျေးဇူးတင်ရမယ်" မိန်းမပျက်ရှီရန်! 'အခုတ​လော သူမ တော်လာပြီလို့ ငါထင်ခဲ့တာ။ အဆုံးမှာတော့ သူမက ငါရဲ့လက်ထောက်တစ်ယောက်အဆင့်လောက်ပဲ ရှိတယ်။ သို့​သော် သူမ၏ဖုန်းကို ဖွင့်လိုက်သည်နှင့် သူမ၏Weibo မှာ မက်ဆေ့ချ်များစွာထွက်ပေါ်လာသည်။ ပြည်သူများက သူမကို အရူးအမူး မန်းရှင်း​ခေါ်​နေကြသည်။ ချက်ချင်းဆိုသလိုပင် သူမသည် ဆိုးရွားသည့်အရာတစ်ခုဖြစ်နေသည်ကို ခံစားသိရှိလိုက်သည်။ ထိုအချိန်တွင် သူမ၏မန်နေဂျာသည် သူမ၏အစောပိုင်းကယုံကြည်ချက်ပြည့်နှက်​နေမှုကို ဖျက်စီးနိုင်သည့် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ မျက်နှာပန်းမ​လှဖြစ်ပြီး အံကြိတ်ကာ သူမ မေးလိုက်သည်။ "ရှီရန်က ဗီဒီယိုအပြည့်အစုံကို ဘယ်လိုရသွားတာလဲ။"