Chapter 8
Viewers 161


ကုန်းလန် ဖျားနေချေလေပြီ။ ဖျားနေသည်မှာ ဟော့ယုံချင်းကို ဖက်လိုက်ချိန်၌ မျက်လုံးတို့က ပိတ်လျက်သားရှိကာ တစ်ကိုယ်လုံးက ပျော့ခွေလျောကျလို့သွားပေသည်။


ဟော့ယုံချင်းမှာ ရွေးစရာမရှိစွာပင် မိသားစုဒရိုက်ဘာအား လူကို အိမ်ထဲခေါ်လာဖို့ပြော၍ မိသားစုဆရာဝန်ကို ဖုန်းလှမ်းဆက်ကာ လာခိုင်းရတော့သည်။


မိသားစုဆရာဝန် အောက်ထပ်ဆင်းလာချိန်၌ ဟော့ယုံချင်းက ပီယာနိုရှေ့မှာ ထို​ေ ထိုင်ကာ ကီးခလုတ်တွေကိုထပ်ခါ ထပ်ခါနှိပ်နေသည်။ ခြေသံကြားချိန်၌ သူက လှည့်ကြည့်လာကာ မေးလာ၏။


“သူ ဘယ်လိုနေလဲ”


မိသားစုဆရာဝန်က ကုန်းလန်၏ အအေးမိခြင်းဟာ နောက်ကျသွားပါက နမိုးနီးယားဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် အနည်းဆုံး ရက်အနည်းငယ်လောက် အနားယူရမည်ဖြစ်ကြောင်း ဟော့ယုံချင်းအား ပြောပြလာသည်။


 ဟော့ယုံချင်း ခဏမျှတုံ့ဆိုင်းသွားသော်လည်း ကုန်းလန်၏မိသားစုကိုတော့ ဖုန်း မခေါ်လိုက်သေးချေ။


 ကုန်းလန်၏မိသားစုက အလွန်ချမ်းသာတာ မှန်သည်။သို့သော်လည်း ကုန်းလန်ဟာ အတိုင်းအတာတစ်ခုလောက်ထိ အလိုလိုက်မခံရချေ။ယင်းက မျက်နှာသာမရခြင်းကြောင့်မဟုတ်။ တင်းကြပ်လွန်းသော အစ်ကိုရှိနေ၍ပင်။

 

 ကုန်းလန်အထက်တွင် အစ်ကိုကြီးတစ်ဦးရှိပြီး သူ့စကားတစ်ခွန်းဆို တစ်ခွန်းနှင့်ပြီးသည်။


သူ့အစ်ကိုဖြစ်သူ နိုင်ငံခြားမှာ ကျောင်းသွားတက်နေသော အတော်တွင်းမှာတော့ ကုန်းလန်ဟာ အတော်အလိုလိုက်ခံရ၏။ အစ်ကိုကြီးပြန်လာချိန်မှာတော့ ညီဖြစ်သူအား လျှပ်စီးလိုအရှိန်ဖြင့် ကိုင်တွယ်ကာ သုံးရက်လျှင်တစ်ကြိမ် မာန်မဲကြိမ်းမောင်း၍ ငါးရက်တစ်ခါ ကြီးကြီးမားမားရိုက်နှက်တတ်ကာ အိမ်က ဘယ်သူ့ကိုမှလည်း ကုန်းလန်အား အလိုမလိုက်ဖို့ မှာထားသည်။


ကုန်းလန်က တစ်နေ့လုံး တစ်ညလုံး သူ့အိမ်တံခါးဝမှာ မတ်တပ်ရပ်နေခြင်းဖြင့် သူ့ကိုယ်သူ ဖျားသွားအောင်လုပ်ခဲ့ခြင်းအား ကုန်းလန်အစ်ကိုကြီးသာသိသွားပါမူ ကုန်းလန်အား ဆေးရုံခန်းထဲမှာပင် ခါးပတ်ချွတ်၍ ရိုက်လိမ့်မည်ပင်။


ကြောက်စရာအကောင်းဆုံးအရာကား ကုန်းလန်အစ်ကိုကြီးက သူ့အိမ်သို့ တန်းရောက်ချလာမှာကိုပင်။


ဟော့ယုံချင်းသည် ကုန်းမိသားစု အစ်ကိုအကြီးဆုံး၏ အမူအရာကို ပြန်တွေးကာ ဖုန်းဆက်ဖို့ ရပ်တန့်ပစ်လိုက်သည်။ သူက အန်တီကြီးအား ကုန်းလန်ကို ဂရုစိုက်ပေးဖို့ပြော၍ နွေးထွေးသော အလင်းရောင်ရှိသည့် ပြင်သစ်ပြတင်းပေါက်များရှေ့သို့သွားကာ ပီယာနိုမှာရှေ့မှာ ထိုင်၍ ဂီတနုတ်စာရွက်ကိုလှန်လှောရင်း သံစဥ်များက သူ့လက်ဖျားကနေ တစ်ခုပြီးတစ်ခု ပျံ့လွင့်လာတော့သည်။


သူ တီးနေတာ ဘယ်လောက်ကြာသွားသလဲတောင် မသိတော့။ တစ်စုံတစ်ယောက်က သူ့အနောက်ကနေ ထွေးဖက်လာလေ၏။


“ယုံယုံ”


သူ့အား သိုင်းဖက်လာသောလူက အနည်းငယ်လေးသော သူ့ခေါင်းကို ပခုံးပေါ် တင်လာသည်။ဟော့ယုံချင်းက လှည့်မကြည့်ခဲ့ချေ။

 

သူ့အား ခဏမျှ ပွေ့ဖက်ထားပြီးနောက် ကုန်းလန်က အရင်ဦးစွာလွှတ်ပေးလာကာ ဟော့ယုံချင်းဘေးနားမှာ ဝင်ထိုင်လာသည်။ သူ့အဖျားက ခုမှကျရုံရှိသေးပေမဲ့ ခေါင်းမာစွာဖြင့် ဟော့ယုံချင်းဘေးနားမှာသာ နေချင်နေသည်။


သူ ဟော့ယုံချင်းအနားမှာ စောင့်ကြပ်ပေးလာတာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်၍ ဟော့ယုံချင်းစိတ်သဘောထားက အေးစက်တတ်သလို နူးညံ့တတ်မှန်းလည်း သိထားသည်။ လော့ဂျစ်ကျကျပြောရပါက လုံးဝကို ကွဲပြားခြားနားသော ကိုယ်ရည်ကိုယ်သွေးနှစ်ခုဖြစ်သော်လည်း ဟော့ယုံချင်းထံတွင်တော့ ရောနှောစွာ တည်ရှိနေသည်ပင်။


သူသည် ကိုယ့်ကိုယ်ကိုယ် ညှင်းပမ်းခြင်းနည်းလမ်းကိုအသုံးပြု၍ ဟော့ယုံချင်းအိမ်မှာ နေနိုင်အောင် လုပ်ထားရသည်ဖြစ်ရာ အလွယ်တကူတော့ ထွက်မသွားနိုင်ပါချေ။


ကုန်းလန်က ဟော့ယုံချင်းပခုံးပေါ်သို့ သူ့ခေါင်းကို ဂရုတစိုက်မှီလိုက်သည်။ ခဏကြာတော့ ဟော့ယုံချင်းခါးပေါ်သို့ လက်တင်လိုက်ပြန်၏။ ထိုအပြုအမူက ဟော့ယုံချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူတွန်းထုတ်ဖို့ ဟန်ပြင်လိုက်ပေမဲ့ ကုန်းလန်၏ ဖြူလျော်နေသော နှုတ်ခမ်းလွှာကို မြင်ရပြန်တော့ ဘာမှမလုပ်ရက်ပြန်တော့။


•••••••••••••••


ကုန်းလန်သည် ဟော့ယုံချင်းအိမ်၌ သုံးရက်လုံး ပြည့်ပြည့်ဝဝ နေသွားခဲ့လေ၏။


လေးရက်မြောက်နေ့မှာတော့ ဟော့ယုံချင်းက သူ့ကိုယ်တစ်ဝက်နီးပါးလောက်အပေါ် ဖိထားသော အနှီလူအား အိပ်ရာထဲက ကန်ထုတ်လိုက်တော့သည်။ အကန်ခံလိုက်ရသောလူကတော့ စိတ်လက်ကြည်သာနေစွာဖြင့် ကော်ဇော်ပေါ်ကနေ ကုန်းထကာ ဟော့ယုံချင်းထံ ပြုံးပြလာသည်။


“ယုံယုံ..ခုမနက် ဘာစားမလဲ။ငါ ပြင်ပေးမယ်လေ”


“မင်း အဖျားပျောက်နေပြီ”


ယင်းက ရာဇသံပေးသော ဝါကျပင်။


ကုန်းလန်က အာဟု ညည်းကာ ကုတင်အစွန်းမှာ မေးစေ့တင်လျက် လိမ္မာသော ကလေးတစ်ယောက်နှယ် လုပ်ပြလာသည်။ 


 "ငါ့ကို ဂရုစိုက်ပေးလို့ ယုံယုံကို ကျေးဇူးတင်ပါတယ်။နေလည်း ကောင်းတာဟုတ်တယ် ဒါပေမဲ့…”


ဟော့ယုံချင်းက စကားပြောတော့မည်ကို မြင်လိုက်တော့ သူက အလျင်အမြန် ဖြတ်ပြောလိုက်သည် ။


 “ငါက ကုမ္ပဏီက အလုပ်တွေကို ပစ်ချပြီး ဒီကိုညတွင်းချင်း ကားမောင်းလာတာလေ။ ငါ့အစ်ကိုကြီးက ဒါကို သိသွားပြီ။ အခုချိန် ပြန်သွားရင် အစ်ကိုကြီးက ငါ့ကို သေလုမြောပါးရိုက်မှာ သေချာတယ်။ အစ်ကိုကြီးက နောက်တစ်ပတ်ဆို နိုင်ငံခြားကို သွားရမှာ။ အဲ့ချိန်ထိလေးပဲ စောင့်ချင်လို့။သူပြည်ပကနေ ပြန်ရောက်လာချိန်ဆို သူ့ဒေါသက ပြေလုနီးပါးဖြစ်နေလောက်ပြီလေ”


 “ငါ့အစ်ကိုက ငါ တခြားဘယ်နေရာသွားသွား အကုန်သိတယ်။ ဟိုတယ်ကိုသွားနေရင် နှစ်နာရီအတွင်း လာသတ်လိမ့်မယ်။ယုံယုံ..ငါ့ကို ရက်နည်းနည်းလောက်ပဲ ခေါ်ထားပါကွာ။ ရက်နည်းနည်းလေးပါပဲ”


 ကုန်းလန်ပြောနေတုန်းမှာပင် သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။


 ဟော့ယုံချင်းက ကုန်းလန်၏ ဖုန်းကို စိတ်မဝင်စားချေ။ သူက မတ်တတ်ထရပ်ကာ ရေချိုးခန်းသို့သွားဖို့ ဟန်ပြင်လိုက်စဥ်မှာပင် စပီကာက ထွက်လာသော အသံကို ကြားလိုက်ရ၏။


 “ကုန်းလန်..မင်း ဟော့ယုံချင်းအိမ်မှာ ရှိနေတယ်ဆိုတာ ငါသိတယ်။ ငါ ခု ကားမောင်းလာနေပြီ။ မင်းအသင့်သာ ပြင်ထားလိုက်ပေတော့”


ယင်းက ကုန်းလန်၏ အစ်ကိုကြီးအသံပါပင်။


°°°°°°°°°°


ဆယ်မိနစ်အကြာမှာတော့ ဟော့ယုံချင်းနှင့် ကုန်းလန်ဟာ ကားတစ်စီးတည်းမှာ အတူထိုင်၍ သူတို့၏ အထက်တန်းအတန်းဖော်ပြောသော ဗီလာဆီ ဦးတည်လာခဲ့ကြလေသည်။


နာရီဝက်လောက်မောင်းလာအပြီး၌ ဟော့ယုံချင်းသည် သူ့အနေဖြင့် ကုန်းလန်အစ်ကိုကြီးကို ဒီလောက်ကြောက်နေစရာမလိုမှန်း နောက်ဆုံးတွင်မှ သဘောပေါက်သွားသည်။ သူ့အနေဖြင့် လုပ်စရာလိုတာက ကုန်းလန်အား အိမ်ကနေ ကန်ထုတ်လိုက်ရုံသာ။


သူ မျက်ဆံလှန်လိုက်ရင်း စိမ်းသက်နေသော ကားအပြင်ဘက်က ပတ်ဝန်းကျင်ကိုကြည့်ကာ “ကားရပ်ပေး”ဟူသော စကားလုံးကို တိတ်တဆိတ်မြိုချလိုက်ရတော့သည်။


အနာဂါတ်မှာသူကသာ သိုက်သွမ်အပေါ် ဆိုးဆိုးဝါးဝါးပြုလုပ်ထားသူ မှန်ပါလျှင် အနာဂါတ်က ကုန်းလန်နှင့်တခြားလူတွေက သူ့အား မုန်းတီးကြတာကို နားလည်ပေးလို့ရသည်။ အကြောင်းမူ လက်ရှိကုန်းလန်ဟာ ဘာအမှားမှ လုပ်မထားချေ။


ထို့အပြင် တကယ်တမ်းကျ သူတို့သူငယ်ချင်းဖြစ်ခဲ့တာ ကြာလှပြီဖြစ်ပေသည်။


•••••••••••••••


သူဟာ အလျင်စလိုထွက်လာခဲ့ရသည်ဖြစ်ရာ ဘာအဝတ်အစားမှတောင် ထည့်မလာခဲ့ရချေ။


ဟော့ယုံချင်းတစ်ယောက် တစ်ခုခုစား၍ တစ်ရေးအိပ်လို့ရရန်အလို့ငှာ ကုန်းလန်က စေတနာဗလပွဖြင့် အင်္ကျီတွေ သွားဝယ်ပေးဖို့ လုပ်သည်။ ဟော့ယုံချင်း အိပ်ရေးမဝမှန်း သူမြင်ပေသည်။


 ကုန်းလန်ဆီက မက်ဆေ့ရသည်နှင့် ဗီလာဆီသို့ အပြေးအလွှား ကြိုသွားထားရသော အထက်တန်းကျောင်း အတန်းဖော်ကလည်း ဝင်ပြောလာ၏။


“ဟုတ်သားပဲ ယုံယုံ မင်း အခန်းထဲမှာ အရင်သွားနားလိုက်။ ငါနဲ့ ကုန်းဇီနဲ့ အဝတ်အစားသွားဝယ်လိုက်မယ်"


 ဟော့ယုံချင်းက သိပ်တုံ့ပြန်မှုမရှိဘဲ ခေါင်းညိတ်လိုက်၏။


 ဤဗီလာကို တောင်စောင်းမှာ ဆောက်ထားတာဖြစ်သည်။ပြတင်းပေါက်ကို ဖွင့်လိုက်ပါက ရေခဲမုန့်ပေါ်က ခရင်မ်တွေလို ဖြူဖွေးပြီး အုံ့ဆိုင်းနေသော အဝေးက တိမ်စိုင်တွေကို မြင်ရပေ၏။ ဟော့ယုံချင်းက လသာဆောင်မှာ ထိုင်ကာ ပျင်းရိစွာ ဖုန်းကစားနေချိန် ၌ဆိုရှယ်ဆော့ဖ်ဝဲလ်မှ မက်ဆေ့တစ်စောင်က ရုတ်တရက်ဝင်လာလေသည်။


[ချုံဝမ့်ဖေ : မင်း နေကောင်းသွားပြီလား?]


[ချုံဝမ့်ဖေ: အဆောင်မှာကျန်ခဲ့တဲ့ မင်းရဲ့အပင်တွေကို ငါရေကူလောင်းပေးထားတယ်]


[ချုံဝမ့်ဖေ: မင်း ဘယ်ချိန် ပြန်လာမှာလဲ?]


[ချုံဝမ့်ဖေ: ဒါမှမဟုတ် ငါ မင်းဆီ လာတွေ့လို့ရမလား?]


ဟော့ယုံချင်းက စာမပြန်လိုက်ချေ။


ဆယ်မိနစ်အကြာ၌ ချုံဝမ့်ဖေက နောက်ထပ် မက်ဆေ့တွေ ပို့လာပြန်သည်။

[ချုံဝမ့်ဖေ: အရင်တစ်ခေါက် မင်းသတိလစ်သွားတုန်းက မင်းလက်ထဲမှာ စာတစ်စောင်ကိုင်ထားတယ်။  ငါ မင်းရဲ့စာကြည့်ခုံပေါ် တင်ထားပေမဲ့ ဟိုးတစ်ရက်က မင်းသူငယ်ချင်း ကုန်းလန်က အဆောင်ရောက်လာပြီး စာကို ယူသွားတယ်]


ထိုသတင်းက ဟော့ယုံချင်းအား ခဏမျှ တုံ့ဆိုင်းသွားစေသည်။ ချုံဝမ့်ဖေ၏ မက်ဆေ့က ထပ်မံရောက်လာပြန်၏။


[ချုံဝမ့်ဖေ : မင်းသူငယ်ချင်းက စာကိုဖွင့်ဖတ်လိုက်တယ်။ သူ့အမူအရာက အတော်လေး မကောင်းဘူး]


ဟော့ယုံချင်းက စာပြန်လိုက်သည်။


[ငါနားလည်ပြီ။ ကျေးဇူးပဲ]


ချုံဝမ့်ဖေက ချက်ချင်းနီးပါး စာပြန်လာကာ အားမနာပါနဲ့ဟု ပြော၍ အီမိုကွန်တစ်ခုပါ ပို့လိုက်သေးသည်။


 ကုန်းလန်တို့နှစ်ယောက်က ခုထိ ပြန်မရောက်သေးပေ။ ဟော့ယုံချင်းသည် ပျင်းရိငြီးငွေ့စွာဖြင့်ပင် ရှုခင်းကို ခဏတာ ကြည့်ရှုပြီးနောက် ကုတင်ပေါ်တွင် လှဲ၍ ခဏမှေးလိုက်သည်။ ထင်မှတ်မထားစွာပင် သူအိပ်ပျော်သွားကာ အသက် 27 နှစ်အရွယ်သို့ ပြန်ရောက်သွားပြန်လေသည်။


°°°°°°°


 အလုပ်ရှင်က သူ၏နုတ်ထွက်စာကို လက်ခံရရှိပေမဲ့ အကြောင်းတစ်စုံတစ်ရာ မပြန်ချေ။ထိုအစား မန်နေဂျာက သူဟာ နုတ်ထွက်စာ တင်ထားပေမဲ့ စာချုပ်အရ ကုမ္ပဏီမှာ နောက်လထိ လုပ်ပေးရဦးမည်ဖြစ်ကြောင်း ပြောလာသည်။


 အလုပ်လာဆိုတော့လဲ လာတာပေါ့လေ။ တစ်လလေးပဲဟာ ဘာဖြစ်တာဖြစ်လို့။


 ဟော့ယုံချင်းက မျက်နှာသေဖြင့်တွေးရင်း လည်ပင်းမှာ နက်ကတိုင်ချည်နေလိုက်သည်။


သူ ဒီနေ့ ကုမ္ပဏီရောက်တာ အတော်စောနေသည်။ ၂၇နှစ်တာ အချိန်ကာလမှာ အချိန်အနည်းငယ် နေခဲ့ပြီးပြီဖြစ်တာကြောင့်

 ကော်ဖီဖျော်နည်းကိုတောင် လုပ်တတ်နေပြီဖြစ်သည်။ ဟော့ယုံချင်းက ကော်ဖီခန်းထဲမှာ ကော်ဖီဖျော်နေတုန်း လူအနည်းငယ်က  အတူတူ ဝင်လာကြသည်။


“ဒီနေ့ အဲ့ဒီလူချောလေး လာမယ်လို့ကြားတယ်”


“ဒါဖြင့် ငါတို့တွေ သူ့ကို အလုပ်မှာ မြင်ရတော့မှာလား”


“တွေးတောင်မတွေးလိုက်နဲ့။ အဲ့လူချောလေးက သူဌေးကို လာတွေ့ရုံပဲဖြစ်မှာ။ ပြီးတော့ သူရိုက်ကူးရေး မလုပ်တော့တာ နင်မသိဘူးလား။ပုံရိုက်စရာရှိရင်တောင် ဧရိယာကို အမြဲရှင်းပေးရတဲ့ဥစ္စာကို”


သူ့လုပ်ဖော်ကိုင်ဖက်တွေ၏ စကား​ဝိုင်းက ဟော့ယုံချင်း၏အာရုံကို မဆွဲဆောင်နိုင်ချေ။ သူ့တို့လက်ထဲက ကော်ဖီကိုသာ အာရုံစူးစိုက်နေမိ၏။ သူ့အပြုအမူက အတော်လေးနက်နေ၍ ဖြစ်နိုင်သည်။ဘေးနားက တစ်ယောက်က ရယ်မောလာကာ စကားစပြောလာလေသည်။


“ကျွန်တော် ကူညီပေးမယ်လေ”


စကားပြောသူက အလွန်ဖက်ရှင်ကျကျ ၀တ်ဆင်လေ့ရှိသော လူငယ်လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးဖြစ်သည်။


 ဟော့ယုံချင်းက တစ်ဖက်လူကိုကြည့်ကာ မျက်တောင်ခတ်ရင်း နေရာရွေ့ပေးလိုက်သည်။ သူ့ကော်ဖီကို ဖျော်ပေးနေတာဖြစ်သည်မို့ သူကသေချာကြည့်နေလိုက်၏။ ဘာကြောင့်ရယ်မသိ။သူ့လုပ်ဖော်ကိုင်ဖက်၏ ပါးပြင်များက နီရဲလာလေသည်။ လျစ်လျူရှုထား၍မရအောင် ရဲတွက်လာရာ သူက မေးလိုက်မိသည်။


“ မင်း နေမကောင်းဘူးလား”


 လုပ်ဖော်ကိုင်ဖက် အမျိုးသားက ခေါင်းကို အမြန်ခါလိုက်ရင်း သူ့အသံက ယခင်ကထက် ပိုတိုးသွား၏ ။


“မဟုတ်ပါဘူး”


 ဟော့ယုံချင်း ဘာမှ ပြန်မပြောရသေးခင်မှာပင် ကော်ဖီခန်း၏ တံခါးပေါ်သို့ ခေါက်သံ နှစ်ချက်ထွက်လာကာ မထင်မှတ်ထားသော လူတစ်ယောက် ဝင်လာလေသည်။


 “တဆိတ်လောက် မင်းဖျော်တဲ့ကော်ဖီက အရမ်းမွှေးလို့လေ။ဘာတံဆိပ်လဲလို့ မေးလို့ရမလား”


 ကြည်လင်သော အသံနှင့်အတူ ကြွေခွက်ထဲသို့ လောင်းထည့်လာသော ရေနွေးသံကြောင့် ဟော့ယုံချင်းက နောက်သို့ လှည့်ကြည့်လိုက်ရာ ပယင်းမျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။


ပယင်းရောင်မျက်ဝန်းပိုင်ရှင်ကလည်း ဟော့ယုံချင်းကို မြင်ချိန်၌ မျက်တောင်အနည်းငယ် ခတ်သွား၏။


ဟော့ယုံချင်းပဲ ထင်ယောင်ထင်မှား ဖြစ်သလားတော့ မသိပါချေ။


°°°°°°°


နောက်တော့ သူ့လုပ်ဖော်ကိုင်ဖက်တွေပြောနေကြသည့်လူဟာ သိုက်ယွမ်ဖြစ်ကြောင်း ဟော့ယုံချင်း သိလိုက်ရသည်။ ထို့ပြင် သိုက်ယွမ်ဟာလည်း တစ်ချိန်က အလွန်နာမည်ကြီး၍ သူ့အလုပ်ရှင် မစ္စတာဟိုက်၏ ဂျူနီယာဖြစ်ကြောင်းပါ သိလိုက်ရတော့သည်။


 လုပ်ဖော်ကိုင်ဖက်တွေ၏ စကားအရ သိုက်ယွမ်က ပိုပါရမီပါတာ သိသာထင်ရှားပေမဲ့ ရိုက်ကူးရေးတွေ ရပ်လိုက်တာတော့ စိတ်မကောင်းစရာပင်။


 သူ့အလုပ်ရှင်က သိုက်ယွမ်ကို သိနေသည့်အတွက် ထိုနေ့က ကားထဲမှာ သိုက်ယွမ်နာမည်ကို ပြောခဲ့တာ မထူးဆန်းတော့ချေ။


 ထိုနေ့၌ ဟော့ယုံချင်းသည် အလုပ်မပြီးသေးသော်လည်း အလုပါရှင်၏ မန်နေဂျာထံ  တန်းသွားကာ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြောလိုက်တော့သည်။


 သူ့အကျိုးနှင့် သိုက်ယွမ်၏ ကောင်းကျိုးအတွက် သိုက်ယွမ်နှင့် ပတ်သက်ဆက်နွယ်နေသည့် လူများနှင့် အဆက်အသွယ် များများမပြုသင့်ဟု သူ ခံစားမိနေသည်။  အလုပ်ရှင်ဟာ သိုက်ယွမ်၏ စီနီယာ အစ်ကိုဖြစ်ရာ သိုက်ယွမ်အတွက် လက်စားချေလိုလောက်မည်ပင်။


 သူက ကုမ္ပဏီ၌ ပစ္စည်းများများစားစား မရှိရာ ကတ်ထူပုံးတစ်ပုံးတောင် ယူစရာမလိုချေ။ သို့ငြား ကုမ္ပဏီ အဆောက်အဦးကနေ ထွက်သွားတော့မည့်အချိန်၌ တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လာသည်။


“ခဏစောင့်ပါဦး”


 သူ့အနောက်ကနေ အမှီလိုက်လာသူက သူ့ရှေ့မှာ ရပ်လာသည်။သူ့မျက်နှာက တောင့်တင်း၍ မသက်မသာအမူအရာနှင့်အတူ ထိုသူက စကားဆိုလာသည်။


" အရင်တစ်ခေါက်က အားလန်နဲ့ တခြားသူတွေ မင်းကို လုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်မကောင်းပါဘူး။မင်း သူတို့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်တော့်စီနီယာအစ်ကိုက အစကတော့ မင်းကိုစိတ်ဆိုးလို့ တမင်ခန့်ခဲ့တာတဲ့။ ဒါပေမဲ့ ခုသူက စိတ်မဆိုးတော့ဘူးလို့ ခနကပဲပြောတယ်။ သူက မင်းကို အလုပ်ပြန်လုပ်စေချင်နေတယ်။ ဟော့ယုံချင်း မင်းစိတ်ချပါ။ စီနီယာက ကျွန်တော့်ကြောင့်နဲ့ မင်းကို မနှိပ်စက်ပါဘူး”


 ဟော့ယုံချင်းက ခြေလှမ်းကို ရပ်လိုက်လျက် သိုက်ယွမ်အား ရှင်းလင်းသွားအောင် ပြောလိုက်၏။


 "မဟုတ်ဘူး။ မင်းသူတို့အစား တောင်းပန်စရာ မလိုဘူး၊။ငါ့ကို တောင်းပန်စရာလည်း မလိုဘူး။ ငါတို့က အခုမှစပြီး သူစိမ်းတွေ ဖြစ်သွားပြီ။ငါ့ကို မြင်ရင်သာ ရှောင်ပေးပါ”


သူက ပြောရင်းမှ သိုက်ယွမ်၏လည်ပင်းက တက်တူးကို လှမ်းကြည့်လိုက်ကာ


 "အဲဒီတက်တူးက…..ဖျက်လို့ ရလောက်ပါတယ် ဟုတ်တယ်မလား”


 ဟော့ယုံချင်းသည် သူ့လေသံက တည်ငြိမ်ကာ စိတ်က ငြိမ်အေးသွားသည်ဟု ခံစားလိုက်ရပေမဲ့ သူ့ရှေ့ကလူကတော့ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။  စောနက ကြောက်ရွံ့မှုနှင့် တောင်းပန်မှုကဲ့သို့သော ခံစားချက်များ ပြည့်နှက်နေသည့် ပယင်းမျက်ဝန်းတစ်စုံဟာ မှိန်ဖျော့သွားသည်မှာ နေသာရာကနေ အုံ့မှိုင်းသွားသော ကောင်းကင်အလား။ မိုးဖွဲလား၊ မုန်တိုင်းလားတော့ မသိရပါချေ။


ဟော့ယုံချင်းမှာ ရှင်းပြမရစွာ မသက်မသာဖြစ်လာရင်း ဘာစကားမှ ဆက်မပြောတော့ဘဲ ထွက်သွားတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ ထိုလူ့ဘေးက ဖြတ်သွားချိန်၌ လက်မောင်းကနေ အဆွဲခံလိုက်ရလေသည်။


ဖြူလျော်နေသော လူငယ်လေးသည် တောက်ပနေသော နေရောင်အောက်မှာ ရပ်လျက် အေးစက်သော လက်ဖျားများနှင့်အတူ သူ့အား နူးညံ့စွာ ပြုံးပြလာသည်။


“ဟုတ်နေတာပဲကိုး….မင်း ကျွန်တော့်ကို မမှတ်မိဘူးပဲ….”


နောက်ဆုံးသော စကားနှစ်လုံးက တိုးဖျော့သွားကာ နှုတ်ခမ်းလှုပ်ရုံသာ ဖြစ်သော်လည်း ဟော့ယုံချင်းကမူ နားလည်လိုက်သည်။


သိုက်ယွမ်ဟာ သူ့အား ကိုကို ဟု ခေါ်လာခဲ့ခြင်းပါပေ။