Ch4 - မင်း လိမ်နေတာပဲ
Viewers 699

ငါ ချန်မီရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စူးစမ်းချင်စိတ်မရှိတဲ့အတွက် အမှုအကြောင်း ပြောရင်း စကားလမ်းကြောင်းကို ပြန်ထိန်းလိုက်တယ်။


"မင်းရဲ့ သားကောင်တွေကို ရွေးတဲ့ သတ်မှတ်ချက်တွေက ဘာလဲ"


တုံ့ဆိုင်းမနေဘဲ ချန်မီ ပြန်ဖြေခဲ့တယ်။


"ဘာစံနှုန်းမှ မရှိဘူး၊ ဒီအတိုင်း သတ်ချင်လာလို့"


ငါသွားကြိတ်လိုက်ပီး အသက်ပြင်းပြင်းတွေ ရှုလိုက်ရတယ်။


"မင်း မလုပ်ခင် ကြိုတင်ပြင်ဆင်တာတွေကကော ဘာလဲ"


ချန်မီ ခေါင်းကို ထပ်ခါလိုက်တယ်။


"ဒီအတိုင်း စောင့်ကြည့်ကင်မရာတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ရုံပါပဲ"


"မင်း!"


ငါ့ရင်ဘတ်ကြီး ဆက်တိုက် တင်းလာပြီး ဆဲမိတော့မယ့်အထိပဲ။


"ပြစ်မှုကျူးလွန်တဲ့ အဖြစ်အပျက်အကြောင်းကို အတိအကျပြော"


ချန်မီ ကြည့်ရတာ အတွေးနက်နေပုံရတယ်။ မိနစ်နှစ်ဆယ်လောက် အချိန်ယူပြီးတဲ့နောက်တော့ သူဖြည်းဖြည်းချင်း စပြောလာတယ်။


"ပထမက သူတို့ကို ဆေးရုံကဆေးတွေကို ရှူသွင်းစေဖို့ပဲ စီစဉ်ထားခဲ့တာ... ငါက သူတို့ကို မေ့သွားစေချင်ခဲ့တာ ပြီးတော့ ငါလုပ်ချင်တာ လုပ်မှာလေ၊ ဒါပေမယ့် ငါ ဆေးပမာဏကို မချိန်နိုင်ခဲ့ဘူး၊ လူကလည်း လှုပ်နေတာ ရပ်သွားတယ်လေ၊ ငါသေသွားတဲ့လူနဲ့ ဟိုလိုကိစ္စတွေ မလုပ်နိုင်ဘူးလေ၊ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"


"အဲတာကို အီသာလို့ ခေါ်တယ်"


ငါ ဒေါသတကြီးနဲ့ ပြောလိုက်တယ်။


"မင်းဘာလို့ ခန္ဓာတွေကို အပိုင်းပိုင်းဖြတ်ခဲ့တာလဲ၊ အဲတာ သေတဲ့လူကို လေးစားမှုမရှိတဲ့လုပ်ရပ်ဆိုတာကို မသိဘူးလား"


ချန်မီ လျှာကို သပ်လိုက်ပြီး


"မင်းတို့ ငါ့ကို လာရှာမှာကို ကြောက်လို့ ငါလည်း..."


 "မင်း သူတို့ကို ဖြတ်ဖို့ ဘာကိုသုံးခဲ့တာလဲ"


"မီးဖိုချောင်သုံးဓား၊ အသစ်"


ချန်မီ ဝန်ခံလာတယ်။


"ဒါပေမယ့် သိပ်တော့‌ မကောင်းဘူး၊ ငါ ပထမတစ်ပိုင်းကို ဖြတ်ပြီးတော့မယ့်အချိန်မှာပဲ ဓားသွားက ပဲ့သွားကော"


"မင်း အဲလိုတွေ လုပ်နေခဲ့တုန်းက မကြောက်ဘူးလား၊ မင်း နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုကော မတွေးဘူးလား၊ မင်း အဲတာတွေကို ဂရုမစိုက်ရင်တောင် အဲလိုတွေ လုပ်တာအတွက် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲကိုကော မစဉ်းစားမိဘူးလား"


ငါ့ဘေးက အရာရှိက ငါ့ကို မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်လာတယ်။ ငါ့ရဲ့ ဒေါသထွက်နေတဲ့ လေသံက သူ့ကို လန့်သွားစေတာကြောင့် ဖြစ်မယ်။


ချန်မီ ငါ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေတယ်။


"မင်းသိပါတယ် အရာရှိ၊ ငါ့လို လူတွေက အဆင့်အတန်းဆိုတာ မရှိဘူး... ငါသူတို့ကို မီးဖိုချောင်သုံးဓားအသစ်လေးနဲ့ ထိုးနေတုန်းမှာ ရွံတယ်ဆိုတာလည်းမရှိဘူး၊ အော်တာတွေ ငြင်းတာတွေလည်း မရှိဘူး၊ ဒီအတိုင်း တိတ်တိတ်လေး လှဲနေကြတာ၊ တိတ်ဆိတ်လွန်းလို့ အစစ်အမှန်မဟုတ်ဘူးလို့တောင် ခံစားရတယ်"


"အရမ်းတိတ်ဆိတ်လွန်းတယ်"


သူ့လက်တွေက တုန်နေတယ်။


"ဒါပေါ့ ငါကြောက်နေခဲ့တာ.... အခုလေးတင် နွေးပြီး ရှင်နေခဲ့တဲ့ လူက နောက်ခဏနေတော့ အေးစက်ပြီး သေနေပြီ.... ငါက အရူးမဟုတ်ဘူး စိတ္တဇလူသတ်မား‌လည်း မဟုတ်ဘူး ငါလည်း လူပါပဲ၊ ငါ သူလှုပ်နေတာ ရပ်သွားတော့ ကြောက်နေခဲ့တာ... မင်းတို့ ငါ့ကို ဒီခန္ဓာကနေ ရှာတွေ့သွားမှာကိုလည်း ကြောက်တယ်... ဒါပေမယ့် ငါဘယ်လောက်ပဲ ကြောက်နေပါစေ ငါဆက်လုပ်မှရမှာ...."


"မင်းနောင်တရလား"


ငါသူ့ကို မေးလိုက်တယ်။


ချန်မီ အမှန်တကယ် စဉ်းစားနေသလိုမျိုး သူ့မျက်ခွံတွေက လှုပ်သွားတယ်။


"အင်း ငါနောင်တရတယ်"


ဖြေပြီးတဲ့နောက်မှာ ချန်မီ ငါးကြိမ်ထက်မနည်း သမ်းဝေလာတယ်။ ငါ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ၃ နာရီတောင် ရောက်နေမှန်း သိလိုက်ရတယ်။ သူ အရမ်းပင်ပန်းနေပုံပေါက်တာ မထူးဆန်းတော့ပါဘူး။ ငါရပ်ပြီး အိတ်ကပ်ထဲက ဖွင့်လက်စ ဆေးလိပ်ဗူးကို ထုတ်လိုက်ရင်း သူ့ဆီကို လျှောက်သွားလိုက်တယ်။ 


"တစ်ခုလိုချင်လား"


ချန်မီ ဆေးလိပ်ကို ကြည့်ပြီး ငါ့ကို ပြန်ကြည့်လာတယ်။ ပြီးတော့ ရုတ်တရက် ထရယ်လိုက်တယ်လေ။ သူ ငါ့လက်ထဲက ဆေးလိပ်ကို ပေါ့ပေါ့ပါးပါး လှမ်းယူလိုက်ပြီး သူ့နှုတ်ခမ်းတွေကြားထဲမှာ ဖိထားလိုက်တယ်။ ငါသူ ဝေဝေဝါးဝါး ပြောနေတာကို ကြားလိုက်ရတယ်။


"မင်းငါ့ကို မီးညှိပေးလို့ရမလား အရာရှိ"


မငြင်းခဲ့ပါဘူး၊ ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုပဲကို။


မီးခိုးတွေက ငါတို့ကြားက လေဟာနယ်မှာ ပြည့်သွားတယ်။ အငွေ့တွေ အပေါ်တက်‌ပြီး ပွားနေတာက စစ်ကြောရေးခန်းတစ်ခုလုံးကို ပြည့်သွားတဲ့အထိပဲ။ ငါ့ထိုင်ခုံကို ပြန်ရောက်တဲ့အချိန်မှာ ‌မီးခိုးတွေက ပြန့်ကျဲစပြုလာတာက မြူခိုးတွေက နောက်ဆုံးတော့ ရှင်းလင်းသွားပြီး အမှန်တရားကို အလင်းပေးလိုက်သလိုမျိုးပဲ။


"နန်ယန်ဟုန်ရွှမ်းရှီ*လား ပစ္စည်းကောင်းတစ်ခုပဲ၊ တစ်ထုပ်ကို သုံးယွမ်နဲ့ ငါးဆယ်ဖန်း ရှိတယ်"


( TN - ဆေးလိပ်ဗူးရဲ့ ဘရန်း နာမည်ပါ / ယွမ်နဲ့ ဖန်းဆိုတာ ကျပ်နဲ့ပြားလိုပါပဲ၊ 3.5 ယွမ်လို့ ပြောတာပါရှင် )


ချန်မီ ပြောနေတယ်။


"အရာရှိ၊ ငါ ပုံမှန်ဆို ဘယ်‌ဆေးလိပ်မျိုးကို သောက်လဲ သိလား"


ငါ ဘာမှမပြောဘဲ ခေါင်းခါလိုက်တယ်။


"ဆေးပေါ့လိပ်"


သူ့မျက်လုံးတွေက နည်းနည်းလှုပ်သွားတယ်။


"တကယ့်ကို ဆင်းရဲတာပဲ... လွှင့်ပစ်ခံထားရတဲ့ စာရွက်အပိုင်းအစတွေကို သုံးပြီး ဆေးရွက်တွေကို ကြိတ်ပြီး ထည့်လိပ်ရတယ်၊ အဲတာကို လိပ်ပြီး ကပ်နေစေဖို့ကလည်း တံတွေးကို သုံးရသေးတယ်၊ ဒါပေမယ့် အနည်းဆုံးတော့ လုပ်လို့ရသေးတာပဲ ဟုတ်တယ်မလား"


ငါမေးလိုက်တယ်။


"မင်း ဖြတ်ဖို့ စဉ်းစားဖူးလား"


"သေချာပေါက် ငါစဉ်းစားဖူးတာပေါ့" 


ချန်မီ ပြန်ဖြေတယ်။


"အရာရှိ ငါမင်းကို မလိမ်ဘူး၊ ငါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ‌ဖြတ်ဖို့ ကြိုးစားခဲ့‌တယ်၊ ဒါပေမယ့် ဘဝက သေလောက်အောင် ခက်ခဲလွန်းတယ်၊ တစ်ခါတလေ တစ်ခုခုက မင်းရင်ဘတ်ထဲမှာ တင်းကျပ်နေသလို ခံစားနေရရင် မင်း တစ်ခုခုလုပ်ဖို့ လိုတယ်လေ၊ ဆေးလိပ်သောက်တာပဲဖြစ်ဖြစ်ပေါ့"


"ဒါပေမယ့် မင်းမှာ အလုပ်အတည်တကျ မရှိဘူးလား"


ငါမေးလိုက်တယ်။


သူ့မျက်နှာက နီသွားတယ်။


"ငါစုထားတာ....ငါ့ညီလေးအတွက်"


ငါ ဘယ်လိုပြန်ဖြေရမလဲ မသိတာမလို့ ဒီအတိုင်းလေး ငြိမ်နေခဲ့တယ်။


"ငါ့လစာက အရမ်းကျပ်တည်းနေပေမယ့် ငါ့တစ်ယောက်စာ ကုန်ကျစရိတ်အတွက်တော့ လောက်ပါတယ်၊ ဒါပေမယ့် ငါ သူ့အတွက် တစ်ခုခုလုပ်‌ပေးဖို့ စုထားချင်တာ၊ သူက ငါ့ထက် ငါးနှစ်ငယ်တယ်၊ အဲတော့ သူ့အစ်ကိုကြီးအနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားရမယ်လေ"


ချန်မီ ပြုံးလာပြီး သူ့ရဲ့ ဖြူဖွေးနေတဲ့ သွားတွေက တန်းစီပေါ်လာတယ်။


"အမှန်တော့....အမှန်တော့ ငါဒီ ဆေးလိပ်တွေ သောက်ဖူးတယ်....တစ်ခုစီ‌"


"ငါ့ကို အဲ‌အကြောင်းပြောပြ"


ငါပြောလိုက်တယ်။


"အဲတာက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက၊ ငါ့ညီလေးက ငါအလုပ်လုပ်နေတဲ့ ဆိုင်ကို ခေါ်ပြီး ငါဆီကို ရက်နည်းနည်းလောက် လာလည်မယ်ဆိုပြီး ပြော‌တယ်လေ၊ ငါ ဘယ်လိုနေလဲဆိုတာကို သူ့ကို စိတ်မပူစေချင်ဘူး၊ အဲတာနဲ့ ငါလည်း ရှုံရှီး ဆေးလိပ်တစ်ဗူးကို ဝယ်လိုက်တယ်၊ ဆိုင်မှာရှိတဲ့ ဈေးအပေါဆုံးတစ်ခုပေါ့၊ အဲတာက နှစ်ယွမ်လေ၊ ငါ အံကြိတ်ပြီးတော့ကို ဝယ်ခဲ့ရတာ၊ သူ ငါ့ကို လာတွေ့တဲ့အချိန်မှာ ပထမဆုံး သောက်ခဲ့တာပဲ၊ မီးခိုးက အရမ်းပြင်းလွန်းလို့ ငါချောင်းတွေ ဆိုးခဲ့တာ၊ ငါ့ညီလေးက ငါ့ကို ရယ်ပြီး ဗူးထဲက တစ်လိပ်ကိုတောင် သြသောက်ကြည့်ဖို့ ယူသွားသေးတယ်၊ ဆေးလိပ်တွေက မကောင်းဘူးလို့ ပြောပြီး ပိုကောင်းတာ ဝယ်ပေးမယ်လို့ ငါ့ကို ကတိပေးခဲ့တယ်"


"အဲတော့ သူဝယ်ပေးလား" 


"အင်း သူဝယ်ပေးတယ်"


ချန်မီ သူ့လက်ထဲ လောင်ကျွမ်းနေတဲ့ ဆေးလိပ်ကို‌ တွေတွေဝေဝေ စိုက်ကြည့်နေတယ်။ 


"သူငါ့ကို နန်ယန်ဟုန်ရွှမ်းရှီတစ်ဗူးလည်း ဝယ်ပေးသေးတယ်"


ငါ ချန်မီ ဘယ်လောက်တောင် ငွေကြေးကြပ်တည်းနေခဲ့လဲ ဆိုတာကို သိသွားပြီး လန့်သွားခဲ့တယ်။ ငါ့ကိုယ်ထဲက တစ်ခုခုက တင်းကျပ်လာသလို ခံစားရတယ်။


"မင်း အဲဒီဗူးကို မသောက်ချင်ခဲ့ဘူးမလား"


သူ ခေါင်းညိတ်လိုက်တယ်။


"ငါသိမ်းထားခဲ့တာ၊ ငါထင်တာက....ငါထင်တာက ငါသူ့ကို မြို့ကြီးမှာ သွားတွေ့တဲ့အချိန် အဲတာကို သောက်ရင် သူ့ကို အရှက်မရစေဘူးလို့လေ"


"မင်းသွားခဲ့လား"


ငါမေးလိုက်တယ်။


ချန်မီ အကြာကြီး ငြိမ်ကျသွားပြီးမှ ‌ပြန်ဖြေလာတယ်။


"မင်းအဖြေကို သိပါတယ် အရာရှိ...ငါဘယ်မှ မသွားနိုင်ဘူး"


"မင်းအိမ်က ဘယ်မှာလဲ" 


ငါမေးလိုက်တယ်။


"ငါဆိုလိုတာကို မင်းသိပါတယ်"


"အဲတော့ မင်းတကယ် ရှာကြည့်ထားတာပဲ"


ငါ့ကို ဒါမှမဟုတ် သူ့ကိုယ်သူ လှောင်ပြောင်နေသလိုမျိုး တိတ်တိတ်လေး ရယ်လိုက်တယ်။


"ရှီးရုန်မြို့ ထုံရွှယ်ရွာက အရှေ့ဘက်ခြမ်းမှာပဲ ပြတင်းပေါက်ရှိတဲ့ အိမ်"


အံ့ဩစရာ မရှိခဲ့ဘူး။


ငါတို့ ဘယ်လောက်ပဲ ကြိုးစားရှာရှာ ချန်မီကို မတွေ့ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။


အစောပိုင်းနှစ်တွေတုန်းက ထုံရွှယ်ရွာက အရမ်းဆင်းရဲလာတာကြောင့် လူငယ်တွေက တခြားမြို့တွေမှာ အလုပ်လုပ်ဖို့ ထွက်သွားကြတယ်။ ကျန်နေတဲ့ လူတွေနဲ့ လူ‌ကြီးပိုင်းတွေက လူကုန်ကူးမှုတွေမှာ ပါဝင်လာကြတယ်။ ဖော်ထုတ်ခံရတဲ့ အချိန်မှာ တစ်ရွာလုံးနီးပါး အဖမ်းခံခဲ့ရတယ်။ ကျန်နေတဲ့ တချို့က သူတို့ ကလေးတွေ အလုပ်လုပ်တဲ့ မြို့တွေကို လိုက်သွားကြပြီး တချို့ကတော့ ရွာထဲ‌မှာ နေရင်း သေမှာကို စောင့်‌နေခဲ့ကြတယ်။


‌အဆုံးမှာတော့ ထုံရွှယ်ရွာက လူနည်းနည်းပဲ ရှိပြီး တစ္ဆေရွာအဖြစ် လူသိများလာတယ်။


ဒါကလည်း ငါတို့ရဲ့ အမှားတစ်ခုပဲ။ အရင်တုန်းက ငါတို့က ချန်မီက အဝေးတစ်နေရာကို ထွက်ပြေးသွားပြီး ထုံရွှယ်ရွာကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာ။


ငါအများကြီး ထပ်မမေးတော့ဘဲ လှည့်ပြီး ဘေးက အရာရှိကို ညွှန်ကြားလိုက်တယ်။


"လူနည်းနည်းခေါ်ပြီး ချန်မီရဲ့ အိမ်ကို ရှာလိုက်၊ သူက အစွဲအလမ်းကြီးတယ်၊ အလောင်းတွေရဲ့ ပျောက်နေတဲ့ ခေါင်းနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေက သူ့အိမ်မှာ ဖွက်ထားလောက်တယ်၊ နံရံတွေကိုလည်း သေချာစစ်၊ လိုအပ်ရင် ဖြိုလိုက်"


အရာရှိက လက်ခံလိုက်ပြီးမှ မေးလာတယ်။


"ဘာလို့ နံရံတွေလဲ"


"ဒေသခံ ဓလေ့ဟောင်းတစ်ခုပဲ"


ငါ သူ့ ပခုံးကို ပုတ်လိုက်တယ်။


"အရင်ဆုံး တခြားနေရာတွေကို အရင်စစ်"


ဆေးလိပ်က အဆုံးထိနီးပါး လောင်ကျွမ်းနေပေမယ့် ချန်မီက မလွှတ်လိုက်ဘဲ အဲတာကို ညှပ်ထားတုန်းပဲ။


အဲတာကို တွေ့တော့ ငါ သူ့ကို ပြောလိုက်တယ်။


"မင်း နောက်တစ်ခု ထပ်လိုချင်ရင် ငါပေးမယ်"


သူ လက်ကာပြလာတယ်။


"မဟုတ်ဘူး....မလိုပါဘူး အရာရှိ... အဲတာက ဈေးကြီးတယ်"


ငါ စကားမပြောဘဲ သူ့ဆီ လျှောက်သွားလိုက်ပြီး သူ့ပါးစပ်နားက အပိုင်းအစလေးကို ဆွဲယူလိုက်တယ် ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ နင်းပြီး မီးကို သတ်လိုက်တယ်။


 ပြီးတော့ ငါ အသစ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ့ပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။ သူမလိုချင်ဘူး ပြောနေပေမယ့် ပါးစပ်‌ဖွင့်တာတော့ မြန်တယ်လေ။


မီးခိုးတွေ ပြန်ပြည့်လာတဲ့အချိန်မှာ ငါသူ့ကို မေးလိုက်တယ်။


"မင်း ဘာလို့ သတ်ခဲ့တာလဲ"


ချန်မီရဲ့ ဩရှနေတဲ့ အသံမကြာရခင် မီးခိုးတွေက ခဏလောက် ရပ်သွားသလို ခံစားလိုက်ရတယ်။


"အဲမိန်းမတွေက အရှက်မရှိကြဘူး၊ နေ့တိုင်း ဒီဇိုင်းဆန်းတွေ ဝတ်ပြီး အဲဒီဒေါက်ဖိနပ်အမြင့်ကြီးတွေနဲ့ ဖင်တွေကို လှုပ်နေကြတာ... သူတို့ကို ကြည့်တာနဲ့တင် လူတွေကို နေရထိုင်ရခက်စေတယ်၊ သူတို့က ဟိုလိုစီးပွားရေး လုပ်ကြတယ်ဆိုတာကို ခန့်မှန်းနေဖို့တောင် မလိုဘူး"


( TN - ဟိုလိုစီးပွားရေးဆိုတာ ရှင်တို့ ထင်သလိုပါပဲ ပြည့်တန်ဆာကို ရည်ညွှန်းတာပါ )


ချန်မီ ဒေါသတကြီးနဲ့ ကြမ်းပြင်ပေါ်ကို တံတွေးထွေးလိုက်တယ်။


"သောကျိုးနည်း! ပြောတာနဲ့တင် စိတ်တိုလာပြီ! အရာရှိ မင်း မသိပါဘူး၊ အဲဒီညက ငါအပြင်မှာ ရှိတဲ့ အဲဒီမိန်းမတွေဆီကို သွားခဲ့တယ်၊ တစ်ည ဘယ်လောက်လဲလို့ မေးခဲ့တာ၊ သူက ငါ့ကို အရူးလို့ ခေါ်ရုံတင်မဟုတ်ဘူး ပါးပါ ရိုက်လိုက်သေးတယ်၊ ငါလည်း သည်းမခံနိုင်တော့လို့ သတ်လိုက်တာ၊ ဒါပေမယ့် ငါ ‌ပတ်ဝန်းကျင်ကို ကူညီပေးလိုက်တယ်လို့ မထင်ဘူးလား၊ ငါပြောတာက သူတို့ရဲ့ ပိုက်ဆံတွေက ငါတို့ထက် ပိုလွယ်လွယ်‌ရနေတာလေ! ငလူးလို တစ်လလုံး ကြိုးစားပမ်းစားရှာတာတွေက သူတို့က တစ်ယောက်ယောက်နဲ့ တစ်ညလေး အိပ်လိုက်တာလောက်တောင် မတန်ဘူးလေ!"


ငါ့နား‌ထင်တွေ တင်းနေပြီး သွေးကြောတွေ တဒိတ်ဒိတ်ခုန်နေတာတောင် ခံစားနေရတယ်။ သူ့ကို မရိုက်မိအောင် ထိန်းထားရင်း ငါပြောလိုက်တယ်။


"ချန်မီ မင်းလိမ်နေတာပဲ"


~~~