Ch 6 - အရပ်ရှည်ပြီး ပိန်သွယ်တဲ့ အမျိုးသား
Viewers 690

မှုခင်းဆေးဘက်ဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ယောက်က အစီရင်ခံစာတစ်စောင်ကို ငါ့ လက်ထဲ ထည့်ပေးပြီး ပြောတယ်။


'' အဖွဲ့မှူးလီ၊ ခင်ဗျား ယူလာတဲ့ ပလတ်စတစ်အလောင်းထည့်အိတ်ကို ခွဲခြမ်းစိတ်ဖြာတာ ပြီးသွားပါပြီ '' 


သူက စာရွက်တစ်ရွက်ကို လှမ်းပေးတယ်။ 


'' အိတ်ရဲ့ အဓိကပစ္စည်းက polyethylene ပါ အတော်လေးတော့ အသုံးများပါတယ်... ဒါပေမယ့် ဒီအိတ်က ပုံမှန် ပလတ်စတစ်အိတ်တွေထက် ပိုကြီးတယ်၊ ဒီအရွယ်အစားနဲ့ ကိုက်ညီတဲ့ အိတ်အမျိုးအစား တစ်မျိုးပဲ ကျွန်တော်တို့ တွေ့ဖူးတယ်.. အဲဒါက သန့်ရှင်းရေးသမားတွေ အမှိုက်အများကြီး စွန့်ပစ်ဖို့ သုံးတဲ့အိတ်မျိုးပဲ၊ ဒီအိတ်တွေက အများနဲ့ ထုတ်တာဆိုတော့ မူရင်းအရင်းအမြစ်ကို ခြေရာခံတာက သိပ်အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ စုံစမ်းစစ်ဆေး‌ရေးကို အထောက်အကူဖြစ်စေမယ့် ဓာတ်ပစ္စည်းနှစ်မျိုးကိုတော့ အိတ်ထဲမှာ တွေ့ခဲ့တယ် ''


'' အမှိုက်အိတ်လား '' 


ငါ မျက်မှောင်ကြုတ်လိုက်မိတယ်။ 


'' ကျန်နေတဲ့ ဓာတ်ပစ္စည်းတွေ‌လို့ ဆိုလိုတာလား ''


'' ဟုတ်တယ်၊ အိတ်ကို သန့်ရှင်းရေးလုပ်ထားပေမယ့် အရေးကြီးတဲ့ ဓာတ်ပစ္စည်းနှစ်မျိုးရဲ့ အစအနတွေကို ကျွန်တော်တို့ တွေ့ခဲ့တယ်... နွားသွေးနဲ့ ပုံဆောင်ခဲမှုန့်အဖြူတွေပါ ဒါက Diazepam ဒါမှမဟုတ် Lorazepam လိုမျိုး စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေမှာ သုံးတဲ့ benzodiazepine တစ်မျိုးပါပဲ ''


( TN : benzodiazepine ဆိုတာ စိတ်မငြိမ်တာနဲ့ အိပ်မရတဲ့ ရောဂါတွေအတွက် သုံးတဲ့ ဆေးတစ်မျိုးပါ )


'' နွားသွေးလား '' 


သူတို့ရဲ့ သေချာတိကျမှုကြောင့် ငါ အံ့သြသွားရတယ်။ 


'' အဲဒီသွေးပေနေတဲ့ အိတ်ထဲမှာ နွားသွေးကို တွေ့တာလား၊ အဲတာက ဘာတွေထူးခြားသွားလဲဆိုတာ တွေးမိတာရှိကြလား ''


သူက သူ့ရင်ဘတ်ကို ကော့ပြီး ရင်ဘတ်ပေါ်က မှုခင်းဌာနတံဆိပ်ကို ထိုးပြတယ်။ 


'' ဒါက အမှိုက်အိတ်ဖြစ်ကြောင်း ကျွန်တော်တို့ အတည်ပြုပြီးတာနဲ့ ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းတွေ ဖြစ်သွားပါပြီ၊ နွားသွေးအတွက်ကတော့ ပရိုတင်းတွေက ပျက်စီးနေပြီဖြစ်လို့ တစ်ဝက်ကျက်နေတဲ့ အမဲသား ဒါမှမဟုတ် streak ကလာတာ ဖြစ်နိုင်ပါတယ် ''


( TN : စဉ်းစားရမှာက သူတို့ တာဝန်မဟုတ်တော့ပါဘူးတဲ့ရှင် )


'' ရပါပြီ၊ မင်းတို့အဖွဲ့ကို ငါ့ကိုယ်စား ကျေးဇူးတင်ပေးပါ ဒါပေမယ့်.. "


ငါ ခဏ ရပ်လိုက်တယ်။ 


" လက်ဗွေရာတွေ မရှိဘူးလား "


'' တောင်းပန်ပါတယ်၊ ကျွန်တော်တို့ မတွေ့ဘူး ''


ဆေးမှုခင်းဌာနကနေ ပြန်အထွက်မှာ နည်းနည်း စိတ်ပျက်နေတုန်း ငါ့ဆီ အစီရင်ခံဖို့ လာတဲ့ လောင်ခုံနဲ့ ဆုံတယ်။ 


သူက မောပန်းနွမ်းနယ်နေပြီး စက်ဘီးဘရန်းကို တွေ့ပြီဖြစ်ကြောင်းနဲ့ ရုံးကို မြန်မြန်လာပြီး စစ်ဆေးဖို့ ပြောတယ်။


''ကောင်းပြီ'' 


ငါ အမြန်ပြန်ပြောလိုက်ပြီး နည်းနည်း ရက်စက်တဲ့လေသံနဲ့ ပြောလိုက်တယ်။


''မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် မင်းအတွက် နောက်ထပ်တာဝန်တစ်ခု ရှိသေးတယ်၊ လူနည်းနည်းကို ခေါ်ပြီး ဟွာယွင်မြို့က ဇိမ်ခံရပ်ကွက်တွေ၊ အနောက်တိုင်းစားသောက်ဆိုင်တွေ၊ ဆေးရုံတွေ အားလုံးကို စုံစမ်းစစ်ဆေးလိုက်၊ အဲဒီအဆောက်အဦသုံးမျိုးက ဒေသတစ်ခုထဲမှာ ဒါမှမဟုတ် အချင်းချင်း နီးနီးနားနား ရှိနေလားဆိုတာ ကြည့်၊ ရှိတယ်ဆိုရင် သူတို့ကို ရှာပြီး အဲဒီနေရာတွေအတွက် တာဝန်ယူရတဲ့ သန့်ရှင်းရေးသမားတွေအကြောင်း သိရဖို့ ရပ်ကွက်အလုပ်သမားတွေနဲ့ ဆက်သွယ်လိုက်၊ အရပ် ၁၇၈ စင်တီမီတာကနေ ၁၈၅ စင်တီမီတာကြားရှိတဲ့ အလယ်အလတ်အရွယ် အမျိုးသားတွေကို အဓိကထားပြီး ရှာ"


လောင်ခုံက သူ့အလုပ်မှာ အမြဲ‌သေချာတိကျမှုရှိတဲ့လူ ဖြစ်တာကြောင့် ငါ့ လက်ထဲက မှုခင်းအစီရင်ခံစာကို သူ လှမ်းကြည့်ပြီး 


''တစ်ဝက်ကျက်‌နေတဲ့ အမဲသားကို ဝယ်နိုင်တဲ့သူတွေက အမျိုးအစားနှစ်မျိုး ရှိမယ်လို့ ခင်ဗျား ထင်တာလား... ဝယ်နိုင်တဲ့သူတွေနဲ့ နွားသားပေါက်အမျိုးအစားတွေ ရှိတာမျိုးပဲ၊ ဒါကြောင့် အနောက်တိုင်းစားသောက်ဆိုင်တွေအပြင် အိမ်မှာ ချက်ပြုတ်တာရဲ့ ဖြစ်နိုင်ခြေကိုလည်း ပယ်လို့မရဘူးတာကြောင့် ဇိမ်ခံရပ်ကွက်တွေကို ထည့်ပြီးစဉ်းစားတာလား'' 


ငါ ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။


'' ကောင်းပြီ၊ ချက်ချင်း စလုပ်လိုက်ပါ့မယ် ''


လောင်ခုံ ထွက်သွားတော့ ငါ ရုံးခန်းကို တန်းပြန်လာခဲ့တယ်။ 


အဲဒီတုန်းက ငါတို့က လေးလံတဲ့ desktop ကွန်ပျူတာတွေပဲ သုံးနေကြတုန်းတာ။ အဲဒါတွေက အပြာရောင်အလင်းမှိန်မှိန်လေးတွေ ပေါ်နေပြီး အဆင်မပြေဘူး။ မျက်စိအတွက်လည်း မကောင်းဘူး။


ဒါပေမယ့် ငါ့စိတ်ကို တကယ်လှုပ်ရှားစေခဲ့တာက မျက်နှာပြင်ရဲ့ အလယ်မှာ ပြထားတဲ့ စက်ဘီးပုံပဲ။


ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ လီသာ့ထုံက မောက်စ်ကို ရွှေ့လိုက်တာနဲ့ ပုံက နောက်ပုံကို အမြန်ပြောင်းသွားတယ်။ 


အဲဒီပုံမှာ ဖီးနစ်အမှတ်တံဆိပ် ၂၆ လက်မ၊ QE-65 မော်ဒယ် အမျိုးသားစက်ဘီး လို့ ထင်ထင်ရှားရှားကြီး ဖော်ပြထားတယ်။


ရှင်းရှင်းပြောရရင် ဒါက ငါတို့ စုံစမ်းနေတဲ့ စက်ဘီးနဲ့ သက်ဆိုင်နေတယ်။


'' ဒီစက်ဘီးက ဈေးမပေါဘူး.. ခေတ်ကုန်နေပေမယ့် ယွမ်သုံးရာလောက်တော့ ရှိသေးတယ် ''  


လီသာ့ထုံ ပြောတာကို ငါ ကြားလိုက်ရတယ်။


ငါ့မျက်ခုံးတွေ နက်နက်ရှိုင်းရှိုင်း တွန့်ကွေးသွားမယ်လို့ ထင်တယ်။


ဒီစက်ဘီးရဲ့ ဈေးနှုန်းက တရားခံတစ်ယောက် ဝယ်နိုင်တာထက် ကျော်နေတာ ရှင်းနေတယ်။


ဒါပေမယ့် ဒါကလည်း သဲလွန်စတစ်ခုဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ကြည့်ပြီး ကျော်သွားဖို့ မရည်ရွယ်ထားဘူး။


" ဒီဘက်ခေတ်မှာ လူအများကြီး ဝယ်နေကြတာလား "


" အများကြီး မဟုတ်ဘူး တော်တော်များများက စုဆောင်းဖို့ ဝယ်ကြတာ "


ငါ ထွက်သွားခါနီးနေချိန်မှာ ရုတ်တရက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရပြီး လီသာ့ထုံကို မေးလိုက်တယ်။ 


''မင်း စစ်ဆေးနေတဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကော ဘယ်လိုလဲ'' 


လီသာ့ထုံက သူ့နဖူးကို ရိုက်လိုက်ပြီး 


''အဖွဲ့မှူးလီ၊ ကျွန်တော် ပြောဖို့ မေ့နေတာ၊ ဒီဗီဒီယိုမှတ်တမ်းတွေကို လာကြည့်ပါဦး ''


သူက မောက်စ်ကို ကလစ်နှိပ်လိုက်တော့ ဗီဒီယိုဆယ်ခုလောက် တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ 


အားလုံးက စက်ဘီးစီးနေတဲ့ ယောက်ျားလေးတွေကို ပြနေတယ်။ 


''ခင်ဗျား ဖုန်းခေါ်ပြီးတာနဲ့ စက်ဘီးမော်ဒယ်ကို အရင်စစ်ဆေးလိုက်တယ်၊ ဒီမော်ဒယ်က အရပ်ရှည်တဲ့သူတွေအတွက်ပဲ သင့်တော်တာကို တွေ့ရတယ်၊ ဟွာယွမ်မြို့က အမျိုးသမီးတွေရဲ့ ပျမ်းမျှအရပ်က ၁၆၅ စင်တီမီတာလောက်ပဲ ရှိတော့ ဒီစက်ဘီးကို စီးဖို့တော်တော်ခက်တယ်၊ ဒါကြောင့် ကျွန်တော်က ဒီလမ်းကြောင်းတွေအတွက် ပြီးခဲ့တဲ့တစ်ပတ်က စောင့်ကြည့်ကင်မရာ မှတ်တမ်းအားလုံးကို ဆွဲထုတ်ပြီး အမျိုးသားစီးနင်းသူတွေကို အဓိကထားပြီး ရှာခဲ့တယ်၊ ဒါတွေပါပဲ''


''တစ်ပတ်ပဲလား'' 


ငါ မေးလိုက်တယ်။


''အဲဒီထက် အနောက်ကိုတော့ ပိုမသွားတော့ဘူး၊ အဟောင်းတွေက ထပ်ရေးထားပြီးပြီ''


လီသာ့ထုံက သူ့မေးစေ့ကို ပွတ်ရင်း ပြောတယ်။ 


''ဒါပေမယ့် ပဉ္စမမြောက်အမှုက ခင်ဗျားပြောတဲ့ ဧရိယာနားမှာ ဖြစ်တာမလား ကျွန်တော်တို့က အလောင်းကို မဖော်ထုတ်နိုင်သေးဘူး၊ အချိန်ဇယားကို ထည့်တွက်ရင် ဒီအပတ်အတွင်းမှာပဲ ဖြစ်သင့်တယ်လေ၊ ဒါက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် ''


ငါ ခေါင်းငြိမ့်ပြီး မေးလိုက်တယ်။ 


''ဗီဒီယိုတွေကနေ စက်ဘီးက ဘယ်လောက်အသစ်လဲဆိုတာ ပြောနိုင်လား''


''‌ပြောနိုင်တယ်"


လီသာ့ထုံက ပြတ်ပြတ်သားသား ပြန်ဖြေတယ်။ သူက မောက်စ်ကို ဇူလိုင် ၆ ရက်နေ့က ဗီဒီယိုတစ်ခုဆီ ရွှေ့ပြီး အောက်ထောင့်ကို ထိုးပြတယ်။ 


''ဒီတစ်ခုပဲ ခင်ဗျားပြောတာနဲ့ ကိုက်တယ်...အသစ်နီးပါးပဲ''


ဇူလိုင် ၆ ရက်နေ့၊ ပဉ္စမမြောက်အမှုက သေဆုံးသူ သေဆုံးပြီးနောက် တစ်ရက်အကြာပေါ့။


မျက်နှာပြင်ပေါ်က စက်ဘီးစီးနေတဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း ငါ ပြောလိုက်တယ်။


''ဒီလူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ကင်မရာ မှတ်တမ်းအားလုံးမှာ ခြေရာခံ၊ မြန်မြန်လုပ်"


'' ဒီနောက်ဘက်မြင်ကွင်းသပ်သပ်နဲ့ပဲလား ''


( TN : ဗီဒီယိုထဲက နောက်ကျောပဲ မြင်ရတဲ့ လူကို ကြည့်ပြီး အဲလူအကြောင်း ရှာခိုင်းနေတာပါရှင် )


'' ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ''


'' ကန့်သတ်ထားတဲ့ စောင့်ကြည့်စနစ်နဲ့တောင် အမြန်ဆုံးဆို ဆယ်နာရီလောက်တော့ ကြာဦးမှာပဲ " 


လီသာ့ထုံက ထခုန်ရင်း ပြောတယ်။


''ကျွန်တော် နည်းပညာဌာနကို သွားပြီး ဗီဒီယိုတွေ ပြန်ကြည့်ဖို့ လူအများကြီးကို အကူအညီတောင်းလိုက်မယ်၊ စက်ဘီးစုံစမ်းစစ်ဆေးမှုကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မယ် ''


''အဖွဲ့မှူးလီ! နောက်မိသားစုတစ်စုက အလောင်းလာခွဲခြားဖို့ ရောက်နေပြီ! မှုခင်း‌ဆေးကျွမ်းကျင်သူ ထန်က ခင်ဗျားကို မြန်မြန်လာဖို့ ပြောတယ်၊ ဒီတစ်ခါ တကယ့်ဆွေမျိုးတွေတဲ့!''


အရမ်းများလွန်းနေပြီ။ အားလုံး တစ်ချိန်တည်း ဖြစ်ပျက်နေသလို ခံစားရတယ်။ ငါတိုးတိုးလေး ကျိန်‌ဆဲမိတယ်။


အလောင်းထားရာအခန်းထဲမှာ ဒီနေ့ရရှိခဲ့တဲ့ သဲလွန်စအားလုံးကို စဉ်းစားနေတုန်း သေဆုံးသူရဲ့ မိသားစုက နောက်ထပ် အံ့အားသင့်စရာ ကိစ္စတစ်ခု ထုတ်ဖော်လိုက်တယ်... ငါတို့ရဲ့ ပဉ္စမမြောက် သေဆုံးသူဟာ ငါ့ရဲ့ အတန်းဖော်ဟောင်း၊ ဝမ်ဟောက်လို့ နာမည်ရသူ ဖြစ်နေတယ်။


ဟုတ်တယ်၊ ပထမ‌နဲ့ ပဉ္စမမြောက် သေဆုံးသူတွေအပြင် ကျန်သုံးယောက်ကလည်း ငါ့ရဲ့ အတန်းဖော်ဟောင်းတွေပဲ။


ငါ စဉ်းစားဖို့ အချိန်မရှိခဲ့ဘူး။


အမျိုးသမီးအရာရှိနှစ်ယောက်ကို ခေါ်ပြီး သေဆုံးသူရဲ့ မိသားစုဆီက ထွက်ဆိုချက်ယူဖို့နဲ့ ပံ့ပိုးမှုပေးဖို့ ပြောလိုက်တယ်။ 


ပြီးတော့ သေဆုံးသူဖိုင်တွေ စုထားတဲ့ ပုံတစ်ခုကို ဆွဲယူပြီး အဲဒီတုန်းက မြို့နယ်ရုံးညွှန်ကြားရေးမှူး ချန်ရွှေဖုရဲ့ ရုံးခန်းကို သွားခဲ့တယ်။


ငါ ရောက်သွားတော့ ညွှန်ကြားရေးမှူးချန်ရဲ့ ပထမဆုံးမေးခွန်းက အမှုရဲ့ တိုးတက်မှုအကြောင်းပါပဲ။


ငါ ရိုးရိုးသားသား အစီရင်ခံပြီး ငါယူလာတဲ့ ပစ္စည်းတွေကို ပေးလိုက်တယ်။


'' သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အတည်ပြုပြီးပြီလား'' 


ညွှန်ကြားရေးမှူးချန်က မေးတယ်။


''ဟုတ်ကဲ့၊ သေဆုံးသူငါးဦးက ထျန်ယွင်၊ ကျောက်ရှင်း၊ စွမ်းယွီ၊ လင်ရှုန်းနဲ့ ဝမ်ဟောက်တို့ပါ၊ သူတို့ကြားက အကြီးဆုံး ဆက်စပ်မှုနဲ့ တူညီတဲ့အချက်ကတော့ သူတို့အားလုံး စုန်းပိုင်အထက်တန်းကျောင်းမှာ တက်ခဲ့ကြပြီး တစ်တန်းထဲမှာ ရှိခဲ့တာပါပဲ၊ သူတို့ မသေဆုံးခင်မှာတော့ ထျန်းရှင်း ကုန်ပစ္စည်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းမှာ အလုပ်လုပ်ခဲ့ကြပါတယ်၊ ပြီးတော့...'' 


ငါ လက်သီးဆုပ်လိုက်တယ်။


'' ညွှန်ကြားရေးမှူးချန်၊ ခင်ဗျားကို တစ်ခု ပြောပြစရာရှိတယ်၊ ကျွန်တော်ကလည်း သူတို့နဲ့ အတန်းဖော်ပါပဲ၊ ကျောင်းကို နှစ်တစ်ဝက်မှာ ပြောင်းခဲ့ပေမယ့် ဒီဆက်စပ်မှုအရ တရားခံ စဉ်းစားချက်အရပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စိတ်ခံစားမှုဆိုင်ရာ ပါဝင်ပတ်သက်မှုက အမှုကို ထိခိုက်နိုင်ချေအရပဲဖြစ်ဖြစ် ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်ဖို့ ကျွန်တော် မသင့်တော်တော့ပါဘူး ''


ညွှန်ကြားရေးမှူးချန်က ငါ့ကို ဆက်မပြောဖို့ သူ့လက်ကို မြှောက်ပြလိုက်တယ်။


သူ့ရဲ့ နက်ရှိုင်းတဲ့အသံနဲ့ ပြောလာတယ်။


'' အခုကတည်းက နောက်ဆုတ်နေပြီလား၊ ဒါကို သိတာ ကောင်းတယ်၊ ဒါပေမယ့် ပထမဆုံး အလောင်းပိုင်းဖျက်ခံရတာ ဖြစ်ပြီးကတည်းက မင်း ဖြေရှင်းဖို့ နေ့ရောညပါ ရုံးမှာ နေခဲ့တာ၊ လူတိုင်းလည်း မြင်ပါတယ်၊ စုံစမ်းစစ်ဆေးဖို့ ထွက်သွားတိုင်းလည်း တစ်ယောက်တည်း အလုပ်မလုပ်ခဲ့ဘူး၊ ရာဇဝတ်မှုကျူးလွန်ဖို့ မင်းမှာ အချိန်မရှိခဲ့ဘူး၊ မင်း ဘယ်လိုထင်လဲ၊ ငါက အလွန်အိုနေလို့ ရှင်းရှင်းလင်းလင်း မမြင်ရ၊ မကြားရတော့ဘူးလို့လား ဒါပေမယ့်လည်း ''


သူက ငါ့ကို သိမ်းငှက်လို စိုက်ကြည့်ပြီး မေးလာတယ်။


'' ကျောင်းတုန်းက သေဆုံးသူတွေထဲက လူတွေက တစ်ယောက်ယောက်နဲ့ ပဋိပက္ခဖြစ်ဖူးတာမျိုးကော မှတ်မိလား "


ငါ့လက်ဖဝါးတွေ ချွေးတွေပြန်နေပြီး မှတ်ဉာဏ်ထဲ ရှာပြီးနောက်မှာ ပြန်ဖြေလိုက်တယ်။ 


''မရှိပါဘူး၊ အနည်းဆုံး သူတို့နဲ့ အတူတူ အတန်းထဲမှာ ခြောက်လကြာနေခဲ့တုန်းကတော့ မရှိခဲ့ဘူး၊ ဒါပေမယ့် ကိုယ်ရေးကိုယ်တာကတော့ ကျွန်တော် မသိနိုင်ဘူး'' 


''မင်း သွားလို့ရပြီ၊ လောင်ခုံကို စုံစမ်းစစ်ဆေးမှု ဦးဆောင်ခိုင်းလိုက်မယ်၊ တခြားကိစ္စတွေရှိရင် နောက်မှ မင်းကို အကြောင်းကြားမယ် '' 


ညွှန်ကြားရေးမှူးချန်က ဆုံးဖြတ်လိုက်တယ်။


သူ့ရုံးခန်းတံခါးကို ပိတ်ပြီးနောက် အမျိုးသမီးအရာရှိဆီက ထွက်ဆိုချက်ကို ယူပြီး အမြန်ဖတ်ကြည့်လိုက်တော့ ထူးခြားတဲ့ ပြဿနာမတွေ့ရတာကြောင့် စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်ဖို့ နည်းပညာဌာနကို ပြန်သွားခဲ့တယ်။


လောင်ခုံက သဲလွန်စအသစ်တွေနဲ့ နောက်ထပ် အပ်ဒိတ်တွေ မပို့တော့ဘူး၊ ငါ ငါးနာရီနီးပါး ဆက်တိုက် ဗီဒီယိုတွေ ကြည့်နေခဲ့တယ်၊ မော်နီတာတွေရဲ့ အပြာရောင်အလင်းကြောင့် မျက်လုံးတွေ နာနေပြီ၊ စိတ်ပျက်အားငယ်နေပြီး စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို တစ်ခါတည်း ဆယ်နာရီလောက် အေးအေးဆေးဆေး ကြည့်နိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားမိတယ်။


" အဖွဲ့မှူးလီ၊ ဒီတစ်ခုကို ကြည့်ပါဦး၊ ဒီလူက တူလား'' 


နည်းပညာအထူးကျွမ်းကျင်သူတစ်ဦးက ငါ့ကို လှမ်းခေါ်လိုက်တယ်။


ငါ လှည့်ပြီး စောင်းကြည့်လိုက်တယ်။


မျက်နှာပြင်ပေါ်က စောင့်ကြည့်ကင်မရာ ဗီဒီယိုမှာ ဇူလိုင် ၇ ရက်နေ့ နံနက် ၆:၃၀ လို့ အချိန်မှတ်ထားတယ်။ သေဆုံးသူ သေဆုံးပြီးနောက် တတိယမြောက်နေ့ပေါ့။


အဲဒီနေ့က လပြက္ခဒိန်အရ ချီးရှီးပွဲတော်နေ့လည်း ဖြစ်တယ်လို့ ငါ မှတ်မိတယ်။


သူက အရပ်ရှည်ပြီး ပိန်တဲ့လူတစ်ယောက်။ သူ စက်ဘီးမစီးထားပေမယ့် ဗီဒီယိုနှစ်ခုကို နှိုင်းယှဉ်ကြည့်တော့ သူက အဝတ်အစား မတူတာကလွဲရင် သူ့ခန္ဓာကိုယ်ပုံစံ၊ နောက်ကျောဘက်ပုံစံနဲ့ သူစီးထားတဲ့ အနက်ရောင်ဖိနပ်တွေက ဇူလိုင် ၆ ရက်နေ့ ဗီဒီယိုက သံသယရှိသူနဲ့ တော်တော်လေး ဆင်တူနေတယ်။


ငါ နည်းပညာရှင်ကို ချဲ့ကြည့်ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမှုတွေကို အာရုံစိုက်ခိုင်းတယ်။ အစပိုင်းမှာ သူ လမ်းလျှောက်တာ ပုံမှန်ပဲ။ ဒါပေမယ့် ခဏအကြာမှာတော့ သူ့ခြေလှမ်းတွေက ထူးဆန်းလာတယ်။


ပြီးတော့ နည်းပညာရှင်ကို ဗီဒီယိုကို မူရင်းအရွယ်အစားအတိုင်း ပြန်ဖွင့်ခိုင်းတယ်။ ဘောပင်ထည့်တဲ့ခွက်ထဲက ဘောပင်တစ်ချောင်းကို ယူပြီး မျက်နှာပြင်ကို ထိုးပြရင်း 


''သူက ဗီဒီယိုအစမှာ ဒီဓာတ်တိုင်ကနေ ဗီဒီယိုအဆုံးမှာ ဒုတိယဓာတ်တိုင်အထိ လမ်းလျှောက်သွားတယ်၊ ပုံမှန်အားဖြင့် ဓာတ်တိုင်တွေကြားက အကွာအဝေးက သတ်မှတ်ထားတာဖြစ်ပြီး ဟွာယွင်မြို့မှာတော့ မီတာ ၅၀ ရှိတယ် ''


'' ဟုတ်တယ်၊ အဲတာ ဘာဖြစ်လို့လဲ အဖွဲ့မှူးလီ ''


ငါ ရေတွက်ကြည့်လိုက်တယ်။ 


'' အဲဒီအကွာအဝေးကို လျှောက်ဖို့ သူ ၅၆ လှမ်း လှမ်းတယ်၊ ဒါက သူ့ရဲ့ ပျမ်းမျှခြေလှမ်းအရှည်က ၉၀ စင်တီမီတာလောက်ရှိတယ်၊ ဒါက တော်တော်ရှည်တယ် ''


ငါက နေ့လယ်ပိုင်းက မှုခင်းဖြစ်ပွားရာနေရာကို ပြန်လည်စစ်ဆေးခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်တယ်။ အဲဒီပုံမှာ ခေါက်ပေတံဘေးမှာ ခြေရာတွေနဲ့ ငါ ကားနဲ့ ပြန်လာတုန်းက ရေးဆွဲခဲ့တဲ့ လမ်းလျှောက်ပုံစံ ပုံကြမ်းကို ပြသထားတယ်။


နည်းပညာရှင်က ရှုပ်ထွေးနေပုံရပြီး မေးတယ်။


" ဓာတ်ပုံထဲက ခြေရာပုံစံအရ သံသယရှိသူရဲ့ ခြေလှမ်းအရှည်ကလည်း ၉၀ စင်တီမီတာလောက်ပဲ၊ ခင်ဗျားပြောချင်တာက ဗီဒီယိုထဲကလူနဲ့ အလောင်းစွန့်ပစ်တဲ့လူက တစ်ယောက်တည်းလား '' 


''ဒါတင်မကသေးဘူး'' 


ငါ ပြန်ဖွင့်ခလုတ်ကို နှိပ်လိုက်တယ်။ 


'' ကြည့်၊ သူ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက ချောမွေ့ပြီး သဘာဝကျတယ်၊ သူ့လက်တွေက လွတ်လွတ်လပ်လပ် လွှဲနေတယ်၊ သူ့ခြေလှမ်းက ငြိမ်တယ်၊ ဒါက ဒီအပိုင်းကို လမ်းလျှောက်နေချိန်မှာ သူ့ရဲ့ စိတ်အခြေအနေက ငြိမ်သက်နေတယ်လို့ ဆိုလိုတာ ''


ငါ ပြောနေရင်း ဓာတ်ပုံတွေကို ကြည့်ဖို့ သူ့ကို လက်ဟန်ပြလိုက်တယ်။


'' ခြေရာတွေထဲက သံသယရှိသူရဲ့ ခြေလှမ်းက မပြောင်းလဲဘူး၊ ပွတ်တိုက်ရာတွေလည်း ရှိတယ်၊ ဒါက အလောင်းကို စွန့်ပစ်နေချိန်မှာ သူ ကြောက်နေတာ မဟုတ်ဘူးလို့ ဆိုလိုတယ်၊ တကယ်တော့ သူက အေးအေးဆေးဆေးပဲ၊ ပုံမှန်အတိုင်း လမ်းလျှောက်နေတယ်၊ ရင်ဘတ်ကော့ပြီး လမ်းလျှောက်နေတယ်၊ ဗီဒီယိုမှာ ငါတို့ မြင်ရတာနဲ့ အတူတူပဲ ''


သူက သိပ်နားမလည်တာကို မြင်တော့ ငါ ရှင်းပြလိုက်တယ်။


" ဗီဒီယိုထဲက ခြေလှမ်းပုံစံက ငါတို့ ခေါ်တဲ့ မျဉ်းဖြောင့်ခြေလှမ်း၊ ဒါက ဓာတ်ပုံထဲက ခြေရာတွေနဲ့ ဆင်တူတယ်၊ ခြေလှမ်းအရှည်က ရှည်တယ်၊ ခြေလှမ်းအကျယ်က အလယ်အလတ်ရှိပြီး ခြေလှမ်းထောင့်က ဖြောင့်တန်းနေတယ်၊ ပွတ်တိုက်ရာ ဒါမှမဟုတ် မြှောက်တင်တဲ့ အမှတ်အသားတွေလည်း ပါလာတယ်၊ ဒီလို စနစ်ကျပြီး တက်ကြွတဲ့ လမ်းလျှောက်ပုံက အများအားဖြင့် လူငယ် ဒါမှမဟုတ် အလယ်အလတ်အရွယ် အမျိုးသားတွေမှာ တွေ့ရတတ်တယ်၊ ဒါက အလောင်းစွန့်ပစ်ရာနေရာက ခြေရာတွေကနေ ရတဲ့ သံသယရှိသူရဲ့ ခန့်မှန်းအသက်နဲ့ ကိုက်တယ်၊ ပုံမှန်လမ်းလျှောက်တဲ့ အခြေအနေမှာ ခြေလှမ်းအရှည်၊ အကျယ်နဲ့ ထောင့်တွေက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရှိတယ်၊ ဥပမာ အမျိုးသားနဲ့ အမျိုးသမီးကြား ကွာခြားချက်တွေလိုမျိုးပေါ့၊ ဒါပေမယ့် တစ်ချိန်တည်းမှာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေက သူတို့ရဲ့ လမ်းလျှောက်ခြေလှမ်းနဲ့ ပုံစံကို သက်ရောက်နိုင်တယ်၊ တစ်ယောက်ယောက် စိတ်လှုပ်ရှားနေတဲ့အခါ သူတို့ရဲ့ လမ်းလျှောက်နှုန်းက နှေးသွားပြီး ဒါက သူတို့ရဲ့ ခြေရာတွေမှာ ခြေလှမ်းတိုသွားတာ၊ ခြေလှမ်းအကျယ် ပိုကျယ်လာတာနဲ့ ခြေလှမ်းထောင့် ပိုသေးလာတာတို့လိုမျိုး ပေါ်နိုင်တယ် ''


ငါ ကီးဘုတ်ကို နောက်တစ်ခါ ခေါက်ပြီး ဗီဒီယိုကို အဆုံးနားကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။


'' သူ့ရဲ့ ခြေလှမ်းက တစ်လျှောက်လုံး တစ်သမတ်တည်းပဲ၊ တိတိကျကျ မတူပေမယ့် ပုံမှန်တော့ ရှိတယ်၊ ဒါပေမဲ့ ဒီမှာ ကြည့်၊ သူ့လက်တွေက သူ့ဘေးမှာ တင်းတင်းကြပ်ကြပ် ကပ်ထားပြီး တစ်ခါတလေ လှုပ်ရှားမှုတွေ နည်းနည်း ရှိတယ်၊ ခြေလှမ်းတိုင်းက သိသိသာသာကို တိုလာတယ်၊ ဒါက စိတ်လှုပ်ရှားမှုရဲ့ လက္ခဏာပဲ၊ ဗီဒီယိုရဲ့ နောက်ဆုံး စက္ကန့်အနည်းငယ်မှာ သူ ရပ်သွားပြီး ဆက်မလျှောက်တော့ဘူး၊ ဒီနေရာက ဘယ်နေရာလဲဆိုတာ ဗီဒီယိုကနေ ပြောနိုင်လား ''


နည်းပညာအထူးကျွမ်းကျင်သူက ကြက်တစ်ကောင် ခေါင်းညိတ်သလို ညိတ်လာတယ်။ 


သူက မြို့မြေပုံဆော့ဖ်ဝဲကို ဖွင့်ပြီး


" ခင်ဗျား မလာခင် ကျွန်တော် ကြည့်ပြီးသား၊ သူ ဝမ်ကျားဖူ စူပါမားကတ် လို့ခေါ်တဲ့ ‌နည်းနည်းသေးတဲ့ ကုန်စုံဆိုင်ရှေ့မှာ ရပ်ခဲ့တာ၊ အဲဒီမှာ လုံခြုံရေးကင်မရာတွေ ရှိသင့်တယ်၊ လိပ်စာက ဖျင်ရှန်းမြို့၊ ချင်းယွင်လမ်း အမှတ် ၄၃ ပါ ''


'' ကောင်းပြီ၊ အခု သွားတော့မယ် ''


'' ခဏလေး အဖွဲ့မှူးလီ! '' 


နည်းပညာအထူးကျွမ်းကျင်သူက သူ့မျက်နှာကို ပွတ်လိုက်တယ်။


'' မနက် ၁ နာရီ နီးပါးရှိနေပြီလေ စူပါမားကတ်က ညသန်းခေါင်မှာ ပိတ်တယ်၊ မနက်မှ သွားတာ ပိုကောင်းမယ် မထင်ဘူးလား ''


ငါ နံရံနာရီကို ကြည့်လိုက်တယ်။


တကယ်ကို မနက် ၁ နာရီ ရောက်ဖို့ မိနစ်နည်းနည်းပဲ လိုတော့တာပဲ။ မတတ်သာဘဲ စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ 


သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးပြီး သူ့စားပွဲပေါ် တင်ပေးလိုက်တယ်။


'' မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ငါ စုဆောင်းထားတဲ့ သဲလွန်စတွေကို စီစဉ်လိုက်ဦးမယ်၊ မင်းတို့ အနားယူနိုင်ရင် နားလိုက်ကြပါ ''


ငါ အပြင်ထွက်လိုက်တာနဲ့ လောင်ခုံက ချွေးတွေ ရွှဲရွှဲစိုရင်း မျက်နှာက ငရုတ်သီးမှုန့်လို နီရဲ‌နေပြီး ငါ့ဆီ လျှောက်လာပြီး အသက်ရှူရပ်တော့မလိုပုံစံနဲ့ လက်လှမ်းပြတယ်။


ငါ အမြန်လျှောက်သွားပြီး ငါ ခုနကပဲ ဖြည့်ထားတဲ့ ရေခွက်ကို သူ့ကို ပေးလိုက်တယ်။ သူက တစ်ငုံတည်း ကုန်အောင် သောက်လိုက်တယ်။


တစ်စက်မှကို မကျန်ဘူး။


''အဖွဲ့မှူးလီ'' 


လောင်ခုံက ရေကို မနည်း မြိုချလိုက်တယ်။ 


'' ဘာမှ မတွေ့ဘူး၊ ကျွန်တော်တို့ မစစ်ဆေးရသေးတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ရပ်ကွက်နှစ်ခု ကျန်သေးတယ်၊ အချိန် နောက်ကျနေပြီး ဝန်ထမ်းတွေလည်း အိမ်ပြန်သွားပြီဆိုတော့ ကျွန်တော်တို့ ပြန်လာခဲ့တာ မနက်ဖြန် မနက်စောစော ပြန်ထွက်မယ် ''


''နောက်ပြီး ပြန်လာတဲ့လမ်းမှာ လီသာ့ထုံနဲ့ ဆုံတယ်၊ သူပြောတာက ခင်ဗျား ပေးထားတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့သူ ဘယ်ဆိုင်မှာမှ မတွေ့ဘူးတဲ့၊ ပျောက်နေတဲ့ စက်ဘီးအစီရင်ခံစာတွေထဲမှာလည်း မော်ဒယ်နဲ့ ကိုက်ညီတာ မရှိဘူး၊ ဒါမှမဟုတ် ပြန်ရပြီးသားတွေချည်းပဲတဲ့၊ ဒါပေမယ့် တချို့လူတွေက သတင်းမပို့တာလည်း ဖြစ်နိုင်တယ်၊ ရှာဖွေမှုဧရိယာကို ချဲ့သင့်လား ''


'' အခုတော့ မလိုအပ်သေးဘူး၊ သူတို့ကို အရင်နားခိုင်းလိုက်ပါဦး ''


ငါ စိတ်ပျက်‌နေတာကို ဝန်ခံလို့မရဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျအောင် ထိန်းထားဖို့လည်း အရေးကြီးသေးတယ်။ 


ငါ အမြန်ပြန်ပြေးပြီး လောင်ခုံအတွက် ရေနွေးခွက်ကို ပြန်ဖြည့်ပေးပြီး သူ့ကို ပေးလိုက်တယ်။


" မင်းတို့ အားလုံး ကြိုးစားခဲ့ကြတယ်၊ နားပြီး မနက်ဖြန် ဆက်လုပ်ကြမယ် ''


လောင်ခုံက ရေခွက်ရဲ့ အများစုကို တစ်ငုံတည်း ကုန်အောင် သောက်ပြီး လက်ဝှေ့ယမ်းလိုက်တယ်။ 


'' ဘာကြိုးစားအားထုတ်မှုလဲ၊ ကျွန်တော်တို့ ခုမှ အစပဲ ရှိသေးတာ! ''


လောင်ခုံရဲ့ ပွင့်လင်းမှုက ငါကို ကူးစက်စေခဲ့ပြီး စိတ်အေးလက်အေးဖြစ်သွားတာနဲ့ မေးလိုက်တယ်။


'' ညွှန်ကြားရေးမှူးချန်က မင်းကို တစ်ခုခုပြောသေးလား ''


''ဟင် '' 


လောင်ခုံရဲ့ အသံက ရုတ်တရက် ကျသွားတယ်။ 


'' ဘာအကြီးအကျယ် ဖြစ်ပြန်ပြီလဲ ''


ငါ ခဏစဉ်းစားပြီး အခြေအနေကို သေးငယ်အောင် လျှော့ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ 


'' မဟုတ်ဘူး၊ ငါ စဉ်းစားလွန်သွားတာ ဖြစ်မယ်၊ မင်း သွားနားသင့်တယ် ''


ငါ ပြောလို့ မပြီးသေးခင် ဖုန်းမြည်လာတယ်။ ညွှန်ကြားရေးမှူးချန် ဖုန်းခေါ်နေတာကို မြင်တော့ ငါ ကောက်ကိုင်လိုက်တယ်။ ဖုန်းကိုင်ပြီး စကားနည်းနည်းပဲ ပြောရသေးတယ်၊ လောင်ခုံက သူ့ဘာသာ ထွက်သွားနှင့်ပြီ။


ဖုန်းထဲက စကားဝိုင်းရဲ့ အသေးစိတ်အချက်အလက်တွေက ဝေ‌ဝါးနေတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့ အချက်တစ်ခုကတော့ ညွှန်ကြားရေးမှူးချန်က ဒီအလောင်းပိုင်းဖြတ်ခံရမှုဖြစ်စဉ်ကို လုံးဝဖြေရှင်းပြီးတဲ့အထိ ငါ့ကိုပဲ ဦးဆောင်ခိုင်းခဲ့တာပဲ။


~~~