အင်တာနက်ပေါ်ရှိဆဲဆိုမှုများသည် ပိုဆိုးလာပြီး အစီအစဉ်၏အနက်ရောင်စခရင်ပေါ်တွင်ပင် ပျံ့နှံ့သွားကာ ပွဲလွှင့်ရာချန်နယ်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
ဒါရိုက်တာက လက်ဟန်ပြသဖြင့် အစီအစဉ်တင်ဆက်သူက ချက်ချင်းပင် အပိတ်အမှာစကားပြောသည်။ နောက်ဆုံးစာကြောင်းပြောပြီးသွားသည်နှင့်တပြိုင်နက် ဖန်သားပြင်သည် ချက်ချင်း မှောင်ကျသွားသည်။ ဝန်ထမ်းများကလည်း ပွဲကျင်းပရာနေရာကို ရှင်းလင်းရန် ပြင်ဆင်နေသည်။
ထိုကဲ့သို့ ရှုပ်ထွေးနေသောအခိုက်အတန့်တွင် ရှီဝမ်ဖေးက ရှီရန်ဆီကို လျှောက်လာပြီး မေးစေ့ကို ဂုဏ်ယူစွာ ပင့်ထားလိုက်သည်။ "ရှီရန်၊ စကားနည်းနည်းပြောလိုက်ရုံနဲ့အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ နင် ထင်နေတာလား။ အခုတော့ နောင်တရနေပြီမလား။ နင့်ရဲ့မိုက်မဲမှုအတွက် ပေးဆပ်ခဲ့ရရုံသာမက နေမကောင်းဖြစ်နေသူရဲ့ကုသစရိတ်ကလည်း နင်ပဲ ပေးရတော့မယ်"
ရှီရန်သည် ဆိုဖာပေါ် ငြိမ်သက်စွာ မှီချလိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။
ထိုအကြည့်သည် အထူးအဆန်းမဟုတ်သော်လည်း ရှီဝမ်ဖေးသည် ဆိုးရွားသောခံစားချက်ကို ရနေသည်။
ဝန်ထမ်းတစ်ယောက်က ကမန်းကတန်း ပြေးလာပြီးပြောသည်။ "ဒါရိုက်တာ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လို့မရဘူး။"
ဒါရိုက်တာ၏အမူအရာ ပြောင်းသွားသည်။ "ဘာဖြစ်လို့လဲ။ နည်းပညာ ပြဿနာတက်နေတာလား။ တစ်ယောက်ယောက်ကို သွားခေါ်..."
သူ့စကားမဆုံးခင်၌ မှောင်မည်းနေသောစခရင်မျက်နှာပြင်ကြီးသည် ရုတ်တရက် လင်းလာသည်။
"အစ်မချင်း၊ ယူဖန်က ဘားမှာရှိတယ်လို့ဘာလို့အစ်မ လိမ်ပြောခဲ့တာလဲ။ ညီမကိုတောင် အစ်မ ဆေးခတ်ခဲ့တယ်။ တကယ်လို့သာ ညီမ မနိုးလာခဲ့ရင် အဲဒီလူ မုဒိမ်းကျင့်ခံရနိုင်တယ်ဆိုတာကို အစ်မ သိရဲ့လား။ ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲ" အမျိုးသမီးတစ်ယောက်၏အသံမှာ ရှိုက်ကြီးတငင်နှင့် မေးခွန်းမေးနေသည်။ သူမ၏အသံသည် သေးငယ်ကာ ပြာဝင်နေသော်လည်း ရှီရန်၏အသံဖြစ်ကြောင်း သိနိုင်သည်။
ထိုနေရာရှိလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာဖြစ်နေသည်ကို လုံးဝမသိတော့ပေ။
ရှီဝမ်ဖေး၏အမူအရာ ပြောင်းလဲသွားသည်။ သူမသည် ဒါရိုက်တာဘက်သို့ လှည့်ကြည့်ကာ သူ့ကိုမေးခွန်းထုတ်ချင်နေသောကြောင့် စိတ်ထိန်းကာ ပြုံးပြလိုက်သည်။ "ဒါရိုက်တာ ဘာဖြစ်နေတာလဲ"
"ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဟက်ခံရတာဖြစ်မယ်။ ကျွန်တော်တို့ အဲဒါကိုပြင်ဖို့ တစ်ယောက်ယောက်ကိုရှာနေပြီ" ဒါရိုက်တာကလည်း ပျော်ရွှင်မနေပေ။
[ရုပ်မပါပဲ အသံပဲလား။ ဘာတွေဖြစ်နေတာလဲ?]
[ဒီအသံက ရှီရန်ရဲ့အသံထင်တယ်။ ဆေးခတ်ခံရတယ်? အခုနက ဗီဒီယိုနဲ့ဆက်စပ်မနေဘူးလား။]
[သေစမ်း! ဘာတွေဖြစ်နေတာလဲ?]
စကားပြောသံများ ဆက်ထွက်လာသည်။
"ရှီရန်၊ ငါက နင့်ရဲ့ မန်နေဂျာမို့ ငါ့ကို နင့်ရဲ့စကားပြောနေတဲ့ပုံစံကိုပြင်လိုက်စမ်း။ နင်က အခုချိန်ထိရှီမိသားစုရဲ့ အကြီးဆုံးသမီးလို့ထင်နေသေးတာလား"
"ပြီးတော့ သခင်လေးကျုံးက ဘားမှာရှိကောင်းရှိနိုင်တယ်လို့ပဲ ငါပြောခဲ့တာ။ နင်ကပဲ သွားမယ်တကဲကဲဖြစ်နေတာလေ။ ပြီးတော့ အဲဒီ့လူရဲ့ မိသားစုက ချမ်းသာတယ်လို့တောင် ပြောလို့ရတယ်။ သူ့ကိုသာ လက်ထပ်နိုင်ရင် နင့်ဘဝအတွက် နင်စိတ်ပူစရာမလိုတော့ဘူး။ နင့်ရဲ့လက်ရှိအနေအထားနဲ့ သခင်လေးကျုံးက နင်စိတ်ကူးယဉ်နိုင်တဲ့သူတစ်ယောက်မို့လို့လား။ ငါ နင့်အတွက် အခွင့်အရေးတစ်ခုစီစဉ်ပေးထားပြီးသား။ ဒါပေမဲ့ နင်က ထွက်ပြေးလာတဲ့အထိတောင် တုံးအနေတာလား။
"အစ်မချင်း၊ ဘာကိုဆိုလိုတာလဲ။ ကျုံးယူဖန်က ညီမနဲ့စေ့စပ်ထားသူလေ"
"ဟားဟား"
အေးစက်သောရယ်မောသံများက စတူဒီယိုအတွင်း ပြည့်သွားကာ မိုက်ခရိုဖုန်းမှတစ်ဆင့် ကြားနေရသည်။
"ရှီမိသားစုရဲ့ သမီးအရင်းက ဝမ်ဖေးပဲ။ သူမက သာ သခင်လေးကျုံးနဲ့လက်ထပ်ရမှာ။ နင့်ကိုပြောလိုက်မယ်။ မနေ့ညက နင် ယောက်ျားတစ်ယောက်နဲ့ကနေတဲ့ဗီဒီယိုကို ငါရိုက်ထားပြီးသား။ ဒါသာ ပျံသွားရင် ဒီစေ့စပ်ထားတာကို နင်မဖျက်ချင်ဘူးဆိုရင်တောင်မှ ဘာမှမတတ်နိုင်မှာမဟုတ်ဘူး"
ရှီဝမ်ဖေးထိတ်လန့်သွားပြီး ဒါရိုက်တာဘက်ကို လှည့်ကြည့်လိုက်သည်။ "ကျွန်မတို့ အဟက်ခံရတဲ့ပြဿနာကို မဖြေရှင်းနိုင်တာကြောင့် အသံချဲ့စက်ကိုရိုက်ခွဲဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ကြရအောင်လေ"
အသံချဲ့စက်ကို ရိုက်ခွဲလိုက်သည်နှင့် အသံပျောက်သွားသော်လည်း စခရင်၏မှတ်ချက်နေရာတွင် ရုတ်ရုတ်သဲသဲဖြစ်နေပြီဖြစ်သည်။
[ဒါက မန်နေဂျာလား!! ဒီမန်နေဂျာက တကယ်ပဲ ရှီရန်ရဲ့မန်နေဂျာဖြစ်ပြီး ရှီဝမ်ဖေးရဲ့မန်နေဂျာမဟုတ်ဘူးလား။]
[မန်နေဂျာက သူ့ရဲ့အနုပညာရှင်ကို ဆေးခတ်တယ်။ ဒါက ဘယ်လိုလုပ်ရပ်မျိုးလဲ။]
[သေစမ်း! ဒီအစ်မချင်းက တကယ်ကို တစ်ခုခုပဲ။ ဒီလိုလူက ဘယ်လိုမန်နေဂျာဖြစ်လာတာလဲ။]
[ရှီဝမ်ဖေးနဲ့ ရှီရန်ရဲ့စေ့စပ်ထားသူကြားမှာတစ်ခုခုရှိနေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်။]
ရှီဝမ်ဖေးက အသက်ရှုကြပ်လာပြီး သူမစိတ်ကို တည်ငြိမ်အောင် လုပ်နေသည်။
အသံစက်ကို ရိုက်ချိုးပြီးသွားပြီဖြစ်သည်။ ယခု အခါ မည်သည့်လှည့်ကွက်မှရှိတော့မည်မဟုတ်ပေ။ ဒီအခြေအနေကို ပြန်အဖတ်ဆယ်နိုင်သေးသည်။ ထိတ်လန့်မနေနဲ့...
သို့သော်လည်း ရှီဝမ်ဖေးစိတ်ငြိမ်သက်သွားပြီးသည့်နောက်တစ်စက္ကန့်တွင် ရှီရန်သည် မျက်ခုံးပင့်ကာ ဖုန်းကိုထုတ်ပြီး အကြိမ်အနည်းငယ် နှိပ်လိုက်သည်။
"နင် လှည့်ကွက်တွေ မထုတ်တာ ပိုကောင်းမယ်။ ငါက ရှီမိသားစုရဲ့သမီးအရင်းပဲ။ အခု နင်က ငါတို့မိသားစုမွေးမြူထားတဲ့ခွေးတစ်ကောင်ပဲ။ ဆင်ခြင်ဉာဏ်ရှိရှိနဲ့ နင် မပိုင်တဲ့အရာကိုမက်မောမနေနဲ့!"
ထိုအသံကိုကြားသည်နှင့် ရှီဝမ်ဖေး၏မျက်နှာတွင် သွေးများဆုတ်ယုတ်သွားသည်။ "ဘာဖြစ်နေတာလဲ။ အသံချဲ့စက်ကို ရိုက်ခွဲလိုက်ပြီ မဟုတ်ဘူးလား"
ကြောက်လန့်တကြားဖြင့် ရှီရန်၏လက်မှ ဖုန်းကို လုယူရန် လက်လှမ်းလိုက်သည်။
ရှီရန်သည် ချက်ချင်း လှည့်ထွက်သွားသဖြင့် ရှီဝမ်ဖေးသည် ဖုန်းကိုမယူနိုင်ဘဲ ဆိုဖာပေါ်သို့လဲကျသွားသည်။
"နောက်မှ နင် အင်တာဗျူးအတွက် ဒီဇာတ်ညွှန်းအတိုင်းလိုက်နာပြီး စကားမပြောခင် စဉ်းစားတာပိုကောင်းမယ်။ မဟုတ်ရင် နင့်မောင် ဆေးအရပ်ခံလိုက်ရလို့ သေသွားရင်တော့ သူ့အစ်မဖြစ်တဲ့နင်က တရားခံဖြစ်သွားလိမ့်မယ်!"
"ဒါက အတုပဲ!" ရှီဝမ်ဖေးက ထိတ်လန့်တုန်လှုပ်သွားပြီး "ဒါက လုပ်ကြံထားတာပဲ။ နင် ငါ့ကို အသရေဖျက်ချင်နေတာ။ ဝန်ထမ်းတွေ သူ့ဖုန်းကို သွားပိတ်လိုက်!" ဟု ရှေ့နောက်မစဥ်းစားနေဘဲပြောချလိုက်သည်။
အမျိုးသားဝန်ထမ်းအနည်းငယ်သည် ရှေ့သို့ ပြေးသွားသော်လည်း သူမသည် သူတို့အားလုံးကို ရှောင်တိမ်းနိုင်ခဲ့ပြီး သူတို့သည် ဖုန်းကိုမရရှိခဲ့ပေ။
"အခုတော့ နင်ကြောက်နေပြီလား။ ငါပြောသလိုသာလုပ်။ ငါပြောတဲ့အတိုင်း လိုက်နာ။ ဘယ်လို အရူးမလဲဟ။ အဲဒီနေမကောင်းတဲ့လူကို ထည့်စဥ်းစား။ သူ့အသက်က နင့်လက်ထဲမှာနော်!"
ထို့နောက် အသံဖမ်းထားခြင်း ပြီးဆုံးသွားခဲ့ပြီး ရှီရန်သည် သူမ၏ဖုန်းကို သိမ်းလိုက်သည်။
[အဲဒါ ဖေးဖေးရဲ့အသံမဟုတ်လား။ သူမက တကယ်ကို ရက်စက်လွန်းတယ်။]
[အသံသွင်းတာကအတုပဲ မဟုတ်လား။ ဖေးဖေးက ဒီလိုမျိုး ဘယ်လိုတောင်ပြောနိုင်မှာလဲ။]
[ဒါက နင်တို့ပရိသတ်တွေပြောနေကြတဲ့ နတ်သမီးလား။ သူမက အရမ်းကြမ်းကြမ်းတမ်းတမ်းပြောတတ်တာပဲ။ နောက်ဆုံးတော့ ငါကိုယ်တိုင် သူမပုံစံကို မြင်ဖူးပြီ။]
ရှီဝမ်ဖေးသည် ပျာယာခတ်ကာ ဆိုဖာပေါ်တွင် လဲထိုင်ကျသွားသည်။ ရှီရန်နှင့်အခြေအတင်ပြန်ပြောရန်တောင် သူမ ဂရုမစိုက်နိုင်တော့ပေ။
ဒီကိစ္စက သေချာပေါက် ပျံ့သွားလိမ့်မယ်။ ခေတ်ရေစီးကြောင်းအရဆိုရင်… ငါ့ကိုမုန်းတီးနေတဲ့ပရိသတ်တွေက ငါကို ဆွဲချဖို့ သေချာပေါက် ဒီအခွင့်အရေးကို အသုံးချကြလိမ့်မယ်။ အဲ့ဒီလိုသာ ဖြစ်လာရင် ငါ့အလုပ်ကတကယ်ကို ရေစုံမျောပြီပဲ။
ရှီဝမ်ဖေး၏အေးဂျင့်က သူမအနားကို ပြေးလာသည်။ "သွားကြစို့။ သတင်းထောက်တွေ ရောက်လာရင် ထွက်သွားဖို့ လွယ်မှာ မဟုတ်ဘူး။"
ရှီဝမ်ဖေးသည် သူမ၏မန်နေဂျာမှခေါ်ဆောင်သွားခြင်းခံရသည်။ သူမ ထွက်မသွားခင်မှာ ရှီရန်ကို ဒေါသတကြီးဖြင့်စိုက်ကြည့်ခဲ့သည်။
ဒီအတွက် ရှီရန်ပြန်ပေးဆပ်ရအောင် သူမ လုပ်ရမည်။
ရှီအိမ်ရာတွင်
ရှီဝမ်ဖေးသည် အိမ်ထဲသို့ ဝင်လာသည်နှင့် အမေရှီက နှုတ်ဆက်သည်။ "ဘာဖြစ်လို့လဲ၊ ဖေးဖေး"
"မေမေ၊ သမီး အရမ်းဝမ်းနည်းတယ်။" ရှီဝမ်ဖေးက သူမအမေကို ပွေ့ဖက်လိုက်သည်။ ပါးပြင်ပေါ်မှ မျက်ရည်များစီးကျလာပြီး မိခင်ဖြစ်သူသည် သမီးဖြစ်သူ၏ငိုကြွေးနေပုံကို မြင်လိုက်ရသဖြင့် ရင်ထဲတွင်နာကျင်သွားသည်။
"ဘယ်သူက သမီးကို အနိုင်ကျင့်လို့လဲ"
"သမီးလုပ်ခဲ့တာက အဝတ်လဲခန်းထဲမှာ မမကိုဒေါသထွက်ပြီးဒေါသထွက်စကားနည်းနည်းပြောခဲ့ရုံပဲရှိတာကို။ မမက အဲ့ဒါကိုအသံသွင်းထားရုံတင်မကဘဲ ပွဲမှာတောင်ဖွင့်ပြမယ်လို့ သမီး မမျှော်လင့်ထားခဲ့ဘူး။ အခု လူတိုင်းက သမီးကို ရက်စက်တဲ့မိန်းမလို့ ခေါ်နေကြပြီ။ သမီး ဘာဆက်လုပ်ရမလဲ မေမေ..."
ရှီဝမ်ဖေးက ပိုလို့တောင် သနားစရာကောင်းလောက်အောင်ငိုပြသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဘရိတ်အုတ်သံမြည်လာသည်။
မကြာခင်မှာပင် ၀တ်စုံအပြည့်ဝတ်ဆင်ထားသောကျူံးယူဖန် ရောက်လာသည်။ ရှီဝမ်ဖေး
၏နီရဲနေသောမျက်လုံးများကို မြင်လိုက်ရသောအခါ သူ့နှလုံးသား နာကျင်သွားသည်။
"ဖေးဖေး၊ စိတ်မပူနဲ့နော်။ ရေပန်းစားနေတဲ့ ရှာဖွေမှုတွေကနေတစ်ဆင့် ဒီကိစ္စကို ကိုယ် တွေ့ခဲ့ရတယ်။ ဒီသတင်းကို လူပိုမသိအောင် လျှော့ချဖို့ ကိုယ် တစ်ယောက်ယောက်ကို တောင်းဆိုထားပြီးသား။ ပြီးတော့ အခြားသတင်းတွေက ရှာဖွေမှုစာရင်းမှာပိုတက်လာပြီး ဒီကိစ္စကိုဖုံးဖိဖို့ ကူညီပေးလိမ့်မယ်။ အခု လုပ်ရမယ့်တစ်ခုတည်းကျန်တဲ့နည်းလမ်းက ဒီအသံဖမ်းထားတာကအတုဖြစ်တယ်လို့ ရှီရန်ကဝန်ခံအောင်လုပ်ဖို့ပဲ” လို့ ကျူံးယူဖန်က အေးဆေးတည်ငြိမ်စွာပြောသည်။
ရှီဝမ်ဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျူံးယူဖန်၏လက်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။ "ယူဖန်၊ ကျွန်မပြောခဲ့တာတွေကလွန်လွန်းတယ်လို့ ရှင်ကော ထင်လားဟင်"
"ဘာလို့ထင်ရမှာလဲ" ကျူံးယူဖန်၏နှလုံးသားသည် ရှီဝမ်ဖေးအတွက် နာကျင်လာသည်။ "မင်း ပြောခဲ့တာတွေကအမှန်တွေပဲ။ မကြောက်နဲ့တော့။ ကိုယ်ဖြေရှင်းမယ်။"
"သူမ ဘယ်လိုတောင်သတ္တိရှိနေရတာလဲ" အမေရှီသည် ရှာဖွေမှုမှတစ်ဆင့် ကိစ္စတစ်ခုလုံးကို သိရှိသွားပြီးဖြစ်သည်။ သူမ ဒေါသအလွန်ထွက်လာကာ တစ်ကိုယ်လုံးတုန်နေသည်။
"ငါသူမကိုဖုန်းခေါ်မယ်!"
ထို့နောက် အမေရှီက နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။ ထိုဖုန်းသည် ချက်ချင်းပင်အဖြေခံရသည်။ ရှီရန်စကားမပြောနိုင်မီ အမေရှီက ဒေါသတကြီးပြောသည် "ရှီရန်၊ အခုပြန်လာခဲ့စမ်း။ မဟုတ်ရင် ရောဂါရှိနေတဲ့နင့်မောင့်ကို နင်ဘယ်တော့မှမတွေ့ရဘူးမှတ်!"