ငါ စစ်ကြောရေးအခန်းထဲ ပြန်ဝင်လာတော့ အချိန်က ည ၁ နာရီခွဲဖြစ်နေပြီ။ ချန်မီက နံရံပေါ်က နာရီကို ကြည့်နေခဲ့ပြီး ငါ့ဘက်လှည့်လာတော့ ဖျော့တော့နေတဲ့ အပြုံးပေးလာတယ်။
"ငါ့ညီလေးက တစ်ခါပြောဖူးတယ်... မနက်ခင်းရဲ့ အစောပိုင်းနာရီတွေက လူတစ်ယောက်ရဲ့ စိတ်အပျော့ဆုံး အချိန်တဲ့... မင်းသိချင်တာရှိရင် အခုမေးသင့်တယ်"
"မင်းဒီလိုပြောနိုင်နေတာက အခုအချိန်က မင်းကို မေးခွန်းထုတ်လို့ကောင်းတဲ့အချိန် ဟုတ်မနေဘူးလို့ ဆိုလိုတာပဲ"
ငါ လက်ပိုက်လိုက်ပြီး မေးလိုက်တယ်။
"မင်းညီလေးက ဘာလုပ်တာလဲ"
ချန်မီ ငါ့ကို ကြည့်ပြီး အံ့ဩနေတဲ့ပုံပေါ်တယ်။
"သူ့ကို ဘာလို့မေးတာလဲ၊ ဒီအမှုနဲ့ ဆိုင်လို့လား"
ငါလည်း သူ့ရဲ့အကြည့်နဲ့ဆုံလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"မင်းနဲ့ ပက်သက်နေတယ်ဆိုကတည်းက အမှုနဲ့ ဆိုင်နေတာပဲပေါ့၊ မင်း စစ်ဆေးမှုကို ခုခံဖို့နည်းလမ်းတွေက မင်းညီလေးကနေ သင်ပေးထားတာလည်း ဖြစ်နိုင်တာပဲ၊ ဟုတ်တယ်မလား"
"မင်းအဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ!"
ချန်မီ ဒေါသထွက်လာတယ်။
"မင်း အဲတာကို ပြောခွင့်မရှိဘူး...."
ချန်မီ အသက်ရှူကြပ်သွားသလိုမျိုး ခဏရပ်သွားပြီးမှ စက္ကန့်နည်းနည်းကြာတဲ့အချိန်မှာ ဆက်ပြောလာတယ်။
"မင်း ငါ့ညီလေးကို ဒီလိုတွေပြောခွင့်မပေးနိုင်ဘူး! သူနဲ့ ဘာမှမဆိုင်ဘူး! မင်း မေးခွန်းတွေ မေးချင်တယ်ဆို ဒီအတိုင်း မေးလိုက်စမ်းပါ၊ တခြားဟာတွေ ဆွဲထည့်နေတာ ရပ်လိုက်စမ်းပါ!"
ငါသူ့ကို စိုက်ကြည့်နေလိုက်တယ်။
"မင်းသူ့အတွက် ဘာတွေဖုံးကွယ်ထားတာလဲ"
ချန်မီ ငါ့ကို မျက်တောင်မခတ်ဘဲ ပြန်စိုက်ကြည့်လာတယ်။ သူ့မျက်လုံးတွေက ပေါက်ထွက်လာတော့မယ်လို့ ငါထင်လိုက်တဲ့အချိန်မှာပဲ သူပြောတာ ကြားလိုက်ရတယ်။
"ငါသူတို့ကို သတ်လိုက်တာ"
ငါသိတယ်လေ ဆိုပြီး ငါပြန်ပြောလိုက်တယ်။
သူ ဘာအမူအရာမှတောင် မပြလာဘဲ အဲမှာပဲ ရပ်နေပြီး သူ့ လက်ကောက်ဝတ်မှာ ခတ်ထားတဲ့ လက်ထိပ်တွေကို မျက်တောင်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ်။
ငါ မတ်မတ်ထိုင်လိုက်တယ်။
"မင်းသိသင့်တယ်၊ ဥပဒေအရဆိုရင် သက်သေတွေက ခိုင်လုံနေရင် ဝန်ခံလိုက်တာက တရားရုံးမှာ တင်သွင်းတဲ့ သက်သေအဖြစ် အသုံးမဝင်ဘူးလေ"
( TN - သက်သေတွေက ချန်မီရဲ့ ညီလေးကို လူသတ်သမားလို့ ထောက်ပြနေရင် ချန်မီက သူသတ်တယ်လို့ ဝန်ခံလည်း အသုံးမဝင်ဘူးလို့ ပြောချင်တာပါ )
သူ အသာလေးညိတ်လိုက်ပြီး သူ့လက်ကို ရှေ့ကို ထုတ်လိုက်တယ်။
"အရာရှိ..ဒီအတိုင်း ငါ့ကို ပစ်လိုက်စမ်းပါ"
"မင်းနောင်တရပြီး လိုလိုလားလားဝန်ခံတာကို ပြလာရင် ပေါ့ပေါ့ပါးပါး စီရင်ချက်ချခံရဖို့ ဖြစ်နိုင်ပါတယ်"
ငါ အသံကို နူးနူးညံ့ညံ့လေး ပြောလိုက်တယ်။
"တရားရုံးကလည်း ဒါကို ထည့်စဉ်းစားလိမ့်မယ်"
ချန်မီ ငါ့ကို ခါးသက်နေတဲ့ အပြုံမျိုးပေးလာတယ်။
"အသုံးမဝင်ဘူး...အရာရှိ၊ ငါက လူငါးယောက်ကို သတ်ခဲ့တာ.. လူငါးယောက်၊ ပုရွက်ဆိတ်ငါးကောင် မဟုတ်ဘူး!"
အမှန်ပဲ။ အချိန်အခါ နေရာဒေသမရွေးတဲ့ လူသတ်မှု ငါးခုက ဆိုးရွားလွန်းတဲ့ ပူဆွေးစရာကိစ္စပဲ။ ကြမ်းပြင်ပေါ်က တံမြက်စည်းနဲ့ လှဲထုတ်လိုက်လို့ရတဲ့ စကားမျိုးတွေ မဟုတ်ဘူး။ ဒီလောက် လွယ်နေမယ်ဆိုရင် ရဲတွေနဲ့ တရားရုံးရှိနေတာက ဘာအတွက်လဲ။ နစ်နာသူတွေရဲ့ မိသားစုအတွက် ဘယ်မှာ တရားမျှတမှု ရှာကြမှာလဲ။
ငါ ချန်မီလို မူလတန်းပဲ အောင်ထားတဲ့ လူတစ်ယောက်က ဒီလိုကိစ္စတွေကို သေချာနားလည်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ဒီပြစ်မှုတွေကို ကျူးလွန်ဖို့ သူ့ကို ဘယ်အရာက တွန်းပို့ခဲ့တာလဲဆိုတာကို ပိုသိချင်လာခဲ့တယ်။
ဒါကြောင့် ငါသူ့ကို မေးလိုက်တယ်။
"ချန်မီ၊ မင်းငါ့ကို အမှုအကြောင်း အသေးစိတ်ပြောပြချင်စိတ်ရှိလား"
ချန်မီ ပြုံးလိုက်ပြီး ငါ ပထမဆုံးအကြိမ် သူ့မျက်နှာပေါ်က ပါးချိုင့်နက်တွေကို သတိထားမိလိုက်တယ်။ သူ့ရဲ့ ဗာဒံစေ့လို မျက်လုံးထောင့်က အပြုံးရိပ်ဟာ ငါးမြှီးလိုမျိုး ယိမ်းနွှဲ့နေခဲ့တယ်။
အဖမ်းခံထားရတာကြောင့် သူ့ကိုယ်သူ အငတ်ခံနေတာ မဟုတ်ခဲ့ရင် လမ်းသွားလမ်းလာတွေကတောင် သူ့ကို ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်နဲ့ အလွယ်တကူ မှားထင်မိနိုင်တယ်ဆိုတာ သိလိုက်ရတယ်။
"မင်းက ငါ့ညီလေးနဲ့ တူတယ်၊ မင်းနာမည်ကတောင် သူ့နာမည်ပဲ၊ ဒါပေါ့ မင်းမေးမယ်ဆိုရင် ငါပြောပြမှာပါ"
သူက ရယ်ပြီး ပြောလာတယ်။
ငါလည်း အံ့ဩသွားပြီး မေးလိုက်တယ်။
"မင်း ငါ့နာမည်ကို သိတာလား"
"လီကျယ်"
သူပြောပြီး ငါ့ဘေးမှာ ထိုင်နေတဲ့ အရာရှိကို လက်ညှိုးထိုးပြလာတယ်။
"သူပြောပြတာ ဒါပေမယ့် သူ့ကိုလည်း အပြစ်မတင်ပါနဲ့၊ သူကလည်း ငါ ငါ့ညီလေး နာမည်ကို ခေါ်လိုက်တာ ကြားလိုက်လို့ မေးရုံပဲ"
ငါ့ဘေးက အရာရှိက ခေါင်းငုံ့ထားပြီး ငြိမ်နေတယ်။ ငါသူ့ကို ဂရုမစိုက်နိုင်သေးဘဲ ချန်မီကို မေးလိုက်တယ်။
"မင်းညီလေး နာမည်က ဘာလဲ"
"လီကျယ်"
ငါ အရမ်းအံ့ဩသွားခဲ့တယ်။
ချန်မီ သူ့လက်ကို လေထဲမှာ မြှောက်ပြီးတော့ကို ပြောနေခဲ့တယ်။
"ငါ့ညီလေး နာမည်က ကျယ်၊ 'တင်းတောင့်' နေတယ်ဆိုတာမျိုး၊ ကွေးညွတ်မသွားဘူးဆိုတဲ့ အဓိပ္ပာယ်"
ငါတစ်ခုခုမေးတော့မယ့်အချိန်မှာ ချန်မီက ခပ်ဆတ်ဆတ် ရယ်လိုက်တယ်။
"ငါ့ညီလေးက နာမည်က မကောင်းဘူး၊ 'ကျယ်' က အချိန်မတိုင်ခင် သေဆုံးခြင်းနဲ့ ကွဲကြေတယ်ဆိုတာမျိုးလေ၊ ငါက ဒီလိုမျိုးတွေ ယုံတယ်၊ ဒါပေမယ့် ညီလေးက စာသင်ခဲ့တော့ ဒီလိုတွေ မယုံဘူး၊ ဒါပေမယ့် ဘာကွာခြားသွားလဲ၊ သူဒီကမ္ဘာကနေ အစောကြီး ထွက်သွားတာပဲမလား"
"မင်းညီက ဘယ်လိုသေသွားတာလဲ"
"သတ်သေတာ"
"ဘာလို့ သတ်သေတာလဲ"
ချန်မီ ခေါင်းခါလိုက်တယ်။
"မသိဘူး"
"သူ့အလုပ်ကဘာလဲ"
"သူ ဘယ်တုန်းကမှ မပြောခဲ့သလို ငါလည်း ဘယ်တုန်းကမှ မမေးခဲ့ဘူး"
ချန်မီ သက်ပြင်းချပြီး
"ရိုးရိုးသားသားပြောရရင် သူပျော်နေတယ်ဆိုရင်ပဲ လုံလောက်ခဲ့တာ"
ငါ မျက်မှောင်ကြုတ်လိုက်ရင်း
"မင်းနဲ့သူနဲ့က အတိအကျ ဘယ်လိုဆက်ဆံရေးမျိုးလဲ"
ချန်မီ ဖြေလာတယ်။
"ငါတို့က အတူတူကြီးပြင်းလာတာ၊ ညီအစ်ကိုတွေလိုပဲ၊ ဒါပေမယ့် သွေးသားတော်စပ်တာမျိုး မဟုတ်ဘူး"
"ဒါဆို မင်းဘာလို့ လာအဖမ်းခံတာလဲ"
ချန်မီ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာတယ်။ သူငါ့ကို ကြည့်ပြီး တစ်လုံးချင်း ပြောတယ်။
"ငါ့ညီလေးကို လွမ်းတယ် အရာရှိ"
~~~