သူ ပထမဆုံး ဆုံလိုက်ရသောအရာကား မျက်ဝန်းတစ်စုံပင်။
မြင်ရသောမျက်ဝန်းကို ခဏတာတော့ ဘယ်လိုဖော်ပြရမည်မှန်းပင်မသိချေ။ ပယင်းရောင်သူငယ်အိမ်က ကြည်လင်နေကာ အပေါ်ကော့တက်နေသောမျက်ဝန်းအိမ်၏ ထောင့်ကနေ စူးရှသောအကြည့်က ခိုဝင်နေလျက်သား။
မျက်ဝန်းတို့ကတဆင့် အောက်ရွေ့လိုက်တော့ ထူးဆန်းကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာရှိနေ၏။
သူရှေ့ကလူက အလွန်ဖြူဆွတ်သည်။ ဖြူဖွေးလွန်းသည်မှာ သွေးမရှိသလိုပင်။စိမ်းပြာရောင် သွေးကြောတို့ကို ဖြူဆွတ်သော အသားရေကနေတဆင့်ပင် မြင်နေရကာ အနက်ရောင်ဝတ်စုံအောက်က သွယ်လျလျခန္ဓာကိုယ်ထက်အရောက်မှာတော့ မမြင်ရတော့။
သူက ထောင့်မှာရပ်နေတာဖြစ်သည်။ ဤနေရာက မီးအလင်းရောင်က ခန်းမထက် အနည်းငယ်မှိန်ဖျော့သည်မို့ အမှောင်ထဲမှာ ပုန်းနေသော ထိုသူ၏ ခန္ဓာကိုယ်တစ်ဝက်လောက်ကို ပျောက်ကွယ်မတတ်ဖြစ်စေ၏။
အမှောင်ထဲရောက်နေသော ပယင်းရောင်မျက်ဝန်းတစ်ဖက်သည်ပင် ကြည့်ရတာ ပို၍ နက်ရှိုင်းသယောင်ထင်ရသည်။ မှောင်နေ၍လည်း ဖြစ်နိုင်ပါ၏။ ယင်းက တိရစ္ဆာန်တစ်ကောင်၏ မျက်ဝန်းများအား အမှတ်ရစေသည်။ သို့ငြား အနီးကပ်ကြည့်ပါမူ တိရစ္ဆာန်မျက်လုံးနှင့် မတူတော့။
သက်ရှိလူနဲ့ မတူသလိုပဲ။
ဒါဟာ ဤလူ့အပေါ် မှတ်ချက်ချလိုက်သည့် ဟော့ယုံချင်း၏ ပထမဆုံးသော ထင်မြင်ချက်ဖြစ်၏။
အရပ်ကလည်း အမြင့်ကြီးပဲ။
ဒါကတော့ ဟော့ယုံချင်း၏ ဒုတိယထင်မြင်ချက်။
ဟော့ယုံချင်းက ပုတော့မပု။ သူ့အရပ်က ယောက်ျားတွေကြားထဲမှာ အတော်လေး မြင့်သည်ဟု မှတ်၍ရသည်။ သို့ငြား သူ့ရှေ့ကလူကတော့ သူ့ထက် အတော်ကြီးကို အရပ်မြင့်လောက်သည်။
သူက တိတ်တိတ်လေး နှိုင်းယှဥ်မိနေရင်း တစ်ဖက်လူက တကယ်ပဲ သူ့ထက်ခေါင်းတစ်လုံးမြင့်တာ တွေ့လိုက်ရ၏။
အရပ်ကွာခြားချက်ကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ ဟော့ယုံချင်းသည် ရုတ်တရက်ပင် သူ့ရှေ့ကလူအား အနည်းငယ် မနှစ်မမြို့ဖြစ်သွားရသည်။
ဟော့ယုံချင်းမျက်ဝန်းတွေက ထိုလူ့အပေါ် ဝေ့ခနဲရောင်သွားစဥ်မှာပင် ထိုလူကလည်း ဟော့ယုံချင်းအား ကြည့်လာ၏။ သူ၏ မဖုံးကွယ်ထားသော အကြည့်များက ဟော့ယုံချင်း သူ့ကိုကြည့်နေတာထက် ပိုစောစီးစွာ လှမ်းကြည့်နေတာ ဖြစ်လောက်မည်။
တိတ်တဆိတ်မျက်လုံးချင်းဆုံမိစဥ်မှာပင် ထိုလူက အရင်ဦးစွာ တုံ့ပြန်လာသည်။ သူမျက်တောင်တို့က အနည်းငယ်တုန်ယီသွားကာ နောက်တစ်လှမ်းဆုတ်သွား၏။ခုခံခြင်းငှာမစွမ်းသာမှုများက ထိုလူ့ထံ၌ လွှမ်းခြုံလာသည့်နှယ် သနားစဖွယ်ကောင်းသော လူတစ်ယောက်အသွင်ဖြစ်သွားသည်မှာ မသိလျှင် သူ့အား အလွန်အမင်း ထိတ်လန့်ခြောက်ခြားအောင်လုပ်သော အရာက သူ့ရှေ့ကတစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်နှယ်။
သူ့ရှေ့မှာ ရှိတာဆို၍ ဟော့ယုံချင်းသာရှိသည်။
ဟော့ယုံချင်း မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
တကယ်ထူးဆန်းသည်။ တစ်ဖက်လူက သူ့ထက်အရပ်ရှည်တာ ထင်ရှားပါလျက် အနှီသနားစဖွယ်ပုံစံက အံဝင်ခွင်ကျဖြစ်လို့နေသည်။
ထိုလူ ဘာကြောင့် ဒီလောက်ကြောက်လန့်တကြားဖြစ်နေသလဲကို အဖြေရှာမရခင်မှာပင် လူရိပ်တစ်ခုက အပြေးရောက်လာကာ ဟော့ယုံချင်းနှင့် ထိုလူကြားမှာ ဝင်ရပ်လာသည်။
ရောက်လာသောလူကိုတော့ သူသိသည်။
ဟော့ယုံချင်းက ဘယ်ကမှန်းမသိပေါ်လာသော ချုံဝမ့်ဖေအားကြည့်ကာ ထို့နောက် ချုံဝမ့်ဖေနောက်ကနေ ကာကွယ်ပေးခံထားရသော လူကို ကြည့်လိုက်သည်။ သူ ချက်ချင်းပင် တစ်စုံတစ်ရာကို နားလည်သွားသယောင်ဖြစ်သွားလေသည်။
ချုံဝမ့်ဖေက သူ့ကိုယ်သူ အကာအရံအဖြစ်အသုံးပြု၍ အနောက်ကလူအား ကြက်မကြီးသဖွယ် ကာကွယ်ထားသည်။ သူက ဟော့ယုံချင်းအား မရွှင်မပျနိုင်စွာ စိုက်ကြည့်လာလျက်
“ခု မင်းဘာလုပ်ချင်နေတာလဲ”
ဟော့ယုံချင်းက ချုံဝမ့်ဖေမေးခွန်းကို မဖြေလိုက်။ သူက ချုံဝမ့်ဖေကိုကျော်ကာ အမျိုးသားထံ ထပ်အကြည့်ရောက်သွားသည်။
ထိုမျက်နှာကို စွဲမြဲအောင်မှတ်ထားချင်သည့်အလား သူက အလေးအနက်ထပ်ကြည့်ကာ ထို့နောက်မှာတော့ ဘာတစ်ခွန်းမှ မပြောဘဲ ထွက်လာလိုက်တော့သည်။ တစ်လက်စတည်းပင် သူ့အိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်။သူ့ပြောင်ကော ခေါ်တာဖြစ်မည်ဟု ခန့်မှန်းလိုက်၏။
ဟော့ယုံချင်းမှန်းတာ မှန်သည်။ သူ့ပြောင်ကောက သန့်စင်ခန်းသွားပြီးနောက် ဆေးလိပ်သွားသောက်နေတာဖြစ်သည်။ ဟော့ယုံချင်းက ဆေးလိပ်အနံ့မခံနိုင်မှန်း သိတာကြောင့် ဆေးလိပ်အနံ့ပြယ်အောင် ခဏတဖြုတ် အပြင်ထွက်နေတာပင်။ သူပြန်လာချိန်၌ ဘယ်သူ့ကိုမှ မမြင်ရတာကြောင့် အမြန် ဖုန်းခေါ်လိုက်တာဖြစ်ပေသည်။
အပြန်လမ်း၌ ဟော့ယုံချင်းက ကားထဲမှာ ထိုင်နေရင်းဖြင့် ရုတ်တရက်ပြောလိုက်သည်။
“ပြောင်ကော…ကျွန်တော့်အထင် သိုက်ယွမ်ဆိုတဲ့လူကို တွေ့ခဲ့တယ်ထင်တယ်”
ပြောင်ကောက ချက်ချင်းပင်လှည့်ကြည့်ကာ ပြောလာသည်။
“ယုံယုံ”
“ကျွန်တော် ဘာမှမဖြစ်ဘူးရယ်။ အရှေ့ကိုပဲ ကြည့်ပါဦး”
ဟော့ယုံချင်းက ခဏမျှတန့်နေပြီးမှ ရိုးသားစွာ ပြောလိုက်သည်။
“ကျွန်တော် ဘာမှ မမှတ်မိပေမဲ့ သူ့ကိုမြင်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်သူ့ကို သဘောမကျဘူးဆိုတာ သိလိုက်တယ်။ဒါပေမဲ့ အရင်လိုတွေ ထပ်မလုပ်တော့ပါဘူး”
သူမှတ်မိသောလူ မှန်သလားသေချာစေဖို့ သူက စစ်ဆေးကြည့်လိုက်သည်။
“သိုက်ယွမ် လည်ပင်းမှာ တက်တူးထိုးထားလား”
သူ့ပြောင်ကောက မသက်မသာမျက်နှာနှင့်အတူ ခေါင်းညိတ်ပြလာသည်။
ဟော့ယုံချင်းမှာ စိတ်ဝင်တစား ဖြစ်လာ၏။
“အဲ့ဒါ ‘ယုံ’ ဆိုတဲ့ စကားလုံးလား”
ပြောင်ကောက ထပ်မံခေါင်းညိတ်ပြန်သည်။ သူ့အမူအရာက ပို၍ ကြည့်ရဆိုးလာ၏။
“ဘာလို့ ယုံ လဲ။ အဲ့ပုံစံက ကျွန်တော့်လက်မှတ်ထိုးတဲ့စာလုံးနဲ့တူနေတယ်”
ပြောင်ကောက ဟော့ယုံချင်းအား ဖျတ်ခနဲကြည့်လာကာ တုံ့ဆိုင်းစွာ ဆိုလာ၏။
“အဲ့ဒီစာ…လုံးက မင်းဟာပါပဲ…ယုံယုံ…ထားလိုက်ပါတော့။ ငါမင်းကို အမှန်တိုင်းပြောပြမယ်။အဲ့ဒီတက်တူးက မင်းထိုးပေးခဲ့တာ။ မင်းပြောတာက သိုက်ယွမ်ရဲ့ ကျန်တဲ့တစ်ဘဝလုံးကို မင်းရဲ့ခွေးအဖြစ်ရှိစေချင်တယ်တဲ့”
ဟော့ယုံချင်းသည် ဒါမျိုးအဖြေကို မျှော်လင့်မထားမိချေ။ မည်သို့ဆိုစေ သူက ၁၈နှစ်သာရှိသေးရာ သူ့ပြောင်ကောစကားလုံးတွေကြောင့် လန့်ဖြန့်သွားလေ၏။
ခဏကြာတော့ သူမေးလိုက်သည်။
“ကျွန်တော်ကိုယ်တိုင်ပြောပြတာလား”
ပြောင်ကောက သက်ပြင်းရှည်ကြီးချကာဖြင့်
"မင်းကိုယ်တိုင်ပြောတာ….အဲ့ဒါကြောင့် ငါ..."
ပြောင်ကောက စကားလုံးအနည်းငယ်ကို ပြန်ထိန်းချုပ်လိုက်ရင်း
“မင်းပြောတာက အဲ့ဒီတက်တူးနဲ့ဆိုရင် ကုန်းလန်နဲ့ တခြားသူတွေက သိုက်ယွမ်ကိုတွေ့ရင် မင်းအကြောင်းပဲ တွေးမိလိမ့်မယ်တဲ့”
ဟော့ယုံချင်း ဘယ်လိုတုံ့ပြန်ရမည်မှန်းပင် မသိတော့။သူ့ပြောင်ကော ပြောနေတာတွေက သူဘယ်တုန်းကမှ လုပ်မထားသော ကိစ္စတွေသာ ဖြစ်သော်ငြား နောင်နှစ်အနည်းငယ်အကြာမှာ သူလုပ်လောက်မည့် အရာတွေလည်း ဖြစ်နေပြန်သည်။
သူက အနာဂါတ်မှာ ဒီလောက်တောင် ကြောက်စရာကောင်းပြီး အစွန်းရောက်တဲ့လူ ဖြစ်လာမှာတဲ့လား။
ကုန်းလန်နှင့် အခြားလူများက သူ့ကို မုန်းတီးကြတာ မထူးဆန်းတော့ချေ။
အသက်၂၇နှစ်အရွယ်လောကဆီ ခြေချမိကတည်းက ပထမဆုံးသောအကြိမ်အဖြစ် ဟော့ယုံချင်း သက်ပြင်းရှိုက်လိုက်သည်။
တက်တူးထိုးခြင်းကဲ့သို့သော မကောင်းသည့်အရာများကို ကျူးလွန်မိကြောင်း သူသိလာရခြင်းကြောင့်ဖြစ်နိုင်သည်။ထိုညမှာ ဟော့ယုံချင်း အလွယ်တကူ အိပ်မပျော်နိုင်ခဲ့။သူနိုးလာချိန်၌ သူ့ပြောင်ကော၏ အနီးကပ်မျက်နှာကြီးကို တွေ့လိုက်ရလေသည်။
မကြာမီပင် ဟော့ယုံချင်းသည် သူ့ရှေ့က ပြောင်ကောက ငယ်ရွယ်သောပြောင်ကောမှန်း သိလိုက်ရသည်။ သူနိုးလာတာမြင်တော့ ပြောင်ကောက သမ်းဝေရင်း လက်ကိုမြှောက်ကာ သူ့ခေါင်းပေါ်က ဆံပင်တွေကို ဆွဲဖွလာသည်။
“ဘိုးဘေးလေးရေ…နောက်ဆုံးတော့ နိုးလာပြီပေါ့။ ခလုတ်တိုက်လဲရုံလေးနဲ့ ဘယ်လိုလုပ် သတိပါလစ်သွားရတာတုန်း”
နှစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်သော ပြောင်ကောသည် ခုမှ နောက်ကျသောပုန်ကန်သောကာလထဲ ရောက်နေတာဖြစ်သည်။
သူက ပုန်ကန်ထကြွလျက် အရွယ်ရောက်ယောက်ျားတစ်ယောက်ဖြစ်နေပြီဟု ခံစားရကာ သူ့ညီလေးအတွက် နာနီလုပ်မပေးချင်တော့။ ထို့ကြောင့် သူ့မိဘတွေက ညီလေးအား စောင့်ရှောက်ဖို့ ပြောလာတိုင်း ပေကပ်ကပ်လုပ်နေတတ်၏။
ဟော့ယုံချင်းသည် သူ့ပြောင်ကောကို မြင်ရချိန်၌ သူဟာ ဆယ့်ရှစ်နှစ်သားအရွယ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိသွားသည်။ သူ့ပြောင်ကောစကားကနေတဆင့် သူအချိန်ကူးပြောင်းမသွားမီ နောက်ဆုံးအချိန်ကမှတ်ဥာဏ်များကို ပြန်တွေးလိုက်သည်။သူ့လက်ထဲ စာထိုးထည့်သွားသော ကောင်လေးနောက်သို့ ပြေးလိုက်ခဲ့ပေမဲ့ မတော်တဆပြုတ်ကျသွားခဲ့၏။သူပြုတ်ကျချိန်တုန်းက စာက သူ့လက်ထဲ ရှိနေတုန်းပင်။
“ကျွန်တော် သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ပြီးတော့ ပြောင်ကော..ကျွန်တော့်လက်ထဲက စာကို မင်းမြင်မိသေးလား"
ဟော့ယုံချင်းက မေးလိုက်သည်။
“ငါးနာရီလောက် ရှိပြီ”
ပြောင်ကောက စိတ်ရှုပ်ထွေးဟန်ဖြင့်
“ဘာစာလဲ။မင်းရဲ့ ကောလိပ်အခန်းဖော်က အိမ်ဖုန်းကို ဖုန်းခေါ်ခဲ့တာလေ။ ငါမင်းကို ကျောင်းဆေးခန်းကနေ ခေါ်ဖို့လာတော့ မင်းလက်ထဲမှာ ဘာစာမှ မတွေ့မိဘူး။ စာပြုတ်ကျတာလား။ မင်းရဲ့ အခန်းဖော်ကို မေးပေးရမလား”
"ကျွန်တော့ဖုန်း"
ဟော့ယုံချင်းက သူ့လက်ကို သူ့ဝမ်းကွဲဆီ ဖြန့်ပြလိုက်သည်။
ပြောင်ကောက အကျင့်ပါနေသည့်အတိုင်း နာခံပြီးကုတင်ဘေး စားပွဲသို့ သွား၍ ဖုန်းကိုယူကာ ကမ်းပေးဖို့ပြင်ပေးပြီးမှ သူတော့ နာနီကြီးလုပ်နေမိပြန်တာကို သတိပြုမိသွားသည်။ သို့ငြား ယခင်ရက်အနည်းငယ်ကထက် သိသိသာသာ ဖြူဖျော့နေလျက် တံတောင်ဆစ်နှင့် ဒူးများတွင် ပလာစတာများကပ်ထားရသော ဟော့ယုံချင်းပုံစံကို မြင်လိုက်ရချိန်မှာတော့ သူက ဖုန်းကို တိတ်တဆိတ်သာ ကမ်းပေးလိုက်တော့သည်။
ပြုတ်ကျတာက မပြင်းထန်ပေ။ သို့ငြား တံတောက်ဆစ်နှင့် ဒူးတွေတော့ ကွဲပြဲသွားသည်။
ဟော့ယုံချင်းက သူ့အခန်းက အဆောင်မှူးကိုဖုန်းခေါ်လိုက်တော့ သူ့ကိုဆေးပေးခန်းပို့ပေးသောလူက ချုံဝမ့်ဖေဆိုတာသာ သိလိုက်ရသည်။
သူတကယ်ပဲ ချုံဝမ့်ဖေကို မဆက်သွယ်ချင်လှ။
ဘာပဲဖြစ်ဖြစ် စာလေးတစ်စောင်သာသာပင်။
ဟော့ယုံချင်းက စောင်လွှားထားလျက်ဖြင့် ဖုန်းကို အထက်အောက် ပွတ်ဆွဲလိုက်သည်။
သူခလုတ်တိုက်လဲပြီး ငါးနာရီကြာ သတိလစ်သွားသည်။ သတိလစ်သွားသော ဤအဖြစ်အပျက်က ဦးလေးနှင့် အဒေါဖြစ်သူကိုပင် နိုင်ငံခြားကနေ ပြန်လာဖို့အထိ ကြီးစွာသော အာရုံစိုက်မှုဖြစ်သွားကာ ဟော့ယုံချင်းကို အဖော်ပြု၍ ဆေးရုံမှာ ဘာဖြစ်သွားသေးလဲ စစ်ဆေးကြလေတော့သည်။
ဟော့ယုံချင်းသည် သူ့ဦးလေးနှင့် အဒေါ်တို့ဟာ နောက် နှစ်အနည်းငယ်အတွင်း ဆုံးပါးသွားတော့မည်ကို သိထားသောကြောင့် ဤတစ်ကြိမ်တွင်တော့ မနေနိုင်စွာဖြင့် တွယ်ကပ်နေမိ၏ ။ ကံမကောင်းစွာဖြင့် သူ့ဦးလေး၏ နိုင်ငံရပ်ခြားရှိစီးပွားရေးလုပ်ငန်းက ကျဥ်းတည်းကြပ်တည်းကာလရောက်နေလေရာ တရုတ်တွင် အကြာကြီးမနေနိုင်တော့ပေ။ ဟော့ယုံချင်း ဘာမှမဖြစ်တာကို သိပြီးနောက် ချက်ခြင်းပင် တရုတ်က ပြန်ထွက်သွားတော့သည်။
ပြောင်ကောက သူ့မိဘတွေ ပြန်သွားတာကို မြင်တော့ သူ့အတွင်းစိတ်ထဲက ပုန်ကန်မှုတွေက ပြန်ပေါ်လာလေ၏။သူက ဟော့အိမ်တော်ကနေ ပြတ်သားစွာ ထွက်သွားလျက် နာနီမလုပ်ချင်တော့သည့် အပြုအမူကို ထုတ်ပြလာလေသည်။ ဟော့ယုံချင်းကတော့ သူ့ပြောင်ကော၏လက်ရှိ ပုန်ကန်မှုကာလကို ဂရုမစိုက်ပါချေ။ သူ့ဦးလေးက ကျောင်းကနေ ရက်အနည်းငယ်လောက် အနားယူရန် ကူညီပေးထားတာကြောင့် သူက အိမ်တွင်သာ အနားယူနေလိုက်သည်။
ကုန်းလန်တစ်ယောက် အိမ်ရောက်လာမည်ဟုတော့ သူမမျှော်လင့်ထားမိချေ။
ကုန်းလန်က ဟော့အိမ်တော်၏အိမ်တံခါးဝတွင်ရပ်ကာ ဟော့ယုံချင်းထံ မက်ဆေ့ပို့လျက် သူ သတိလစ်သွားတာကို သိသိချင်း Aမြို့သို့ တစ်ညလုံးကားမောင်းလာကာ တွေ့ချင်နေကြောင်း ပြောထားသည်။
ပထမတော့ ဟော့ယုံချင်းသည် အနှီလူက သူ့အိမ်တံခါးရှေ့မှာရှိနေတာကို မသိချေ။ သူ့အိမ်က အန်တီကြီးက တွေ့သွားတာဖြစ်၏။ အန်တီကြီးက ကုန်းလန်ကို သိနေတာမို့ အထဲဝင်လာဖို့ ဖိတ်ခေါ်ပေမဲ့ ကုန်းလန်ကတော့ ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြပြီး ယုံယုံကို စိတ်ဆိုးအောင် လုပ်ခဲ့မိကြောင်း ပြောလာသည်။
အန်တီကြီးက ဟော့ယုံချင်းအား ထိုစကားများကို ပြန်ပြောပြလာချိန်မှာ ဟော့ယုံချင်းက ဂိမ်းဆော့နေလျက်ရှိပေသည်။
သူက ခေတ္တရပ်ပြီးနောက် ပြောလိုက်၏။
“သူ့ကို စိတ်ထဲ ထားမနေပါနဲ့”
ညသန်းခေါင်ချိန်၌ ဟော့ယုံချင်းသည် သန့်စင်ခန်းသို့ သွားရန် အိပ်ရာမှထလိုက်သည်။
သူ့မျက်လုံးထောင့်ကနေ လိုက်ကာများကို ဖျတ်ခနဲကြည့်မိချိန်၌ ခေတ္တတန့်သွားကာ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သော ပြင်သစ်ပြတင်းပေါက်များဆီသို့ လျှောက်သွားလိုက်သည်။ ထောင့်နားကနေ လိုက်ကာကို အသာလေးဆွဲကြည့်လိုက်တော့ လမ်းမီးတိုင်အောက်မှ လူရိပ်က ဟော့ယုံချင်း မြင်ကွင်းထဲ ဝင်လာသည်။
ကုန်းလန်ဟာ ထိုနေရာတွင် ရပ်နေဆဲပင်။
ဟော့ယုံချင်းက လိုက်ကာစကို တင်းတင်းဆွဲပိတ်ကာ ကုတင်ပေါ် ပြန်အိပ်လိုက်တော့သည်။
°°°°°°°°
နောက်နေ့မနက်ဝယ်။
ဟော့ယုံချင်းအား မနက်စာပြင်ပေးသော အန်တီကြီးက ပြောလာသည်။
“ယုံယုံ….မင်းရဲ့ အတန်းဖော်က အပြင်မှာ ရှိနေတုန်းပဲ။ သူ့ကို ဝင်ခွင့်ပေးလိုက်ပါလား။ သူ့ပုံစံက အရမ်းသနားဖို့ကောင်းပုံပဲ”
ဟော့ယုံချင်းက နို့ခွက်ကို ချလိုက်ပြီး မတ်တပ်ထရပ်ကာ တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သူ လူရိပ်ယောင်ပြလိုက်သည်နှင့် ကုန်းလန်ဟာ တန်းပြီး ပွေ့ဖက်လာတော့သည်။
တစ်ညလုံး လေစိမ်း တိုက်ခံထားရရာ ကုန်းလန်၏ ခန္ဓာကိုယ်က အလွန်အေးစက်နေ၏။ ဟော့ယုံချင်း၏ တွန်းထုတ်ဖို့ ဟန်ပြင်နေသော လက်များမှာ မတတ်သာစွာပင် တွန့်ဆုတ်သွားလေသည်။