“၁၉၉၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ငါ လမ်းပေါ်မှာ ငါ့ညီလေးနဲ့ ဆုံခဲ့တယ်၊ သူက အများကြီး ပြောင်းလဲသွားလို့ ငါတောင် မမှတ်မိတော့ဘူး၊ အရပ်ရှည်လာတယ်၊ ငါ့ထက် ခေါင်းတစ်ဝက်လောက် ပိုမြင့်တယ်၊ သန်မာပြီး ကျန်းမာတယ်၊ ပြီးတော့ သူက အရမ်းချောလာတယ်၊ လမ်းဘေးက ပိုစတာတွေပေါ်က ကြယ်ပွင့်တွေလိုပဲ၊ သူ ငါ့ရဲ့ ရှီထျန်ရွာက အိမ်ကို ပြန်လာပြီး ငါ စူပါမားကတ်က ဝယ်လာတဲ့ ဈေးပေါတဲ့၊ ပြင်းတဲ့ အရက်တချို့ကို သောက်ကြတယ်၊ သူ အဲဒီမှာ ထိုင်ပြီး ''အစ်ကို'' လို့ ခဏခဏ ခေါ်နေတယ်၊ ငါလည်း ခဏခဏ ပြန်ထူးတယ်၊ သူက သူ့ဘဝအကြောင်း နှစ်တွေအကြာကြီး ဘယ်လိုဖြတ်သန်းခဲ့ရတယ်၊ လီမိသားစုက သူ့ကို ဘယ်လိုကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ ဘယ်လို ခဏခဏ အပြင်ခေါ်သွားတယ်ဆိုတာတွေ ပြောပြတယ်၊ သူ့နာမည်က လီကျယ်တဲ့၊ သူ မူလတန်း၊ ပြီးတော့ အလယ်တန်း၊ အထက်တန်း ပြီးသွားပြီတဲ့၊ တစ်လ၊ နှစ်လဆို ကောလိပ်ကနေ ဘွဲ့ရတော့မယ်တဲ့၊ ငါ နားထောင်နေရုံပဲ၊ သူ ပြုံးရင် ငါ ပြုံးတယ်၊ သူ တိတ်ဆိတ်နေရင် ငါ တိတ်ဆိတ်နေတယ်၊ ပြီးတော့ သူက ချန်မိသားစုနဲ့ ဘယ်လိုလဲလို့ ငါ့ကို မေးတယ်၊ ငါ သူ့မျက်လုံးတွေကို ကြည့်ပြီး အဆင်ပြေတယ်လို့ ပြောလိုက်တယ်၊ အဲဒီနှစ်က ငါက ၂၈ နှစ်၊”
“အဲဒီနောက်ပိုင်း ငါ့ညီလေးက ငါ့ကို မကြာမကြာ လာတွေ့တယ်၊ ဒါပေမယ့် အမြဲတမ်း ညဉ့်နက်ပိုင်းမှပဲ၊ သူက ငါ့အတွက် ပစ္စည်းအမျိုးမျိုး ယူလာပေးတယ်- စက်ဘီးတစ်စီး၊ ရေဒီယိုတစ်လုံး၊ ပန်ကာတစ်လုံးတောင် ပါသေးတယ်၊ တစ်ခါတုန်းက ငါ ကောက်ယူထားတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို သူ မြင်တော့ စာဖတ်ချင်လားလို့ မေးတယ်၊ ငါ ရှက်သွားပြီး စက္ကူမဖြုန်းချင်လို့ပါလို့ ပြောလိုက်တယ်၊ ဒါပေမယ့် ငါ့ညီလေးက ရုတ်တရက်ကြီး *အစ်ကို၊ ခင်ဗျားနာမည်နဲ့ ခင်ဗျားက ကဗျာတစ်ပုဒ်လိုပဲ၊ လယ်သမားကို သနားပါ လို့ ခေါ်တယ်တဲ့၊ ခင်ဗျား နားထောင်ချင်လား* လို့ ပြောတယ်”
'' *ငါ နားထောင်ချင်တယ်* လို့ ပြောလိုက်တယ်၊
၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပူအိုက်စိုစွတ်တဲ့ ညတစ်ည ဖြစ်ခဲ့တယ်၊ ငါ့ညီလေးက ငါ့ဆီမှာ အိပ်ခဲ့တယ်၊ ငါတို့ ရေဒီယိုမှာ Teresa Teng သီချင်း နားထောင်နေကြတယ်… သူ(မ)ရဲ့အသံက အရမ်းလှတယ်၊ ငါ့ညီလေးက ထိုင်နေရတာ ပျင်းလာတော့ ကချင်လားလို့ မေးတယ်၊ ငါ ကတာက ဘယ်လိုလဲ၊ ဘယ်လိုလုပ်ရမှန်း မသိဘူး၊ ဒါပေမယ့် ငါ့ညီလေးက သင်ပေးမယ်လို့ ပြောတယ်၊ အရာရှိ၊ ငါ တကယ်ကို တုံးပါတယ်၊ ငါ သူ့ခြေထောက်တွေကို ဆက်တိုက် နင်းမိနေပေမယ့် ငါ့ ညီလေးက စိတ်မဆိုးဘူး၊ သူက ရယ်နေတာပဲ၊ ဒါကြောင့် ငါလည်း ရယ်မိတယ်၊
အဲဒီညက ငါတို့ နှစ်ယောက်လုံး ပင်ပန်းနေတယ်၊ ငါ့ညီလေးက ငါ့ကို ဖက်ထားတယ်၊ ငါ မကြောက်ဘူး၊ သူက ငါ့ကို လိုချင်တယ်၊ ငါလည်း သူ့ကို ပေးဖို့ ဆန္ဒရှိတယ်၊ သူက နာလားလို့ မေးတော့ ငါက မနာဘူးလို့ ပြောလိုက်တယ်၊ ငါ့ညီလေးက ကမ္ဘာပေါ်မှာ အညင်သာဆုံးလူပဲ၊ အဲဒီလို အချိန်မျိုးမှာတောင်မှပဲ၊ မနာဘူးလို့ ပြောတုန်းက ငါ မလိမ်ခဲ့ပါဘူး၊ အဲဒီနှစ်က ငါ ၂၉ နှစ်၊ ငါ့ညီလေးက ၂၄ နှစ်”
“အဲဒီနှစ်နှောင်းပိုင်းမှာ ငါ ရှုံရှီး စီးကရက် တစ်ဘူးကို နှစ်ယွမ်နဲ့ ဝယ်ခဲ့တယ်၊ ငါ့ညီလေးက ငါ့ကို နန်ယန်ဟုန်ရွှမ်းရှီ စီးကရက်တွေလည်း ဝယ်ပေးခဲ့တယ်'’
ချန်မီရဲ့လက်တွေ တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့မျက်လုံးတွေက ငါ့စားပွဲပေါ်က မဖွင့်ရသေးတဲ့ နန်ယန်ဟုန်ရွှမ်းရှီ စီးကရက်ဘူးကို စိုက်ကြည့်နေတယ်။
သူ့အကြည့်ကို ငါသတိထားမိပြီး အထုပ်ကို အမြန်ဖွင့်ပြီး မတ်တပ်ရပ်ပြီး သူ့ကို စီးကရက်တစ်လိပ် ပေးလိုက်တယ်။
သူ မီးညှိပေးဖို့ ပြောဖို့တောင် မအားခင် ငါ အိတ်ကပ်ထဲကနေ မီးခြစ်ကို ထုတ်ပြီး သူ့အတွက် မီးညှိပေးလိုက်တယ်။
ချန်မီ : ''ကျေးဇူးပါ အရာရှိ''
ငါ ဘာမှ ပြန်မပြောဘူး။ ထိုင်ခုံမှာ ပြန်ထိုင်ပြီး သူ့ကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်တယ်။
ချန်မီက စီးကရက်ကို ပြင်းပြင်းရှူသွင်းလိုက်တော့ သူ့ရဲ့ ချိုင့်ဝင်နေတဲ့ ပါးပြင်တွေ ပိုပြီး ချိုင့်သွားတယ်။ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်တော့ သူ့မျက်နှာက တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာတယ်။
''ငါ့ညီလေး နောက်ဆုံး နန်ယန်ဟုန်ရွှမ်းရှီ စီးကရက် ဝယ်ပေးတုန်းကလည်း ငါ သူ့ကို နောက်ဆုံးအကြိမ် အသက်ရှင်လျက် မြင်ခဲ့ရတာပဲ၊ အဲဒီညက သူ စိတ်ဆိုးနေတာ၊ စကားတောင် သိပ်မပြောဘူး။ ငါ သူ့ကို ဘယ်လို နှစ်သိမ့်ရမှန်း မသိဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကို သူ့ကို ထပ်ပေးလိုက်တယ်၊ အထောက်အကူ ဖြစ်ခဲ့မယ် ထင်တယ်၊ ငါတို့ ပြီးသွားတော့ သူ နည်းနည်း ပိုကောင်းလာပုံရတယ်၊ အလုပ်မှာ တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်နေတာလားလို့ ငါ မေးတယ်၊ သူက မဟုတ်ဘူး၊ ဖျားနေတာပါတဲ့၊ ငါ စိတ်ပူသွားပြီး ဘယ်လို ဖျားတာလဲလို့ မေးတယ်၊ သူက စိတ်အတတ်အကျရောဂါတဲ့၊ ပြီးတော့ သူက အလယ်တန်းတုန်းက အနိုင်ကျင့်ခံရတာတွေကို စပြောတယ်… ''
“အတန်းဖော်တချို့က သူ့ဆံပင်ကို ဆွဲပြီး ခေါင်းကို နံရံနဲ့ ရိုက်တာ၊ သူ့ကျောကို စီးကရက်နဲ့ မီးရှို့တာ၊ ရေချိုးခန်းတံခါးပိတ်ပြီး သူ့ပေါ် ရေလောင်းတာ... အဲဒီလူငါးယောက်က သူ့ကို ဖျားစေခဲ့တာ ပြီးတော့ အဲဒီလူငါးယောက်ကပဲ ကုန်ပစ္စည်းဆိုင်မှာ ငါ့ကို ဝိုင်းခဲ့တာ၊ အရာရှိ… ဒါက ရန်သူတွေ လမ်းကျဉ်းလေးမှာ ဆုံတွေ့ကြတာလို့ ထင်လား''
''၂၀၀၀ ပြည့်နှစ် မတိုင်မီ ဆယ်ရက်အလိုမှာ ငါ့ညီလေး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်၊ အဲဒီမတိုင်မီက ငါ အရမ်းဒေါသထွက်မယ် ဒါမှမဟုတ် ရင်ကွဲနာကျမယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် အဲဒီအစား ငါ တည်ငြိမ်နေခဲ့တယ်၊ သူ့အတွက် မြို့ထဲမှာ ဈေးအကြီးဆုံး မြေကွက်ကို ငါ ဝယ်ခဲ့တယ်၊ ဒါက ငါ လုပ်သင့်တဲ့အရာ မဟုတ်ဘူးဆိုတာ သိပေမယ့် ငါတစ်ယောက်တည်းကသာ လုပ်နိုင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ငါ့ညီ မသေခင် ရက်အည်းနည်းအလိုမှာ လီမိသားစုက မွေးစားမိဘတွေလည်း ဆုံးသွားလို့ပဲ၊ ငါ ဒေါသထွက်ခဲ့တယ်။ ကမ္ဘာကြီးက ငါတို့ကို ဘာလို့ ရှင်သန်ခွင့် မပေးတာလဲ၊ ဘာလို့ ငါတို့ကို သေသည်အထိ တွန်းပို့နေရတာလဲ၊ ဒါပေမယ့် ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး၊ အရာရှိ… မင်း သိလား အဲဒီနှစ်က ငါ အသက်သုံးဆယ်နီးပါး ရှိနေပြီ'’
ချန်မီ စကားပြောပြီးနောက် စစ်ဆေးခန်းထိုင်ခုံမှာ ပင်ပန်းနွမ်းနယ်စွာ ပစ်လဲကျသွားတယ်။
ငါမျက်ခုံးတွေ အနည်းငယ် တွန့်ချိုးသွားပြီး
''ဒါဆို မင်း ရဲ့ ရှီထျန်ရွာက အိမ်နီးနားချင်းတွေက မင်းညီလေးကို ဘယ်တော့မှ ဘာလို့ မမြင်ဖူးတာလဲ”
“ငါ ပြောပြီးပြီလေ၊ သူက အမြဲတမ်း ညဉ့်နက်ပိုင်းမှ ငါ့အိမ်ကို လာတာ၊ တစ်ညတာ နေရင်တောင် သူ မိုးမလင်းခင် ရွာကနေ ထွက်သွားတယ်''
ချန်မီက ပင်ပန်းနွမ်းနယ်ပြီး ပြန်ဖြေလိုက်တယ်။
''လိင်တူချစ်သူဆိုတာ ဘာကိုဆိုလိုမှန်း ငါ မသိဘူး၊ ဒါပေမယ့် ယောကျ်ာနှစ်ယောက် အတူနေတယ်ဆိုတာ ဘယ်တော့မှ သင့်တော်တယ်လို့ မသတ်မှတ်ခံရဘူး'’
မှန်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတောင် လိင်တူချစ်သူဆိုတဲ့ စကားလုံးက အံ့အားသင့်စရာ ဖြစ်နေသေးတယ်၊ ၁၉၉၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာဆို ပိုလို့တောင် ဆိုးတယ်။ ရူးသွပ်မှု၊ ထူးဆန်းမှု၊ စက်ဆုပ်ဖွယ်ရာတွေနဲ့ လက်တွေ့မှာ အဓိပ္ပာယ်တူနေခဲ့တယ်။
ဒါပေမယ့် ဒီအရာတွေအားလုံးက တကယ်ကို ရှိခဲ့တယ်ဆိုတဲ့ အချက်အပေါ် အခြေခံထားတာပါ။
ငါ စိတ်ထဲက အတွေးတွေကို စုစည်းပြီး ပြောလိုက်တယ်။
“မင်းရဲ့ အခြေအနေကို ငါနားလည်ပါတယ်၊ ဒါပေမယ့် ငါ မင်းကို ပြောပြရမယ်၊ ဒီကမ္ဘာမှာ လီကျယ်ဆိုတဲ့ ညီလေး… မင်း ပြောတဲ့သူ မရှိဘူး''
ဟုတ်တယ်။ လောင်ခုံက တကယ်တော့ လီကျယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ မှတ်တမ်းကို ရှာမတွေ့ခဲ့ဘူး။
သူက လူအများကြီးကို မေးမြန်းခဲ့တယ်၊ မိသားစုတွေ၊ သေဆုံးသူငါးဦးရဲ့ အတန်းဖော်တွေ၊ ချန်မီ တစ်ခါက နေခဲ့တဲ့ မိဘမဲ့ဂေဟာနဲ့ ဆက်စပ်သူတွေ အပါအဝင် ဘာမှမတွေ့ခဲ့ဘူး။
သေဆုံးသူငါးဦးနဲ့ ရင်းနှီးသူတစ်ဦးက လီကျယ်ဆိုတဲ့ အတန်းဖော်တစ်ဦး ရှိခဲ့တယ်လို့ ပြောခဲ့ပေမယ့် ပဋိပက္ခဘယ်တော့မှ မရှိခဲ့ဘူး။ ပြီးတော့ သူက စောစောစီးစီး တခြားကျောင်းကို ပြောင်းသွားခဲ့တယ်တဲ့။ အဲဒီတုန်းက ဘွဲ့နှင်းသဘင် ဓာတ်ပုံတွေက အသုံးမများသေးဘူး။ ဒါကြောင့် ဘယ်သူမှ ရိုက်မထားခဲ့ဘူး။
ဒါပေမယ့် လောင်ခုံက နာမည်က ကျယ် (折) လား ဒါမှမဟုတ် ကျယ် (哲) လားလို့ မေးတော့ သူတို့အားလုံးက လီကျယ် (哲) လို့ ပြောခဲ့တယ်။
ပြီးတော့ လီကျယ် (哲) - အဲဒါ ငါပဲ။
ဒီအချက်ကို မြို့နယ်ရုံးက ခေါင်းဆောင်တွေကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အစီရင်ခံထားပြီးသားပါ။
မိဘမဲ့ဂေဟာနဲ့ ပတ်သက်လို့တော့ အချိန်ကြာလာတာနဲ့ ဖိုင်တွေနေရာရွှေ့ပြောင်းတုန်းက ပျောက်ဆုံးသွားတာတွေကြောင့် ချန်မီရဲ့ မွေးစားမိသားစုအကြောင်း အချက်အလက် ဘာမှမတွေ့ရဘူး။
မိဘမဲ့ဂေဟာရဲ့ ယခင်အုပ်ချုပ်ရေးမှူးက ကလေးတစ်ယောက် ချန်မီနဲ့ ရင်းနှီးခဲ့တယ်လို့ မှတ်မိပေမယ့် သူနဲ့ ပေါင်းသင်းခဲ့တဲ့ ကလေးတွေ အများကြီး ရှိခဲ့တယ်။ နှစ်ပေါင်းများစွာ မိဘမဲ့ဂေဟာကို လာရောက်လည်ပတ်ခဲ့တဲ့ ကလေးတွေ အများကြီးထဲမှာ လီကျယ်ဆိုတဲ့ ညီလေးတစ်ယောက် တကယ် ရှိခဲ့လားဆိုတာကို သူမ မမှတ်မိဘူး။
ဒါ့အပြင် လောင်ခုံက အဲဒီကာလတစ်ဝိုက်က မွေးစားမှတ်တမ်းအားလုံးကိုလည်း စစ်ဆေးခဲ့တယ်… လီဆိုတဲ့ နောက်ဆုံးနာမည်ရှိတဲ့ မိသားစု ဘယ်မိသားစုကိုမှ မတွေ့ရဘူး။
ချန်မီက ပြုံးလိုက်တယ်။
''တကယ်လား ဒါပေမယ့် ငါ သူတို့ကို သတ်တုန်းက သူတို့က လီကျယ်ဟာ သူတို့ရဲ့ အတန်းဖော်ပါလို့ ပြောခဲ့တယ်'’
ငါ အခိုင်အမာ ပြန်ဖြေလိုက်တယ်။
''ဘာလို့လဲဆိုတော့ သူတို့က လီကျယ် (折) ကို ပြောနေတာ၊ ဒဿနိကဗေဒဆိုတဲ့ အဓိပ္ပာယ်နဲ့၊ သူတို့ရဲ့ အတန်းဖော်က ငါပဲ'’
ချန်မီက ကြောင်သွားပြီး သူ့မျက်နှာက ရုပ်တုလို ဖြစ်သွားတယ်။ မိနစ်အနည်းငယ်ကြာတော့ သူက တိုးတိုးလေး ရေရွတ်တယ်။
''ဒါဆို ငါ အစကတည်းက မှားနေခဲ့တာပဲ၊ အရာရှိ… ငါ အပြစ်ရှိတယ်၊ ငါ့ကို သေဒဏ်ပေးပါ'’
ငါက လေထုကို နူးညံ့အောင် လုပ်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
''ဇာတ်လမ်းအပြည့်အစုံကို ပြောပြပါ'’
ချန်မီက ဟမ့်ခနဲ ရေရွတ်လိုက်တယ်။
''အဲဒီဖြစ်ရပ်တွေ အားလုံးပြီးနောက် ငါ စိတ်မသက်မသာ ဖြစ်နေခဲ့တယ်၊ ဒါကြောင့် အဲဒီလူငါးယောက်ကို နောက်ယောင်ခံ လိုက်တယ်၊ အနီးအနားက ဆေးရုံကြီးတစ်ခုက မဖွင့်ရသေးပေမယ့် မသုံးရသေးတဲ့ ဆေးဝါးတွေကို အမှိုက်ထဲ မကြာမကြာ ပစ်လွှင့်တတ်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ဆေးတွေကို သုံးဖို့ ငါ ကြောက်တယ်၊ အဆိပ်သင့်လို့ သေသွားတာကို မင်းတို့ သိမှာစိုးလို့လေ၊ ဒါကြောင့် eth နဲ့ စတဲ့ ပုလင်းတစ်ခုကို ငါ တွေ့ပြီး ရွာက ခွေးတွေကို စမ်းသပ်ကြည့်တယ်၊ ခွေးတွေက ခဏတော့ မေ့လဲသွားတယ်၊ ပြီးတော့ ပြန်နိုးလာတယ်၊ ဘာခြေရာမှ မကျန်ခဲ့ဘူး၊ ဒါကြောင့် ငါ အဲဒါကို သုံးခဲ့တယ်၊ ဒါပေမယ့်... ဒါပေမယ့် ငါ ဆေးပမာဏကို မှားတွက်မိသွားတယ်... အဲဒီလိုနဲ့ပဲ မင်းတို့ ငါ့ကို တွေ့ခဲ့တာ'’
ငါ အဲဒီအခြေအနေကို မှတ်မိတယ်။ ချန်မီရဲ့ ရည်ရွယ်ချက်မရှိတဲ့ လုပ်ဆောင်ချက်ကြောင့် ရန်ချင်းဆေးရုံမှာ တစ်ခုခု ထူးဆန်းနေတယ်ဆိုတာကို ငါ သတိထားမိစေခဲ့တယ်။
ဒါကြောင့်လည်း စီးပွားရေးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကူညီဖို့ တောင်းဆိုခဲ့တာ၊ ဆေးဝါးကဏ္ဍက ကြီးမားတဲ့ အဂတိလိုက်စားမှု ကိစ္စကြီးတစ်ခုကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။
ဒါပေမယ့် အဲဒီကိစ္စကို နောက်ဆုံးတော့ စီးပွားရေးအဖွဲ့ကပဲ ကိုင်တွယ်ခဲ့ပြီး ငါ ထပ်မပါဝင်ခဲ့ဘူး။ အဖြစ်အပျက်ပြီးနောက် ဆေးရုံမှာ ဝန်ထမ်းအပြောင်းအလဲ အကုန်အစင် လုပ်ခဲ့တယ်လို့ပဲ ငါ ကြားခဲ့ရတယ်။
ငါ သူ့ကို မေးလိုက်တယ်။
''သူတို့ သေတုန်းက နာကျင်ခဲ့လား”
ချန်မီက အံ့အားသင့်နေပုံရတယ်။
''သူတို့ မနာကျင်ခဲ့ဘူး ထင်ပါတယ်…အရာရှိ…ငါ ပြောခဲ့ပြီးပြီ…သူတို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သေခဲ့ကြတာ”
''ဒါဆို ဘာလို့ သူတို့အလောင်းတွေကို တောထဲမှာ ပစ်ထားတာလဲ အမှိုက်ပုံက ပိုသင့်တော်မယ် မဟုတ်ဘူးလား”
ချန်မီရဲ့ နှုတ်ခမ်းတွေ တုန်ယင်နေတယ်။
“ဘာလို့လဲဆိုတော့ မင်းတို့ လာမေးရင် ငါ စိတ်လှုပ်ရှားမှာစိုးလို့ပဲ၊ ဒါပေမယ့် ငါ ကြောက်နေတုန်းပဲ၊ ဒါကြောင့် အဲဒီအလုပ်ကနေ ထွက်ပြီး ထုံရွှယ်ရွာကို ပြန်သွားပြီး ပုန်းနေခဲ့တယ်'’
''မင်းက စောင့်ကြည့်ကင်မရာတွေကို ကျွမ်းကျွမ်းကျင်ကျင် ရှောင်တိမ်းခဲ့တယ်မလား''
ငါ ဖိအားပေးလိုက်တယ်။
ချန်မီရဲ့ မျက်လုံးနက်ကလေးတွေက အခုအချိန်မှာ အဆုံးမရှိ နက်ရှိုင်းနေပုံရပြီး သူ့ရဲ့ ညှိုးခြောက်နေတဲ့ မျက်နှာက လှောင်အိမ်ကနေ လွတ်မြောက်တော့မယ့် သားရဲတစ်ကောင်လို လိမ်ကွေးနေတယ်။
''ငါတို့ စကားပြောတုန်းက ငါ့ညီလေးက ပေါ့ပေါ့ပါးပါး ပြောသွားတာ၊ သူက အခု စောင့်ကြည့်ကင်မရာတွေ ပိုများလာလို့ ခိုးမှုလေးတွေ လျော့ကျသွားမယ်တဲ့၊ ဘာလို့လဲဆိုတော့ ရဲတွေက ဗီဒီယိုတွေကနေ လူတွေကို ခြေရာခံနိုင်လို့တဲ့၊ သူက လက်ဗွေရာတွေနဲ့ လက်အိတ်တွေအကြောင်းလည်း ပြောသွားသေးတယ်၊ အရာရှိ…မင်း နားလည်လား ငါ့ညီလေးအတွက် မြေကွက်ဝယ်တုန်းက ငါ့ကိုယ်ငါအတွက် ဝယ်သလိုပဲ၊ ငါ့ညီလေးရဲ့ ကံကြမ္မာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဗေဒင်ဆရာတစ်ခါက သူ့မျက်နှာမှာ ကံကောင်းခြင်းတွေ ရှိတယ်လို့ ပြောဖူးတယ်၊ မင်းက သူနဲ့ အရမ်းတူတယ်၊ ဒါကြောင့် ငါ မင်းနဲ့ ဒီအကြောင်း ပြောဖို့ ဆန္ဒရှိခဲ့တာ၊ ဘာပဲဖြစ်ဖြစ် မင်းက ရဲအရာရှိပဲ၊ မင်း ဘယ်လောက်ပဲ ကံကောင်းပါစေ၊ မင်းထိန်းချုပ်နိုင်တယ်'’
သူ စကားပြောပြီးတာနဲ့ ချန်မီ သီချင်းတိုးတိုးလေး တစ်ပုဒ်ကို တီးတိုးညည်းစတင်လိုက်တယ်။
သူ့ရဲ့ သဘောထားက ငါ့ကို တကယ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ငါ စားပွဲကို လက်နဲ့ ရိုက်ပြီး အော်လိုက်တယ်။
''ချန်မီ! မင်းရဲ့ သဘောထားကို ထိန်းပါ၊ ဒါ စစ်ဆေးခန်းပဲ၊ မင်း သီချင်းဆိုဖို့ နေရာ မဟုတ်ဘူး! ငါ မင်းကို သတိပေးမယ်၊ မင်းကို အပြစ်ပေးဖို့ ဝန်ခံချက် မလိုဘူး၊ ဥပဒေအရ မငြင်းနိုင်တဲ့ သက်သေအထောက်အထားတွေ ရှိနေရင် ဝန်ခံချက်မရှိဘဲ မင်းကို အပြစ်ပေးနိုင်တယ်!''
ချန်မီက ကျွန်တော့်ကြောင့် ထိတ်လန့်သွားပုံရတယ်။ မှိုင်တွေတွေနဲ့ သူက တီးတိုးရေရွတ်တယ်။
''တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် အရာရှိ''
ဒီလောက် အချိန်တွေ အကြာကြီးမှာ သူ ''တောင်းပန်ပါတယ်'' လို့ ပြောတာကို ငါ ပထမဆုံးအကြိမ် ကြားရတာဖြစ်ပြီး ခဏတာတော့ ထူးဆန်းပြီး လက်တွေ့မဆန်သလို ခံစားရတယ်။
ငါက အမြဲတမ်း စိတ်ခံစားလွယ်တဲ့သူတစ်ယောက်၊ အလွယ်တကူ စိတ်ထိခိုက်တတ်တယ်၊ သူ့ကို ဒီလို မြင်ရတော့ ငါ့ဒေါသတွေ အကုန် ပျောက်သွားတယ်၊ သူ သောက်ပြီး အဆုံးထိရောက်နေတဲ့ စစ်မထားတဲ့ Red Double Happiness စီးကရက် ဖင်စီခံလိုပဲ။
''နောက်တစ်လိပ် သောက်ဦးမလား”
ငါ သူ့ကို ဆေးလိပ်တစ်လိပ် ပေါ့ပေါ့ပါးပါး ကမ်းပေးရင်း မေးလိုက်တယ်။
သူ့ရဲ့ မှုန်မှိုင်းနေတဲ့ မျက်လုံးတွေ ရုတ်တရက် ကြည်လင်သွားပေမယ့် သူ့စကားတွေက သူ့မျက်နှာအမူအရာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
''မဟုတ်ဘူး အရာရှိ…ငါ လုံလောက်ပြီ… ကျေးဇူးတင်ပါတယ် အရာရှိ”
စစ်ဆေးမေးမြန်းမှု ပြီးဆုံးခါနီးပြီဖြစ်တာကြောင့် သူ့ကို အဲဒီမေးခွန်းကို နောက်တစ်ကြိမ် ထပ်မေးမိတာကို ငါ မတားဆီးနိုင်ခဲ့ဘူး။
''သူတို့ကို သတ်ခဲ့တာကို နောင်တရလား၊ ချန်မီ”
ချန်မီက ခေါင်းမော့ပြီး ငါ့ကို ကြည့်လိုက်တယ်။
ဒီခြောက်သွေ့နေတဲ့ ရွှံ့ရုပ်က အဲဒီအချိန်မှာ နောက်ဆုံးတော့ ပြိုလဲသွားတယ်၊ မျက်ရည်တွေက သူ့မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ ချောက်နက်တွေကို ထွင်းထုသွားတယ်။
သူက ပြောတယ်
''ငါ နောင်တမရဘူး အရာရှိ''
ငါ စကားမပြောနိုင်တော့ဘူး။
ဒါပေမယ့် ငါတို့ ချန်မီကို ထိန်းသိမ်းရေးစခန်းကို ပြန်ပို့ဖို့ ပြင်ဆင်နေတုန်းမှာ သူက ရုတ်တရက် ငါ့ကို လှမ်းခေါ်လိုက်တယ်။
ငါကော လောင်ခုံပါ ရပ်လိုက်ပြီး သူ့ကို မေးလိုက်တယ်။
''မင်း ထပ်ပြီး ဝန်ခံချင်တဲ့ အချက်အလက် တစ်ခုခု ရှိသေးလား”
သူက ခေါင်းခါလိုက်တယ်။
''အရာရှိ၊ အရိုးခြင်ဆီကို လူတစ်ယောက်ရဲ့ DNA စစ်ဖို့ သုံးလို့ရတယ် မဟုတ်လား”
သူ့စကားကြောင့် ငါ တုန်လှုပ်သွားပြီး သူ ဘာကို ဆိုလိုတယ်ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်တယ်။
~~~