Viewers 119

"ခြင်ကိုက်ရာ​" ဟု ချူးကျင်းချန်းက အေး​အေး​ဆေး​ဆေးပြောသည်။

ကျူးယို့ဟန်က သူ့ကို မယုံ​ပေ။

ချူးကျင်းချန်းသည် စခရင်မျက်နှာပြင်ကို လက်ညိုးဖြင့်တို့ပြီးနောက် မျက်ခုံးပင့်လိုက်သည်။ "တိုက်ရိုက်ထုတ်လွှင့်မှုက အဟက်ခံရတာလား"

"ငါလည်း အဲ့ဒါကို အံ့သြသွားတာ။ ရုပ်မြင်သံကြားဌာနရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဟက်နိုင်တယ်ဆို​တော့ သာမန်ဟက်ကာတစ်ယောက်တော့ မဖြစ်နိုင်ဘူး။ ရှီရန်က ပိုထက်မြက်လာတယ်လို့ထင်မိပေမယ့် နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေပုံပဲ။"

ထိုသို့​ပြောပြီး​နောက် ကျူးယို့ဟန်က ချူးကျင်းချန်းကို လှည့်ကြည့်လိုက်သည်။ "ရေး ဆီက သတင်းမရသေးဘူးလား။"

ထိုအချိန်တွင် လက်ထောက်က တံခါးခေါက်ပြီး ဝင်လာသည်။

"ဆရာ၊ ရေးရဲ့သတင်းရလာပါပြီ"

ကျူးယို့ဟန်ခဏတာ အံ့အားသင့်သွားသည်။

'သူ့အ​ကြောင်းကိုပြောရင်း ချက်ချင်း​ရောက်လာပါလား။ အသက်ရှည်ဦးမယ်'

"ကျုံးမိသားစုရဲ့ ကျုံးယူဖန်က ရေးရဲ့အ​ကြောင်းကို စုံစမ်းနေတာကို သိလိုက်ရပါတယ်။ ပြီးတော့ ကျုံးယူဖန်က ရေး ရဲ့ လက်မှတ်ပါတဲ့အီးမေးလ်တစ်စောင်ကို ဒီနေ့ညမှာ လက်ခံရရှိခဲ့ပါတယ်။"

လက်ထောက်က ထိုအီးမေးလ်ထဲတွင်ပါသောအကြောင်းအရာများကို ပြလိုက်သည်။

ကျူးယို့ဟန်က ချူးကျင်းချန်းအနောက်ကနေ သိချင်စိတ်ပြင်းပြကာ ခေါင်းပြူ၍ကြည့်လိုက်သည်။ "ဒါဆို ဒီနှစ်ယောက်က တစ်ကယ့်ကို ဖောက်ပြန်​နေတာပဲ။ ရှီရန်က ဖောက်ပြန်ခံလိုက်ရတဲ့ပုံပဲ။"

ထိုမှသာ သူသည် သူတို့ပြောနေသောအ​ကြောင်းအရာမှဘေးချော်သွားကြောင်း သိလိုက်သည်။

“အဟမ်း…” သူက ချောင်းဆိုးပြီး လေးနက်ဟန်ဆောင်ကာ မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ရေးက အခုနောက်ပိုင်း ပိုက်ဆံလိုနေတာများလား"

"သခင်​လေးကျူး၊ အရင်တုန်းက တတိယ​မြောက်သခင်က ရေးကို ၅၀ မီလီယမ်ကမ်းလှမ်းခဲ့တယ်လေ" ဟု လက်ထောက်က တိတ်တဆိတ်ပြောသည်။

သူဆိုလိုသည်မှာ ၅၀မီလီယမ်ကိုစိတ်မဝင်စားသောရေးက ပိုက်ဆံလို​နေသည်မှာ မဖြစ်နိုင်ပေ။

"ဒါဆို ရေးက ဒါကိုဘာလုပ်မလို့လဲ။ ရှီရန်ကို ကူညီမလို့လား" "ဒါက သူ့ပုံစံမဟုတ်ဘူး" ချူးကျင်းချန်းမျက်လုံးကို ကျဥ်းလိုက်သည်။ "ရှီရန် ရော၊ သူမနဲ့ပတ်သက်​နေတဲ့သူတွေအားလုံးအကြောင်းကို စုံစမ်းပြီးမနက်ဖြန် ငါ့စားပွဲပေါ်မှာ တင်ထားလိုက်။"

"ဟုတ်ကဲ့ပါ။"

လက်ထောက်က တံခါးကိုပိတ်ပြီးနောက် ကျူးယို့ဟန်က သူ့ဘယ်ဘက်မျက်လုံးကို နောက်ပြောင်စွာမှိတ်ပြလိုက်သည်။ "ယု​ဖေးက အခုတ​လော မြို့တော်မှာ ရုပ်ရှင်ရိုက်နေတာ။ မင်းလည်ပင်းမှာရှိတဲ့အမှတ်အသားက....."

"မင်းတို့နှစ်ယောက်အ​ခြေအ​နေမြန်မြန်ဆန်ဆန်ကြီးတိုးတက်လာပြီပဲ။ ဆရာကြီးချူးသာ သိသွားရင် သူ အရမ်းပျော်သွားလိမ့်မယ်" လို့ နောက်​ပြောင်လိုက်သည်။

ချူးကျင်းချန်းသည် အနှိပ်ကုလားထိုင်ကို မှီထိုင်ကာ သူ့မျက်ခုံးများကို ဖြေလျှော့ပြီး သူ့လက်ချောင်းထိပ်များက ဖန်ခွက်မျက်နှာပြင်ကို ပွတ်သပ်လိုက်သည်။

ချူးကျင်းချန်းက မပျော်မရွှင်ဖြစ်​နေသည့်အမူအရာကို မမြင်သည့်အတွက် ကျူးယို့ဟန်က ပို၍ စိတ်လှုပ်ရှားလာသည်။

"မင်းတို့နှစ်ယောက်လက်ထပ်ရင် ချူးမိသားစုကို ဒီထက်ကြီးပွားအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ဗေဒင်ဆရာက ပြောခဲ့ဖူးတယ်မဟုတ်လား။ ယု​ဖေးက တကယ်ကို ထူးချွန်ပြီး အရမ်းယုံကြည်ရတဲ့သူဖြစ်မယ်လို့ ငါထင်တယ်။"

သူ စကားမရပ်မနားပြောနေချိန်တွင် ချူးကျင်းချန်းသည် သူ့ဖုန်းကို ထုတ်ကာ ပေါ့ပေါ့ပါးပါး တို့ထိနေလိုက်သည်။

ကျူးယို့ဟန်သည် သူ့လည်ပင်းကို ဆန့်ကာ လှမ်းကြည့်လိုက်ပြီး ချက်ခြင်းပင် ထိတ်လန့်သွားသည်။ "ဘာလို့ ရဲကို ခေါ်တာလဲ"

"အယူသီးမှုနဲ့ဆိုင်တဲ့တိုင်စာအတွက်" ချူးကျင်းချန်း ပျင်းရိစွာပြောသည်။

ကျူးယို့ဟန်က လက်မခံနိုင်ဖြစ်သွားသည်။ "မင်းရဲ့အဘိုးလောက် ဘယ်သူက အယူသီးနိုင်မှာလဲ"

"ဒါကတော့ အမှန်ပဲ။ မင်း ထောင်ထဲရောက်သွားရင်လည်း ငါ့အစား အဘိုးကိုစောင့်ရှောက်ပေးပေါ့။"

ကျူးယို့ဟန် စကားမပြောနိုင်ဖြစ်သွားသည်။

ဘယ်လို​တောင် တရားနည်းလမ်းမကျတဲ့ လုပ်ရပ်လဲ။

သူသည် ချူးကျင်းချန်းကို စိုက်ကြည့်လိုက်ပြီး​နောက် အခြားသူ၏ရေချိုးဝတ်ရုံဖြူကို မြင်၍  အတွေးတစ်ခုဝင်လာသည်။

အဖြူရောင်....အင်္ကျီ... မိုးမခ...

ကျူးယို့ဟန်က ထိတ်လန့်သွားသည်။ "မင်းရဲ့အမှတ်အသားက ရှီရန် နဲ့ပတ်သက်နေတာတော့ မဟုတ်ဘူးမလား။"

...

ထိုအချိန်တွင် ရှီရန်သည် ကားစီးကာ အိမ်ပြန်သွားခဲ့သည်။

ဤညပြီးလျှင် ရှီမိသားစုက သူမကို သည်းခံနိုင်တော့မည်မဟုတ်ပေ။ သူမလည်း အိမ်မှထွက်သွားရ​ပေမည်။

သို့သော်လည်း သူမ၏အဝတ်အစားအားလုံးသည် ရှီမိသားစု၏အိမ်တွင် ရှိနေသောကြောင့် သူမပြန်သွားခဲ့ရသည်။

ရှီရန်သည် ရှီမိသားစု၏အိမ်ဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။ တံခါးဝသို့ ရောက်သည်နှင့်ပင် ရပ်တန့်သွားသည်။

သူမ၏ခြေထောက်ရှေ့တွင် အနက်ရောင် ဇာဘရာစီယာနှင့် ထိုအ​ရောင်နှင့်တူညီသောဘောင်းဘီတစ်ထည်ရှိသည်။ ၎င်း၏အရှေ့တွင် အမှိုက်ပုံများကဲ့သို့ ပြန့်ကျဲနေသော ရှုံ့တွနေသောအဝတ်အစားပုံကြီး ရှိနေသည်။ အတွင်းခံအဝတ်အစားများလည်း ပြန့်ကျဲနေသည်။

သူမ မျက်လုံးကို ကျဥ်းလိုက်ပြီး မတုန်မလှုပ်ဘဲကြမ်းပြင်ပေါ်ရှိအဝတ်အစားများကို ရှောင်၍လမ်းလျှောက်သွားသည်။

တံခါးစနစ်ဆီသို့ သူမ၏မျက်နှာပြလိုက်ရာ တစ်စက္ကန့်အကြာတွင် ဤမျက်နှာဖြင့် တံခါးဖွင့်၍မရပါ ဟုပေါ်လာသည်။

ထို့ကြောင့် ရှီမိသားစုက သူမ၏မျက်နှာအချက်အလက်ကို ဖျက်ပစ်ခဲ့ပုံ​ပေါ်သည်။

"နောက်ကျနေပါပြီ။ ရှီမိသားစုက ဧည့်သည်တွေကို လက်မခံ​တော့ပါဘူး။" ဟု​ပြောကာ လုံခြုံရေးအစောင့်က ထွက်လာသည်။

ရှီရန်၏မျက်နှာကို မှတ်မိဟန်ဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ရိုက်လိုက်သည်။ "ငါ့မျက်လုံးက​တော့၊ ငါတို့ရဲ့ မစ္စရှီရန်ကိုတောင် မမှတ်မိတာ ငါမယုံနိုင်ဘူး။ ငါအရိုက်ခံရဖို့ ထိုက်တန်တယ်။"

ထိုကဲ့သို့ ချိုသာသောစကားလုံးများပြော​နေ​သော်လည်း သူ၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပေါ်နေသည်။

ရှီရန်က စကားမပြောသည်ကို မြင်လိုက်ရ သောအခါတွင် ပို၍မောက်မာလာသည်။ ထို့နောက် သူသည် သူ့ဖိနပ်ကို မြေပြင်ပေါ်ရှိအဖြူရောင်အဝတ်အစားနှင့် အကြိမ်အနည်းငယ် နင်းကာပွတ်တိုက်လိုက်သည်။

အဖြူရောင်အဝတ်အစားပေါ်တွင် ဖျောက်ဖျက်ရခက်သော အမည်းရောင်အစင်းများပေါ်လာသည်ကို သူမြင်လိုက်ရသောအခါတွင် စက်ဆုပ်ရွံရှာဖွယ်အပြုံးတစ်ခု ပေါ်လာသည်။

"သခင်နဲ့သခင်မက မစ္စဖေးဖေးနေဖို့အတွက် မင်းအခန်းကို ရှင်းထားပြီးပြီလို့​ပြောခိုင်းလိုက်တယ်"

"မစ္စ၊ မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိနေတယ်။ မင်းကိုယ်တိုင်ပဲ ဒီအိမ်ကထွက်သွားတာ ဒါမှမဟုတ်"

လုံခြုံရေးအစောင့်က ပန်းခြံငယ်လေးကို ညွှန်ပြသည်။ "လူစီ ရဲ့ လှောင်အိမ်ထဲမှာ နေရာကျန်သေးတယ်ဆိုတော့ မြေကြီးပေါ်ကျနေတဲ့မင်းအဝတ်အစားတွေကို ကောက်ပြီး အထဲဝင်သွားလို့ရတယ်၊ မစ္စ"

လူစီ သည် ရှီမိသားစုမှပိုင်ဆိုင်သောခွေးတစ်​ကောင်ဖြစ်သည်။

"ရှင်က လုံခြုံရေးအစောင့်တစ်ယောက်လား။" ရှီရန်၏နှုတ်ခမ်းများ လှောင်ပြုံးပြုံးကာ ကော့ညွတ်သွားသည်။

"ဟုတ်တယ်။" လုံခြုံရေးအစောင့်က သူ့အိတ်ကပ်ထဲက စီးကရက်ဗူးကို ဆွဲထုတ်ပြီး သူ့လက်တစ်ဖက်တွင် ခေတ်ဟောင်းမီးခြစ်ကို လှည့်​နေလိုက်သည်။

"မစ္စ၊ ငါ့လိုလုံခြုံရေးအစောင့်တစ်ယောက်ကြောင့် မင်း အရှက်ခွဲခံရသလိုခံစားနေတာလား။ ဒါဆို အခုလို မင်း အိမ်ရာမဲ့ဖြစ်​အောင် ဘယ်သူကလုပ်လိုက်တာလဲ"

ထိုကဲ့သို့ စကားပြောနေလျက် လုံခြုံရေးအစောင့်က ရှီရန်ကို အပေါ်အောက်ကြည့်လိုက်သည်။

ရှီရန်သည် ချူးကျင်းချန်းထံမှ ယူထားသော ရှပ်အင်္ကျီနှင့်ဘောင်းဘီကို ၀တ်ထားဆဲဖြစ်သည်။

သူမသည် လုံလုံခြုံခြုံဝတ်ဆင်ထားသော်လည်း လမ်းမီးတိုင်၏အလင်းရောင်အောက်တွင် သူမ၏လှပသောမျက်နှာသည် ပို၍ပင်တောက်ပနေသည်။

သူသည် ကောက်ကျစ်စွာ ပြုံး၍ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
"တကယ်တော့ ရှီမိသားစုကို ပြန်လာချင်တယ်ဆိုရင် နည်းလမ်းတစ်ခုရှိတယ်။"

"အိုး?" ရှီရန်က သူမ စိတ်ဝင်စားသကဲ့သို့ မျက်ခုံးပင့်လိုက်သည်။

သို့သော် သူမ၏မျက်လုံးများသည် ညလေပြေညင်းထက်ပင် အေးစက်နေသည်။

လုံခြုံရေးအစောင့်က နှာဗူးထနေသေးကာ ပြဿနာ၏လေးနက်မှုကို သတိမထားမိ​ပေ။

ရှီရန်ဆီသို့ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ပို၍ပင် စိတ်ပျက်စရာ​ကောင်းစွာ ပြုံးလိုက်သည်။ "မင်း ငါနဲ့ လုံခြုံရေးအခန်းကိုလိုက်လာပြီး ငါ သက်တောင့်သက်သာ ဖြစ်​အောင်လုပ်​ပေးသရွေ့ မင်းအတွက် ငါဘာမဆို လုပ်နိုင်တယ်"

ထိုမဲနက်၍ကြမ်းတမ်းသောလက်များသည် ရှီရန်၏မျက်နှာကို ထိတော့ပေမည်။

ရှီရန်၏မျက်လုံးများသည် အေးစက်သွားပြီး​နောက် ခြေဆန့်၍ လုံခြုံရေးအစောင့်၏ မေးစေ့ကို ကန်လိုက်လေသည်။

ကျယ်လောင်သောအက်ကွဲသံနဲ့အတူ လုံခြုံရေးအစောင့်က ချက်ချင်း နောက်ပြန်လဲကျသွားသည်။

လုံခြုံရေးအစောင့်၏လက်မှ လွင့်ထွက်သွားသော စီးကရက်တစ်လိပ်သည် ကြမ်းပြင်ပေါ်သို့ မကျမီ လေထဲတွင် အကြိမ်ကြိမ်လည်သွားပေသည်။

သို့သော် ရှီရန်၏လက်ထဲတွင် မီးခြစ်ကို မြဲမြဲဆုပ်ကိုင်ထားသည်။

သူမသည် ရှေ့သို့ တိုးကာ လုံခြုံရေးအစောင့်၏ ဝမ်းဗိုက်ကို သူက သူမ၏အဝတ်အစားများကိုနင်းချေခဲ့သကဲ့သို့ နင်းချလိုက်သည်။

လုံခြုံရေးအစောင့်က ကွဲအက်နေသောမေးရိုးကို ကိုင်လျက် သူ့မျက်အိမ်များသည် ကျယ်လာကာ မျက်နှာသည် ကြက်​သေ​သေသွားသည်။

သူမသည် အလင်းရောင်ကိုကွယ်ရပ်ထား၍ သူမ၏မျက်နှာသည် ညဘက်တွင် သေချာမမြင်နိုင်​ပေ။ "ငါ့ရှေ့မှာ သေခြင်းတရားကိုလာရှာဖို့ နင့်ကို ဘယ်သူက သတ္တိပေးခဲ့တာလဲ။"

ငရဲဘုရင်က သူ့အသက်ကို နှုတ်ယူရန်လာသကဲ့သို့ သေးငယ်​သောအသံက လုံခြုံရေးအစောင့်၏နားထဲတွင် တိုးဝင်သွားသည်။

သူသည် အော်ဟစ်ချင်သော်လည်း အသံမထွက်နိုင်ပေ။ သူသည် ရှီရန်ကို မျက်လုံးများ ပြူးကျယ်စွာဖွင့်၍စိုက်ကြည့်ကာ ယခင်ကဲ့သို့ မာနကြီးနေပုံမပေါ်တော့ပေ။

ရှီရန်သည် သူမ၏ခြေကိုပြန်ဆုတ်ယူလိုက်၍ သူမ၏လက်ထဲရှိခေတ်​ဟောင်းမီးခြစ်ကို ကစားလိုက်သည်။ သူမ၏လက်မက
ဘီးကိုဖြတ်လိုက်(မီးခြစ်ခြင်း)သဖြင့် မီးတောက်လေးတစ်ခု ထွက်​ပေါ်လာသည်။

မီးကို ကိုင်ထားရင်း ဖြည်းညှင်းစွာ ပြုံးပြရင်း ကြောင်ကဲ့သို့ သူမ၏မျက်လုံးများသည် ပြန့်ကျဲနေသောအဝတ်ပုံပေါ် ၌ ကျရောက်နေသည်။

သူမ၏မီးခြစ်ကို အဝတ်ပုံထဲသို့ ပစ်ချလိုက်သည်နှင့် လုံခြုံရေးအစောင့်၏မျက်လုံးများ ပိုပြူးကျယ်သွားသည်။

ဘုံး။

မီးပွားများသည် အထည်များကို ဖောက်ထွင်းဝင်ရောက်ကာ ညအ​မှောင်ကို လင်းထိန်သွားစေသည်။ လမ်းမီးများပင်လျှင် ထိုမီးနှင့်နှိုင်းယှဥ်ပါက မှိန်းကျ​နေသည်။

မီးခိုးငွေ့များသည် ညအ​မှောင်ယံတွင် ပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်းနှင့် အထက်သို့ တက်လာသည်။

ရှီမိသားစုဧည့်ခန်း

"မေမေ၊ ဒါက တကယ်ကောအဆင်ပြေလို့လား။ ဒါက မမရဲ့အခန်းပဲလေ။ သမီး ပြောင်းလာရင် မမက ဘယ်မှာနေမှာလဲ" ရှီဝန်​ဖေးသည် သူမ၏ညအိပ်ဝတ်စုံ၏လက်အစနားကို ဆုပ်ကိုင်ထားပြီး အမေရှီကို အ​နေရခက်သလို ကြည့်နေသည်။

"ဒီနေ့ သမီးကို အဲဒီလိုဆက်ဆံဖို့သတ္တိမပြခင်မှာ ဖြစ်လာမဲ့အကျိုးဆက်တွေကို သူမ တွေးထားသင့်တယ်။ ငါ ဒင်းကို သင်ခန်းစာမပေးရင် ဒင်းက ရှီမိသားစုရဲ့ အကြီးဆုံးသမီးလို့ ထင်နေလိမ့်မယ်!"

"ဒါပေမယ့်..." ရှီဝန်​ဖေးနှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ "ဒီနှစ်တွေတစ်လျှောက်လုံး သမီးအစား အဖေနဲ့အမေဘက်မှာရှိ​နေပေးခဲ့တဲ့ မမကိုလည်း ကျေးဇူးတင်မိပါတယ်"

"ဖေး​ဖေး" မိခင်ရှီသည် ရှီဝန်ဖေး၏လက်ကို ကျေးဇူးတင်မိကာ ဆုပ်ကိုင်ထားပြီး မျက်လုံးများနီရဲနေသည်။

ဖခင်ရှီက သက်ပြင်းချလိုက်ပြီး သူ၏ခံ့ညားသောမျက်နှာသည် သူမ​အပြောကြောင့် ရင်ထဲထိသွားပုံ​ပေါ်သည်။ "ဖေး​​ဖေး၊ ဒီအရာတွေက သမီးနဲ့မဆိုင်ပါဘူး။ ရှီရန်ကသာ သူမ အတွက် ဘာကကောင်းလဲဆိုတာကိုမသိတာ။ကိုယ့်ကိုယ်ကို အပြစ်တင်​နေစရာ မလိုဘူး။"

သူတို့စကားပြောနေစဉ်တွင် အစေခံတစ်ဦးသည် ထိတ်လန့်သောအမူအရာဖြင့် ပြေးလာသည်။ "သခင်ကြီးနဲ့သခင်မ၊ သတင်းဆိုးပါ။ အပြင်မှာ မီးလောင်နေပြီ"