သိုက်ယွမ်သည် ထိုစကားနှစ်လုံးကို ထုတ်ခေါ်လာချိန်၌ သူ့အသက်နှင့် မလိုက်ဖက်လှသော အားကိုးအားထားလိုသောအကြည့်က မျက်ဝန်းထဲမှာ ပေါ်လာ၏။
မနှစ်မြို့သော သဘောထားက ဟော့ယုံချင်းစိတ်ထဲ ရုတ်ချည်း ပေါ်လာသည်။
ဟော့ယုံချင်း သူ့လက်ကို မျက်တောင်တစ်ခတ်စာမက မြန်သောအရှိန်ဖြင့် ပြန်ဆွဲယူလိုက်၏။ သူသည် ရှေ့ကလူကို စိုက်ကြည့်ရင်း အတော်ကြီးကြာမှ “ မင်း….” ဟူသော တစ်လုံးသာ ထွက်လာသည်။
သိုက်ယွမ်က ဝမ်းနည်းသွားသည့်နှယ်။ သို့ငြား ဟော့ယုံချင်းအား မသွားပါနဲ့ဦးဟု ခပ်တိုးတိုးဆိုလာသည်။ ထို့နောက် သူက ဖုန်းကိုအမြန်ဆွဲထုတ်ကာ စခရင်ထက်ကို အနည်းငယ် လှန်လှောပြီးနောက် ဟော့ယုံချင်းဘက်သို့ ထိုးပြလာသည်။
ဟော့ယုံချင်း စခရင်ပေါ်ကို အလိုလိုကြည့်လိုက်မိတော့ ဓာတ်ပုံတစ်ပုံကို မြင်လိုက်ရလေသည်—။
လူနှစ်ယောက်၏ပုံပင်။
ဆိုဖာပေါ်တွင် ထိုင်နေသူသည် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ထားပြီး အပေါ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားကာ ဖြူဖွေးသော ညှပ်ရိုးနှင့် ထိုညှပ်ရိုးပေါ်မှာ အမှတ်အသား နီရဲရဲများကို ပြသထားသည်။သူက ကင်မရာဘက်သို့ စိတ်အေးလက်အေးအမူအရာဖြင့်ကြည့်နေကာ နှုတ်ခမ်းထောင့်မှာတောင် အပြုံးတစ်ပွင့်က ကော့တက်နေသေးသည်။
လက်ကမူ သူ့ပေါင်ပေါ် ခေါင်းတင်ထားသော အမျိုးသား၏ အနက်ရောင်ဆံနွယ်တို့အပေါ် တင်ထား၏။
နှစ်ယောက်သားက ရင်းနှီးသော ဆက်ဆံရေးရှိမှန်း ထင်ရှားလှပေသည်။
ဆံပင်ကို အထိခံထားရသော လူကမူ ဆိုဖာပေါ်ထိုင်နေသောလူကို မော့ကြည့်နေ၏။ ကင်မရာထဲမှာ သူ့မျက်နှာက တစ်ဝက်လောက်သာ ပါသော်လည်း ထိုမျက်နှာပေါ်ရှိ ခံစားချက်များကိုတော့ မြင်နိုင်သေးသည်ပင်။
တွယ်တာမှု၊ ချစ်ခင်မှု၊ တောင့်တမှု……
သူထပ်ပြီး မကြည့်ဝံ့တော့။ မျက်နှာကို တောင့်တင်းစွာ လွှဲပစ်လိုက်သည်။ သိုက်ယွမ်၏ လေသံပျော့ပျော့ကမူ သူ့နားထဲသို့ လွင့်ပျံလာလျက်။
“ကိုကို….ကိုကိုကို ကျွန်တော်မလိမ်ပါဘူး…..ကိုကိုက ကျွန်တော့်ကို ချစ်တယ်လေ”
" အရင်ဆုံး …မင်း ငါ့ကို အဲ့လို မခေါ်နဲ့"
ဟော့ယုံချင်း အသံက လုံးဝကို လမ်းပျောက်နေ၏။သူ့စိတ်ခံစားချက်တွေက တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ ပြောနေပေမဲ့ သူ့အသိတရားကမူ ဤအကြောင်းအရာတွေကို သဘောပေါက်အောင်လုပ်ဖို့ လိုအပ်နေကြောင်း တိုက်တွန်းနေသည်။
သူ ထိုနေရာမှာ ခဏလောက်ရပ်ကာ စိတ်ကို အနည်းငယ် ငြိမ်အောင်ထိန်းပြီးနောက် သိုက်ယွမ်ကို ပြန်ကြည့်ကာ တတ်နိုင်သမျှ အေးအေးဆေးဆေး ပြောလိုက်တော့သည် ။
“တစ်နေရာရာမှာ စကားပြောရအောင်”
°°°°°°°
သူတို့စကားပြောသောနေရာက အဆင့်မြင့် ကော်ဖီဆိုင်၏ သီးသန့်ခန်းထဲမှာ ဖြစ်သည်။
ဟော့ယုံချင်းက သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်သည်။ သို့ငြား မျက်နှာချင်းဆိုင်ဘက်မှာ ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသော လူငယ်လေးကို မြင်လိုက်ရချိန်၌မူ သူ့စကားတွေကို ပြန်မြိုချမိသွားတော့သည်။
ထိုသူဟာ ယောက်ျားလေးအများစုထက် အရပ်ရှည်သော်ငြား အမူအရာကမူ သနားစရာကောင်းကာ အားငယ်သည့်ဟန်ပန် ဖြစ်နေ၏။ ပိုထူးဆန်းတာက ယင်းဟာ သူ့ပုံစံနှင့် အံဝင်ခွင်ကျ မဖြစ်နေတာမျိုး လုံးဝမရှိတာဖြစ်သည်။
ဟော့ယုံချင်းက ရှုပ်ထွေးသောခံစားချက်များနှင့်အတူ နောက်ထပ်လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။ဤတစ်ခွက်က သိုက်ယွမ်ဖို့ပင်။
သိုက်ယွမ်သည် အသံဗလံတွေကြားသွားပုံရသည်။ အမြန်အဆန်မျက်လွှာပင့်လာကာ သူ့ရှေ့က လက်ဖက်ရည်ခွက်ကိုမြင်တော့ မေးကို ပိုမြင့်မြင့်မော့လာကာ ဟော့ယုံချင်းဆီသို့ ဖျတ်ခနဲကြည့်လာသည်။
နှစ်ထပ်သောမျက်ရစ်လေးက ဤအချိန်မှာ ပင့်မ,လာရာ ပယင်းရောင်မျက်ဝန်းလေးအား ပို၍ပင် ထွင်းဖောက်မြင်မတက်ဖြစ်စေကာ ရိုးသားအပြစ်ကင်းပုံ ပေါက်နေသည်။ သူ့ပုံက အလွန်ပျော်ရွှင်သွားပုံရကာ ဟော့ယုံချင်းထံ ကျေးဇူးပါ ဟု ခပ်တိုးတိုးပြောလာလေသည်။
ဟော့ယုံချင်းခံစားချက်က ပို၍ပင်ရှုပ်ထွေးလာရ၏။ သို့ငြား ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ တချို့စကားလုံးတွေကတော့ ပြောကိုပြောရမည်သာ။
“အရင်တစ်ခေါက် ဆေးရုံကနေ သတိရလာကတည်းက ငါအတော်များများ မေ့သွားတယ်။ ငါမေးလို့ရမလား။ မင်းနဲ့ငါ…ဘယ်..ဘယ်လိုတွေ့ပြီး ငါတို့ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ..”
“ရတာပေါ့”
သိုက်ယွမ်က ပြောပြီးနောက် ခဏမျှ ငြိမ်ကျသွားသည်။ ဟော့ယုံချင်း ထပ်မံစကားစဖို့ပြင်တော့ သူက အရင်ပြောလာ၏။
“ကိုကို တရုတ်ပြည်ကို ပြန်ရောက်လာတဲ့ ၂၂နှစ်အရွယ်မှာ ကျွန်တော်တို့တွေ့ခဲ့ကြတာ။ ပထမဆုံးအကြိမ်က အားလန်ရဲ့ မွေးနေ့ပါတီမှာပေါ့။အားလန်က ကိုကိုနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပြီးတော့ ကိုကိုက သူ့သူငယ်ချင်းကောင်းလို့ ပြောတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့တွေ အဆက်အသွယ်အချက်အလက်တွေ ဖလှယ်ခဲ့ကြတယ်။
နောက်တော့ ကိုကိုက ကျွန်တော့်ကို အပြင်ထွက်ပြီး လျှောက်လည်ကစားရအောင်လို့ ခေါ်တယ်။ ပထမတော့ ပုံမှန်လိုပဲ လျှောက်လည်ကစားတာပါပဲ။ စားသောက်ဆိုင်မှာ ထမင်းစားတယ်။ ဘောလုံးကစားတယ်။ဖျော်ဖြေပွဲတွေ သွားတယ်။ ဒါပေမဲ့ တစ်နေ့ကျ ကိုကိုက မေးလာတယ်။ ကိုကို့အိမ်ကို လိုက်မလားတဲ့။ ဝီချတ်မှာ ကျွန်တော်တင်ထားတဲ့ ဓါတ်ပုံတွေကိုတွေ့ပြီး ကိုကို့ကို ဓါတ်ပုံရိုက်ပေးစေချင်တယ်တဲ့လေ။
ကျွန်တော်တို့က သူငယ်ချင်းတွေမို့ ချက်ချင်းပဲ သဘောတူလိုက်တာပေါ့။ ဒါပေမဲ့ ကိုကို့အိမ်ကို ရောက်တဲ့အချိန်ကျတော့ ကိုကိုက ကျွန်တော့်ကို ရုတ်တရက်ကြီး ထပြောလာတယ်။ ကျွန်တော့်ကို အရမ်းသဘောကျတယ်။ ကိုကိုနဲ့ တွဲပေးနိုင်မလားလို့ မေးတယ်။ ကျွန်တော် ငြင်းခဲ့တယ်။အဲဒီတုန်းက ကိုကို့ကို သူငယ်ချင်းလို့ပဲ မှတ်ယူထားတာကိုး… နောက်တော့လည်း ကျွန်တော်တို့ တွဲခဲ့ကြတယ်။ ပထမတော့ အဆင်ပြေပြေပါပဲ။ဒါပေမဲ့ နောက်ကျ ကိုကိုက အရမ်းသံသယကြီးလာပြီး ကြောက်ဖို့ကောင်းလာတယ်။ ကျွန်တော်က ကိုကို့ကို သိပ်မချစ်ဘူးဆိုပြီး ပြော ပြောနေခဲ့တာ…”
ထိုစကား ပြောနေချိန်၌ သိုက်ယွမ်က တုန်ယီလာသည်။ မသိလျှင် အလွန်တရာ ကြောက်လန့်သွားသည့်အလား။
"အဲ့ဒါနဲ့ ကျွန်တော် အလုပ်ကထွက်ပြီး အိမ်မှာ နေ့တိုင်းစောင့်နေပေမဲ့ ကိုကိုကတော့ မလုံလောက်သေးဘူးလို့ ခံစားမိနေတုန်းပဲ..."
သူပြုခဲ့သော တနည်း အနာဂါတ်သူကိုယ်တိုင်က ပြုခဲ့သော ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို တခြားသူတွေဆီကနေ ကြားရတာ အလွန်ထူးဆန်းသော ခံစားချက်တစ်ခုပါပင်။ ဟော့ယုံချင်း၏မျက်တောင်များက တုန်ခါသွားကာ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ရာ လက်ဖက်ရည်တစ်ငုံသောက်လိုက်ရသည် ။
သိုက်ယွမ်ပြောသောလူဟာ တကယ့်ကို သူမဟုတ်ပေ။
သိုက်ယွမ်ကလည်း ဟော့ယုံချင်း စိတ်အခြေအနေ ဆိုးရွားသွားမှန်း သတိပြုမိသွားဟန်ရသည်။ သူက အတိတ်အကြောင်းပြောခြင်းကို ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ဟော့ယုံချင်းရှေ့သို့လာ၍ ဒူးထောက်ထိုင်ချလာ၏။ ဟော့ယုံချင်းတားဖို့ အချိန်မရခင်မှာပင် သူက သူ့ပါးပြင်နှင့် ဟော့ယုံချင်းဒူးနားသို့ ကပ်၍ ဂရုတစိုက်ပွတ်သပ်လာသည်။ ထူထဲသော သူ့မျက်တောင်များကမူ စိုက်ကျလျက်ရှိကာ ပယင်းရောင်မျက်ဝန်းများကို ဖုံးကာပေးထားလေသည်။
“ကိုကိုက ကျွန်တော့်ကို မချစ်တော့ဘူးလားဟင်”
သူက မေးလာ၏။
“ငါ့ကို ကိုကိုလို့ မခေါ်နဲ့”
ဟော့ယုံချင်း သိုက်ယွမ်ကို တွန်းထုတ်ဖို့ ဟန်ပြင်လိုက်ပေမဲ့ သူ့လက်ဖျားက တစ်ဖက်လူ၏ အေးစက်စက်အရေပြားကို ထိမိသွားချိန်မှာ ခပ်မြန်မြန် ပြန်ရုတ်မိသွားရသည်။
သူက သူ့ခြေထောက်နားက သိုက်ယွမ်ကို မကြည့်တော့။
“မင်းပြောနေတာတွေက အရင်ကငါသိထားတာတွေနဲ့ မတူဘူး။ဓါတ်ပုံတစ်ပုံလောက်နဲ့ မင်းစကားတွေကိုလဲ ငါမယုံဘူး။ သူတို့အကုန်ပြောထားတာက ငါကမင်းကို မုန်းတီးပြီးတော့…ဖြစ်စေချင်….”
သိုက်ယွမ်က စကားမပြောတော့ချေ။ သူ့ပါးပြင်ကမူ ဟော့ယုံချင်းဒူးပေါ်မှာ ဖိကပ်ထားဆဲဖြစ်သည်။ နွေဦးဖြစ်တာကြောင့် ဟော့ယုံချင်းဘောင်းဘီက သိပ်မထူပေ။ နည်းနည်းတောင် ပါးလျပ်နေသေးသည်။ စီးဆင်းနေသော သွေးတွေထဲကအပူက ဘောင်းဘီ၏ ချောမွတ်နေသော အထည်သားကတဆင့် သူ့ပါးပြင်ဆီ တိုးဝင်လာပြီး အစပိုင်းမှာ သူ့ပါးပြင်ကို ပူနွေးလာစေ၍ နောက်တော့ တစ်ကိုယ်လုံးကိုပါ ပူနွေးလာစေသည်။
ဟော့ယုံချင်းသွေးတို့ဟာ သူ့ကိုယ်ထဲသို့ပင် စီးဆင်းသွားသကဲ့သို့နှယ်။
“ဟေး…”
ဟော့ယုံချင်းက သိုက်ယွမ်၏ ရှည်ကြာသော တိတ်ဆိတ်မှုကို သတိပြုမိသွားကာ သူ့ခြေထောက်ကိုရွေ့၍ ခပ်ဝေးဝေးသို့ တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူရွေ့တာနှင့် သိုက်ယွမ်ကပါ လိုက်ရွှေ့လာလေသည်။
သိုက်ယွမ်က ခေါင်းမော့ပြီး ဟော့ယုံချင်း ကို မော့ကြည့်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်ခြည်သည် ထိုသူ၏ အလွန်သိမ်မွေ့ပြီး လှပသော မျက်နှာပေါ် ဖြာကျနေသည်မှာ ခပ်သွဲ့သွဲ့တိုက်ခတ်သွားသော လေညင်းအလား။ ရှင်းပြရခက်စွာပင် သူ၏ ဖြူဖျော့သော အရေပြားပေါ်တွင် နီမြန်းမှုတစ်ခု ပေါ်လာလေသည်။ သူ့ နှုတ်ခမ်းနှင့် သွားကြားထဲက လျှာဟာ တွန့်သွားရ၏။
“ကျွန်တော့်မှာ တခြားသက်သေတွေရှိသေးတယ်”
••••••••
ဟော့ယုံချင်းတစ်ယောက် အိမ်ထဲကို ဝင်လိုက်သည်နှင့် ဤအိမ်ပုံစံက သူ့အကြိုက်ပုံစံဆိုတာကို တွေ့လိုက်ရသည်။ သူဟာ ကြမ်းပြင်ကနေ မျက်နှာကြက်ထိမြင့်သော ပြတင်းပေါက်များကို သဘောကျသည်ပင်။ ဤအိမ်ရှိ အခန်းတိုင်းမှာတော့ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သော ပြင်သစ်ပြတင်းပေါက်များရှိပြီး အထူးသဖြင့် မာစတာအိပ်ခန်းထဲတွင် လျောပြတင်းပေါက် သုံးခုတောင် ပါလေသည်။
နွေးထွေးသော အလှဆင်မှု၊ တွဲစပ်ထားသည့် ပရိဘောဂများနှင့် တံခါးပေါက်ရှိ ဖိနပ်တစ်ရံနှစ်စုံကပင် ဒီအိမ်မှာ ပိုင်ရှင်နှစ်ဦးရှိကြောင်း ဟော့ယုံချင်းအား ပြောပြလို့နေသည်။
မာစတာအိပ်ခန်းထဲက အဝတ်လဲခန်းထဲမှာတော့ အဝတ်အစားများစွာရှိသည်။ ဟော့ယုံချင်းက သိုက်ယွမ်၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ အားလုံးက သူကြိုက်သော အဝတ်အစားဘရန်းတွေပင်။ မှန်ဗီဒိုပေါ်တွင် ကပ်ထားသော မှတ်စုတိုပေါ်မှ စကားလုံးများကတောင် သူ့လက်ရေးဖြစ်၏။
မှတ်စုတိုကို ချန်ထားခဲ့တာ ကြာလောက်ပြီ ထင်ရသည်။ဟော့ယုံချင်း ထိလိုက်ချိန်မှာ စေးကပ်မှု မရှိတော့ဘဲ ပြုတ်ကျလာလေသည်။
ရေးထားသည်က ‘အထဲကအဝတ်တွေကို အခြောက်လျှော်ဖို့ယူသွား ‘ ဟူ၍ပင်။
ထိုသာမန်စကားလုံးလေးက ဘဝ၏ ဝင်သက်ထွက်သက်ကို ဖော်ပြနေပေသည်။
သိုက်ယွမ်က သူတို့တွေ အချိန်ကာလတစ်ခုအထိ အတူနေထိုင်ခဲ့ကြောင်း ပြောပြလာသည်။ သဘောတူစွာအတူနေတာမျိုးတော့ ဟုတ်ဟန်မတူ။ သူက သိုက်ယွမ်ကို အတင်းအကြပ်ခေါ်လာပုံပင်။တိုတိုပြောရလျှင် ဒီနေရာကိုဖြစ်သည်။ သူကတော့ ဒီကို ဘယ်တုန်းကမှ မရောက်ဖူးခဲ့။သို့သော်လည်း ဒီအိမ်က သူ့ရနံ့တွေနှင့် ပြည့်နေလေသည်။
ဟော့ယုံချင်း၏မျက်နှာက ဖျော့တော့လာသည် ။ သူက မှတ်စုစာရွက်တိုကို ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။
“ငါတို့ ဒီမှာနေတာ ကြာပြီလား"
ဟော့ယုံချင်းဟာ “မင်းနဲ့ငါ” ကနေ “ငါတို့” အဖြစ် ပြောင်းသုံးလိုက်တာကို သိုက်ယွမ် သတိထားမိသွား၏။
သူက အင်းဟု အသံပြုရင်း ပြောလာသည်။
“ နောက်တစ်ခုရှိသေးတယ်။ ကိုကို ကြည့်ချင်လား”
ဟော့ယုံချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ နောက်ထပ်မြင်ရတော့မည့် အရာဟာ သူလက်မခံနိုင်လောက်သောအရာ ဖြစ်လောက်မည်ဟု ကြိုတင်ခန့်မှန်းမိနေသော်ငြား ယခုချိန်၌ သူဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်နေသလိုမျိုး အမှန်တရား၏အစွန်းနားမှာ ရောက်နေပြီ ဖြစ်၏။ အန္တရာယ်ကို ကောင်းစွာသိသော်လည်း ချောက်ထဲသို့ မတတ်သာစွာ ချောင်းကြည့်နေမိလေသည်။
“ဘယ်ဟာလဲ”
သူက သိုက်ယွမ်အား မေးလိုက်သည်။
သိုက်ယွမ်က အပြင်ဘက်သို့ လက်ညိုးထိုးကာ အနည်းငယ်ပျာယာခတ်သလို၊ရှက်သလိုဟန်ဖြင့်
“ဧည့်ခန်းထဲမှာ”
သူ့ပုံစံက ဟော့ယုံချင်းအား ကြည့်စေချင်ပုံမရ။သို့ငြား ဧည့်ခန်းထဲကိုတော့ ခေါ်သွားပေး၏။ သူက ဟော့ယုံချင်းအား ထိုင်ခိုင်းကာ တီဗွီစင်သို့သွား၍ ဖွင့်လိုက်ရင်း ရီမုတ်ဖြင့် ဗွီဒီယိုတစ်ပုဒ်အား ပြသလာသည်။
ဗွီဒီယို၏ ဆက်တင်အပြင်အဆင်က ဤအိမ်၏ မာစတာအိပ်ခန်းထဲမှာပင်။
သိုက်ယွမ်ပြသော ဗွီဒီယိုထဲမှာ သူကိုယ်တိုင်နှင့် သိုက်ယွမ်အား တစ်ဖန် တွေ့လိုက်ရလေပြန်သည်။
••••••
ဗွီဒီယိုက မပြီးသေးခင်မှာပင် ဟော့ယုံချင်းက ရုတ်တရက် ပိတ်ပစ်လိုက်သည်။
သူ ထိုနေရာမှာ တောင့်တင်းစွာ ရပ်နေရင်း မျက်နှာက အရင်ကထက် ပိုဖြူလျော်လာသည်။ သိုက်ယွမ်က သူ့အမူအရာကို အကဲခတ်ရင်း ခပ်တောင့်တောင့် မေးလာ၏။
“ကိုကို…အဆင်ပြေရဲ့လား”
အသံက စောနက ဗွီဒီယိုထဲကနှင့် အတူတူပင်။ သို့ငြား လေသံကမူ ကွာခြားသည်။ ထိုခံစားချက်က ဟော့ယုံချင်းအား ပို၍ပင် မသက်မသာ ဖြစ်လာစေ၏။ သူ သိုက်ယွမ်ကို မကြည့်ရဲတော့ဘဲ အဝေးသို့ အနေရခက်စွာ ကြည့်လိုက်သည်။
“မင်းပြောတာက အမှန်ဆိုရင်…ဒါဆို ဘာလို့..ငါက....”
ခဏမျှ တုံ့နေပြီးမှ သူ စကားခေါင်းစဥ်ပြောင်းပစ်လိုက်သည်။
“မင်းကိုနာကျင်စေတဲ့ အရာတွေ လုပ်ခဲ့ရတာလဲ”
“ဘာလို့လဲဆိုတော့ ကိုကိုကပြောတယ်။ ကျွန်တော်က လိမ္မာတဲ့ကလေးမဟုတ်ဘူး။ အမြဲထွက်ပြေးချင်နေတယ်တဲ့။ ပြီးတော့ ပြောသေးတယ်။ ကျွန်တော်က ကိုကို့ရဲ့အာရုံစိုက်မှုတင်မကဘူး တခြားလူအများကြီးရဲ့အာရုံကိုလည်း ဆွဲဆောင်ခဲ့လို့တဲ့”
ဟော့ယုံချင်း အလန့်တကြား ဖြစ်သွားရင်း သိုက်ယွမ်ဘက် ခေါင်းလှည့်ကြည့်မိသွားသည်။
သိုက်ယွမ်ဟာ ထိုစကားလုံးများကို အလွန် တည်ငြိမ်သော အသံဖြင့် ပြောလာခြင်းပင်။
“ဒါဖြင့်….ငါ ဒါတွေအားလုံးကို မေ့နေတယ်ဆိုတာ မင်းသိနေတာပဲ။ ဘာလို့ငါ့ကို လာပြောပြနေတာလဲ”
ဟော့ယုံချင်း ခက်ခက်ခဲခဲ မေးလိုက်၏။
“မင်း ငါနဲ့ တတ်နိုင်သလောက် ဝေးဝေးနေသင့်တာ မဟုတ်ဘူးလား”
သိုက်ယွမ်က ခေါင်းငုံ့လိုက်သည်။ သွယ်လျသော လည်ဂုတ်ပေါ်က “ယုံး” ဟူသော တက်တူးက အပ်တစ်ချောင်းအလား သူ့နှလုံးသားထဲ တန်းတန်းမတ်မတ် စိုက်ဝင်လို့သွားရသည်။
“ကျွန်တော်က ကိုကိုဆီက အဲ့လိုအချစ်ခံရတာကို အသားကျနေပြီလေ”
သူက တိုးဖွစွာ ပြောလာလေသည်။