[ဖေးဖေးက အငယ်အနှောင်းဖြစ်ဖို့ စိတ်မဝင်စားဘူးနော်။]
[ကြည့်ရတာ ရှီရန်ကအသုံးဝင်နေတုံးပဲ။ မဟုတ်ရင် ဖေးဖေးကိုမုန်းနေတဲ့ဖန်တွေက ဘယ်အချိန်အထိ ဝေဖန်နေမလဲမသိဘူး။]
ကင်မရာသည် ရှီရန်၏ချောမွေ့သော မျက်နှာဆီသို့ လှည့်သွားသည်။ သူမ နှုတ်ခမ်းကို ပိတ်ထားကာ မည်သည့်စကားမှ မပြောပေ။
တစ်ဖက်တွင် ရှီဝန်ဖေး၏အမူအရာသည် တစ်ချက် ရုပ်ပျက်သွားသော်လည်း ပွဲတွင်ရှိနေသောကြောင့် ပြုံးနေရပေသည်။
သူမလက်ကို ကျောနောက်မှာဝှက်ပြီး ရှီရန်၏လက်မောင်းအသားကို ပြင်းထန်စွာလိမ်ကာ စိုးရိမ်ဟန်ဆောင်သည်။ "မမ၊ အခုထိ နေမကောင်းဖြစ်နေသေးတာလား။ ဆေးကောသောက်ပြီးပြီလား။ ဆေးသောက်တာကို ရပ်လိုက်လို့မရဘူးနော်။"
[ရှီရန်က ဆွံ့အနေတာလား။ ဖေးဖေးကို ကစားနေတာများလား။ ဖေးဖေးက သူမကို အရမ်းဂရုစိုက်နေတာပဲ။]
ရှီရန်သည် ရုတ်တရက် သူမကိုဆွဲညှစ်ထားသော ရှီဝန်ဖေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အားဖြင့် တွန်းထုတ်လိုက်သည်။
ရှီဝန်ဖေးနာကျင်စွာမအော်နိုင်မီတွင် သူမသည် မြေပြင်ပေါ်သို့ လှဲကျသွားပြီဖြစ်သည်။ သူမ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။
"ဘာကို ကြားချင်နေတာလဲ ညီမလေး" ရှီရန်သည် သူမရှေ့တွင်ရပ်ကာ သူမကို ငုံ့ကြည့်နေသည်။ "ညီမလေးက မမ ခင်ပွန်းလောင်းကို ဘယ်လိုဖြားယောင်းသွေးဆောင်ပြီး မမကို စင်ပေါ်မှာလိမ်ပြောဖို့ခြိမ်းခြောက်တဲ့အကြောင်းကိုလား"
"စိတ်မကောင်းဖြစ်စရာပဲ။ မမက တခြားသူလုပ်ခဲ့တဲ့အပြစ်အတွက် မမ အပြောအဆိုခံရမှာကိုမကြိုက်ဘူး။" ရှီရန်၏နှုတ်ခမ်းသည် ကွေးတက်နေပြီး သူမ၏အနီရောင်ဆိုးထားသောနှုတ်ခမ်းများက ဆွဲဆောင်မှုရှိသော ပုံပေါက်နေသည်။ "လူယုတ်မာနဲ့ မိန်းမပျက်က သူတို့ရဲ့ဖောက်ပြန်တာကို လျှို့ဝှက်ဖို့လုပ်နေရတာ ပင်ပန်းနေလောက်ပြီဆိုတော့ သူတို့ကို လူသိရှင်ကြားဖြစ်အောင် မမက ကူညီပေးရမယ်လေ"
[ဘာလဲကွာ?! ဘာတွေဖြစ်နေတာလဲ?!!]
[ဘာ? ငါ နားကြားများ မှားနေတာလား]
[ငါ ဘာကြားလိုက်တာလဲ။ ဝန်ဖေးက သူမရဲ့ခဲအိုနဲ့ဖောက်ပြန်နေတာလား။]
[ဒါက တကယ်လား။ ညီမလေးနဲ့ခဲအိုတို့ကြားက ကောလဟာလ? တိုက်ရိုက်ထုတ်လွှင့်တာကို မရပ်တန့်ဘူးလား။]
ရှီဝန်ဖေးသည် မြေပြင်ပေါ်သို့ လဲထိုင်ကျသွားပြီး သူမ၏အမူအရာ အေးခဲသွားသည်။ သူမ ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး ကင်မရာ မြင်ကွင်းမှ သူမပျောက်ကွယ်သွားသောအခါ သူမ၏မျက်နှာသည် မည်းသွားသည်။ သူမက အသံကို လျှော့ပြီး "ရှီရန် နင် ရူးသွားတာလား။ နင့်မှာ သေတော့မယ့်အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာကို မမေ့နဲ့!" ဟုပြောသည်။
ရှီရန်က ဘာမှ မပြောဘဲ ရယ်မောလိုက်သည်။
ရှီဝန်ဖေးသည် ရှီရန်၏လှပသောဘေးမျက်နှာကို စိုက်ကြည့်ရင်း လက်သီးများကို သူမပေါင်ဘေးနားမှာဆုပ်ထားပြီး သူမ၏ မျက်လုံးများတွင် ရက်စက်ခြင်းများကို ဖုံးကွယ်ထားသည်။
ရှီရန်၊ ဒီလောက်နဲ့ ငါ့ကို ဖျက်ဆီးနိုင်မယ်လို့ နင်ထင်နေတာလား။ နင်က အရမ်းတုံးအလွန်းတယ်။
ထိုအတွေးတွေးပြီးနောက် သူမခေါင်းကို လှည့်ကာ မယုံမကြည်ဖြစ်စွာဖြင့် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။ သူမမျက်လုံးထဲမှာ မျက်ရည်တွေ တလက်လက်တောက်ပကာ ပြည့်လျှံလာပြီး သူမ၏အသံက ဝမ်းနည်းစွာဖြင့် ဆို့နင့်နေသည်။ "မမ...ဘယ်_ ဘယ်လိုတောင်ပြောနိုင်ရတာလဲ"
"မမကပဲ ညီမလေးရဲ့နာမည်ဆိုးကို ရှင်းပေးမယ်ဆိုပြီး မမကို ဒီရှိုးမှာဖိတ်ခေါ်ခိုင်းခဲ့တာလေ။ ဖျော်ဖြေရေးနယ်ပယ်က မမအတွက် ခက်ခဲတယ်ဆိုတာ ညီမလေး သိပါတယ်။ မမကို ကူညီပေးချင်ခဲ့တယ်။ ဒါပေမယ့် မမက ညီမအကြောင်းကိုလိမ်ညာပြောမယ်လို့ တစ်ခါမှတောင်မမျှော်လင့်ခဲ့ဘူး။ ပြီးတော့ ခုနကလိုမျိုး ညီမကို ရိုက်ဖို့ကြိုးစားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ညီမလေးအပေါ် ဘာလို့ ဒီလိုတွေတောင်လုပ်နိုင်ရတာလဲဟင်။"
ရှီဝန်ဖေးငိုချလိုက်သည်။
သူမ၏သရုပ်ဆောင်မှုစွမ်းရည်ကြောင့် ပရိသတ်များက သံသယစဝင်လာခဲ့သည်။ မှတ်ချက်ပေးရာနေရာတွင် ရှီဝန်ဖေး၏ပရိသတ်များကသူမ၏အကြောင်းကိုထပ်မံမှတ်ချက်ပေးကြသည်။
ထိုအခွင့်အရေးကို အသုံးချပြီး ရှီဝန်ဖေးက အစီအစဥ်တင်ဆက်သူကို တစ်ချက် လှည့်ကြည့်လိုက်သည်။
အစီအစဥ်တင်ဆက်သူက ချက်ချင်းသဘောပေါက်သည်။ "သက်သေက အရာရာတိုင်းမှာ အရေးကြီးတယ်။ သက်သေမရှိဘဲ တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ မသင့်တော်ပါဘူး။"
"ကျွန်မမှာသက်သေရှိတယ်" ရှီဝန်ဖေးသည် သူမမျက်နှာပေါ်မှမျက်ရည်များကို သုတ်လိုက်ပြီး ရှီရန်ကို ကြည့်လိုက်သည်။ စိတ်ပျက်ဟန်ဆောင်ကာ သူမက ဆက်ပြောသည်။ "ကျွန်မမှာ အပြစ်မရှိဘူးဆိုတဲ့ သက်သေရှိပါတယ်။ အဲဒါကို မသုံးချင်ခဲ့ဘူး။ အဆုံးမှာ ဒါက ကျွန်မရဲ့မမ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်။ ဒါပေမယ့် ကျွန်မအပေါ်ကို မမဒီလိုလုပ်မယ်လို့ မမျှော်လင့်ထားဘူး။"
ထို့နောက် သူမနောက်ရှိဖန်သားပြင်သည် တောက်ပလာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။
ဘား၏သီချင်းသံက လူတိုင်း၏နားစည်ကို ပေါက်ကွဲနိုင်သည်အထိ ဆူညံစွာထွက်ပေါ်လာသည်။ စင်မြင့်ပေါ်၌ အမျိုးသားနှင့်အမျိုးသမီး တို့သည် အရူးအမူး ကခုန်နေကြသည်။
စင်မြင့်အလယ်တွင် အမျိုးသမီးတစ်ဦးသည် ကြိုးတစ်ချောင်းတည်းသာပါသော အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာသည် လှပသောမိတ်ကပ်များလိမ်းခြယ်ထားသည်..။
၎င်းသည် ရှီရန်၏မျက်နှာဖြစ်သည်။
ထိုအချိန်တွင် သူမသည် ယောက်ျားတစ်ယောက်နှင့် တရင်းတနှီး ကခုန်နေသည်။သူမ၏စွဲမက်ဖွယ်ကောင်းသောကောက်ကြောင်းနှင့် အကအခုန်များက ကြည့်ရှုသူတိုင်းကို သွားရည်ကျစေသည်။
ထို့နောက်တွင် မြင်ကွင်းက ပြောင်းသွားသည်။
ရှီရန်နှင့် ထိုလူသည် ဘားမှထွက်ကာ မျက်နှာချင်းဆိုင်တွင်ရှိသောဟိုတယ်ဆီသို့ လမ်းလျှောက်သွားသည်။ ထို့နောက် ဟိုတယ်တံခါးဝမှ သူတို့ ဝင်သွားသောအခါ ဗီဒီယိုသည် ရပ်တန့်သွားသည်။
[666၊ ရှီရန်က ဒီလောက်တောင် အောက်တန်းကျမယ်လို့မထင်ခဲ့ဘူး။]
[သေချာတာပေါ့။ သူမက ယောက်ျားမရှိရင် မရှင်သန်နိုင်သလို ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကသူတွေနဲ့လည်း အချိတ်အဆက်ရှိဖို့ လိုတယ်လေ။]
[သူမက ဘားမှာရှိတဲ့ယောက်ျားတွေကိုတောင် အလွတ်မပေးဘူး။ တကယ်ကို လူရွေးမနေဘူးပဲ။]
[ဒီမိန်းမက ရွံစရာကောင်းလိုက်တာ။ သူမရဲ့စေ့စပ်ထားသူကို အရူးလုပ်ပြီး နောက်ကွယ်မှာအခြားယောက်ျားတွေနှင့် အပျော်ရှာပြီးအိပ်နေတာတောင်မှပဲ သူမက အခု ဒီနေရာမှာ တခြားသူတွေကို အပြစ်လာတင်နေတယ်။]
[ဖေးဖေးမှာ ဒီလိုအစ်မတစ်ယောက်ရှိတာ ဝမ်းနည်းစရာပဲ!]
မကြာခင်မှာ ဆွေးနွေးမှုတွေ ပို၍ပို၍ ပြင်းထန်လာသည်။ #မိန်းမပျက်ရှီရန်# သည် ရှာဖွေမှုစာရင်းတွင် ရေပန်းစားလာခဲ့သည်။
အံ့သြတုန်လှုပ်စွာဖြင့် အင်တာနက်အသုံးပြုသူအားလုံးသည် အဆိုပါရှိုးကိုကြည့်ရှုရန် တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ အပြေးအလွှားလာကြသည်။
ရှီဝန်ဖေးက သူမမျက်နှာမှမျက်ရည်များကို သုတ်လိုက်ပြီး နှုတ်ခမ်းကို ဇွတ်ကိုက်လိုက်သည်။ "အဲဒီနေ့က ခဲအိုလောင်းက မမကို တခြားယောက်ျားတစ်ယောက်နဲ့ ကနေတာတွေ့ခဲ့တယ်။ သူက ဝမ်းနည်းပြီး မူးနေခဲ့တာ။ သူ့လက်ထောက်က သူမူးနေတာကိုသိသွားတော့မမကိုဖုန်းဆက်ပေမယ့် မမအလုပ်ရှုပ်နေပုံရပြီးဖုန်းမကိုင်တော့ ညီမဆီကို ဖုန်းခေါ်ခဲ့တယ်။
အဲဒီတုန်းက မမဆီကို ဆက်သွယ်ဖို့ ညီမကြိုးစားခဲ့ပေမယ့် မမက မအားဘူးလို့ပြောခဲ့တယ်လေ။ ခဲအိုကို ဂရုစိုက်ဖို့ ညီမကို မမ ပြောခဲ့လို့ သူ့ကို ညီမရဲ့လက်ထောက်နဲ့အတူ ဟိုတယ်ကို ခေါ်သွားခဲ့တယ်။ အဲ့ဒါကြောင့်ပဲသတင်းထောက်တွေက ကျွန်မတို့ဓါတ်ပုံကို ရိုက်မိခဲ့တာ။ ဒီတစ်ခါတော့ မမက ညီမရဲ့ကောလဟာလကိုဖြေရှင်းဖို့ တကယ်ကူညီပေးမယ်လို့ထင်ခဲ့ပေမယ့် မမက ညီမနာမည်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တယ်။ မမ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ?"
ရှီဝန်ဖေး၏စကားလုံးများက အင်တာနက်သုံးစွဲသူများ၏ဒေါသကို ပြန်လည်လောင်ကျွမ်းစေသည်။ မှတ်ချက်ရှိလူတိုင်းက ရှီရန်ကို ညစ်ညမ်းသောစကားအမျိုးမျိုးဖြင့် ကြိမ်းမောင်းဆဲဆိုနေကြသည်။
[ချီးပဲ! ဒီလောကမှာ ဒီလောက်တောင်ရွံစရာကောင်းတဲ့လူရှိနေရတာလဲ။]
[သူမလိုလူက အပြင်ထွက်တာနဲ့ ချက်ချင်းပဲအသတ်ခံရသင့်တယ်။ ဒီလောက် ယုတ်ညံ့တဲ့ဘဝကို ဖြတ်သန်းနေပြီး ဖေးဖေးကို ချောက်ချချင်သေးတယ်။]
[ဖေးဖေးကို အခုနက အငယ်အနှောင်းလို့ခေါ်ခဲ့တဲ့သူတွေ၊ နင်တို့မျက်နှာတွေ နာနေပြီမလား။]
[ငါ့နှလုံးသားက ဖေးဖေးအတွက် နာကျင်နေတယ်။]
ထိုအခိုက်အတန့်တွင် သူတို့သည် လူအများအာရုံစူးစိုက်မှု၏အလယ်တွင်ရှိနေသည်။ သူတို့နှင့်ဆန့်ကျင်ဘက်တွင်ရှိနေသောဖန်သားပြင်ပေါ်၌ပြန့်ကျဲနေသောမှတ်ချက်များကို မြင်နိုင်သည်။
ဝန်ဖေးသည် သူမ၏မျက်နှာကို ဝမ်းနည်းစွာ ဖုံးကွယ်ထားသော်လည်း အောင်ပွဲခံသော အပြုံးကို မြင်နိုင်သေးသည်။
သူမသည် သူမ၏ဗီဒီယိုကို တစ်စုံတစ်ယောက်ကမတော်တဆလွှဲမှား၍ ဤဗီဒီယိုပြသမိသည်ဟု ဟန်ဆောင်ကာ ထိုဗီဒီယိုထုတ်ပြရန် အစကတည်းက စီစဉ်ပြီးသားဖြစ်သည်။
သို့သော် ဤမိန်းမပျက်သည် သူမပြောစကားကို ဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ဤအချိန်အခါနှင့်လိုက်၍ သူမသည် အရာအားလုံးကို(အဆူအဆဲခံရခြင်း) ရှီရန်သို့ တိုက်ရိုက်တွန်းပို့ရန် ဆုံးဖြတ်ခဲ့သည်။
ဒီတစ်ခါတော့ ဒီကောင်မက ကိုယ်တိုင်ဖြေရှင်းဖို့ ပါးစပ်ရှစ်ပေါက်ရှိရင်တောင်မှ သူမရဲ့နာမည်ကို ဘယ်တော့မှရှင်းနိုင်မှာမဟုတ်ဘူး။
ရှီရန်၊ နင်သေပြီသာမှတ်လိုက်တော့။