Ch10 - ယောက်ျားလေး နှစ်ယောက်အတူနေတာက မသင့်တော်ဘူး [ 1 ]
Viewers 686

ငါ စစ်ဆေးခန်းထဲကို ပြန်ရောက်လာတော့ ချန်မီက ငါ ထွက်သွားတုန်းကအတိုင်း ပုံစံမပျက် ရှိနေတုန်းပဲ။ 


သူ့လက်ထဲက ဆေးလိပ်ကို မြင်တော့ သူ့ရဲ့ ဖြူဖျော့နေတဲ့ နှုတ်ခမ်းတွေက နည်းနည်း လှုပ်ရှားသွားပေမယ့် နောက်ဆုံးမှာတော့ သူ ဘာမှမပြောပါဘူး။


ငါ ဆေးလိပ်ဘူးကို စားပွဲပေါ်တင်လိုက်ပြီး တခြားပစ္စည်းတွေအောက်မှာ မြှုပ်ထားတဲ့ စာရွက်စာတမ်းကို ထုတ်လိုက်တယ်။ 


လောင်ခုံက အဲဒါကို ကြည့်လိုက် ပြီးတော့ ငါ့ကို ကြည့်လိုက်တယ်။ သူ့ရဲ့ အမူအရာကို ဖတ်လို့မရဘူး၊ ငါလည်း နားလည်ချင်စိတ် မရှိဘူး။ အနည်းဆုံးတော့ အခုအချိန်မှာတော့ နားလည်ချင်စိတ် မရှိဘူး။


''အဲဒီစာရွက်စာတမ်းက လောင်ခုံ လီကျယ်အကြောင်း ရှာဖွေတွေ့ရှိထားသမျှ အားလုံးပါပဲ'’


စစ်ဆေးခန်းက တိတ်ဆိတ်လွန်းလို့ အသက်တွေပါ ထွက်သွားသလို ခံစားရတယ်။ အဲဒါကို ကယ်တင်ချင်တာနဲ့ ငါ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ 


''ချန်မီ၊ မင်းရဲ့ညီ လီကျယ်အကြောင်း ငါ့ကို ပြောပြဖို့ ဆန္ဒရှိလား”


ဒီမေးခွန်းနဲ့ တုန်လှုပ်သွားတဲ့ ပထမဆုံးလူက ချန်မီ မဟုတ်ဘဲ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ လောင်ခုံပဲ။


သူ့ရဲ့ ထူထဲတဲ့ မျက်ခုံးမွေးတွေ တွန့်ချိုးသွားပြီး အလျင်အမြန် မေးလိုက်တယ်။ 


''ဘာလို့ အဲဒါကို မေးတာလဲ ဒါက အမှုနဲ့ ဘာဆိုင်လဲ”


''ငါ သူ့ဆီက အမှန်တရားကို ကြားချင်တယ်'' 


ငါ ပြန်ပြောလိုက်တယ်။


လောင်ခုံက ငါ့ကို အဲဒီထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်ပေမယ့် ထပ်ပြီး ဖိအားမပေးတော့ပါဘူး။ 


ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ မပြောဘဲ နားလည်ထားတဲ့ စည်းမျဉ်းတစ်ခုက သံသယရှိသူရှေ့မှာ ဘယ်တော့မှ ကိစ္စတွေကို ဆွေးနွေးခြင်း မပြုရဘူးဆိုတာပဲ။


ချန်မီကလည်း ငါ့ကို ကြည့်နေတယ်။ သူ့မျက်နှာမှာ စူးစမ်းလိုစိတ်နဲ့ ရှုပ်ထွေးမှုတွေ ပြည့်နေတယ်။ တော်တော်ကြာတော့ သူက ချီတုံချတုံနဲ့ မေးလိုက်တယ်။


''အရာရှိ၊ ငါ မင်းကို လိမ်မှာကို မကြောက်ဘူးလား'' 


ငါ တိုက်ရိုက် မဖြေဘူး။ အဲဒီအစား သူ့နောက်က နံရံကို လက်ညှိုးထိုးပြလိုက်တယ်။ 


''အဲဒီမှာ စာလုံးမဲကြီး ရှစ်လုံး ရေးထားတယ်၊ *ဝန်ခံလျှင် လျှော့ပေါ့၊ ငြင်းဆန်လျှင် တင်းကျပ်*တဲ့”


ချန်မီက ငါ့အကြည့်ကို လိုက်ကြည့်တယ်။ သူ့လက်က လက်ထိပ်ခတ်ထားတုန်းပဲ၊ လှုပ်ရှားလာပြီး စာလုံးတွေကို ရေးကြည့်သလိုမျိုး လေထဲမှာ လက်ချောင်းတွေနဲ့ လိုက်ဆွဲနေတယ်။


သူက ဆရာတစ်ယောက်က ကလေးကို လမ်းညွှန်ပေးသလို တီးတိုးရွတ်ဆိုနေတယ်။ 


''ဝန်-ခံ-လျှင် လျှော့-ပေါ့၊ ငြင်း-ဆန်-လျှင် တင်း-ကျပ်”

'

''သူ စာဖတ်ရ ခက်ခဲနေတာလား'' 


လောင်ခုံက ငါ့ကို တီးတိုးပြောလိုက်တယ်။


ငါ့ရင်ထဲ တင်းကျပ်သွားပြီး အသံတိုးတိုးလေးနဲ့ ပြန်ဖြေလိုက်တယ်။


''ဒါကြောင့်မို့လို့ ငါတို့ မေးဖို့လိုတာပေါ့'' 


''ကောင်းပြီ၊ ငါ ပြောပြမယ်'' 


ချန်မီက အဲဒီအချိန်မှာပဲ စကားစလာတယ်။ သူ့မျက်လုံးတွေက ငါ့မျက်နှာပေါ်မှာ အေးဆေးတည်ငြိမ်စွာ ဝဲပျံနေတယ်။ 


''ဘယ်ကနေ စပြောစေချင်လဲ'’


''အစကနေပေါ့'’


ချန်မီရဲ့ မျက်နှာအမူအရာက ပထမဆုံးအကြိမ်အဖြစ် နူးညံ့သွားပြီး သူ့အသံကပါ နူးညံ့လာတယ်။ 


''ငါ့ညီနဲ့ ငါက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တာ၊ ငါက ဆယ်နှစ်သား၊ အဲဒီမှာရှိတဲ့ အကြီးဆုံး ကလေးတွေထဲက တစ်ယောက်၊ ငါ့ညီကတော့ ငါးနှစ်ပဲ ရှိသေးတယ်၊ ငါ့ခါးလောက်တောင် မမီဘူး၊ မိဘမဲ့ဂေဟာ အုပ်ချုပ်ရေးမှူးက အမြဲတမ်း ပြောတတ်တယ်၊ ကလေးအကြီးတွေ ကြီးလာရင် ကလေးငယ်တွေကို ကူညီစောင့်ရှောက်ရမယ်တဲ့၊ ငါက ကိုယ့်ကိုယ်ကို မိဘတွေ မလိုချင်တဲ့ ကလေးတစ်ယောက်ဆိုတာ အမြဲသိတယ်၊ ဒါကြောင့် အုပ်ချုပ်ရေးမှူးက ဘာပဲလုပ်ခိုင်းခိုင်း ငါ လုပ်ခဲ့တယ်၊ ငါ အများဆုံး စောင့်ရှောက်ခဲ့တာကတော့ ငါ့အခန်းဖော်၊ ငါ့ညီပဲ။ သူက ညသန်းခေါင်ယံမှာ အိပ်မက်ဆိုးတွေ မက်ပြီး ငိုပြီး နိုးလာတတ်တဲ့လူလေ၊ တစ်ခါတလေဆို နာရီဝက်တိတိ ဆက်တိုက်ငိုတယ်၊ အသံတွေဝင်ပြီး အဲလို ဆက်ငိုနေတတ်တယ်၊ သူ တခြားသူတွေကို မနှိုးမိအောင် သူ မနိုးခင်ကတည်းက ငါ သူ့အိပ်ရာကို သွားပြီး ရင်ဘတ်ကို ညင်ညင်သာသာလေး ပုတ်ပြီး မကြောက်ဖို့၊ သူ့အစ်ကို ရှိနေပြီဆိုတာ ပြောပြတယ်၊ ဒါပေမယ့် သူက ဆက်ငိုနေတုန်းပဲ၊ ငါ လုပ်နိုင်တာက သူ့ကို ဖက်ပြီး နှစ်သိမ့်ပေးတာပဲ၊ နောက်ဆုံးတော့ ငါတို့ နှစ်ယောက်လုံး ငါ့ရဲ့ သေးလွန်းတဲ့ အိပ်ရာလေးမှာ အိပ်ဖြစ်တယ်၊ အဲဒါက ကျဉ်းကျဉ်းကြပ်ကြပ်လေးပဲ၊ ဒါပေမယ့် ဆောင်းတွင်းမှာတော့ နွေးထွေးတယ်'’


''ငါ့ညီလေးက အစားအသောက် ရွေးတတ်ခဲ့ပေမယ့် ငါရှိနေရင် ဘာမဆိုစားတယ်။ သူက ငါနဲ့အတူ စားရတာ ပျော်တယ်၊ ဒါကြောင့် ဘာမဆို ကြိုက်တယ်လို့ ပြောတယ်၊ အဲဒီကစပြီး ငါ့ညီက ငါ့နောက်ကနေ အမြဲတမ်း လိုက်နေတဲ့ အပိုအမြီးတစ်ခုလို ဖြစ်လာတယ်၊ တစ်နေ့တော့ သူက ငါတို့ကို မိဘအသစ်တွေ လာခေါ်သွားရင် ဘာလုပ်ရမလဲလို့ မေးတယ်၊ ငါက *သွားရမှာပေါ့၊ မင်း မိဘမဲ့ဂေဟာမှာ အမြဲတမ်းနေချင်လို့လား* လို့ ပြောလိုက်တယ်၊ ဒါပေမယ့် သူက ကလေးလေးပဲ၊ အမြဲတမ်း ဆိုတာ ဘာကိုဆိုလိုမှန်း နားမလည်ဘူး‌လေ၊ သူက ရိုးရိုးရှင်းရှင်းနဲ့ *ကျွန်တော် ခင်ဗျားနဲ့အတူ သွားလို့ရမလား*' လို့ မေးတယ်၊ ငါက *မရဘူး၊ မိဘအသစ်တွေက ငါတို့နှစ်ယောက်လုံးကို လိုချင်လား မလိုချင်လားဆိုတာပေါ် မူတည်တယ်* လို့ ပြောတော့ သူ တိတ်သွားတယ်၊ ငါက သူ့ကို *နောင်ဘဝမှာ ဘယ်နာမည်လိုချင်လဲ* လို့ မေးလိုက်တယ်၊ သူက အကြာကြီး စဉ်းစားပြီးမှ တုတ်တစ်ချောင်းနဲ့ မြေကြီးပေါ်မှာ စာလုံးတစ်လုံး ရေးတယ်၊ သူက မိဘမဲ့ဂေဟာ အကြီးအကဲတစ်ခါက မိန့်ခွန်းပြောတုန်းက သူရဲကောင်းဆိုတာ ကွေးကောက်ပုံပျက်သွားမယ့်အစား ကျိုးပျက်ခံမယ့်သူတွေလို့ ပြောဖူးတယ်၊ ဒါကြောင့် သူလည်း သူရဲကောင်း ဖြစ်ချင်တယ်တဲ့၊ အဲဒါကြောင့် သူ့နာမည်ကို ကျယ်လို့ ခေါ်ချင်တာတဲ့၊ ငါက ဒါက ကံမကောင်းတဲ့နာမည်၊ လူကြီးတွေ မကြာခဏ ရှောင်ရှားတဲ့နာမည်လို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ ဂရုမစိုက်ဘူး၊ သူရဲကောင်းတွေက ဘာကိုမှ မကြောက်ဘူးလို့ ပြောပြီး ငါ ဘယ်နာမည်လိုချင်လဲလို့ မေးတယ်။ ငါက ဘာမှ ဂရုမစိုက်ပါဘူး… ငါတို့မှာ မိဘအသစ်တွေ ရှိရင် သူတို့ ပေးတဲ့ ဘယ်နာမည်မဆို ပျော်ပျော်ရွှင်ရွှင် လက်ခံပါ့မယ်လို့ ပြောလိုက်တယ်”


''ငါ ဆယ့်နှစ်နှစ်သားအရွယ်မှာ မိဘမဲ့ဂေဟာကို ကောင်လေးတွေကို မွေးစားဖို့ မိသားစုနှစ်စု ရောက်လာတယ်၊ ငါ့ညီနဲ့ ငါက ရွေးချယ်ခံရတယ်၊ မိသားစုတစ်စုက လီဆိုတဲ့ နောက်ဆုံးနာမည်ရှိပြီး နောက်တစ်စုက ချန်ဆိုတဲ့ နာမည်ရှိတယ်၊ အဲဒီနေ့က ငါ့ညီက လီမိသားစုက သူ့အတွက် ယူလာတဲ့ အဝတ်အသစ်တွေ ဝတ်ထားတယ်။ အလယ်မှာ ပုံစံပါတဲ့ အနီရောင် ဝါဂွမ်းဂျာကင်လေး၊ သူနဲ့ တကယ်ကို ကြည့်ကောင်းတယ်၊ လီမိဘတွေက သူ့လက်ကို ကိုင်ထားပြီး သူက ငါ့ကို မျက်တောင်လေးပုတ်ပြီး ဘာလို့ ငါက အဝတ်အသစ် မဝတ်တာလဲ၊ သူတို့မိဘတွေက ငါ့ကိုပါ ခေါ်သွားမှာလားလို့ မေးတယ်၊ လီမိဘတွေက ညင်ညင်သာသာလေး ပြောလိုက်တယ်၊ *မဟုတ်ဘူး အချစ်လေး၊ မင်းအစ်ကိုက တခြားမိသားစုဆီ သွားမှာ*တဲ့၊ ဒါပေမယ့် ငါ့ညီက သူတို့လက်ကို လွှတ်ပြီး ငိုတော့တာပဲ၊ ဒေါသတကြီး ငိုပြီး ငါ သူ့နဲ့အတူ လိုက်သွားဖို့ တင်းခံတယ်၊ သူ ငိုတာ အရမ်းပြင်းတယ်၊ အိပ်မက်ဆိုးတွေ မက်ပြီး နိုးလာတုန်းကထက် ပိုဆိုးတယ်၊ ပထမဆုံးအကြိမ်အဖြစ် သူ့ကို နှစ်သိမ့်လို့ မရဘူးလို့ ငါ ခံစားရတယ်၊ သူ ကားနဲ့ထွက်သွားပြီးနောက်မှာတောင် သူ့ရဲ့ ငိုသံကို အဝေးကနေ ကြားနေရတုန်းပဲ”


''ရက်အနည်းငယ်ကြာတော့ ချန်မိသားစုက ငါ့ကို မွေးစားတယ်၊ သူတို့က ထုံရွှယ်ရွာလို့ခေါ်တဲ့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာလေးမှာ နေတယ်၊ သူတို့နဲ့နေတဲ့ ပထမဆုံးနှစ်နှစ်တာ ကာလအတွင်းမှာ ငါ ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်၊ မေမေ၊ ဖေဖေ လို့ ခေါ်ဖို့ မိဘတွေရှိတယ်၊ အဝတ်အသစ်တွေရှိတယ်၊ စာအုပ်တွေတောင် ဖတ်ရတယ်၊ ဘိုးဘွားစောင့်နတ်ကျောင်းဆောင်ထဲမှာ ထိုင်ပြီး ပထမတန်း တရုတ်စာ ဖတ်စာအုပ်ကို တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ဖတ်ရင်း အဲဒီကျမှ စာအုပ်တွေမှာ အနံ့ရှိတယ်… စပါးခင်းနံ့လို မွှေးတယ်ဆိုတာ သဘောပေါက်တယ်၊ ပထမတန်းပြီးတော့ မိသားစုမှာ ကောင်လေးတစ်ယောက် မွေးလာတယ်၊ ငါ တကယ်ပျော်တယ်၊ ဘာလို့လဲဆိုတော့ ငါ့မှာ နောက်ထပ်ညီလေးတစ်ယောက် ထပ်ရလို့ပဲ၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ငါ့ ပျော်ရွှင်မှုတွေ မှေးမှိန်သွားတယ်၊ ဘာလို့လဲဆိုတော့ ငါ ကျောင်းတက်ဖို့ ခွင့်မပြုတော့လို့ပဲ၊ ချန်မိသားစုက စာအုပ်တွေကို ငါ့ညီလေးအတွက် ချန်ထားရမယ်၊ ငါက အိမ်မှာနေပြီး သူ့ကို ပြုစုစောင့်ရှောက်ရမယ်၊ ပိုက်ဆံရှာဖို့ အိမ်အလုပ်တွေ ကူလုပ်ရမယ်လို့ ပြောတယ်၊ ဒါက ငါ့အိမ်ပဲဆိုတော့ ငါ သဘောတူတယ်၊ အလုပ်က မခက်ခဲဘူး၊ စာမသင်ရတာလည်း ငါ့ကို သိပ်ဒုက္ခမပေးဘူး၊ ဒါပေမယ့် ငါ့န္ဓာကိုယ်မှာ လဲကျတာတွေ၊ တိုက်မိတာတွေကြောင့် ဒဏ်ရာတွေ၊ အညိုအမဲတွေ အမျိုးမျိုး ပေါ်လာတယ်၊ တစ်ခါတလေဆို ဒဏ်ရာအဟောင်းတွေ မပျောက်သေးခင် ဒဏ်ရာအသစ်တွေ ထပ်ဖြစ်လာတယ်၊ အမေချန်က ငါ လမ်းလျှောက်တာ မဆင်ခြင်ဘူးလို့ ပြောပြီး ဆန်တစ်ဝက်၊ အသားဟင်း၊ ဟင်းသီးဟင်းရွက်မပါဘဲ ထမင်းစားဖို့ပဲ ခွင့်ပြုပြီး အပြစ်ပေးတယ်၊ အဲဒီကစပြီး ငါ့ ထမင်းပန်းကန်က ဘယ်တော့မှ အပြည့်မဖြစ်တော့ဘူး'’


''နောက်တော့ အဖေချန်က မကြာခဏ အပြင်မှာ လောင်းကစားလုပ်ပြီး အရက်သောက်တယ်၊ မိုးသက်လေပြင်းကျနေတဲ့ ညတစ်ညမှာ သူ့အတွက် တံခါးဖွင့်ပေးတုန်းက အရက်နံ့က အရမ်းပြင်းလို့ အန်ချင်လာခဲ့တာ မှတ်မိတယ်၊ သူက အနောက်မြောက်ပိုင်းက အသားညိုတဲ့လူ၊ အရမ်းသန်မာတယ်၊ သူ ငါ့ကို ဖမ်းဆွဲလိုက်တော့ ငါ ခုခံနိုင်စွမ်းမရှိဘူး၊ သူ ငါ့ကို ဗီရိုဆီ ပစ်ပေါက်ပြီး နောက်ကနေ ဖက်ထားတယ်၊ ငါ့ကို ဗီရိုကို မျက်နှာချင်းဆိုင် အနေအထားနဲ့ ဖိထားတယ်၊ ပြီးတော့ သူ့ဘောင်းဘီခါးပတ်ဖြုတ်သံကို ငါ ကြားလိုက်ရတယ်၊ ဗီရိုက သစ်သားနဲ့ လုပ်ထားတာ၊ အဲဒီအချိန်တုန်းက ငါ့ရင်ဘတ်လောက်ပဲ မြင့်တယ်၊ အဲဒါ လှုပ်ရှားတော့ အသံကျယ်‌ကျယ်မြည်တယ်၊ အမေချန်က အသံကြောင့် နိုးလာမှာပဲ၊ ဘာလို့လဲဆိုတော့ သူက ရေနံဆီမီးခွက်နဲ့ ထွက်လာတာကို ငါ မြင်လိုက်ရတယ်၊ ဒါပေမယ့် မကြာခင်မှာပဲ ပျောက်သွားတယ်၊ အဲဒီနေ့ လယ်အလုပ်လုပ်ရင်း ငါ့လက်သည်းအောက်မှာ စုနေတဲ့ မြေမှုန့်တွေက ဗီရိုပေါ်က သစ်သားစ အစအနတွေနဲ့ ဘယ်လို ကုတ်ခြစ်ခံလိုက်ရတယ်ဆိုတာလည်း ငါ မြင်ခဲ့ရတယ်။ အဲဒီကစပြီး ငါ့လက်သည်းတွေက နောက်ထပ် မြေမှုန့်တွေကို ဖွက်ထားနိုင်တော့မှာ မဟုတ်ဘူးလို့ ငါ တွေးမိခဲ့တာ မှတ်မိတယ်၊ အိမ်နီးနားချင်းရဲ့ မကျန်းမာတဲ့ ကြက်ဖက စတင်အော်ဟစ်လာတဲ့အချိန်ကျမှ ငါ နောက်ဆုံးတော့ ငါ့ရဲ့ ကောက်ရိုးဖျာဆီ ပြန်ရောက်ခဲ့တယ်၊ ငါ အိပ်ချင်တယ်၊ ဒါပေမယ့် မျက်လုံးလှည့်လိုက်တော့ မြေပြင်ပေါ်မှာ အနီရောင်နဲ့ အနက်ရောင် အစက်အပြောက် နှစ်ခုကို တွေ့လိုက်ရတယ်၊ ဒါ သွေးဆိုတာ ငါ သိတယ်၊ အစောပိုင်းက မင်း ငါ့အိမ်ကို ရှာခဲ့တယ်လို့ ပြောခဲ့တယ်၊ ဒါကြောင့် မင်း အဲဒီဗီရိုနဲ့ အဲဒီကောက်ရိုးဖျာကို မြင်ပြီးပြီလို့ ငါ ထင်တယ်”


''နောက်နေ့မှာ ငါ လယ်အလုပ်ကို ဆက်လုပ်ခဲ့တယ်၊ ဒါပေမယ့် အရင်ကထက် နှေးတယ်၊ ငါ စကားသိပ်မပြောဘူး၊ မျက်လုံးနဲ့ပဲ ကြည့်နေတယ်၊ တဖြည်းဖြည်းနဲ့ ရွာထဲကို ပြင်ပလူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ ပိုပြီး ရောက်လာတာကို သတိထားမိတယ်၊ ရွာသားတွေက သူတို့ကို ကုန်ပစ္စည်းလို့ ခေါ်တယ်၊ အဲဒီကျမှ ငါလည်း ကုန်ပစ္စည်းပဲ…ချန်မိသားစုရဲ့ ကုန်ပစ္စည်းပဲဆိုတာ နားလည်လာတယ်၊ ဒီကိစ္စတွေ အားလုံးပြီးတော့ ငါက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်”


''နောက်တစ်နှစ်မှာ သူတို့ ငါ့ကို ရွာရဲ့ အရှေ့ဘက်က သားသတ်ရုံမှာ အလုပ်လုပ်ဖို့ ပို့လိုက်တယ်၊ အနံ့က ဆိုးတယ်၊ ညစ်ပတ်တယ်၊ အလုပ်က ပင်ပန်းတယ်၊ ဒါပေမယ့် ငါ ပျော်နေတယ်၊ ဘာလို့လဲဆိုတော့ အဲဒီအိမ်ကို ပြန်စရာ မလိုတော့လို့ပဲ၊ သားသတ်ရုံဘေးက တဲအိမ်လေးမှာ နေနိုင်ပြီး ငါ့ညီလေးရဲ့ ကျောင်းစရိတ်အတွက် ပိုက်ဆံတွေကို ချန်မိသားစုဆီ ပြန်ပို့ပေးနိုင်တယ်၊ ဒါပေမယ့် လအည်းနည်းကြာတော့ အဖေချန် ရောက်လာပြီး ငါ့ညီလေး စားဖို့ ဝက်ခြေထောက်တွေ ခိုးခိုင်းတယ်၊ ငါ ငြင်းလိုက်တယ်၊ မိလို့ အရိုက်ခံရမှာစိုးလို့လို့ ပြောလိုက်တယ်၊ သူက ငါ့ကို ကျက်သတုံးလို့ ဆဲဆိုတယ်၊ အဲဒီညကလည်း မိုးသက်လေပြင်းကျနေတာပဲ၊ သူက တဲအိမ်ထဲကို မောဟိုက် ဝင်လာပြီး ဝက်ခြေထောက်တွေ ထပ်တောင်းတယ်၊ ငါ ငြင်းလိုက်တော့ သူက အရင်ကလိုပဲ ငါ့ကို လုပ်တယ်၊ တဲအိမ်က ညစ်ပတ်တယ်လို့ ငါ ပထမဆုံးအကြိမ် ထင်မိတယ်၊ ပြီးတော့ သူ့ကို သတ်ချင်စိတ် ပထမဆုံးအကြိမ် ဖြစ်မိတယ်”


''ဒါပေမယ့် ငါ ခိုးလိုက်တယ်၊ ဘယ်သူမှ မလိုချင်တဲ့ ဝက်အူပိတ်အူတုတ်တွေကို ခိုးတယ်၊ အခြေအနေတွေ အရမ်းဆိုးလာတဲ့အခါ အဖေချန်အတွက် ဝက်ခြေထောက်တချို့ကို ခုတ်ယူလိုက်ရတယ်၊ ငါက ပညာမတတ်တဲ့အတွက် အဖမ်းခံရမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးတော့ သားသတ်ရုံ ပိုင်ရှင်က ငါ့ကို နှာခေါင်းသွေ မထွက်မချင်း ရိုက်တယ်၊ ဒါကြောင့် ငါ လယ်အလုပ်ကို ပြန်လုပ်တယ်၊ ရွာမှာ ကုန်ပစ္စည်း* တွေ အများကြီး ရှိနေတုန်းပဲ၊ အရင် ကုန်ပစ္စည်း* တချို့က ရူးသွားပြီ၊ တချို့ကိုတော့ ငါ ပြန်မတွေ့တော့ဘူး၊ တစ်နေ့တော့ ကုန်ပစ္စည်း အသစ်တစ်သုတ် ရောက်လာတယ်၊ အရမ်းဆူညံနေလို့ ငါ တစ်ညလုံး အိပ်မရဘူး၊ အဲဒီကျမှ ငါ အမေချန်ကို ရွာကနေ ထွက်ပြီး ပိုက်ဆံရှာချင်တယ်၊ ငါ့ညီလေး လက်ထပ်နိုင်ဖို့ ပိုက်ဆံအများကြီး ရှာချင်တယ်လို့ ပြောလိုက်တယ်၊ သူက ရယ်ပြီး သဘောတူတယ်၊ ဒါပေမယ့် ငါ့ကို နှစ်နှစ်လုံးလုံး စောင့်ကြည့်နေတယ်၊ ငါ ရှာဖွေရသမျှ ပိုက်ဆံအားလုံးကို နာနာခံခံ ပေးခဲ့တယ်၊ နောက်ဆုံးတော့ သူတို့ ငါ့ကို ဂရုမစိုက်တော့ဘူး၊ ဒါကြောင့် ဖုန်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ပြီး ငွေနှစ်ပြားပေးပြီး ရဲကို ဖုန်းဆက်လိုက်တယ်၊ အဲဒီနှစ်က ငါ နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်'’


ချန်မီ သူ့အကြောင်းပြောပြနေချိန်မှာ သူ့ရဲ့အမူအရာက တည်ငြိမ်နေတုန်းပဲ။ ညစာ ဘာစားရမလဲ ဆွေးနွေးနေသလိုမျိုးပါပဲ။ 


သူ့ညီလေးအကြောင်း ပြောတဲ့အခါမှသာ သူ့အသံပြောင်းသွားတယ်။ ငါကတော့ နားထောင်ရင်းနဲ့ ပိုပြီး စိတ်မတည်မငြိမ် ဖြစ်လာတယ်။


ငါ့ ဆုပ်ထားတဲ့ လက်သီးတွေက မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေတယ်။ ပြီးတော့ ငါ့ကိုယ်ငါ သွားကြိတ်ရင်း ပြောနေတာကို ငါပြန်ကြားလိုက်ရတယ်။ 


''ချန်မိသားစု၊ သူတို့ ဘယ်သူတွေလဲ၊ အခု သူတို့ ဘယ်မှာလဲ!”


ဒီမေးခွန်းက ချန်မီကို ခဏတာ တုန်လှုပ်သွားစေတယ်။ ခဏတာ ရပ်နားပြီးနောက် သူက ငါ့ကို ပြုံးပြတယ်၊ သူ့မျက်လုံးတွေထဲမှာ မျက်ရည်နှစ်စက် ရှင်သန်လာပြီး ထောင့်စွန်းတွေကနေ စီးကျလာတယ်။ 


''ယောကျ်ားက သေပြီ၊ ဖျားနာပြီး သေသွားတာ၊ မိန်းမက တခြားယောကျ်ားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်၊ ကျန်တဲ့သူတွေကတော့ အဖမ်းခံရမှာပဲ ထင်တယ်၊ ငါ တကယ်တော့ မသေချာဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါ နောက်ဆုံးတော့ လွတ်လပ်ခွင့် ရခဲ့တယ်'’


''ဒါပေမယ့် အရာရှိ'' 


ချန်မီက ဆက်ပြုံးနေတယ်။ 


''မင်း နည်းနည်းလေး အဆင်မပြေဘူးလား၊ ငါက ငါ့အကြောင်း ပြောပြနေရုံပဲ၊ မင်း ဘာလို့ အဲဒီလောက် စိတ်လှုပ်ရှားနေရတာလဲ'’


''ချန်မီ! မင်း...''


ငါ ယဉ်ကျေးမှု မရှိတာကို သဘောပေါက်လိုက်တယ်။


ငါ့ဘေးနားက‌ လောင်ခုံကလည်း ငါ့ကို ကြည့်နေတယ်။ ငါ ပြုံးပြပြီး အဆင်ပြေကြောင်း ပြလိုက်တယ်။ သူက ငါ့ကို တံတောင်ဆစ်နဲ့ တွန်းပြီး သတိပေးတယ်။ 


''ဒီမှာ စောင့်ကြည့်ကင်မရာ ရှိတယ်၊ ခင်ဗျားရဲ့ စိတ်ခံစားချက်တွေကို သတိထားပါ၊ မထိန်းနိုင်ဘူးဆိုရင် ကျွန်တော် ဆက်လုပ်ပေးနိုင်တယ်'’


''မလိုဘူး'' 


ငါ သူ့ကမ်းလှမ်းမှုကို ငြင်းလိုက်တယ်။ 


''ငါ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားမယ်၊ တကယ် မထိန်းနိုင်ဘူးဆိုရင်မှ မင်း ဝင်ကူပါ'’


လောင်ခုံ ခေါင်းညိတ်လိုက်တယ်။


ငါ ကိုယ့်ကိုယ်ကို အမြန်ထိန်းချုပ်ပြီး ချန်မီကို မေးလိုက်တယ်။


''အဲဒီနောက် မင်း ဘာဖြစ်ခဲ့လဲ”


ချန်မီက သက်ပြင်းရှည်ကြီး ချလိုက်တယ်။


''သိပ်မရှိပါဘူး၊ ငါ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့တယ်၊ ဒါပေမယ့် ပြိုကျမှုတစ်ခု ဖြစ်ပြီး သူဌေးက ထွက်ပြေးသွားတယ်၊ ကျွန်တော် မသေဘဲ အသက်ရှင်ခဲ့ပေမယ့် ပိုက်ဆံတွေ ပြန်မရခဲ့ဘူး၊ အဲဒီနောက်တော့ စားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးအလုပ် လုပ်ခဲ့တယ်၊ အဆင်ပြေတယ်၊ တစ်လကို ယွမ်တစ်ရာလောက် ရတယ်၊ သေချာချွေတာရင် လုံလောက်တယ်၊ မိဘမဲ့ဂေဟာကိုတောင် သွားလည်ခဲ့သေးတယ်၊ အုပ်ချုပ်ရေးမှူးက မိဘမဲ့ဂေဟာကို ဖြိုဖျက်တော့မယ်၊ ပြီးတော့ ငါ့ညီလေး ငါ့ကို အကြိမ်ကြိမ် လာရှာခဲ့တယ်လို့ ပြောပြတယ်၊ အဲဒီအချိန်ကစပြီး ငါ့ညီအတွက် ပိုက်ဆံစုဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် ကောင်းတဲ့အချိန်တွေ သိပ်မကြာပါဘူး၊ ဘေးနားမှာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်လိုက်ပြီး ငါတို့ သူဌေးက ဆိုင်ကို ပိုက်ဆံအများကြီးနဲ့ ရောင်းလိုက်တယ်၊ ဒါကြောင့် ငါ အလုပ်လက်မဲ့ ဖြစ်သွားပြန်တယ်”


''အဲဒီနောက်တော့ ငါ စွန့်ပစ်အမှိုက်တွေ လိုက်ကောက်ပြီး ပြန်ရောင်းတယ်၊ ကံကောင်းလို့လား ဘာလို့လဲ မသိဘူး၊ စေတနာ့ဝန်ထမ်းတချို့က ငါ့ကို သန့်ရှင်းရေးလုပ်သားအဖြစ် အလုပ်ရအောင် ကူညီပေးခဲ့တယ်၊ ငါ ပင်ပန်းတဲ့အလုပ်ကို မကြောက်ဘူး၊ လူတွေနဲ့ စကားပြောရတာလည်း မကြိုက်ဘူး၊ ဒါကြောင့် အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ပဲ လုပ်ခဲ့တယ်၊ အလုပ်ကလည်း မြဲတယ်… ငါ့ရဲ့ ပထမဆုံးလစာက ယွမ် ၂၀၀ ရတယ်၊ ပြီးတော့ ထမင်းတစ်နပ်ပါ ကျွေးတယ်၊ ဒါပေမယ့် ငါ့ညီအတွက် စုနေတာကြောင့် ငါ ခြိုးခြံချွေတာပြီး နေခဲ့တယ်၊ ငါ နာမည်ပြောင်းပြီး နေရာအသစ်မှာ မှတ်ပုံတင်ခဲ့တယ်၊ ချန်မိသားစုက ငါ့ကို သူတို့ ချမ်းသာအောင် လုပ်ပေးစေချင်လို့ ချန်ကျင်းရှန်း (ရွှေတောင်) လို့ နာမည်ပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ ငါ ထမင်းအဝတောင် မစားနိုင်ခဲ့ဘူး၊ ငါ အဝစားချင်တယ်…အများကြီး၊ ငါ့နာမည်ပြောင်းပေးခဲ့တဲ့ အရာရှိကို ငါ ချန်ဖန့် (ထမင်း) လို့ ပြောင်းလို့ရမလားလို့ မေးခဲ့တယ်၊ သူက ရတယ်လို့ ပြောပေမယ့် သိပ်မကောင်းဘူးလို့ နောက်ပြီး ချန်မီ (စပါး) လို့ အကြံပြုခဲ့တယ်၊ အဲဒီလိုနဲ့ ငါ့နာမည်အသစ် ရခဲ့တယ်၊ ငါ တကယ်ကို ကြိုက်ပါတယ်''


~~~