လွန်ခဲ့တဲ့ ငါးနှစ်... ငါ နယ်မြေခံရဲတစ်ဦး ရာထူးကနေပြီး မြို့ရဲ့ ပင်မစခန်းကို မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒုအဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက လူတွေဟာ အသက် 25 နှစ်အရွယ်မှာ ရာထူးကြီးကြီးရလိုက်တဲ့ ငါ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူးလို့ ပြောကြတယ်။
ဒါပေမယ့် ငါ့ရဲ့ ပထမဆုံး အမှုက ငါ့ကို နောက်ငါးနှစ်လောက်အထိ ခြောက်လှန့်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ကြာပြီဖြစ်တဲ့ မှတ်ဉာဏ်တွေထဲမှာ မြှုပ်နှံခံလိုက်ရပေမယ့် အခုထိတောင် လေထဲမှာ ပျံ့နှံ့နေတဲ့ နံစော်နေတဲ့ သွေးနံ့တွေကို မှတ်မိနေသေးတယ်။
မြို့ပြင်မှာ လူခန္ဓာရဲ့ အစိတ်အပိုင်းတွေနဲ့ ထည့်ထားတာနဲ့ တူတဲ့ အိတ်တွေ အများကြီးကို ရှာတွေ့ထားတယ်ဆိုပြီး ဖုန်းရခဲ့တယ်။ ငါတို့ ရောက်တဲ့အချိန်မှာ သိချင်စိတ်များလွန်းတဲ့ ဒေသခံတွေက အစိတ်အပိုင်းတွေကို အကြည်ရောင် နိုင်လွန်အစကြီးပေါ်မှာ ဖြန့်ထားကြပြီးနေပြီ။
နွေရာသီရဲ့ အပူချိန်အမြင့်ဆုံးအချိန်ဖြစ်တာမလို့ အပူလိုင်းနဲ့အတူ အလောင်းရဲ့ အနံ့အသက်တွေက လူတိုင်းရဲ့နှာခေါင်းထဲကို တိုးဝင်လာတယ်။ ညှီနံ့က ရဲအရာရှိ အသစ်တွေကို ကြိုးဝိုင်းအပြင်ကို ထွက်ပြီး အော့အန်စေတဲ့အထိပဲ။
အော့အန်သံတွေကြားမှာ မှုခင်းဆရာဝန် လောင်ထန်က လှုပ်ရွနေတဲ့ လောက်ကောင်ဖြူကို ဇာဂနာနဲ့ ညှပ်ယူပြီး ငါ့မျက်လုံး ရှေ့တည့်တည့်မှာ ပြနေတာကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။
" ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံထားရတာဆိုတော့ ကြွက်သားတောင့်တင်းတာကို ကြည့်တာတို့၊ အရေပြားအရောင်ပြောင်းတာကို ကြည့်တာတို့ ဒါမှမဟုတ် ခန္ဓာအပူချိန်ကို ကြည့်ပြီး သေချိန်ကို ခန့်မှန်းတာတွေက ဒီမှာ သိပ်ပြီးတော့ မသင့်တော်ဘူး... ဒါပေမယ့် ဒီအကောင်လေးကို ကြည့်ပါဦး... "
လောင်ထန်က သူ့လက်ကို ဆန့်လိုက်တယ်။ အစာအဝလွန်နေတဲ့ လောက်ကောင်က ငါ့မျက်လုံးထဲကို လာထိုးမိတော့မယ့်အတိုင်းပဲ။
" ဒီကောင်လေးကတော့ တော်တော်လေး အသုံးဝင်တယ်။ ငါတိုင်းကြည့်ပြီးသွားပြီ။ အဲတာက အတိအကျကို ၁ စင်တီမီတာရှိတယ်။ အရင်ရက်တွေက အပူချိန်တွေနဲ့ ပိုးတုံးလုံးတွေရဲ့ ပေါက်ဖွားနှုန်းကို အခြေခံရမယ်ဆိုရင်... ဒီအလောင်းက သေတာ သုံးရက်လောက်ရှိပြီလို့ ငါခန့်မှန်းမိတယ် "
သူပြောရင်းနဲ့ ရုတ်တရက် အလောင်းရဲ့ အတုံးတစ်တုံးကို မယူလိုက်တယ်။ ငါ အသေအချာကို မှတ်မိနေသေးတယ်... အဲတာက လှုပ်ရွနေတဲ့ လောက်ကောင်တွေနဲ့ ပြည့်နေတဲ့ လူလက်ရဲ့ အစိတ်အပိုင်းပဲ။ တချို့ အကောင်တွေက သူရွှေ့လိုက်တဲ့တစ်လျှောက် အောက်က နိုင်လွန်အစပေါ်ကို ပြုတ်ကျကုန်တယ်။
" ဒီအပိုင်းကို ကြည့်ပါဦး "
လောင်ထန်က အဖြတ်ခံထားရတဲ့နေရာကို လက်ညှိုးထိုးပြလာတယ်။
" ဒီဖြတ်ရာက မညီညာတဲ့အပြင် အရိုးကလည်း ပေါ်နေသေးတယ်။ ဒါက တစ်သျှူးပျော့တွေက ပျက်စီးသွားတဲ့အချိန်မှာ ကျုံသွားတယ်လို့ ညွှန်ပြနေတယ်... ဒီအချက်က ခန္ဓာကိုယ်က သေပြီး မကြာခင်မှာပဲ အပိုင်းပိုင်းဖြတ်ခံထားရတာလို့ ပြောနေတယ် "
ငါ ပျို့အန်ချင်စိတ်ကို မျိုသိပ်ထားပြီး လောင်ထန်ကို မေးလိုက်တယ်။
" ဘယ်ပစ္စည်းကို သုံးပြီး ဖြတ်ထားလည်း ပြောနိုင်လား "
လောင်ထန်က အဲလက်ကို ထပ်မြှောက်လိုက်ပြီး အထဲကနေ ပေါ်နေတဲ့ အရိုးကို ထိုးပြလာတယ်။
" ဒါကို တွေ့လား... ဒီလိုင်းတွန့်လို လိုင်းက သိပ်သည်းဆမြင့်ပြီး ရှည်တဲ့ အရိုးတွေကို ဖြတ်ထားတဲ့ ရလဒ်ပဲ "
" ပြီးတော့ ဒီဘက်ကို ကြည့်ကြည့် "
သူ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းတွေကို ညွှန်ပြလာတယ်။
" အရေပြားပေါ်နဲ့ တစ်သျှူးပျော့တွေပေါ်က ဖြတ်ရာတွေက အရမ်း ရှင်းပြီး အစွန်းတွေက အစီအစဉ်ကျတယ်... တချို့ ဖြတ်ရာတွေရဲ့ အရှည်က တော်တော်ရှည်တယ်... တချို့နေရာတွေမှာဆို ၂၀ စင်တီမီတာအထိ ရောက်တယ်... ပြီးတော့ အဲဒီအရိုးရှည်ပေါ်မှာ ပုံစံမကျဘဲ စောင်းနေတဲ့ မျက်နှာပြင်တွေရှိတယ်... "
သူ မှုခင်းဆေးပညာရှင် တစ်ယောက်ကို ခေါ်ပြီး သက်သေအိတ်တစ်လုံး ယူလာခိုင်းလိုက်တယ်။ ပညာရှင် ကမ်းပေးလာတဲ့ အိတ်ငယ်လေးထဲမှာ သတ္တုအပိုင်းအစတွေနဲ့ သွေးကွက်တွေလည်း ပါနေသေးတယ်။
" ဒါက အရိုးထဲမှာ မြှုပ်ခံထားရတာ "
" ခုတ်ပြီးမှ ဒီထဲမှာ ကျန်ခဲ့တာလား... ခွန်အားက ကြီးမယ့်ပုံပဲ "
" အခုက ခွန်အားအကြောင်း မဟုတ်ဘူး "
လောင်ထန်က ငါ့ကို အမှန်ပြင်ပေးလာတယ်။
" ဒါက သတ္တုအစိတ်အပိုင်းဖြစ်ပြီးတော့ ဓားကလည်း တော်တော်လေး ပါးတယ်လို့ ဆိုလိုတာ... ငါ့ရဲ့ အရင်က လေ့လာဆန်းစစ်မှုတွေအရ ခုတ်ထစ်ခဲ့တဲ့ ပစ္စည်းက မီးဖိုချောင်သုံးဓား ဖြစ်ဖို့များတယ် "
ငါက အဲ့တုန်းက ငယ်သေးပြီး ရိုင်းစိုင်းတယ်လေ။
" ဒါဆို ဘာလို့ အဲ့အကြောင်းတွေပါ လျှောက်ပြောနေရတာလဲ အစကတည်းက မီးဖိုချောင်သုံးဓားဆိုပြီး ဘာလို့ မပြောလိုက်တာလဲ "
လောင်ထန်က သူကိုင်ထားတဲ့ လက်မောင်းပြတ်ကြီးနဲ့ ငါ့ကို ရိုက်လုနီးနီးပဲ။
" မင်း သောက်ကျိုးနည်း တစ်ခုတောင် မသိဘူးပဲ! "
သူက အကြီးဆုံး ခန္ဓာအစိတ်အပိုင်းကို ထိုးပြလာပြီး ပြောလာတယ်။
" နစ်နာသူရဲ့ ခေါင်းနဲ့ တခြား ထူးခြားတဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်ထုတ်ခံထားရတယ်၊ အဲတာတွေက ဒီမှာ ရှိမနေဘူး၊ ငါတို့က အဲတာတွေကို လိင်အမျိုးအစား၊ အသက်နဲ့ အရပ်တွေ သိဖို့အတွက် လိုတယ်လေ၊ သေဆုံးရတဲ့ အတိအကျကို ငါ အသေးစိတ် စစ်ဆေးပြီးရင် မင်းကို ပြောမယ် "
လောင်ထန်က ခန္ဓာအစိတ်အပိုင်းအိတ်တွေနဲ့ ထွက်သွားပြီးနောက်မှာတောင် ငါက အဲမှာပဲ ရပ်နေခဲ့တယ်။ ဒီအရှုပ်တွေကြောင့် လုံးဝကို စိတ်ပျက်သွားခဲ့ရတာ။
၂၀၀၀ ခုနှစ်ပဲ ရှိသေးတာမလို့ လူတွေက မှုခင်းနေရာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သတိထားတာတွေ မရှိခဲ့ဘူး။ ထောက်လှမ်းရေးကိရိယာများတွေက ပြန့်ကျဲနေပြီး မှုခင်းဆေးပညာနည်းပညာနဲ့ DNA အချက်အလက်ဌာနတွေက ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပိုခက်အောင် လုပ်ခဲ့ကြတယ်။
နောက်ဆုံးမှာ ငါတို့ တတ်နိုင်သလောက် သက်သေအထောက်အထားတွေ စုဆောင်းပြီး အနီးနားနေထိုင်သူတွေကို တွေ့ဆုံမေးမြန်းပြီးတဲ့နောက်မှာတော့ လောင်ထန်ရဲ့ အလောင်းစစ်ဆေးခြင်း အစီရင်ခံစာကို စောင့်ဖို့ ပင်မရဲစခန်းကိုပဲ ပြန်သွားခဲ့တယ်။
လောင်ထန်က တည်တည်ငြိမ်ငြိမ် ရှင်းပြတယ်။
"တင်ပါးဆုံရိုး အပေါက်ဝက အလျားနေရာက ဒေါင်းလိုက်အလျားထက် ပိုကြီးပြီး ဘဲဥပုံစံလိုမျိုးဖြစ်နေတယ်၊ တင်ပါဆုံအတွင်းပိုင်းကလည်း နိမ့်ပြီး ကျယ်နေတဲ့အပြင် စလင်ဒါပုံဖြစ်နေတယ်၊ ဆီးခုံပိုင်းကလည်း ထောင့်ကြီးနဲ့ U ပုံစံ ဖြစ်နေပြီး အောက်ဘက် အမြှေးပါးက သိသာတဲ့ အခေါင်းပေါက်ဖြစ်နေတယ်၊ ဒီအချက်တွေက သေဆုံးသူက အမျိုးသမီး ဆိုတာကို ညွှန်ပြနေတယ်၊ ပြီးတော့ ဘယ်ဘက်နဲ့ ညာဘက် တင်ပါးဆုံရိုးတွေရဲ့ အဆက်နေရာ အရိုးချွန်လေးတွေက မလိုအပ်ဘဲ အရိုးတွေပွားနေတာကြောင့် တုံးနေပြီး အချွန်တွေ ပျောက်နေတယ်၊ ဒါက အနောက်ဘက် တင်ပါးဆုံရိုးက အပြည့် ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အရိုးတည်ဆောက်ပုံရဲ့ လက္ခဏာပဲ၊ ဆိုတော့ သေဆုံးသူက 23 နှစ် ဝန်းကျင်ဖြစ်နိုင်တယ်၊ အရပ်အတွက်က ငါတို့ အလောင်းရဲ့ အရှည်ဆုံးအရိုးအတိုင်းအတာကို ယူပြီး regression formula ထဲ အစားထိုး ကြည့်ထားတယ်၊ အတိအကျတော့ မပြောနိုင်ပေမယ့် သူ(မ)ရဲ့ အရပ်က ၁၆၀ ဒါမှမဟုတ် ၁၆၇ စင်တီမီတာ ဝန်းကျင်လို့ ခန့်မှန်းလို့ရတယ်"
( TN - regression formula ဆိုတာက လူမျိုးအလိုက် လေ့လာမှုတွေကို သုံးပြီး အရပ်ခန့်မှန်းတာမျိုးပါ
ဥပမာ - တရုတ်လူမျိုးဆို အရပ်ဘယ်လောက်နေ ဘယ်လောက်ထိ ရှိတတ်ကြတယ်တို့၊ အမေရိကန်တွေဆို အရပ် ဘယ်လောက်ဝန်းကျင်ရှိကြတယ်တို့ ဆိုတာမျိုးပါ )
"ဒီအချက်တွေနဲ့ဆို သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်ကို ရှာဖို့ ပိုလွယ်သွားတာပဲ... သေရတဲ့ အကြောင်းအရင်းကကော ဘာလဲ"
"အီသာ... ငါတို့ သေဆုံးသူရဲ့ နှလုံးက သွေးနမူနာကို ယူပြီး အဆိပ်ဗေဒစမ်းသပ်မှု လုပ်တော့ သေစေနိုင်လောက်တဲ့ အီသာဆေးပမာဏကို တွေ့ခဲ့တယ်၊ သူ(မ)ရဲ့ သွေး ၁ မီလီလီတာတိုင်းမှာ အီသာဆေးပမဏ ၁၆၀၀ မိုက်ခရိုဂရမ်အထိတွေ့ရတယ်၊ သေရတဲ့အကြောင်းအရင်းက အီသာလွန်ကဲမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းသွားတာ"
( TN - အီသာဆိုတာက အရက်ပြန်ကနေ လုပ်တဲ့ ဆေးရည်တစ်မျိုးဖြစ်ပြီး ၁၉ ရာစုနဲ့ ၂၀ ရာစုပိုင်းမှာ ခွဲစိတ်မှုတွေအတွက် အီသာကို မေ့ဆေး၊ ထုံဆေးအနေနဲ့ သုံးခဲ့ကြတယ်။ အီသာလွန်ကဲမှုက အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုတွေ၊ သတိမေ့မြောတာတွေ၊ ပျို့အန်တာတွေ၊ တက်တာတွေအပြင် ကိုမာတို့ အသက်ရှူကြပ်သေတာတို့ နှလုံးရပ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ အရမ်းအန္တရယ်ရှိတာတွေ မဖြစ်ခင်မှာ မူးဝေတာ၊ စိတ်ရှုပ်ထွေးတာနဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတော့တာတွေ ဖြစ်တတ်ပါတယ်။ )
"အီသာလား"
ငါ အံ့ဩပြီး မေးလိုက်မိတယ်။
"အီသာကို ထိန်းချုပ်ထားတဲ့ ဆေးဝါးအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သတ်မှတ်ထားတာ မဟုတ်ဘူးလား"
လောင်ထန် ငါ့ရဲ့ နားထင်ကို လက်အိတ်ဝတ်ထားတဲ့ လက်ချောင်းနဲ့ လာထိတယ်။
"ဒုအဖွဲ့မှူး၊ မင်း မင်းရဲ့ဦးနှောက်ကို ပိုသုံးဖို့ လိုတယ်"
လောင်ထန်က ငါ့ကို ရှင်းပြဖို့ ကြိုးစားနေတာကို သတိထားမိတာကြောင့် သူ့ရဲ့ လက်အိတ် သန့်ရှင်းလား မသန့်ရှင်းလားဆိုတာကိုတောင် မတွေးနိုင်တော့ဘူး။ အဲဒီအစား ငါမေးလိုက်တယ်။
"လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ပက်သက်တဲ့ အထောက်အထားတွေကော ရှိလား"
"မရှိဘူး၊ အပြင်လိင်အင်္ဂါက ဖြတ်ထုတ်ခံထားရပေမယ့် ငါတို့ အမျိုးသမီးဆိုတာကို ခန့်မှန်းလိုက်တဲ့ အတွင်းပိုင်း လိင်အင်္ဂါကတော့ တစ်နည်းနည်းနဲ့ စစ်ဆေးလို့ရသေးတယ်၊ မိန်းမ လိင်အင်္ဂါဧရိယာပိုင်းမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ လက္ခဏာမရှိသလို ပြန်အစီအစဉ်ချထားတဲ့ တခြားခန္ဓာအစိတ်အပိုင်းတွေမှာလည်း သုတ်ရည်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး"
"ဒါပေမယ့် ပုံမှန်မဟုတ်တာ တစ်ခုတော့ ရှိတယ်"
လောင်ထန် ဆက်ပြောလာတယ်။
"ပြစ်မှုကျူးလွန်သူက ခန္ဓာဗေဒနဲ့ ပက်သက်ပြီး အသိပညာရှိတယ်၊ ဖြတ်ရာတိုင်းက ဒီလိုအပိုင်းပိုင်းခုတ်တဲ့နေရာမှာ အရှိန်မြှင့်နိုင်တာအပြင် အင်အားထုတ်စရာလည်း သိပ်မလိုတဲ့ အဆစ်နေရာတွေမှာချည်းပဲ"
"ဒါဆို မင်းပြောတာက လူသတ်သမားက သားသတ်သမား ဒါမှမဟုတ် ဆေးပညာပိုင်းမှာ ကျွမ်းကျင်တဲ့ တစ်ယောက်ယောက်လား"
"ထူးဆန်းတယ်"
လောင်ထန် ပြောရင်း ငါ့ကို သေဆုံးသူရဲ့ ခြေချင်းဝတ်ကို ပြလာတယ်။
"သေဆုံးသူရဲ့ အောက်ပိုင်းခြေလက်အင်္ဂါတွေက အဲလောက်ထိ မပျက်စီးပေမယ့် ခြေချင်းဝတ်မှာတော့ အလျားလိုက်စက်ပိုင်းပုံစံဖြတ်နည်းကို သုံးထားတယ်၊ ဒီလိုနည်းလမ်းမျိုးက ပုံမှန်ဆိုရင် သုံးတာက...."
"ဘာအတွက် သုံးတာလဲ"
ငါမေးဖို့ မစောင့်နိုင်တော့ဘူး။
လောင်ထန် သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး
"ဝက်ခြေထောက်တွေကို ကိုင်တွယ်တဲ့အခါ သုံးတဲ့ နည်းလမ်းပဲ"
"ဝက်ခြေထောက်လား"
ငါ ခဏလောက် စဉ်းစားနေမိတယ်။
"ယုတ္တိကျကျပြောရရင် ထိန်းချုပ်ထားတဲ့ဆေးကို လက်ဝယ်ရှိထားတဲ့လူက ဆေးဘက်ဆိုင်ရာနယ်ပယ် ဒါမှမဟုတ် တရားမဝင်လမ်းကြောင်းတွေကနေတစ်ဆင့် ဖြစ်လိမ့်မယ်၊ ပထမတစ်ခုဆိုရင်တော့ ငါတို့ ဆေးရုံမှတ်တမ်းတွေနဲ့ ဓာတ်ပစ္စည်းမှတ်တမ်းတွေ ရှာဖို့ လူအင်အားသုံးလို့ရတယ်၊ ဒုတိယတစ်ခုဆိုရင်တော့ စုံစမ်းရေးက ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်"
လောင်ထန်က ငါ့ကို ဆက်ပြောဖို့ အချက်ပြလာတယ်။
"ဝက်ခြေထောက်ဖြတ်နည်းအတွက်ကတော့ လူသတ်သမားက စားဖိုမှူး ဒါမှမဟုတ် သားသတ်သမားဖြစ်နိုင်တယ်၊ ဒါက လူသတ်သမားက အဲအလုပ်အကိုင်မျိုးကို လုပ်တာ ဒါမှမဟုတ် သူ့ရဲ့ မိသားစုက လုပ်တယ်လို့ ဆိုလိုတာပဲ"
"နောက်ထပ်ဖြစ်နိုင်ချေလည်း ရှိသေးတယ်"
လောင်ထန် သူ့ရဲ့ လက်အိတ်ကို ချွတ်လိုက်တယ်။
"ဝက်ခြေထောက်ဟင်း ချက်ရတာ ကြိုက်တဲ့ ဆရာဝန်"
"ဒါမှမဟုတ် ရှားပါးတဲ့ ကိစ္စအနေနဲ့ဆိုရင် တစ်ယောက်ယောက်က ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုမှာ ပစ္စည်းကို ရှာတွေ့သွားတာမျိုး"
လောင်ထန် ရယ်လိုက်ပြီး
"ကောင်းပြီ ဒါဆို မင်း ဆေးရုံတွေက အမှိုက်ပုံးတွေကလေ စရှာရလိမ့်မယ်၊ မင်းရှာတဲ့အချိန် သင့်တော်တဲ့ အကာအကွယ်တွေ သေချာဝတ်ဖို့ သတိရဦး"
လောင်ထန်နဲ့ အမှုအကြောင်း နောက်ထပ် အသေးစိတ်ဆွေးနွေးပြီးတဲ့နောက် သေဆုံးသူကို ဖော်ထုတ်တဲ့နေရာမှာ အာရုံစိုက်ခဲ့ကြတယ်။
ကံမကောင်းစွာနဲ့ပဲ ရွေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတဲ့ ဟွာယွင်မြို့ငယ်လေးမှာ ပျောက်နေတဲ့ လူတစ်ယောက်ကို ရှာဖို့ဆိုတာက စိန်ခေါ်မှုတစ်ခုလိုပဲ။ တချို့ လူပျောက်အစီအရင်ခံစာ လာတင်ကြသူတွေကို အနီးအနားက မြို့တွေမှာ ပြန်ရှာတွေ့ရတတ်တယ်။ သူတို့က အလုပ်လုပ်ချိန် များသောကြောင့် ရိုးရိုးရှင်းရှင်းပဲ သူတို့ရဲ့ မိသားစုတွေကို ပြောပြဖို့ မေ့သွားခဲ့ကြတာတဲ့လေ။
တစ်လမကြာခင်မှာပဲ ငါတို့ သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်ကို ရှာတွေ့ခဲ့တယ်။
ငါတို့ မိသားစုကို အသိပေးချိန်မှာသူတို့ မူလက သေဆုံးသူက အလုပ်ခရီးသွားနေပြီး အခုထိ ပြန်မလာသေးတာလို့ပဲ ထင်ခဲ့ကြတာ။ သူတို့ရှေ့က ချုပ်ထားတဲ့ မပြည့်မစုံ အလောင်းက သူတို့သမီးအဖြစ် အတည်ပြုလိုက်တဲ့အခါ သူတို့ရဲ့ ရင်နာစေတဲ့ ငိုသံတွေက ရဲစခန်းတစ်ခုလုံးကို ပဲ့တင်သံထပ်နေခဲ့တယ်။
သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုပြီးတဲ့နောက်မှာ ငါလည်းပဲ အံ့ဩသွားခဲ့ရတယ်။
သေဆုံးသူ ထျန်ယွင်က ငါ့ရဲ့ အတန်းဖော်ဟောင်းပဲ။ အထက်တန်းအောင်ပြီးတဲ့နောက်မှာ သူ(မ)က ဟွာယွင်မြို့မှာ နေခဲ့ပြီး 'ထျန်းရှင်း ပို့ကုန်နှင့် ဈေးကွက်ချဲ့ထွင်ရေး ကုမ္ပဏီ' မှာ အလုပ်လုပ်ခဲ့တယ်။
သူ(မ) မိဘတွေနဲ့ အလုပ်ဖော်တွေရဲ့ ပြောကြားချက်အရ ထျန်ယွင် မသေခင်က မူမမှန်တဲ့ အပြုအမူတွေ လုပ်ခဲ့တာမျိုး မရှိဘူးလို့ သိလာရတယ်။ သူ(မ)မှာ အလုပ်မှာဖြစ်ဖြစ်၊ ပုံမှန်ဘဝမှာဖြစ်ဖြစ်၊ ပြဿနာဖြစ်တာမျိုးလည်း မရှိခဲ့ဘူးဆိုတဲ့အချက်က လူသတ်သမားအနေနဲ့ ကလဲ့စားချေဖို့ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ဖို့အတွက် စိတ်အားထက်သန်နေမယ်ဆိုတဲ့ သုံးသပ်ချက်မျိုးကို သိသိသာသာ လျှော့ချပေးလိုက်တယ်။
ပြီးတော့ အလောင်းကို ပစ်ထားတဲ့နေရာက လူမရှိတဲ့ တောထဲမှာဖြစ်ပြီး သက်သေတွေကို လမ်းသွားလမ်းလာတွေက မသိလိုက်တဲ့ ဖျက်ဆီးလိုက်ကြတဲ့အတွက် အရေးကြီးတဲ့ သဲလွန်စဆိုတာ မရှိသလောက်ပဲ။
ပိုပြီး ခက်ခဲနေတာက ဆေးစွန့်ပစ်ပစ္စည်းတွေကို ရှာတာတို့ သင့်တော်တဲ့ ဆေးရုံတွေမှာ ငါတို့ လိုက်မေးမြန်းစုံစမ်းတာတို့က ဘာအကျိုးမှ ရှိမနေတာပဲ။
ကိစ္စတွေက အဆုံးကို ရောက်နေတဲ့အချိန် ဒုတိယအပိုင်းပိုင်းဖြတ်လူသတ်မှုက နောက်ထပ်မိုးကြိုးလိုမျိုး ထပ်ပေါ်လာခဲ့တယ်။ သေရတဲ့ အကြောင်းအရင်းကလည်း ဆင်တူနေတယ်၊ ပိုင်းဖြတ်ထားတဲ့ နည်းကလည်း အတူတူပဲ၊ ပြီးတော့ အလောင်းကလည်း နောက်ထပ် စွန့်ပစ်ခံထားရတဲ့ နေရာတစ်ခုမှာ ပစ်ထားတာ၊ မီးဖိုချောင်သုံးဓားကို သတ်ဖို့ သုံးခဲ့တယ်ဆိုတာကတောင် တူနေခဲ့တယ်။
မှုခင်းဆေးဆရာဝန် လောင်ထန်ကလည်း ဒုတိယအလောင်းပေါ်မှာ ပထမအလောင်းနဲ့ တူညီတဲ့ ဖြတ်ရာတွေကို တွေ့ခဲ့တယ်။ ပထမအလောင်းမှာ တွေ့ခဲ့ရတဲ့ ဓားရဲ့ သတ္တုအပိုင်းအစလေးကိုလည်း ဒီအလောင်းမှာလည်း တွေ့ရတယ်။
ငါတို့တွေ ဘာဖြစ်နေလဲဆိုတာ နားလည်သွားတဲ့အချိန်မှာ ပဉ္စမမြောက်လူသတ်မှုက ထပ်ဖြစ်လာပြီး ဒါတွေရဲ့ ကွင်းဆက်လူသတ်သမား လုပ်နေတယ်ဆိုတာကို သိသာသွားစေခဲ့တယ်။
ထင်ထားတဲ့အတိုင်းပဲ ဒီလိုကြမ်းတမ်းတဲ့ ကွင်းဆက်လူသတ်မှုတွေက ငါတို့ရဲ့ မြို့သေးသေးလေးကို ဆူညံထကြွသွားစေခဲ့တယ်။ လူတိုင်းက ထိတ်လန့်နေကြပြီး ကောလဟာလတွေလည်း ပြန့်လာခဲ့ပြီး အတင်းအဖျင်းတွေက ရပ်သွားတယ်လို့ကို မရှိဘူး။
အဲဒီတုန်းက အမှုတွေကို စုံစမ်းဖို့ အခြေအနေတွေ ဘယ်လောက် ကြမ်းတမ်းခဲ့တယ်ဆိုတာ သိပ်ပြီး နားမလည်ခဲ့ဘူး။ သူများတွေတောင် သူတို့အမှုတွေကို ဖြေရှင်းနိုင်သေးတာပဲ၊ ဒါဆို ငါကကော ဘာလို့ ဒါလေးကို မဖြေရှင်းနိုင်ရမှာလဲ။
ငါ့အထက်လူကြီးဆီက တစ်နာရီလောက် ဆူပူနေမှုကို ခံရပြီး ရုံးခန်းထဲကနေ ရှုံ့တွနေတဲ့ မျက်နှာနဲ့ ထွက်လာခဲ့တယ်။
ချီးကျူစရာသိပ်မကောင်းပေမယ့် လိုအပ်တယ်လို့ ထင်ရတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ အဲတာက ဖြစ်ခဲ့သမျှ အမှုတွေ အားလုံးကို ပြန်စစ်ဆေးဖို့ပဲ။
~~~