ငါပထမဆုံးအကြိမ် ချန်မီကို စစ်ကြောရေးအခန်းထဲမှာ တွေ့တော့ သူက လေတစ်ချက်တိုက်တာနဲ့ သူ့အရိုးတွေ အကုန် ကြမ်းပြင်ပေါ် ပုံကျတော့မယ့်အတိုင်း အရိုးခြောက်လိုပဲ တအားပိန်လွန်းတယ်။
ငါသူ့နာမည်ကို ခေါ်လိုက်ပေမယ့် သူက မတုံ့ပြန်လာဘူး။ သူ့ရဲ့ နွမ်းလျနေတဲ့ ခန္ဓာက စစ်ကြောရေး ခုံပေါ်မှာ အသက်မဲ့နေသလို စွဲကပ်နေပြီး ဝင်လိုက်ထွက်လိုက် ဖြစ်နေတဲ့ အသက်ရှူသံတစ်ခုထဲပဲ ကြားနေရတယ်။
" ချန်မီ "
သူနောက်ဆုံးတော့ ငါခေါ်တာကို ကြားသွားပုံရတယ်။ သူ့ရဲ့ ခန္ဓာက နည်းနည်းလှုပ်လာပြီး ခေါင်းမော့ကြည့်လာတယ်။ သူငါ့ကို ကြည့်လိုက်တဲ့အချိန် မမျှော်လင့်ထားဘဲ အလင်းတန်းတစ်ခုက အသက်မဝင်ဘဲ မှိုင်းနေတဲ့ သူ့ မျက်လုံးထဲမှာ တောက်ပသွားတယ်။
ဒါပေမယ့် ကြယ်ကြွေသွားသလိုမျိုး...ခဏလေးပဲဖြစ်ပြီး ချက်ချင်းကို ပျောက်သွားခဲ့တယ်။
" ချန်မီ "
ငါထပ်ခေါ်လိုက်တယ်။
သူ မျက်တောင်ခတ်ကြည့်လာတယ်။ မသိရင် ငါက ကျောက်တုံးတစ်တုံးဆီကနေ ငါ့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုဖို့ စောင့်နေရသလိုပဲ။
" မင်းရဲ့အပြစ်ဝန်ခံမှုအကြောင်း ငါ့ကိုပြောပြပါ "
သူ ချက်ချင်းပြန်ဖြေမလာဘဲ ငါ့ကို စိုက်ကြည့်နေတုန်းပဲ။ သူ့ရဲ့ မျက်လုံးထဲက အလင်းတန်းက သေနတ်ပြောင်းကနေ ကျည်ဆံထွက်ချိန် မီးပွားထွက်တော့မယ့်အထိ ပိုပြီး တောက်ပလာတယ်။
အချိန်တွေ အကြာကြီး ရပ်တန့်နေပြီးမှ သူပြောလာတယ်။
" ရဲအရာရှိ... မင်းက ငါ့ညီလေးနဲ့ တော်တော်တူတယ် "
ငါ အံ့ဩသလို ဝမ်းလည်းဝမ်းသာသွားတယ်။ ငါ အဓိက စစ်ဆေးမေးမြန်းသူအဖြစ်နဲ့ သူ့ကို တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူလာအဖမ်းခံတဲ့ တစ်လခွဲအတွင်း စကားပြောတာ ဒါပထမဆုံးပဲ။
" ငါလည်း မင်းကို တော်တော်လေး ရင်းနှီးပါတယ်။ ငါမင်းကို ရှာနေခဲ့တာ ငါးနှစ်ရှိပြီ "
သူ့နှုတ်ခမ်းတွေ လှုပ်လာပေမယ့် ငါမေးတာကို မဖြေဘဲ အဲဒီအစား သူမေးလာတယ်။
" ငါမင်းရဲ့ မျိုးရိုးနာမည်ကို မေးလို့ရမလား "
" ငါ့မျိုးရိုးက လီ "
သူ အသိအမှတ်ပြုတဲ့ အသံပေးလာပြီးတော့ အကြည့်တွေက အဝေးကို ရောက်သွားပြန်တယ်။
" ရဲအရာရှိလီ... "
ငါ ခေါင်းညိတ်လိုက်ပြီး ငါ့ဘေးနားက ရဲအရာရှိကို မှတ်တမ်းအတွက် မှတ်စုယူဖို့ အဆင့်သင့်ဖြစ်စေဖို့ အချက်ပြလိုက်တယ်။
" မင်း အခု စကားစပြောလို့ ရပြီ "
ချန်မီက နူးနူးညံ့ညံ့ရယ်လိုက်ပြီး သူ့ရဲ့ ရယ်သံတွေ ပျောက်သွားပြီးနောက်မှာ ကြမ်းပြင်ပေါ်ကို တံထွေး ထွေးချလိုက်တယ်။
" မင်း ငါ့ညီ မဟုတ်တာ တော်တော်ဆိုးတာပဲ၊ ဘာလို့ဆို ငါ့ညီက သေတာ ကြာပြီလေ "
ငါတို့ ရထားတဲ့ အချက်အလက်တွေအရ ချန်မီက ပထမတန်းပဲ သင်ခဲ့ရတာကြောင့် ငါသူ့ရဲ့ အဆင့်မရှိတဲ့ အပြုအမူတွေကို မအံ့ဩသွားပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကြောင်းအရာလွဲသွားစေတဲ့ သဘောထားကို ငါတော်တော်လေး စိတ်တိုမိတယ်။
ငါ စားပွဲကို ခေါက်လိုက်ပြီး ပြောလိုက်တယ်။
" ကျေးဇူးပြုပြီး အမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ အဓိကထား ပြောပေးပါ "
သူက ပခုံးတွန့်လိုက်ပြီး
" ဒါဆို ငါဘာမှပြောစရာ မရှိဘူး ရဲအရာရှိလီ "
ငါ့ဒေါသကို လာစမ်းနေတာပဲ။ ငါ့ရဲ့ မငြိမ်တဲ့ စိတ်တွေကို မြိုသိပ်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ သူ့ကို အကျိုးအကြောင်းပြောဖို့ ကြိုစားခဲ့တယ်။
" အဖမ်းခံဖို့ ရွေးချယ်တာက ကောင်းပါတယ်။ ဒါပေမယ့် မင်း မင်းရဲ့အနာဂတ်ကိုလည်း တွေးဖို့လိုတယ်။ အလောင်းတွေနဲ့ သက်သေတွေက မလိမ်ဘူးဆိုတာလဲ မင်းသိတာပဲ "
ချန်မီ မျက်လုံးတွေ ပိတ်လိုက်ပြီး တိတ်ဆိတ်နေခဲ့တယ်။
ရဲတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ချန်မီရဲ့ အပြုအမူတွေကို ကြုံတွေ့လိုက်ရတဲ့ လူတိုင်းဟာ သူ့ကို စိတ်မရှည်နိုင်ကြဘူး။ ဘာပဲဖြစ်ဖြစ် နှုတ်ဝန်ခံမှုက ချယ်ရီသီးလေး အပေါ်က တင်လိုက်ရုံပဲရှိတာ။ မှူခင်းနေရာမှာ ကျန်နေခဲ့တဲ့ သက်သေတွေက သူ့ကို ချိတ်ထားမယ့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားတဲ့ သံချောင်းလိုပဲ။
ဘယ်သူမှ အရူးလုပ်ခံရတာကို မကြိုက်သလို ငါလည်း အဲတာကို လက်မခံနိုင်ဘူး။ ငါ ဘာစကားမှ မပြောဘဲ ထရပ်လိုက်ပြီး တံခါးဆီကို လျှောက်သွားခဲ့တယ်။ တံခါးလက်ကိုင်ကို လှည့်တော့မယ့်ဆဲဆဲမှာပဲ ချန်မီက ရုတ်တရက် ငါ့ကို ခေါ်လိုက်တယ်။
သူ့အသံက တိရစ္ဆာန်တစ်ကောင်ရဲ့ဟိန်းသံလိုမျိုး အသံက နိမ့်နေပြီး ဩရှနေတယ်။
" ဘာဖြစ်တာလဲ ရဲအရာရှိလီ... မင်း ငါဘာလို့ အဖမ်းခံလည်း မသိချင်ဘူးလား...ဒါက မင်း ငါးနှစ်လုံးလုံး ရှာနေခဲ့တဲ့ အဖြေလေ "
ငါ ခဏလောက် ရပ်သွားပေမယ့် ပြန်မဖြေခဲ့ဘူး။ တံခါးကို ဖွင့်ပြီး ဘေးက စောင့်ကြည့်ခန်းထဲကိုပဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တယ်။
အထူးပြုလုပ်ထားတဲ့ မှန်ကနေ တစ်ဆင့် ချန်မီ စစ်ကြောရေး ထိုင်ခူံပေါ်မှာ ထိုင်ပြီး ငေးနေတာကို တွေ့နေရတယ်။ သူ့နှုတ်ခမ်းတွေက တစ်ခါတစ်ခါ လှုပ်သွားတတ်ပြီး အခုလည်း သူရှိတဲ့ နေရာကို တစ်ချက်လှည့်ကြည့်ပြီး အကြည့်ပြန်လွှဲသွားပြန်တယ်။ ဒါက အလိုလိုတုံ့ပြန်မှုတစ်ခုပဲ — သူက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံနေရမှန်း သိတယ်။
ငါ အမှတ်တမဲ့ စီးကရက်အသစ်တစ်ဗူးကို ဖွင့်လိုက်ပြီး တစ်ခုကို ငါ့နှုတ်ခမ်းတွေကြားမှာ ဖိထားရင်း ငါသူ့ကို ကြည့်နေခဲ့တယ်။ တိုတိုလေးပေမယ့် သူဘာတွေ တိုးတိုးရွတ်နေလဲဆိုတာကို ငါ ဝိုးတဝါး နားလည်နိုင်သလိုပဲ။
ကဗျာတစ်ပုဒ်...
မူလတန်းကလေးတွေတောင် ရွတ်ဆိုနိုင်တဲ့ ကဗျာတစ်ပုဒ်...
လီရှန်းရဲ့ < တောင်သူလယ်သမားများအတွက် ကရုဏာ >
~~~