Viewers 121

ထိုလူက ရှီရန်ကို မတွန်းထုတ်မီ တစ်ခဏမျှ တောင့်တင်းသွားသည်။

အနုပညာလက်ရာတစ်ခုလို ပြီးပြည့်စုံသော သူ၏လက်များက သူမ၏လည်ပင်းကို ထိကာ သွေးလွှတ်ကြောပေါ်တွင် ရှိနေသည်။

သူ့လက်ဆစ်များက သူမ၏အရေပြားအနှံ့ ပွတ်တိုက်နေချိန်မှာ သူက ချစ်သူတစ်ယောက်လို ညင်သာစွာ ပြောလိုက်သည်။ "ပြောပါဦး မင်းကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ။"

ထိုယောက်ျား၏လက်သည် သူမ၏လှပသောညှပ်ရိုးပေါ်မှ လျှောကျကာ ပုခုံးတစ်ဝိုက်တွင် ဆက်လက်ဆင်းသက်လျက် သူမ၏ချောမွေ့နူးညံ့သောလက်မောင်းကို ရစ်ပတ်ထားသည်။

ထိုကဲ့သို့ပရောပရီလုပ်နေ​သောအမူအရာမျိုးပြုလုပ်​နေ​သော်လည်း သူ့အကြည့်များက ဖြူစင်နေသေးကာ သူ့အပြုံးတစ်ခုကသာ တဖြည်းဖြည်းကြီးမားလာသည်။

နောက်ဆုံး၌ သူ၏လက်ဖဝါးသည် သူမ၏ လက်ကောက်ဝတ်တွင် ရပ်တန့်သွားသည်။ ထိုလူက ရုတ်တရက် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ဆုပ်ကိုင်ထားမှုက အလွန်ပြင်းထန်သောကြောင့် သူမ၏လက်ကို ချေပစ်ချင်နေပုံပေါ်သည်။

ထို့နောက် သူမကို သူ့ဆီသို့နီးကပ်လာစေရန်ဆွဲလိုက်သည်။

အသက်ရှူသံပြင်းထန်လျက် သူမ မော့ကြည့်လိုက်သည်။

သူတို့မျက်လုံးချင်း ဆုံလိုက်သည်နှင့် ရေ​နွေးငွေ့များကြောင့် ဘေးပတ်ဝန်းကျင်ကို ပို၍ပင် တက်ကြွလာသည်။

သို့သော် သူမ၏လက်ကောက်ဝတ်တွင် စူးရှသောနာကျင်မှုက ယခုသည် စိတ်ကူးယဥ်ရမည့်အချိန်မဟုတ်ကြောင်းကို အသိပေး​နေသည်။

ဒီလူက အရမ်းအန္တရာယ်များတယ်။

သူမ၏ပေါင်ကို ဘောပင်ထိပ်ဖြင့် ထိုးလိုက်သဖြင့် သူမ၏ပုံမှန်အသိတရားကိုပြန်ရလာသည်။ သွေးနံ့က ရေထဲကိုစပျံ့နှံ့သွားတော့သည်။

ထိုလူက မျက်ခုံးပင့်ကာ အံ့သြသွားပုံ​​ပေါ်​​နေသည်။

"မတော်တဆ ကျူးကျော်ဝင်ရောက်လာမိတဲ့အတွက် တောင်းပန်ပါတယ်" ဟု သူမက အသံကွဲအက်ကာပြောသည်။

ထိုယောက်ျားက သူ့လက်ချောင်းများကို သူမ၏လက်ကောက်ဝတ်ပေါ် ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။

"အိုး? မတော်တဆဝင်ရောက်လာတာလား?"

ရှီရန်က မရှင်းပြချင်တော့​ပေ။

ယခုကဲ့သို့ စိုက်ကြည့်ခံနေရ​သောခံစားချက်က သူမနောက်ကျောကို ဓားနှင့်​ထောက်ထားသလို ခံစားနေရသည်။ သူမ ယခုထွက်ခွါရမည်။

သို့သော် သူမ ထလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသားက လက်လွှတ်ရန်စိတ်ကူးမရှိဘဲ သူမ၏လက်ကောက်ဝတ်ကို ပို၍ပင် တင်းတင်းဆုပ်ကိုင်ထားသည်။

သူမမျက်လုံးများကို ကျဥ်း​မြောင်းလိုက်ပြီး ရှေ့သို့ ရုတ်တရက် တိုးလိုက်သည်။ သူမ၏မျက်လုံးများသည် ပိုးသားကဲ့သို့ဖြစ်နေပြီး ၎င်းတို့ထဲတွင် ရေကဲ့သို့အရိပ်များရှိ​နေကာ ထိုမျက်လုံးများကို တောက်ပပြီး ဆွဲဆောင်မှုရှိစေသည်။

"Sir(ဆရာ)၊ ရှင်တကယ်​ပဲ ကျွန်​​မကို ထွက်​မသွား​စေချင်​တာလား"

သူမ၏ နူးညံ့သော စကားလုံးများက သူ့နားရွက်တစ်ဖက်ကို ဖြတ်သန်းသွားပေသည်။

ပြီး​နောက် သူမ၏လက်​ဖျား​ထိပ်များက သူ၏မာ​ကျော​သောရင်​ဘတ်​​တစ်​လျှောက်ကို ထိလိုက်​သည်​။

ထိုလူသည် အနည်းငယ် တောင့်တင်းသွားသည်။

နောက်တစ်စက္ကန့်တွင် ရှီရန်သည် ဘောပင်ကို ဆွဲထုတ်ကာ သူ့ကိုထိုးလိုက်သည်။

ထိုလူက ချက်ချင်း နောက်ဆုတ်သွားသည်။

"ဗြုန်း"

နေရာအနှံ့ ရေများ စင်သွားသည်။

ထိုလူသည် ဘေးနားသို့ ရှောင်လိုက်စဉ်တွင် တောက်ပသောအလင်းတန်းတစ်ခု ပေါ်လာသည်။ သူနောက်တစ်ကြိမ် ကြည့်လိုက်သောအခါတွင် ယိုယို၏အဝတ်အစားအစနားနှင့် နံရံထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်​ရောက်​နေသောဘောပင်ကိုသာ မြင်လိုက်ရသည်။

ရေချိုးခန်းသည် အလွတ်ဖြစ်သွားသည်။

ချူးကျင်းချန်းသည် ခဏမျှ ရပ်တန့်သွားပြီး​နောက် သူ့နှုတ်ခမ်းထောင့်များက ဖြည်းညင်းစွာ ကွေးတက်လာသည်။

စိတ်ဝင်စားစရာပဲ။

ထိုအချိန်တွင် နောက်ထပ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"တတိယမြောက်သခင်​လေး၊ သခင်ကြီး ခေါ်နေပါတယ်"

သူထလိုက်ကာ နံရံပေါ်မှအဖြူရောင်ရေချိုးဝတ်စုံကိုယူပြီး အခန်းအပြင်မထွက်မီ ဝတ်လိုက်သည်။

ချူးကျင်းချန်းသည် တံခါးမှ ထွက်လာသောအခါတွင် သူ့လက်ထောက်က ဖုန်းကို လက်နှစ်ဖက်ဖြင့် လွှဲပေးသည်။ ထိုလူမော့ကြည့်လိုက်သောအခါတွင် ချူးကျင်းချန်း၏လည်ပင်းပေါ်ရှိအနီရင့်ရောင်အမှတ်တစ်ခုကို တွေ့လိုက်ရသည်။

လက်ထောက်၏ မျက်လုံးများသည် ထိတ်လန့်ကာ ပြူးကျယ်သွားပြီး ချက်ချင်းပင် ပွင့်နေသော ရေချိုးခန်းဆီသို့ ခေါင်းပြန်လှည့်သွားသည်။ 'ခုနက အထဲမှာ မိန်းမတစ်ယောက်ရှိနေတာလား'

ချူးကျင်းချန်းဖုန်းကို ချလိုက်ပြီးနောက် သူ၏အနက်ရောင်မျက်လုံးများက လသာဆောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် ထို​နေရာသို့လမ်းလျှောက်သွားကာ ဘေးအခန်း၏ဝရံတာအား စစ်ဆေးသည်။ လက်ရန်းများပေါ်တွင် အလွန်သေးငယ်သောခြေရာများကို သူမြင်နိုင်သည်။

"ဘေးအိမ်မှာ ဘယ်သူနေလဲ ရှာလိုက်" ချူးကျင်းချန်းက လက်ရန်းပေါ် သူ့လက်ကိုတင်ကာ အေးအေးဆေးဆေးပြောသည်။

"ဘေးအခန်းလား။ သူမက ကျော်ကြားတဲ့ဆယ်လီတစ်​ယောက်တဲ့။ သူမက အခုမှ ခေတ်စားနေတဲ့သတင်းတစ်ခု ဖြစ်လာတယ်။"

"တတိယမြောက်သခင်​လေး၊ ဒါက ခေတ်စားနေတဲ့အကြောင်းအရာပါ။" ဟု ခေတ်စားနေသောအကြောင်းအရာစာမျက်နှာကိုဖွင့်ထား​သောတက်ဘလက်တစ်လုံးကို ပေးဆောင်ကာ လက်ထောက်က ပြောကြားသည်။

ချူးကျင်းချန်းသည် နာမည်တစ်ခုပေါ် မျက်စိမကျရောက်မိခင်အထိ အကြောင်းအရာများကို အမြန်ဖတ်လိုက်သည်။

...
ရှီရန်သည် စောစောက အဆင်ပြေစေရန် ယူခဲ့သော အနက်ရောင်ဘောင်းဘီနှင့်အတူ ကိုယ်တိုင်းကာပြုလုပ်ထားသော အဖြူရောင်သန့်သန့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ရှပ်အင်္ကျီအနားစကို အနောက်တိုင်းစတိုင်ဘောင်းဘီထဲ ထိုးထည့်ထားပြီး သူမ၏ဘောင်းဘီအောက်ခြေကို ခြေကျင်းဝတ်အထိ လိပ်ထားသောကြောင့် အတော်လေး ကြည့်​ကောင်း​နေ​ပေသည်။

ရှီရန်သည် ဟိုတယ်အဝင်ဝတွင် ရပ်ထားသော အနက်ရောင် Volkswagen ကားတံခါးကိုဖွင့်၍ ဝင်လိုက်သည်။

ထိုအချိန်တွင် သူမ အသိတရားလုံးလုံးပြန်ရသွားပြီဖြစ်သည်။ နာကျင်မှုကြောင့် ဆေး၏ အာနိသင်သည် ပျောက်ကွယ်သွားသည်။

သူမ၏ယခင်ဘဝက သူမမိသားစု၏အမွေဆက်ခံသူအဖြစ် ငရဲကဲ့သို့သောလေ့ကျင့်မှုမှအသက်ရှင်လွတ်မြောက်ခဲ့ပြီးနောက် ဤနာကျင်မှုသည် သူမအတွက် ကလေးကစားစရာသာဖြစ်သည်။

ကားထဲဝင်လိုက်သည်နှင့် မန်နေဂျာက သူမကို လှောင်ပြောင်နေသည်ကို သူ့ကိုမော့မကြည့်ခင်မှာ ကြားလိုက်ရသည်။ "ရှီရန်၊ နင်က တကယ်ကို တစ်ခုခုပဲ။ ယောက်ျားတစ်ယောက်မဟုတ်တစ်​ယောက်နဲ့နေ့တိုင်း အင်တာနက်မှာ ရေပန်းစားနေတယ်။"

ထို့​နောက် မန်နေဂျာက သူမလက်ထဲက မှတ်စုစာအုပ်ကို ရှီရန်လက်ထဲမှာ ထည့်လိုက်ပြီး "ငါက အခု တိုက်ရိုက်အင်တာဗျူးရှိုးပွဲတစ်ခုဆီ နင်ကိုပို့ပေးမှာ။ ဒါက ဇာတ်ညွှန်း။ အဲဒါကို အလွတ်ကျက်ပြီး နောက်ထပ် အမှားမလုပ်နဲ့"ဟု​ပြောသည်။

ရှီရန်သည် ဇာတ်ညွှန်းကို ပေါ့ပေါ့ပါးပါး လှန်လိုက်ကာ လျင်မြန်စွာ ဖတ်၍ တစ်ချိန်တည်းတွင် လှောင်ရယ်လိုက်သည်။

ဝတ္ထုထဲတွင် ဤကိုယ်ခန္ဓာ၏မူလပိုင်ရှင်ကို သတင်းထောက်များက ဟိုတယ်တစ်ခုတွင် အမျိုးသားသုံးဦးနှင့် တွေ့ဆုံနေသည်ကို ဓာတ်ပုံရိုက်မိခဲ့သည်။ ထို့နောက်တွင် သူမကို တိုက်ရိုက်အင်တာဗျူးမှာ ပါဝင်ဖို့ သူမမန်နေဂျာက အတင်းအကြပ် ခိုင်းစေခဲ့သည်။ အင်တာဗျူးပြီးသွားသောအခါတွင် သူမသည် တစ်ဖန်ခေတ်စားနေသောအကြောင်းအရာတစ်ခု ဖြစ်လာပြန်သည်။ သူမသည် လူတိုင်းနင်းချင်နေသော လမ်းဘေးကြွက်တစ်ကောင်လိုပင်ဖြစ်​နေသည်။

မန်နေဂျာက ရှီရန်ကို စင်​နောက်ဘက်အ၀တ်လဲခန်းဆီ ခေါ်သွားသည်။ သူမ ဝင်လိုက်သည်နှင့် ခွက်တစ်ခုက သူမဆီသို့ ပျံလာသည်။

သူမလက်ထဲရှိ ဇာတ်ညွှန်းကို ဝှေ့ယမ်းလိုက်သဖြင့် ထိုခွက်သည် လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်သွားသည်။

"အား" ရှီဝန်ဖေးသည် မတ်တပ်ထရပ်ပြီး အော်ဟစ်ကာ ကြောက်ရွံ့၍ မျက်နှာကဖြူဖပ်သွားသည်။

ဖန်ခွက်သည် သူမ၏မျက်နှာဘေးနားစင်တီမီတာအနည်းငယ်တွင် ကွဲသွားသည်။ တရားခံကို သူမမြင်သောအခါ ရှီဝန်ဖေး၏မျက်နှာသည် မဲ့သွားသည်။ "နင်ငါ့ကို ဖန်ခွက်နဲ့​တောင် ပစ်ရဲတယ်?"

သို့သော်  ရှီရန်၏မန်နေဂျာကိုတွေ့သောအခါ သူမသည် ချက်ချင်းပင် သနားစရာကောင်းသောပုံစံအဖြစ်သို့ ပြောင်းလိုက်သည်။ "အခုနက ညီမတကယ်ကို ကြောက်သွားတာပဲ၊မမရယ်။ ညီမကို ဘာလို့ ခွက်နဲ့ ပစ်ရတာလဲ။"

ရှီရန်သည် အဝတ်လဲခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးလိုက်သည်။ "ငါက ငါ့ဆီကိုပျံလာတဲ့ခွက်ကို ပြန်ပုတ်ထုတ်လိုက်တာ​လေ။"

ရှီဝန်ဖေးက သူမဒေါသကို ထိန်းကာ မန်နေဂျာကို ပြုံးပြသည်။ "မမကျွင်း၊  ကျွန်မ  မမကိုပြောစရာရှိတယ်။"

"နင်တို့နှစ်ယောက် စကားတွေပြောကြဦး။" မန်နေဂျာက ချက်ချင်းသိပြီး ပြန်ဆုတ်သွားသည်။

နားနေခန်းထဲတွင် ရှီရန်နှင့်ရှီဝန်ဖေးသာကျန်တော့သည်မို့ ရှီဝန်ဖေးဟန်ဆောင်မှုကို ရပ်လိုက်သည်။

"နင်" ရှီဝန်ဖေးက ရှီရန်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး "ဒီည နင်ဘယ်ကိုသွားခဲ့တာလဲ" ဟုမေးသည်။

"နင်က ငါ့ကို ဟိုတယ်အခန်းထဲခေါ်သွားပေးတဲ့သူ မဟုတ်ဘူးလား" ဟု ရှီရန်ကမေးသည်။

"နင် လှည့်ကွက်တွေ မထုတ်တာ ပိုကောင်းမယ်။ ငါက ရှီမိသားစုရဲ့ သမီးအရင်း။ အခု နင်က ငါတို့မိသားစုမွေးထားတဲ့ခွေးတစ်ကောင်အဆင့်ပဲရှိတယ်။ ဆင်ခြင်ဉာဏ်ရှိရှိနဲ့ နင် မပိုင်တဲ့အရာကို မက်မောမ​နေနဲ့!"

မထီမဲ့မြင်ပြုသောအပြုံးဖြင့် ရှီရန်၏ပေါင်ပေါ်ရှိဇာတ်ညွှန်းကို ကောက်ကိုင်လိုက်ပြီး လှန်ကြည့်လိုက်သည်။ သူမ မေးစေ့ကို မော့လိုက်ကာ ငုံ့ကြည့်သည်။ "ကြည့်ရတာ နေမ​ကောင်းတဲ့နင့်မောင်နဲ့ မဆက်သွယ်ရတာကြာလို့ထင်တယ်"

ရှီရန်၏မျက်လုံးများ ကျဥ်း​မြောင်းသွားသည်။

ဤကိုယ်ခန္ဓာ၏မူလပိုင်ရှင်မှာ အမြွှာမောင်တစ်ယောက်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် အမြဲမှီခိုနေကြသည်။ သူတို့ငယ်ရွယ်​သောအချိန်တွင် သခင်ကြီးရှီက သူတို့နှစ်ယောက်လုံးကို မွေးစားခဲ့သည်။

သို့သော် သူမ၏မောင်ဖြစ်သူမှာ သွေးကင်ဆာရှိသောကြောင့် ငယ်စဉ်ကတည်းက ဆေးကုသမှုခံယူရန် နိုင်ငံရပ်ခြားသို့ ပို့ဆောင်ခံခဲ့ရသည်။ ဆေးအဖိုးအခက စျေးကြီးပြီး ရှီမိသားစုက ထိုအရာကို အမြဲပေးဆောင်သောသူဖြစ်သည်။

သခင်ကြီးရှီကွယ်လွန်သွားပြီးနောက်တွင် သူမ၏မောင်ဆေးဖိုးပေးရမည့်တာ၀န်သည် သူမ၏မွေးစားဖခင်ထံ ကျရောက်သွားသည်။

ရှီဝန်ဖေးက ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် သူမမောင်ငယ်ကို ဂရုစိုက်သည်ကိုသိရှိသဖြင့် ၎င်းကို အခွင့်ကောင်းယူကာအကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သည်။

ရှီဝန်ဖေးသည် ရှီရန်၏ ဆန့်ကျင်ဘက်တွင်ထိုင်ကာ သူမ၏ခြေထောက်များကိုချိတ်ထားကာ အနီရောင်ဆိုးထား​သောလက်သည်းများနှင့် ကစားနေရင်း "အင်တာဗျူးအတွက် ဇာတ်ညွှန်းထဲကအတိုင်းလိုက်နာပြီး စကားမပြောခင် စဉ်းစားတာ ပိုကောင်းမယ်။ မဟုတ်ရင် ဆေး မရ​တော့လို့ နင့်မောင်​လေးသေသွားရင် အမတစ်​ယောက်အ​နေနဲ့နင့်အပြစ်ပဲဖြစ်​လိမ့်မယ်။"

ရှီရန်နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် သူမကြောက်သွားသည်ဟု ထင်ကာ  ရှီဝန်ဖေးသည် ပို၍ပင် ဘဝင်ခိုက်ကာရယ်လိုက်သည်။ သူမ၏ရယ်မောသံသည် ကျယ်​လောင်စူးရှလွန်းလှသည်။ "အခုကြောက်နေပြီမလား။ ဒါဆို ငါပြောတဲ့အတိုင်းလုပ်။ ငါပြောသမျှအတိုင်းလိုက်နာ။ ဘယ်လို​တောင်မိုက်ရူးရဲဆန်တဲ့ကောင်မလဲ။ နင့်ရဲ့​နေမ​ကောင်းတဲ့​မောင်​လေးကိုထည့်စဥ်းစားဦး။သူ့အသက်က နင့်လက်ထဲမှာနော်။ ရှိုးပွဲစတော့မှာမို့ နင်မိတ်ကပ်လိမ်းစရာမလိုဘူး။ လိမ်းရင်တောင် အသုံးဝင်မှာမဟုတ်ပါဘူးလေ။" ရှီဝန်ဖေး၏မျက်လုံးများသည် ရှီရန်၏မျက်နှာ​ပြောင်ဖြစ်နေသော်လည်း လှပသောမျက်နှာကို ဓားသွားများကဲ့သို့ဖြတ်သွားသည်။သို့သော် သူမသည် မရိုးသားသောအပြုံးတစ်ခု အမြန်ပြုံးလိုက်သည်။

သူမက လှရင်လည်း ဘာလုပ်ရမှာလဲ။ ဒီညပြီးရင် သူမကို ပုပ်သိုးနေတဲ့အပျက်မလို့ပဲ လူသိများလာကြလိမ့်မယ်။

တိုက်ရိုက်ထုတ်လွှင့်မှုကို တိုက်ရိုက်ကြည့်ရှုနေသောပရိသတ်တစ်ဦးဖြင့် ရှိုးပွဲကို တရားဝင်စတင်ခဲ့သည်။ စခရင်သည် အသက်ဝင်စပြုလာသော်လည်း ယခုအကြိမ်သည် ပုံမှန်နှင့်မတူပေ။

[ချီးပဲ၊ ဒီအရှုံးသမားကဝန်ဖေးနဲ့အတူတူ ဘာလို့ရှိုးမှာပါလာရတာလဲ။]

[ထုတ်လုပ်ရေးအဖွဲ့က မျက်စိကန်း​နေတာလား။  သူတို့ တကယ် ရှီရန်ကို ဖိတ်တယ်။ ဒီအရူးမက ဘာသိနိုင်မှာလဲ။]

[ဒီလိုရှိုးပွဲတွေရဲ့ စံနှုန်းတွေက​တောင် အမှန်တကယ်ပဲ နိမ့်ကျလာပြီ။ ဒီပွဲမှာလည်း အမျိုးသားတွေမရှိပါဘူး။  ရှီရန်က ဘာလို့ ဒီမှာပါလာရတာလဲ။ ဖေး​​ဖေးရဲ့ကျော်ကြားမှုကိုအသုံးချဖို့လား?]

ကျိန်ဆဲမှုများကြားတွင် တင်ဆက်သူ အဖွင့်အမှာစကားပြောသည်မှာပြီးဆုံးသွားသည်။

"ကဲ အားလုံးရဲ့ အချစ်ဆုံးရှီဝန်ဖေးနဲ့ ရှီရန်ကို ကြိုဆိုလိုက်ရအောင်။"

သူတို့နှစ်ယောက် စင်ပေါ်တက်ပြီးသည်နှင့် မှတ်ချက်များစွာ ဖန်သားပြင်ပေါ်မှာစတင်လွှမ်းမိုးလာသည်။

[ဖေး​​ဖေး! ဖေး​​ဖေးအရမ်းလှတယ်။]

[ဖေး​​ဖေးအရမ်းလှတယ်။ သူမက လူတိုင်းကို ချိုးနှိမ့်နိုင်တယ်။]

[ငါ ချဲ့ကားပြောနေတာမဟုတ်ဘူး။ ရှီရန်ကရှီဝန်ဖေးထက် ပိုလှတယ်လို့ ထင်တယ်။]

[ရှီရန်က သူမကိုယ်သူမ ထောက်ခံဖို့မှတ်ချက်​တွေပိုက်ဆံ​ပေးဝယ်ထားတာမလား။]

မှတ်ချက်များကြားတွင် ရှီဝန်ဖေးနှင့်ရှီရန် တို့သည် ဖြူဖွေးပျော့ပျောင်းသော ဆိုဖာပေါ်တွင် တယောက်ပြီးနောက်တယောက် ထိုင်လိုက်သည်။ သူတို့နှင့် ဆန့်ကျင်ဘက်တွင် ခေတ်မီသော ၀တ်စုံကို၀တ်ထားသောအစီအစဥ်တင်ဆက်သူရှိ​နေသည်။

တင်ဆက်သူသည် မေးခွန်းအချို့မမေးမီ ရှီဝန်ဖေးနှင့်ရှီရန်ကို အတိုချုံးမိတ်ဆက်ပေးခဲ့သည်။ တစ်ချိန်လုံး သူသည် ရှီဝန်ဖေးကို မေးခွန်းများမေးခဲ့ပြီး ရှီရန်ကိုလေကဲ့သို့ လျစ်လျူရှုခဲ့သည်။

မှတ်ချက်အများစုသည် ရှီဝန်ဖေးကို ချီးကျူးနေကြသော်လည်း ရှီရန်သည် စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူမသည် ပျော်ရွှင်စွာ ထိုင်ခုံပေါ်တွင် နောက်မှီထိုင်နေကာ ကင်မရာရှေ့တွင်ပင် ပျင်းရိစွာ သမ်းဝေနေသည်။

ထိုမြင်ကွင်းကို ကင်မရာမှ ဖမ်းယူထားပြီး စခရင်သည် ကဲ့ရဲ့ရှုံ့ချမှုများနှင့် ပြည့်သွားပြန်သည်။

"ဝန်ဖေး၊ တော်တော်များများက မင်းကို ခေတ်စားနေတဲ့အကြောင်းအရာတစ်ခုလို့ ပြောကြတယ်။ မင်းဟာ အရာရာတိုင်းလိုလိုမှာ ရေပန်းစားခံရတယ်။ ဒါကို မင်းဘယ်လိုထင်လဲ။"

ရှီဝန်ဖေးအားကိုးရာမဲ့စွာ သက်ပြင်းချသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မရဲ့နာမည် ပိုကျော်ကြားဖို့အတွက် ရှာဖွေမှုစာရင်းထဲမှာ ပါတာက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိစ္စတွေက မှားသွားနိုင်တယ်လေ။ ဟိုတနေ့ကလို နာမည်ကြီးသွားတဲ့သတင်းလိုပေါ့။"

"မင်းနဲ့ သခင်လေးကျုံး ကြားက ကောလဟလကို ပြောနေတာလား။"

"ဟုတ်ပါတယ်။" ရှီဝန်ဖေးက ခေါင်းညိတ်ပြပြီး သူမဘေးမှာ ထိုင်နေသောရှီရန်ကို ချိုမြိန်သော အပြုံးဖြင့် ကြည့်နေသည် ။

"ကျွန်မကို ရှီမိသားစုက အသိအမှတ်ပြုပြီး နောက်ပိုင်းမှ ပြန်ခေါ်လာခဲ့ပေမယ့် မမနဲ့ ကျွန်မက မြင်မြင်ချင်းမှာပဲ ဆက်ဆံ​ရေးအရမ်းကောင်းတယ်။ ကျွန်မတို့ အရမ်းရင်းနှီးပြီး ကျွန်မရဲ့ခဲအိုလောင်းနဲ့ တကယ်ကိုဖြူစင်တဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။ တကယ်လို့မယုံရင် မမကို မေးလို့ရပါတယ်။"

ရှီရန်၏ပုခုံးပေါ် လက်မောင်းကို တင်လိုက်ကာ ဂရုစိုက်ဟန်ဆောင်ကာ "မမ၊ ခဲအိုလောင်းနဲ့ ကျွန်မကြားမှာ ဘာတွေဖြစ်နေတာလဲဆိုတာကို အားလုံးကို မြန်မြန်ပြောလိုက်​လေ။ ညီမက ပြည်သူတွေရဲ့ဆူပူကြိမ်း​မောင်းတာကိုခံရတော့မယ်။" ဟု​ပြောသည်။

နေမ​ကောင်း​သောသူ့​မောင်သည် သူမလက်ထဲမှာ ရှိနေတုန်းပင်ဖြစ်သည်။  ရှီရန်က သူမကို မဆန့်ကျင်ဝံ့သည်မှာ သေချာသည်။

ရှီရန်က သူမကို ကောလဟာလများရှင်းလင်းအောင် ကူညီပေးသရွေ့  ရှီရန်ကို သူမရဲ့ မူလအစီအစဉ်အတိုင်း အပြစ်ပုံချနိုင်မည်ဖြစ်ပြီး ထိုသို့ဖြစ်လာသောအခါတွင် သူမသည် ထိုကိစ္စမှ ဘယ်တော့မှလွတ်​မြောက်
နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ဖျော်ဖြေရေးနယ်ပယ်သာမက ရှီမိသားစုကတောင် ဤကဲ့သို့အရှက်ရစရာကောင်းသောရှီရန်ကို မိသားစုထဲမှာ ဆက်လက်ထားရင် ခွင့်ပြုမည်မဟုတ်​ပေ။