Ch 9 - အရာရှိ... ငါကလည်း ကောင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး''
Viewers 687

ငါ့ကို အံ့အားသင့်စေတာကတော့ ဒုတိယအကြိမ် စစ်ဆေးမေးမြန်းမှုက ချန်မီရဲ့ ပထမဆုံး စကားနဲ့ စတင်ခဲ့တာပဲ။ 


ငါစစ်ဆေးခန်းထိုင်ခုံမှာ ထိုင်နေတဲ့ သူ့ကို အံ့အားသင့်သလို ကြည့်လိုက်တယ်။ 


သူက ငါနောက်ဆုံး မြင်ခဲ့ရတာထက် အများကြီး ပိုပြီး နိုးကြားနေပုံရတယ်… သူ့မျက်နှာက ပြည့်လာပြီး မျက်လုံးတွေကလည်း အသက်မဲ့နေတာမျိုး မဟုတ်တော့ဘူး။ သူ့ရဲ့ မှတ်ပုံတင်ဓာတ်ပုံမှာ မြင်ခဲ့ရတဲ့ ထက်မြက်မှု အရိပ်အယောင်တောင် ရှိနေတယ်။


သူ့ကို ချုပ်နှောင်ထားချိန်အတွင်း စားသောက်ဖို့ ငြင်းဆန်တဲ့ အကျင့်ဆိုးကို နောက်ဆုံးတော့ ဖျောက်ဖျက်နိုင်လောက်အောင် သူ အခြေအနေတွေကို လက်ခံလာခဲ့ပုံရတယ်။


ဘာလို့လဲဆိုတော့ သေဆုံးသူတွေက အမျိုးသမီးတွေတင် မဟုတ်ဘူး၊ သူတို့ထဲမှာ အမျိုးသားသုံးယောက်လည်း ပါခဲ့လို့ပဲ။


''မင်းရဲ့ နောက်ဆုံးထွက်ဆိုချက်အရ မင်းက နောက်ဆုံးတော့ သေဆုံးသူတွေကို မတိုက်ခိုက်ခဲ့ဘူးဆိုပေမယ့် မင်းရဲ့ ကနဦးရည်ရွယ်ချက်က သူတို့ကို တိုက်ခိုက်ဖို့ဖြစ်တယ်လို့ ဝန်ခံထားတာ၊ ဒါကြောင့် နောက်ဆက်တွဲ လူသတ်မှု၊ အလောင်းပိုင်းဖြတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတွေ ဖြစ်လာခဲ့တာပေါ့၊ မင်းရဲ့ ရှင်းပြချက်က အမျိုးသမီး သေဆုံးသူနှစ်ဦးရဲ့ သေဆုံးမှုကို ရှင်းပြနိုင်ပေမယ့် မတိုက်ခိုက်ခံရတဲ့ အမျိုးသားသေဆုံးသူတွေအတွက်ကျတော့ မခိုင်လုံဘူး၊ အဲဒါအပြင်...''


ချန်မီက ငါ့စကားကို တိုးတိုးလေး ရယ်ရင်း ဖြတ်လိုက်တယ်။ သူ့ပခုံးတွေက သူ့ရဲ့ ရယ်သံနဲ့အတူ လှုပ်ခါနေပြီး သူ့မျက်နှာပေါ်က အမူအရာက အရင်က ထုံရွှယ်ရွာမှာ နေတာကို ပြောတုန်းကလိုပဲ။ 


“ငါ ထင်ခဲ့တာက အဲဒီအရာတွေကို ဖြတ်လိုက်ရင် သူတို့က အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ မင်းတို့ မပြောနိုင်တော့ဘူးလို့ ထင်ခဲ့တာ''


ငါက အလေးအနက်ထားပြီး ပြန်ဖြေလိုက်တယ်။ 


''မှုခင်းနည်းပညာက တိုးတက်နေတယ်၊ ငါတို့မှာ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူတွေ၊ ခြေရာခံသက်သေ ကျွမ်းကျင်သူတွေ၊ ပစ္စည်းသက်သေ ခွဲခြားသတ်မှတ်နည်းတွေ ရှိတယ်၊ ဒါတွေက ငါတို့ကို အမှန်တရားကို ဖော်ထုတ်နိုင်စေတယ်၊ ဘယ်ရာဇဝတ်မှုမှ ပြီးပြည့်စုံတာ မရှိဘူး၊ မင်း တီဗီမှာ ဘာတွေ မြင်မြင် အဲဒါတွေက တကယ့်လက်တွေ့ကမ္ဘာမှာ မရှိဘူး''


''ဟုတ်တယ်၊ နည်းပညာက ပိုကောင်းလာတာပဲ'' 


ချန်မီက သူ့ခေါင်းကို နောက်ပြန်စောင်းပြီး မျက်နှာကျက်ပေါ်မှာ တစ်ခုခုကို ရှာဖွေနေသလိုမျိုး။ 


''ဒါပေမယ့် လူတွေက ဘာလို့ ပိုဆိုးလာတာလဲ''


ချန်မီရဲ့ စကားတွေနောက်ကွယ်မှာ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိမရှိ ငါ မသေချာဘူး၊ ဒါပေမယ့် ဒီအမှုရဲ့ သက်သေအထောက်အထားတွေ ငါ့ရှေ့မှာ ရှိနေတာကြောင့် သူ့ရဲ့ ပြောဆိုမှုတွေကို ရပ်တန့်ရမယ်။


''ချန်မီ'' 


ငါဆေးဘက်ဆိုင်ရာ စစ်ဆေးမှုအစီရင်ခံစာကို မြှောက်ပြရင်း ခေါ်လိုက်တယ်။ 


''ငါတို့ မှုခင်းဆေးဆရာ ထန်ရဲ့ အစီရင်ခံစာအရ မင်းရဲ့ စအိုကွဲရာတွေနဲ့ ပုံမှန်မဟုတ်တဲ့ ပျော့ပြောင်းမှုတွေကို ပြနေတယ်၊ ငါတို့ မင်းရဲ့ ထုံရွှယ်ရွာက အိမ်မှာ သုံးပြီးသား ကွန်ဒုံးတစ်ထုပ်ကိုလည်း တွေ့ခဲ့တယ်၊ မှုခင်းခွဲခြမ်းစိတ်ဖြာမှုအရ ကွန်ဒုံးအတွင်းထဲမှာ ညာဘက်လက်ခလယ်လက်ဗွေရာ အပြည့်အစုံကို တွေ့ရှိခဲ့ပြီး အပြင်ဘက်မှာ သုတ်ရည်မဟုတ်တဲ့ ကိုယ်ခန္ဓာအရည်အစအနတွေမှာ မင်းရဲ့ DNA ကို တွေ့ရှိခဲ့တယ်၊ ဒါကြောင့် မင်းဟာ လိင်တူချစ်သူဖြစ်တယ်လို့ ငါတို့ သံသယရှိဖို့ အကြောင်းရင်းရှိပြီး ငါတို့ တွေ့ခဲ့တဲ့ ကွန်ဒုံးကို မင်းက လက်ခလယ်လက်ချောင်းမှာ ဝတ်ဆင်ပြီး ကိုယ်တိုင်လိင်စိတ်ဖြေရှင်းရာမှာ သုံးခဲ့တာဖြစ်နိုင်တယ်၊ ဒီအချက်မှာတော့ မင်းရဲ့ ရာဇဝတ်မှုတွေအတွက် ပိုပြီး ဆီလျော်တဲ့ အကြောင်းရင်းတစ်ခု ပေးဖို့ အချိန်တန်ပြီလို့ ငါ ထင်တယ်'’


ချန်မီရဲ့ မျက်နှာက သိသိသာသာ နီရဲသွားပေမယ့် သူ မငြင်းဘူး။ သူက ငါ့ကို အသက်မဲ့နေသလို စိုက်ကြည့်ပြီး ပြောလိုက်သည်။


''ဒါကြောင့်မို့လို့ မင်းတို့ ငါ့ကို စစ်ဆေးတာပေါ့၊ တကယ်တော့ မေးလိုက်ရုံပါပဲ အဲဒီလောက် အလုပ်ရှုပ်စရာ မလိုပါဘူး'’


သူ့စကားတွေက ငါ့ကို လေထဲကို ထိုးနှက်လိုက်ရသလို အားမရတဲ့ ခံစားချက်ကို ဖြစ်စေတယ်။ ရုတ်တရက် ချန်မီက ရေလိုပဲ ငါတို့ အခိုင်အမာ မပျက်စီးနိုင်ဘူးလို့ ယုံကြည်ထားတဲ့ အရာအားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်ပုံရတယ်။


ဒါပေမယ့် စစ်ဆေးမေးမြန်းမှုက ဆက်လုပ်ရမယ်။ 


ငါ သူ့ကို ပြန်ကြည့်ပြီး ပြောလိုက်တယ်။


“ငါတို့က လုပ်ငန်းစဉ်အတိုင်း လုပ်နေတာပါ'' 


ချန်မီရဲ့ အကြည့်တွေက ပိုမှောင်လာတယ်။ 


''ကောင်းပြီ၊ မေးပါ ဒီတစ်ခါတော့ မင်းကို ငါ မလိမ်တော့ဘူး၊ အရာရှိလီ'’


''ရာဇဝတ်မှုအတွက် မင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ'' 


ငါ လက်ချောင်းတွေ ယှက်ထားရင်း ပြောလိုက်တယ်။ 


“မင်းကို ဆန့်ကျင်တဲ့ သက်သေအထောက်အထားတွေ အများကြီး စုဆောင်းထားပြီးပြီဆိုတာ မင်း နားလည်ရမယ်၊ လိမ်တာက မင်းကို မကူညီနိုင်ဘူး'’


“ငါ သိပါတယ် ငါ သိပါတယ်'' 


ချန်မီက တိုးတိုးလေး ရေရွတ်တယ်။ 


''ပိုက်ဆံ၊ ငါ ပိုက်ဆံအတွက် သတ်ခဲ့တာ'’


ဒီလိုကြားတော့ ငါ သူ့ကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။ 


''သေချာလား'' 


''ပိုက်ဆံက ငါ့အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ မင်း သိလား”' 


ချန်မီက ငါ့မေးခွန်းကို လျစ်လျူရှုပြီး ဆက်ပြောတယ်။


''မင်း မသိဘူး၊ မင်းတို့ အားလုံးက ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ကြတယ်၊ ပိုက်ဆံရှိတယ်၊ ငါတို့လိုလူတွေရဲ့ ဆင်းရဲဒုက္ခကို မမြင်နိုင်ဘူး၊ မြင်ချင်လည်း မမြင်ဘူး'’


အဲဒီအချိန်မှာ ငါ့ရဲ့ ရှုပ်ထွေးမှုက ရှည်လျားတဲ့ သက်ပြင်းချသံအဖြစ် ပြောင်းလဲသွားတယ်။ 


ငါတို့ သိထားတာတွေအရ လောင်ခုံကော ငါကော တစ်ခုတော့ ရှင်းနေတယ်… ချန်မီက အမှန်တရား အပြည့်အစုံကို ငါတို့ကို မပြောသေးဘူး။


လောင်ခုံက ငါ့တံတောင်ဆစ်ကို တွန်းလိုက်တယ်။ 


''သူ့အလိမ်အညာကို ဖော်ထုတ်သင့်လား'’


''မလိုဘူး၊ သူ့စကားကို အရင်နားထောင်ကြရအောင်'' 


ငါ မျက်ခုံးပင့်ပြီး ချန်မီကို ကြည့်လိုက်တယ်။ 


''ငါ မေးချင်တယ်၊ မင်းတို့လိုလူတွေရဲ့ ဆင်းရဲဒုက္ခဆိုတာ ဘာကို ဆိုလိုတာလဲ'’


ချန်မီက ခါးခါးသီးသီး ရယ်လိုက်တယ်။ 


''အရာရှိ၊ မင်းတို့ အားလုံးက သန့်ရှင်းရေးလုပ်သားတွေဟာ မြို့ရဲ့ အလှဆုံးလူတွေပါလို့ ပြောရတာ ကြိုက်ကြတယ်၊ ပြီးတော့ မြို့တော်က ငါ့အိမ်၊ သန့်ရှင်းရေးက လူတိုင်းနဲ့ သက်ဆိုင်တယ်တဲ့၊ ငါ အမြဲတမ်း တွေးခဲ့တာက အဲဒီစကားတွေက မှန်ရဲ့လားလို့။ မှန်တယ်ဆိုရင် ဘာလို့ ငါ ဒီမှာ သန့်ရှင်းရေးလုပ်တာကို မြင်တဲ့အခါ လူတွေက အမှိုက်တွေကို တမင်တကာ ဟိုဘက်ကို လွှင့်ပစ်ကြတာလဲ၊ ဒါက သူတို့က ငါ့ကို ညစ်ပတ်တယ်လို့ ထင်ပြီး နီးနီးကပ်ကပ် မနေချင်လို့၊ ဒါကြောင့် သူတို့ရဲ့ ဖိနပ်အသစ်တွေနဲ့ အိတ်တွေကို မပေပွချင်လို့လား ဒါပေမယ့် အဲဒီစကားတွေက မမှန်ဘူးဆိုရင် ဘာလို့ အဲဒီကြွေးကြော်သံတွေကို လမ်းတွေတစ်လျှောက်လုံး ကပ်ထားပြီး လမ်းဘေးက ကြီးလွန်းတဲ့ မျက်နှာပြင်တွေပေါ်မှာတောင် ပေါ်နေတာလဲ”


''ဒီလောကမှာ ကောင်းတဲ့လူတွေ ရှိတယ်ဆိုတာ ငါ မငြင်းပါဘူး၊ ပုလင်းထဲက ရေသောက်ပြီးရင် ငါ့ အမှိုက်အိတ်ထဲကို တမင်တကာ လာထည့်ပေးတဲ့ တချို့လူတွေနဲ့ တွေ့ဖူးတယ်၊ သူတို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ ဘေးကင်းပြီး ငြိမ်းချမ်းတဲ့ဘဝတွေ ပိုင်ဆိုင်ပါစေလို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် အဲလိုလူတွေက အရမ်း နည်းလွန်းပါတယ် ငါ အစောပိုင်းက ပြောခဲ့တဲ့လူတွေလို လူတွေက အများကြီး ပိုများတယ်'’


''ငါ သန့်ရှင်းရေးလုပ်ရတဲ့ ဧရိယာက သူဌေးတွေနဲ့ ပြည့်နေတယ်၊ သူတို့က ငါ့လိုလူတွေကို သဘာဝအတိုင်း အထင်သေးကြတာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါ ဘာလုပ်နိုင်မှာလဲ၊ ငါ အသုံးမကျဘူးဆိုတာ သိပါတယ်၊ နေ့တိုင်း လမ်းတွေရှင်း၊ အမှိုက်တွေ ကောက်နေရုံပဲ၊ ငါ့ညီအတွက် ဘာအကူအညီမှ မပေးနိုင်ဘူး၊ ဒါပေမယ့် သူတို့ကို မနာလိုဘူး၊ အလုပ်ကိုလည်း မနာလိုဘူး၊ ငါ့ရင်ထဲမှာ ဒီအလုပ်က ငါ့ကို ထမင်းကျွေးနေတယ်ဆိုတာ သိတယ်၊ ဒါကြောင့် ငါ အသုံးမကျတာကိုပဲ ကိုယ့်ကိုယ်ကို အပြစ်တင်နိုင်တယ်”


''အဲဒီလူငါးယောက်က ထျန်းရှင်းထောက်ပံ့ရေးအဖွဲ့အစည်းမှာ အလုပ်လုပ်တယ်၊ ငါ သိတာကတော့ ငါ သန့်ရှင်းရေးလုပ်ရင်း ပင်ပန်းလာတဲ့အခါတိုင်း အဖွဲ့အစည်းရဲ့ ဘေးတံခါးက လှေကားထစ်တွေပေါ်မှာ ထိုင်ပြီး ရေနည်းနည်း သောက်၊ အနားယူတတ်လို့ပဲ၊ အထူးသဖြင့် နွေရာသီမှာ နံရံပေါ်က လေအေးပေးစက်တွေက အသံကျယ်ကျယ် မြည်ပြီး ပူတဲ့လေတွေကို ငါ့ဆီ မှုတ်ထုတ်ပေးတော့ ငါ ပိုပြီး ချွေးထွက်တယ်၊ အဲဒီတုန်းက ငါ အမြဲတမ်း အိပ်မက်မက်ခဲ့တာက ငါ့ညီ အလုပ်လုပ်တဲ့နေရာက ဒီလို ကျယ်ဝန်းပြီး တောက်ပနေမလား၊ သူ နေပူထဲ အလုပ်လုပ်စရာ မလိုဘဲ ပိုက်ဆံအများကြီး ရှာနိုင်မလားဆိုတာပဲ၊ အဲဒါကို စဉ်းစားရုံနဲ့ တစ်နေ့လုံး ပျော်နေရပြီ”


''လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ငါ့ကို ဘာလို့ အမြဲတမ်း အဲဒီမှာ နားနေတာလဲ၊ အဖွဲ့အစည်းထဲမှာ အလုပ်လုပ်ချင်လို့လားလို့ မေးခဲ့တာ မှတ်မိတယ်၊ အဲဒီတုန်းကတော့ ငါ မဖြေခဲ့ဘူး၊ အမှန်တရားကတော့ အဲလိုကံမျိုး ငါ့မှာ မရှိဘူးဆိုတာ ငါ သိခဲ့ပါတယ်၊ ငါက ပညာမတတ်ဘူး၊ စာအုပ်တွေ အများကြီး မဖတ်ဖူးဘူး၊ အထဲမှာ အလုပ်လုပ်ဖို့ အရည်အချင်းမပြည့်မီဘူး၊ ဒါပေမယ့် လူတွေမှာ အမြဲတမ်း လက်တွေ့မဆန်တဲ့ အိပ်မက်တွေ ရှိတတ်တယ်မလား”

'

''အဲဒီနေ့က ငါ တကယ်ကို ရေသောက်ချင်နေတာ၊ ဒါပေမဲ့ ရေအတွက် ပိုက်ဆံမသုံးချင်ဘူး၊ ဒါကြောင့် အဖွဲ့အစည်းထဲ ဝင်ပြီး ရေနည်းနည်း တောင်းမယ်လို့ စဉ်းစားခဲ့တယ်၊ အဲဒါ အဲဒီလူငါးယောက် အိမ်ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပြီး သူတို့က ငါ့ဘေးမှာ ရပ်နေတာနဲ့ တိုက်ဆိုင်နေပုံရတယ်၊ သူတို့က ငါ့ကို ဝိုင်းထားကြတယ်၊ လေအားလုံးကို ပိတ်ဆို့ထားတဲ့ နံရံတစ်ခုလိုပဲ၊ ငါ့ကို အသက်ရှူရခက်စေတယ်၊ သူတို့က ငါ့ကို ခဏတာ သတိထားမိနေပြီလို့ ပြောတယ်၊ ငါက နေ့တိုင်း အဖွဲ့အစည်းနားမှာ ချာလည်လည်နေတဲ့ သူတောင်းစားလို ဖြစ်နေတယ်လို့ ပြောတယ်၊ ကုမ္ပဏီပုံရိပ်ကို ပျက်စီးစေပြီး ရေတောင်းဖို့ သတ္တိရှိ‌သေးတယ်လို့ ပြောတယ်... သူတို့က ပြောခဲ့တာက...''


ချန်မီက သိသိသာသာ စိတ်လှုပ်ရှားနေပြီး စကားဆက်မပြောနိုင်ခင် အချိန်အကြာကြီး အသက်ရှူမဝ ဖြစ်နေတယ်။ 


''သူတို့က ပြောခဲ့တာက ဆင်းရဲတဲ့လူတွေ ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် တကယ် မသန့်ရှင်းဘူးတဲ့၊ ငါတို့က ပိုးမွှားမျိုးစုံ သယ်ဆောင်သူတွေတဲ့၊ ငါ သူတို့နဲ့ တူညီတဲ့ ရေ မသောက်ရဘူးတဲ့၊ သူတို့ ဖျားစေလိမ့်မယ်တဲ့၊ ဒါပေမယ့် အရာရှိ၊ ငါ မဖျားပါဘူး၊ တကယ်ကို မဖျားပါဘူး၊ မင်းတို့ ငါ့ကို စစ်ဆေးပြီးပြီ၊ မင်းတို့ သိပါတယ်'’


သူက ရှည်ရှည်လျားလျား အသက်ရှူပြီးနောက် 


''အမှန်အတိုင်း ပြောပြမယ်၊ အရာရှိ၊ အဲဒီတုန်းက ငါ သိပ်ဒေါသတောင် မထွက်ဘူး၊ သူတို့ အဲဒီစကားတွေ ပြောပြီးနောက်မှာ ငါ ထွက်သွားပြီး အနီးအနားက ဆိုင်တစ်ဆိုင်ကနေ ရေတစ်ပုလင်း ဝယ်ခဲ့တယ်၊ အဲဒီပုလင်းက ငါ့လက်ဖဝါးလောက်တောင် မကြီးဘူးဆိုတာ မှတ်မိတယ်၊ ဒါပေမယ့် တစ်ယွမ် ပေးရတယ်၊ ဈေးကြီးတယ်၊ ဒါပေမယ့် အရမ်းချိုတယ်၊ တကယ်ကို ချိုတယ်'’


ချန်မီ ခဏနားလိုက်ပြီး သူ့မျက်နှာမှာ ကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာပေမယ့် သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ စိုလက်နေတာကို ကျွန်တော် မြင်လိုက်ရတယ်။ 


''ဒါပေမယ့် အဲဒီနောက် ငါ့ညီလေးအကြောင်း စဉ်းစားမိတယ်၊ သူ အဲဒီလူငါးယောက်လို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြုံတွေ့ရမလားလို့ ငါ တွေးမိတယ်၊ သူတို့လည်း သူ့ကို အထင်သေးကြမလားလို့ ငါ တွေးမိတယ်၊ အဲဒီတော့ ငါ အမြန်ဆုံး ပိုက်ဆံစုဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါမှ ငါ့ညီလေးက လုပ်ငန်းလေးတစ်ခု စတင်နိုင်မှာ၊ အဲဒီလိုဆို သူ ဒုက္ခမရောက်ရတော့ဘူး၊ အသက်မွေးဝမ်းကျောင်းအတွက် တခြားသူတွေကို ခေါင်းငုံ့ခံစရာ မလိုတော့ဘူး'’


ဒီအချက်မှာ ချန်မီက လစ်ဟာတဲ့ ရယ်မောသံကို ထုတ်လိုက်တယ်၊ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ သူ့ကို သစ္စာဖောက်နေတယ်။ 


''ဒါပေမယ့် ပိုက်ဆံရှာရတာ အရမ်းခက်တယ်၊ အရမ်းကို ခက်တယ်၊ ငါ ခိုးဖို့၊ လုယက်ဖို့ စဉ်းစားခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ဘူး၊ ငါ ယူလိုက်တဲ့ ပိုက်ဆံက တစ်စုံတစ်ယောက်ရဲ့ အသက်ကယ်ပိုက်ဆံ ဖြစ်နေခဲ့ရင်ကော ဘယ်လိုလုပ်မလဲ… အဲဒါဆို ကောင်းကင်ကြီး ပြိုကျတာထက် ပိုဆိုးလိမ့်မယ်၊ ဒါကြောင့် သူတို့အကြောင်း စဉ်းစားမိတယ်၊ သူတို့မှာ ပိုက်ဆံရှိတယ်၊ မဟုတ်လား၊ သူတို့အဝတ်အစားတွေက အရမ်းလှတယ်၊ သူတို့ဖိနပ်တွေက အရမ်းတောက်လွန်းလို့ မင်းရဲ့ပုံရိပ်ကို မြင်နိုင်တယ်၊ ဒါကြောင့် ငါ တွေးမိတယ်၊ သူတို့ဆီက နည်းနည်းလေး ငှားလို့ရမလားလို့လေ အဲဒါ သိပ်မများပါဘူး၊ ဟုတ်တယ်မလား”


''ပညာမတတ်တာ... ပညာမတတ်တာက တကယ်ကို သတ်နိုင်တယ်'' 


ချန်မီက ဝန်ခံသလိုမျိုး ကိုယ့်ဘာသာ တီးတိုးရေရွတ်တယ်။ 


''အဲဒီ အီ… အီသ..ဆိုလား အဲတာလေးတစ်ခုတည်းနဲ့ သူတို့ ဒီလောက် မြန်မြန်သေမယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး'’


ဒီအချက်မှာ ငါ့ရဲ့ စိတ်ခံစားချက်တွေကို ငါ မထိန်းချုပ်နိုင်တော့ဘူး။ ငါ့ သွားတွေ တချွတ်ချွတ် မြည်နေတာကို ကြားရပြီး စကားလုံးတွေကို တစ်လုံးချင်းစီ တံတွေးထွေးထုတ်မလို ဖြစ်သွားတယ်။ 


''ချန်မီ၊ မင်း လိမ်နေတယ်ဆိုတာ ငါ သိတယ်၊ အခု အမှန်အတိုင်း ပြောရင် ငါ မင်းကို ကူညီနိုင်ပါသေးတယ်'’


ချန်မီက သူ့ထိုင်ခုံပေါ်ကို မှီလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ 


''ငါ မလိမ်ပါဘူး၊ အရာရှိ၊ ငါ မင်းကို မလိမ်ဘူးလို့ ပြောခဲ့တယ်၊ ပြီးတော့ မလိမ်ပါဘူး၊ ငါ ငါ့ညီလေးကို တစ်ခါမှ မလိမ်ဖူးသလိုပဲ၊ မင်းက သူ့နဲ့ တူတယ်၊ ဒါကြောင့် မင်းကိုလည်း မလိမ်ချင်ဘူး'’


လောင်ခုံက ဒီအချက်မှာ လည်ချောင်းရှင်းလိုက်တယ်။ ငါ သူ့ကို လှည့်ကြည့်လိုက်တော့ ငါ့ကို ရူးနေတဲ့လူတစ်ယောက်လို စိုက်ကြည့်နေတာကို တွေ့ရတယ်။ နည်းနည်း ရှက်မိတာနဲ့ မေးလိုက်တယ်။


“ဘာလဲ”


သူက ငါ့လက်မောင်းအောက်မှာ ဖိထားတဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြတယ်။ ငါ နားလည်တော့ ခေါင်းငြိမ့်လိုက်ပြီး ကောက်ယူကာ ချန်မီကို ပြလိုက်တယ်။ 


''မင်း လိမ်နေတယ်ဆိုတာ ငါတို့ သိရတဲ့ အကြောင်းရင်းကတော့ သေဆုံးသူနှစ်ဦးရဲ့ ဖုန်းတွေနဲ့ တခြားသေဆုံးသူတစ်ဦးဆီက ပိုက်ဆံတွေကို မင်း အလောင်းတွေ ထားခဲ့တဲ့ ဘိလပ်မြေနံရံမှာ ဝှက်ထားတာကို ငါတို့ တွေ့ခဲ့လို့ပဲ၊ မင်းရဲ့ ရည်ရွယ်ချက်က တကယ် ပိုက်ဆံအတွက်သာဆိုရင် အဲဒီပစ္စည်းတွေကို ငါးနှစ်ကြာအောင် အဲဒီမှာ ထားခဲ့တာထက် အစောကြီးကတည်းက ရောင်းစားပြီးလောက်ပြီလို့ ငါ ယုံတယ်'’


ဒါပေမယ့် ချန်မီက ငါ မျှော်လင့်ထားတဲ့ ထိတ်လန့်မှုမျိုးနဲ့ တုံ့ပြန်ခြင်း မရှိဘူး။ သူ့အသံက တည်ငြိမ်နေတယ်။ 


''ငါ ဘယ်မှာ ဝှက်ရမှန်း မသိတာနဲ့ အဲဒီမှာပဲ ထားခဲ့တာ၊ ငါ့ညီလေး တစ်နေ့နေ့ လိုအပ်လာခဲ့ရင် ပြန်ထုတ်ပေးမယ်လို့ စဉ်းစားခဲ့တာ'’


''အပူချိန်မြင့်မားမှုရဲ့ သက်ရောက်မှုကြောင့် ပုပ်ပွမှု ပိုမြန်တာကို ချန်လှပ်လိုက်ရင် ခန္ဓာကိုယ် အရိုးဖြစ်ဖို့ ပုံမှန်အားဖြင့် တစ်နှစ်ကနေ သုံးနှစ်ကြား ကြာတယ်၊ ဒါပေမယ့် ခန္ဓာကိုယ်ကို လေလုံတဲ့ ဘိလပ်မြေ ဒါမှမဟုတ် တခြား ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ပိတ်ထားတဲ့အခါ ဒီဖြစ်စဉ်က နှေးကွေးသွားနိုင်ပြီး ငါးနှစ်ကနေ ခုနစ်နှစ်အထိ ကြာတတ်တယ်၊ မင်းအိမ်နံရံထဲမှာ သေဆုံးသူငါးဦးရဲ့ ဦးခေါင်းခွံတွေက လုံးဝနီးပါး အရိုးဖြစ်နေပြီ၊ ဒါက ဘိလပ်မြေမှာ လေလုံတဲ့ ဂုဏ်သတ္တိ အရမ်းကောင်းပြီး မင်း တစ်ခါမှ ပြန်မဖွင့်ဘူးဆိုတာကို ဆိုလိုတယ်၊ ဒါက တစ်ချက်… ဒုတိယအနေနဲ့ မင်းရဲ့ သုံးစွဲမှုမှတ်တမ်းတွေကို ငါတို့ စုံစမ်းစစ်ဆေးခဲ့တယ်၊ ရာဇဝတ်မှု မဖြစ်ခင် ခြောက်လအလိုမှာ မင်းက ဟွာယွင်မြို့ရဲ့ ဖူခန်းခရိုင်၊ ဝူဖန်းသချိုင်းမှာ မြေကွက်တစ်ကွက် ဝယ်ခဲ့တယ်၊ အုတ်ဂူမှာ မင်းရဲ့ ညီ လီကျယ်ရဲ့ နာမည်ပါ ရှိတယ်၊ ဆိုလိုတာက မင်းညီမှာ အဲဒီပိုက်ဆံ လိုအပ်စရာ အကြောင်းမရှိဘူး'’


ချန်မီက ငါ့လက်ထဲက အုတ်ဂူဓာတ်ပုံကို အသက်မဲ့ပြီး စိုက်ကြည့်နေတယ်။ သူ့မျက်နှာပေါ်က တင်းမာမှုတွေ ပြေလျော့သွားတယ်။


''ငါ အစောပိုင်းက ပြောခဲ့တာတွေ အကုန်မှန်တယ်။ အဲဒီရေတစ်ပုလင်းက တကယ်ပဲ ငါ့ဘဝမှာ အချိုမြိန်ဆုံး ရေပါပဲ၊ ပြီးတော့ ငါ ဘယ်သူ့ရဲ့ ကမ္ဘာကိုမှ မဖြုချချင်ခဲ့ပါဘူး၊ ဒါပေမယ့် အရာရှိ...ငါကလည်း ကောင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး'’


''ဒါဆို မင်း လိမ်နေတာပေါ့၊ ဟုတ်လား'' 


သူ့ကို သိပ်ဖိအားမပေးဘဲ ငါ့အသံကို ထိန်းချုပ်ထားဖို့ ကြိုးစားလိုက်တယ်။ 


''မင်းရဲ့ ရည်ရွယ်ချက်က ပိုက်ဆံ မဟုတ်ဘူးမလား'’


ချန်မီက မျက်လုံးမှိတ်လိုက်တယ်။ '


'မဟုတ်ဘူး'’


ငါ ညင်ညင်သာသာပဲ ဆက်ဖိအားပေးလိုက်တယ်။ 


''မင်းညီလေး လီကျယ်အတွက် မဟုတ်လား'’


ချန်မီက ငါ့ကို တစ်ချက်ကြည့်ပြီးနောက် အကြာကြီး တိတ်ဆိတ်သွားတယ်။


တစ်နာရီကြာအောင် စောင့်ပြီးနောက် ငါ သက်ပြင်းရှည်ကြီး ချလိုက်တယ်။ 


စစ်ဆေးခန်းကနေ မထွက်ခွာခင်လေးမှာ ကျွန်တော် နောက်ပြန်လှည့်ပြီး မေးလိုက်တယ်။


“နောင်တရလား”


သူ့မျက်လုံးတွေက အာရုံစိုက်မှု မရှိဘူး၊ ဒါပေမယ့် သူက အလေးအနက် ခေါင်းညိတ်လိုက်တယ်။ 


''ဖြစ်နိုင်တယ် ငါ နောင်တရချင် ရလိမ့်မယ်'’


ငါ ပြောစရာ ဘာမှ မရှိတော့ဘူး။ လောင်ခုံကို ညွှန်ကြားချက်တချို့ ပေးပြီးနောက်မှာ အပြင်ထွက်ပြီး လေညင်းခံလိုက်တယ်။ 


အိတ်ကပ်ထဲ လက်နှိုက်ပြီး ဆေးလိပ်ထုတ်မလို့ ကြံလိုက်တာ၊ ဆေးလိပ်ဗူးက ကြေမွပြီး ဗလာဖြစ်နေတာကို တွေ့လိုက်ရတယ်။ 


ဘေးက ဖြတ်သွားတဲ့ အရာရှိတစ်ဦးက သူ့ဆီက တစ်လိပ် ပေးရမလား မေးတော့ ငါ ငြင်းလိုက်တယ်။


စခန်းအပြင်ဘက်မှာ ကုန်စုံဆိုင်လေးတစ်ဆိုင် ရှိတယ်။ ငါ အဲဒီမှာ ရပ်နေတုန်း ငါ့စိတ်ထဲမှာ ချန်မီရဲ့ အစောပိုင်း ထွက်ဆိုချက်တွေ ပြည့်နေတယ်။ 


ဆိုင်ရှင်က ငါ့မျက်နှာရှေ့ လက်ဝှေ့ယမ်းပြီး မေးတယ်။ 


“ဘာဝယ်ချင်တာလဲ”


ငါ စစ်ဆေးခန်းထိုင်ခုံမှာ ကွေးနေတဲ့ ချန်မီကို သတိရသွားတယ်။


“နန်ယန်ဟုန်ရွှမ်းရှီ ဆေးလိပ်တစ်ဘူး ပေးပါ''


~~~