ဖခင်ရှီနှင့် အခြားလူနှစ်ဦးရောက်လာချိန်တွင် မီးငြိမ်းသွားခဲ့ပြီးဖြစ်၍ နောက်ဆုံးတွင် လေပြင်းတိုက်ပြီးပြန့်ကျဲနေသော မီးလောင်ပြာပုံတစ်ပုံမျှသာ ကျန်ရစ်တော့သည်။
အစေခံများသည် ရေစက်များစီးကျနေသောရေပုံးအလွတ်များကိုကိုင်လျက် တစ်ဖက်တွင် ရပ်နေကြသည်။
သူတို့နှင့်မနီးမဝေးမြေပြင်ပေါ်တွင် လဲလျောင်းနေသော နောက်ထပ်လုံခြုံရေးအစောင့်တစ်ဦး နာကျင်စွာညည်းတွားနေသည်။
အဖေရှီက သွေးဆူပွက်ပြီးဒေါသထွက်လာသည်။ သူက အကြည့်စူးရှစွာဖြင့် တရားခံကို ကြည့်သည်။ "ဘာလို့ အရူးတစ်ယောက်လိုပြုမူနေရတာလဲ!"
ရှီဝန်ဖေးသည် ရှီရန်ကို စိုက်ကြည့်ကာ ခိုးရယ်လိုက်သည်။
ငါ့မိဘတွေ စိတ်ပြောင်းသွားအောင် လုပ်နိုင်မယ်လို့ ဒီဟာမက ထင်နေတာလား။
'ဒါက မိုက်မဲတာပဲ!'
တိတ်ဆိတ်စွာဝေဖန်နေသော်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ရှီဝန်ဖေးက သဘောမတူသလိုမျက်မှောင်ကြုတ်ကာ "မမ ဘာလုပ်လိုက်တာလဲ။ မမ စိတ်မပျော်ရွှင်ရင်တောင်မှ အိမ်ကို မီးမတိုက်သင့်ဘူးလေ။ မီးလောင်သွားရင် ဘယ်လိုလုပ်မလဲ။ အိမ်ထဲမှာ လူတွေအများကြီးရှိသေးတယ်။ မမက တကယ်ကိုတဇွတ်ထိုးလုပ်လွန်းတယ်" ဟုကြားဖြတ်ဝင်ပြောသည်။
"နင်ကသာ ငါ့အဝတ်တွေကို တံခါးဝမှာ စွန့်ပစ်ထားပြီး ခွေးလှောင်အိမ်ထဲမှာနေဖို့အကြံပေးထားတဲ့သူလေ။" ရှီရန်က ရှီဝန်ဖေးဘက်လှည့်ပြီး တိုက်ရိုက်မေးသည်။
ရှီဝန်ဖေး၏မျက်နှာအမူအရာက နာကျည်းမှုနဲ့ဒေါသများရောထွေးနေကာ သူမ အံကြိတ်လိုက်သည်။ "မမက ဘာလို့ ညီမအပေါ်ကို အမြဲတမ်းအကောင်းမမြင်ရတာလဲ။"
"ညီမပြန်လာတာ မမကို ဒုက္ခပေးသလိုဖြစ်နေတာကို ညီမသိပါတယ်။ ဒါပေမယ့် ညီမက ငယ်ငယ်ကတည်းကမိဘတွေရဲ့ မေတ္တာကိုတစ်ခါမှ မရခဲ့ဖူးဘူး။"
"ညီမလည်း မမနဲ့ဆက်ဆံရေးအဆင်ပြေပြီးညီအစ်မကောင်းတွေဖြစ်ချင်တယ်။ ညီမကို ဘာလို့ ဒီအခွင့်အရေးကိုတောင်မပေးချင်ရတာလဲ။ ညီမက တကယ်ပဲ ဆိုးရွားနေလို့လား"
ရှီဝန်ဖေးစကားပြောပြီးသည်နှင့် သူမ၏မျက်လုံးများမှမျက်ရည်အနည်းငယ်ကျလာသည်။
၎င်းကိုမြင်၍ မေမေရှီ၏နှလုံးသားက နာကျင်သွားသည်။
သူမ ချက်ချင်း ရှေ့ကိုလျှောက်လာပြီး သူမ၏ လှပသောမျက်နှာသည် ဒေါသများဖြင့်ရှုံ့တွနေသည်။
သူမ အသံက စူးပြီး အားအပြည့်ဖြစ်နေကာ ရှီရန်ကို လက်ညှိုးထိုးလိုက်သည်။ "ရှီရန်၊ နင်က ကျေးဇူးမသိတဲ့သူပဲ။ ဖေးဖေးကသာ အဲ့ဒီတုံးကမပျောက်သွားခဲ့ရင် ငါတို့က နင့်ကို မွေးစားမယ်လို့ထင်နေတာလား"
"ဒီနှစ်တွေအကုန်လုံး နင်နေလာခဲ့တဲ့ချမ်းသာကြယ်ဝတဲ့ဘဝက ဖေးဖေးသာရခဲ့သင့်တယ်။ သူမ ငါတို့ဘဝထဲကို ပြန်လာတာတောင်မှငါတို့က နင့်ကို ရှီမိသားစုမှာထားချင်ပေမယ့် နင်ပဲ ဖေးဖေးကို အနိုင်ကျင့်နေခဲ့တာ။"
အမေရှီသည် စကားလုံးတိုင်းနီးပါးကို အံကြိတ်လျက် ပြောသည်။
"မှန်တယ်! မစ္စဖေးဖေး ကသာ တကယ့်သမီးအစစ်အမှန်ကို။ မစ္စရှီရန်က ဘာကို မကျေမနပ်ဖြစ်နေတာလဲ"
"ငါလည်း မစ္စဖေးဖေးကိုပိုသဘောကျတယ်။ သူမက အရမ်းလှပပြီး ကြင်နာတယ်။ မစ္စရှီရန်ဆို ရှီမိသားစုကို အရှက်ရအောင်ပဲလုပ်နေတာ!"
အစေခံများသည် အချင်းချင်းတိုးတိုးလေးပြောကြသည်။ မည်သည့်အရာကကောင်းမွန်သည်ကို ရှီရန်က မသိဟု လူတိုင်းနီးပါး တွေးမိသည်။
ထိုအချိန်တွင် သူမ၏နောက်ကွယ်မှ လေပြင်းထဲ၌ သစ်ရွက်များ တဖျပ်ဖျပ်လွှင့်ခတ်လာသကဲ့သို့ မနာလိုစိတ်များအားလုံးသည် ရှီရန်ဆီသို့ဦးတည်ကာ ထိုးတက်လာသည်။
လမ်းမီးတိုင်၏အလင်းရောင်အောက်တွင် သူမ၏ခန္ဓာကိုယ်က လေတိုက်သောအခါတွင် ပြိုလဲကျသွားနိုင်သကဲ့သို့ သေးသွယ်နေသည်။
"ဟားဟား။" သူမ၏နူးညံ့သောရယ်မောသံသည် လေတိုက်သံနှင့် ရောယှက်နေကာ ညအမှောင်၌ နားရွက်ထဲကိုတိုးဝင်လာသည်။
ရှီရန်သည် သူမနှင့်ဆန့်ကျင်ဘက်တွင် ရပ်နေသော လူတိုင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် အမေရှီကို ငေးကြည့်ပြီး “အဘိုးကသာ ကျွန်မကို မွေးစားခဲ့တဲ့သူ။ ရှင်ကသာ ကိုယ့်သမီးကို ကိုယ်တိုင်ဖျောက်ပစ်မိခဲ့တဲ့သူဖြစ်ပြီး ကျွန်မကို မွေးစားချင်ခဲ့တာကလည်းရှင်ပဲလေ။ အဲဒီတုန်းက ရှင် ကျွန်မကိုမွေးစားရတဲ့အကြောင်းရင်းကို လူတိုင်းကသိတယ်။
သူမက နှစ်တွေကြာအောင် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ဘဝအတွက် ကျွန်မမှာ ဘာမှတာဝန်ယူစရာမလိုဘူး။ ဒါက ကျွန်မနဲ့စေ့စပ်ထားတဲ့သူကို လုယူဖို့ ဒါမဟုတ် အငယ်အနှောင်းဖြစ်ဖို့ အကြောင်းပြချက်တစ်ခုမဟုတ်ဘူး။ ဒီနေရာမှာ ကျွန်မကို ရှင်က စွပ်စွဲဖို့ အကြောင်းပြချက်တောင်မဟုတ်ဘူး!"
သူမ၏ပြတ်သားသောအသံသည် စူးရှသည်။
ရှီဝန်ဖေးသည် သူမ၏၀တ်စုံစကို ဆုပ်ကိုင်လိုက်ပြီး သူမ၏အမူအရာ မည်းမှောင်သွားသည်။
ရှီရန်၊ခွေးကောင်မ
"ငါက နင့်အမေပဲ။ နင့်ကို စွပ်စွဲပိုင်ခွင့်ရှိတယ်" အမေရှီ၏မျက်နှာမှာ ဒေါသကြောင့် နီရဲလာသည်။
ရှီရန်က ထိုကဲ့သို့ကြားရသည်ကို ဝမ်းသာမိသည်။ "အခုတော့ ရှင့်ကိုယ်ရှင် အမေလို့နာမည်တပ်နေတာလား။ ရှင့်သမီးရင်းက အငယ်အနှောင်းဖြစ်မှန်းသိရဲ့သားနဲ့ ကျွန်မမောင်ကို ခုတုံးလုပ်ပြီးခြိမ်းခြောက်တာတောင် ကိုယ့်သမီးရင်းကို ခုခံကာကွယ်နေတုန်းပဲ။ ရှင့်ကိုယ့်ရှင်ကို ကျွန်မရဲ့အမေလို့တောင်တွေးဖူးရဲ့လား။"
"နင်!" အမေရှီ ဒေါသအလိပ်လိုက်ထွက်လာသည်။
သူမသည် ကျောက်စိမ်းလက်စွပ်ကြီးတစ်ကွင်းစွပ်ထားသောသူမ၏လက်ကို မြှောက်လိုက်ပြီး ရှီရန်၏မျက်နှာကို ပါးရိုက်ရန်လုပ်လိုက်သည်။
သူမ၏လက်ကောက်ဝတ်သည် လေထဲတွင် ရပ်တန့်သွားသည်။
မိခင်ရှီသည် မသိစိတ်ကရုန်းကန်ချင်သော်လည်း မလှုပ်ရှားနိုင်ပေ။
သူမသည် မကျေမနပ်ဖြင့်မော့ကြည့်လိုက်ရာ အေးစက်နေသောမျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
မျက်နှာမှသွေးများ ချက်ချင်းဆုတ်ယုတ်သွားကာ တုန်လှုပ်ချောက်ချားပြီး တောင့်တင်းသွားသည်။
ရှီရန်သည် သူမလက်ကို ဂရုမစိုက်စွာဖြင့်ဘေးသို့လွှဲချလိုက်သည်။
"အား!"
မိခင်ရှီသည် သူမ၏အင်အားကို ခံနိုင်ရည်မရှိသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူမ၏လက်သည် မြေပြင်၏ကျောက်တုံးနှင့် ထိမှန်ကာ နာကျင်စွာ အော်ဟစ်နေလေသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
အဖေရှီက အမေရှီကို ကူညီ၍ထူရန် ရှေ့ကိုပြေးသွားသည်။
"ရှီရန်! နင် အခုချက်ချင်း ထွက်သွားတာပိုကောင်းမယ်" ဖခင်ရှီ၏မျက်လုံးများသည် ရှီရန်ကို စိုက်ကြည့်ကာ ထိုမျက်လုံးထဲ၌ရွံရှာမှုများ ပြည့်နှက်နေသည်။
ရှီရန်သည် အကြာကြီးနေရန်နှင့်နောက်ထပ် ဒေါသကိုပုံချရန် ရည်ရွယ်ချက်မရှိပေ။
သူမ ထွက်သွားသောအခါ သူမ၏ခြေလှမ်းများသည် သွက်လက်နေသဖြင့် လူအများက ပို၍ပင် ဒေါသထွက်လာကြသည်။
"မေမေ အဆင်ပြေရဲ့လား။ နာသွားသေးလား။ သမီး လေပူမှုတ်ပေးမယ်နော် "
ရှီဝန်ဖေးသည် ရောင်ပြီး သွေးထွက်နေသော သူ့အမေ၏ညာလက်ကို ဆုပ်ကိုင်ထားသည်။ ငိုရင်းနဲ့ သူမ နှလုံးသား နာကျင်သွားသည်။ သူမ၏လေသံမှာ တုန်လှုပ်သွားသည်။ "မမက အရမ်းလွန်တာပဲ"
အမေရှီ၏ဒေါသ ပြေသွားသည်။ သူမက ရှီဝန်ဖေးကို ပွေ့ဖက်လိုက်သည်။ "ဒါက အမေ့အပြစ်ပဲ။ အမေက သမီးကို ပျောက်အောင်လုပ်မိခဲ့တာ။"
"မေမေ..."
မိခင်နှင့်ကလေး၏ချစ်ခြင်းမေတ္တာပြနေသောမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိလူများ၏ရင်ကို လှုပ်ခတ်သွားစေသည်။
ထို့နောက် မိသားစုက အိမ်သို့ ပြန်သွားကြသည်။
အစေခံများကို စေလွှတ်လိုက်ပြီးနောက် အမေရှီက ဒေါသတကြီးပြောသည်။ "ဒီနေမကောင်းဖြစ်နေတဲ့လူကသေသွားပြီလို့ ရှီရန်က ဘယ်လိုသိသွားတာလဲဆိုတာကို မသိပေမယ့် အခုအချိန်မှာ သူမ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတော့တာ ကျွန်မသိတယ်။ ကျွန်မတို့ သူမကို ဒီအတိုင်း လွတ်ထားလို့မရဘူး!"
"လောလောဆယ်တော့ သူမကို ပစ်ထားလို့မရဘူး။ သူမမှာ ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၅% ရှိနေသေးတယ်။ ငါ့ညီရဲ့လက်ထဲကိုသာရောက်သွားရင် ဒုက္ခရောက်သွားလိမ့်မယ်" ဟု ဖခင်ရှီက ခဏလောက် စဉ်းစားပြီးပြောသည်။
"ဒါဆို ကျွန်မတို့ဘာလုပ်ရမလဲ။ အဲဒီရှယ်ယာတွေကို ဖေးဖေး ကသာ ပိုင်ဆိုင်သင့်တာ!" အမေရှီက စိုးရိမ်တကြီးပြောသည်။
ရှီဝန်ဖေးကလည်း အဖေရှီကို စိတ်အားထက်သန်စွာ ကြည့်နေသည် ။
"မမက အခု ဖျော်ဖြေရေးနယ်ပယ်မှာ အလုပ်လုပ်နေတယ်ဆိုတဲ့အချက်ကိုပဲ အားကိုးပြီး လုပ်ချင်တာတွေ လုပ်နေနိုင်မယ်လို့ မမ ကထင်နေတာ။ ဖျော်ဖြေရေးလုပ်ငန်းမှာ ခြေမချနိုင်သရွေ့တော့ မမက အလိုအလျောက် ဒီကိုပြန်လာရမှာပဲ"
ဖေဖေရှီသည် မျက်လုံးများကို မှေးထားကာ စိတ်ပိုင်းဖြတ်ထားသည့်ပုံပေါ်နေသည်။ သူ့မှာ အကြံတစ်ခုရှိပြီးသား ဖြစ်သည်။
နောက်နေ့မနက်တွင်
ရှီဝန်ဖေးသည် ရှီရန်၏မောင်ဖြစ်သူမှာ လွန်ခဲ့သောငါးနှစ်ကပင်ကွယ်လွန်သွားပြီဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားသည်။
ထိုသို့ထုတ်ဖော်သည်မှာ ရှီဝန်ဖေးက ရှီရန်ကို သူမ၏မောင်ဖြင့် ခြိမ်းခြောက်စရာအကြောင်းမရှိသည်ကိုဖော်ပြရန်သာဖြစ်သည်။
အသံသွင်းထားသည်မှာ အတုဖြစ်သည် သို့မဟုတ် ရှီဝန်ဖေးကိုချောက်ချရန်အတွက် တစ်စုံတစ်ဦးက သူမ၏အသံတုပြုလုပ်ရန် လူအစားထိုးငှားရမ်းထားခြင်းသာကြောင်း ထပ်မံရှင်းပြခဲ့သည်။
ထို့နောက် ချက်ချင်းပင် အဖေနှင့်အမေရှီ သည်လည်း ရှီဝန်ဖေးအတွက် သူတို့၏ကိုယ်ပိုင်ပလက်ဖောင်းများမှတစ်ဆင့် ရပ်တည်ခဲ့သည်။
[ဒီအသံသွင်းထားက အတုအယောင်ဖြစ်တယ်။ ဖေးဖေးက ဘာဖြစ်လို့ ဒီလိုလူစားမျိုးဖြစ်နိုင်မှာလဲလို့ ငါ တွေးမိတယ်။]
[ရှီရန်က ဖေးဖေးကို ချောက်ချဖို့ ဘယ်အရာမဆိုလုပ်ချင်နေတာပဲ။ ငါ ဖေးဖေးကို အခိုင်အမာယုံကြည်တယ်။ ဒီလိုအမိုက်မမျိုးက သေသွားရင်အေးတာပဲ။ သူမက ဘာလို့ ဒီမှာ လူတွေကို ဒုက္ခလိုက်ပေးနေရတာလဲ။]
[ဒါဆို မန်နေဂျာက အပြစ်ကင်းတာပေါ့။ သူမကိုယ်တိုင် ဆေးအခတ်ခံရသလိုကြံစည်ပြီး ဟန်ဆောင်နေတာ ဖြစ်ရမယ်။ သူမက သိပ်နာမည်ကြီးတာမဟုတ်ဘူးပေမဲ့ အရှုပ်ထုပ်ဆိုတာတော့ သေချာတယ်။]
[ငါ ဒီဗီဒီယိုကို မနေ့ညက အကြိမ်နှစ်ဆယ်တိုင်တိုင် ကြည့်ခဲ့ပြီးပြီ။ သူမက တကယ်ကို ဆွဲဆောင်မှုအားပြင်းပြီး ကောက်ကြောင်းလည်း လှတယ်။ ငါက အဲဒီယောက်ျားဖြစ်မနေတာကိုမုန်းလိုက်တာကွာ]
[အပေါ်ကမှတ်ချက်ကိုပေးတဲ့သူ၊ နင့်အမြင်က ဒီထက်တောင် ဆိုးနိုင်ပါဦးမလား။ နင့်မျက်လုံးတွေက အမှိုက်တွေကြောင့်မှုန်သွားတာလား။]
ရှီရန်၏ဂုဏ်သတင်းသည် ဆိုးရွားနေပြီဖြစ်သောကြောင့် လူတိုင်းသည် ထိုနယ်ပယ်တွင် အမြဲလိုလို နတ်သမီးလေးအဖြစ်လူသိများသော ရှီဝန်ဖေးကို ပို၍ယုံကြည်လိုစိတ်ရှိကြသည်။
မိဘများက သူမအတွက် ရပ်တည်ပေးခဲ့သည့်အချက်ကြောင့် ရှီဝန်ဖေး၏ပြောဆိုချက်ကို လူတိုင်းယုံကြည်သည်မှာ သဘာဝကျသည်။
အင်တာနက်အသုံးပြုသူများသည် ရှီရန်၏Weibo သို့ ပြေးသွားပြီးကျိန်ဆဲကြသည်။
ရှီရန်၏နောက်ဆုံး Weibo ပို့စ်ကို လွန်ခဲ့တဲ့ တစ်လလောက်ကတင်ခဲ့ခြင်းဖြစ်သည်။
ထိုပို့စ်၏ဓါတ်ပုံအချို့တွင် မူလကမှတ်ချက် တစ်ရာကျော်သာ ရှိသည်။ ယခုမူ ၁၀၀၀၀၀ကျော်သွားခဲ့ပြီဖြစ်သည်။
မှတ်ချက်အားလုံးနီးပါး သူမကို ဆဲဆိုနေကြသည်။ ဖြစ်လာမည့်သူမ၏ဈာပနအတွက် လွမ်းသူ့ပန်းခွေချရန် ပြောဆိုမှုများပင် ရှိသေးသည်။
အပျက်သဘောဆောင်သောမှတ်ချက်များပေးရန်အတွက် စက်ရုပ်များဌားကာအသုံးပြုထားသကဲ့သို့ ပြောဆိုနေကြသည်မှာ တသမတ်တည်းဖြစ်နေသည်။
ရှီဝန်ဖေး၏အလုပ်စတူဒီယို၌
"ရှီရန်ရဲ့ Weibo ကတော့သွားပါပြီ။ နင့်ရဲ့ပရိသတ်တွေပဲဖြစ်ဖြစ် သာမန်လူတွေပဲဖြစ်ဖြစ် အားလုံးက သူမကို ဆဲဆိုဖို့ Weibo ဆီကို ပြေးလာကြတယ်” ဟု ရှီဝန်ဖေး၏မန်နေဂျာက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ၏ဖုန်းကို ကိုင်ကြည့်နေရင်း ပြောသည်။
မိတ်ကပ်ဆရာ မိတ်ကပ်လိမ်းပေးနိုင်စေရန်အတွက် မျက်လုံးမှိတ်ထားသောရှီဝန်ဖေးက ဘဝင်ခိုက်ကာပြုံးလိုက်သည်။
သူမ၏မိဘများ၊ယူဖန်နှင့် လူအားလုံးသည် သူမဘက်တွင် ရှိနေကြသည်။ရှီရန် တစ်ယောက်တည်း ငါ့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။
မန်နေဂျာ၏ပျော်ရွှင်မှုသည် ကြာကြာမခံပေ။ မကြာမီ သူမ အေးခဲသွားသည်။
သူမသည် မယုံကြည်နိုင်စွာ ဖုန်းကိုအနီးကပ်ကြည့်လိုက်ပြီး သူမ၏အမူအရာမှာ မည်းမှောင်သွားသည်။ သူမက ရှီဝန်ဖေးဘက်လှည့်လိုက်သည်။ "သူမ Weibo မှာ တစ်ခုခုတင်ထားတယ်။"