Chapter 6
Viewers 159



အလုပ်ရှင်က ထိုသို့ပြောလိုက်စဥ်ဝယ် ဟော့ယုံချင်းမှာတော့ အပြည့်အဝမနှိုးသေးသည့်အလား ထိုနေရာမှာပင်လှဲရက်သားရှိနေသေးကာ သူ့ကို လျစ်လျူရှုလို့ထားသည်။ သူက ဟော့ယုံချင်းမျက်နှာကိုကြည့်ကာ ပြောလိုက်၏။


“ဘယ်လောက်တောင်အိပ်လို့ မျက်လုံးတွေရဲနေတာလဲ။ မျက်နှာကလည်း ရဲတွတ်ရော”


ထိုတိုတောင်းသော ဝါကျနှစ်ကြောင်းက ဟော့ယုံချင်း၏ ပြောင်းပြန်အကြေးခွံကို လုံးဝကြီး ထိလိုက်ပြီပင်။


တစ်ဖက်လူက မျက်လုံးအကြောင်းပြောချိန်မှာ စောနက မနှစ်မြို့ဖွယ်အိမ်မက်အား သတိပေးသလိုဖြစ်ကာ မျက်နှာအကြောင်းပြောလာချိန်မှာတော့ သူဟာ သနားစဖွယ်လူနာတစ်ယောက်ဖြစ်နေသေးကြောင်း သတိပေးသလိုဖြစ်သွားသည်။


၂၇နှစ်အရွယ် ခန္ဓာကိုယ်ထဲက ၁၈နှစ်သား ဝိညာဥ်လေးဟာ ဤနှယ်ခက်ခဲကြမ်းတမ်းသော အောက်ခြေဝန်ထမ်းဘဝကို ဘယ်တုန်းကမှ ခံစားခဲ့ဖူးတာ မဟုတ်ချေ။


ဟော့ယုံချင်းက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။


“ကျွန်တော် ထွက်စာတင်ချင်တယ်”


ပိုးသတ်ဆေး သောက်ပြီးတာတောင် သူ့လည်ချောင်းက အက်ကွဲနေဆဲဖြစ်ကာ အသံက တိုးဖွ၍ မသိလျှင် ထိုလေသံဟာ သူက အလိုလိုက်ခံထားရသော ကလေးဆိုးသဖွယ် လူတွေကို အထင်ရှိသွားစေသည်။


ဒါက ဟော့ယုံချင်း၏ ဖြစ်နေကျ ပြဿနာပင်ဖြစ်၏။ သူဟာ ကလေးဘဝကတည်းက ဆရာဝန်ကိုတွေ့ရမှာ မကြိုက်သလို ဆေးသောက်ရမှာလည်း မကြိုက်ချေ။အိမ်က သူ့အဘွား၊ ဦးလေးနှင့်အဒေါ်တွေဆို သူ့ကိုအမြဲချော့ရသည်။ အသက်မတိမ်းမယိမ်းသော ပြောင်ကောဆို ပြောစရာပင်မလိုတော့ချေ။


နောက်ပိုင်း သူ့ထက် လအနည်းငယ်ကြီးသော ကုန်းလန်နှင့် တွေ့ခဲ့ရချိန်၌ ထိုသူဟာလည်း သူ့အား ဘိုးဘေးတွေကို ချော့မော့သကဲ့သို့နှယ် ချော့မော့အလိုလိုက်ခဲ့တာဖြစ်သည်။


ဟော့ယုံချင်းသည် ထိုလူတွေ သူ့အား ကောင်းကောင်းမွန်မွန်ဆက်ဆံမှန်း သိသော်ငြား ဆရာဝန်နှင့် တွေ့ရတာကို တကယ်မကြိုက်လှ။ ထို့ကြောင့် ဂျီကျဆဲဖြစ်သည်။ သို့ပေသိ နောက်ပိုင်း သူနည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းတတ်လာသည်။


ချုပ်ထိန်းထားခြင်း၏ ရလာဒ်ကတော့ နေမကောင်းဖြစ်၍ စိတ်မကြည်တိုင်း သူ့အသံက ကလေးဆိုးလို နွဲ့ဆိုး ဆိုးသံပေါက်သွားခြင်းပင်။ သူ့ကိုယ်တိုင်ကမူ သတိမထားမိလှ။


အလုပ်ရှင်က တံခါးကိုမှီရပ်နေရင်းမှ အနှီမြင်ကွင်းကို ကြည့်နေ၏။ ထူးဆန်းသလို ခံစားမိတော့ အထဲလှမ်းဝင်လာကာ သူ့အနောက်က တံခါးကိုပိတ်၍ ပြောလာသည်။


“မင်းက ဒေါသထွက်နေတာလား”


ဟော့ယုံချင်းက သူ့မေးခွန်းကိုမဖြေဘဲ ပြန်မေးသည်။


“ခုနက တစ်ယောက်ယောက် ဝင်လာသေးလား”


“ငါကလွဲလို့ ဘယ်သူမှ မရှိဘူး”


အလုပ်ရှင်က ဆိုဖာဆီ လှမ်းလာရင်းမှ


“မင်းက ဒီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ။ ဖြစ်ချင်တော့ တစ်ဖက်လူကလည်း ဘာသာပြန်ကို ခေါ်လာတယ်။ အဲ့ဒါကြောင့် မင်းကို မခေါ်လိုက်တော့တာ”


သူက ခေါင်းငုံ့ကာ ဆိုဖာပေါ်မှာ ထိုင်နေသော ဟော့ယုံချင်းကိုကြည့်သည်။ သူက စောနက မေးခွန်းကို စကားအနည်းငယ်ထပ်ဖြည့်၍ မေးလိုက်ပြန်သည်။


“မင်း ဒေါသထွက်နေတာလား။ ဒေါသထွက်လို့ အလုပ်ထွက်မယ်ပေါ့။ ဟော့ယုံချင်း မင်းက ကလေးလား”


သူ့နာမည်ကို ခေါ်လာချိန်မှာ မီးကျိုးမောင်းပျက်တရုတ်သံနှင့် ပြောလာတာဖြစ်၏။


၁၈နှစ်ကို ကလေးလို့ ယူဆလို့ရသေးလား။


ငါတော့မထင်ဘူး။


၂၇ဆို သေချာပေါက် ထည့်တွက်မှာတောင် မဟုတ်ဘူး။


ဟော့ယုံချင်းက မျက်နှာလွှဲကာ သူ့အပေါ် ဘယ်ချိန်က လာလွှားပေးထားမှန်း မသိသည့် စောင်ကို ဘေးသို့ဖယ်လိုက်သည်။


“နှုတ်ထွက်စာကို အမြန်ဆုံး ရေးပေးပါ့မယ်။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”


မတ်တပ်ရပ်ချိန်မှာ သူ မူးဝေနေဆဲဖြစ်ပေမဲ့ တောင့်ခံထားသည်။


ဒီလောက်ခဏလေးနှင့် နှုတ်ထွက်ဖို့ ဟော့ယုံချင်းမှာ စိတ်ကူးမရှိ။ မည်သို့ဆိုစေ ဒါက သူ၏ ပထမဦးဆုံးသော အလုပ်ဖြစ်သည်။ သို့ငြား ဒီနေ့အတွေ့အကြုံက သူ့အား အတော်လေး စိတ်အခြေအနေဆိုးရွားနေစေကာ ယင်းက သူနေမကောင်းချိန်မှာ ချုံဝမ့်ဖေးအား ဆရာဝန်အဖြစ် မြင်ခဲ့ရ၍လား သို့မဟုတ် သူ့ငွေရှင်ကြေးရှင် အလုပ်ရှင်ဟာ ရက်စက်သောလူစားဖြစ်နေတာကြောင့်လား သို့မဟုတ် ထူးဆန်းသော အနှီအိမ်မက်ကြောင့်လား မသိတော့ပါချေ။


သူမနေနိုင်စွာဖြင့် လက်မြှောက်၍

မျက်ခွံကို ထိကြည့်လိုက်သည်။


ထိနေတုန်းမှာပင် မျက်နှာတစ်ခုက သူ့မြင်ကွင်းထဲ ဝင်လာသည်။


အလုပ်ရှင်က ဟော့ယုံချင်း၏ ကလေးဆန်သော အပြုအမူကြောင့် ရယ်ချင်ပက်ကျိဖြစ်သွားကာ ရင်ဘတ်တွေ တုန်ခါလာသည်ထိ ခွက်ထိုးခွက်လန် ရဟ်တော့သည်။


“မင်း ဒီလောက်အပြင်းဖျားနေမှန်း ငါမသိဘူးလေ။ တောင်းပန်တဲ့အနေနဲ့ ညစာကျွေးမယ်။ သွားကြစို့”


ဟော့ယုံချင်း ငြင်းဖို့ပြင်လိုက်စဥ်မှာပင် သူ့အိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်။


ပြောင်ကောက စာပို့လိုက်တာပင်။


သူ့ပြောင်ကောက ခုည သူအချိန်ပိုရှိသဖြင့် ညစာကို ကိုယ့်ဟာကိုယ် ပြင်စားဖို့ရန် ပြောလာခြင်းပေ။


ပြောင်ကော အနားမရှိလျှင် အဓိပ္ပါယ်က သူတော့ အသင့်စားထမင်းဘူးတွေနှင့်စားရတော့မည်ဟုပင်။ ၂၇နှသ်အရွယ် သူ့ထံ၌ ထမင်းချက်ပေးမည့် အန်တီကြီးဟူ၍ မရှိချေခဲ့။


ဟော့ယုံချင်း ကမျက်မှောင်ကြုတ်ရင်း ပြုံးနေဆဲဖြစ်သော အလုပ်ရှင်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီလောက်ကြာအောင် ကျွန်ခံပြီးမှတော့ မထွက်ခင် ရိုက်ချက်ကောင်းကောင်းလေး ပေးလိုက်လျှင် ပိုတောင်ကောင်းသေးသည်။


သို့ငြား ဟော့ယုံချင်းသည် သူ့အလုပ်ရှင်က ပတ်ဝန်းကျင်ကောင်းက သီးသန့်ဆန်သော စားသောက်ဆိုင်ဆီခေါ်သွားပေးပေမဲ့ ဆန်ပြုတ်တစ်ခွက်သာ တိုက်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပါချေ။


အလုပ်ရှင်က ဟော့ယုံချင်း၏အမူအရာ အပြောင်းအလဲကို တစ်ချက်ကြည့်ရုံဖြင့် သတိထားမိသည် ။သူက မေးထောက်လျက် သူ့အတွက်သူ ဝိုင်တစ်ခွက် ငှဲ့ကာ ပြောလာသည်။


 "မင်းနေမကောင်းရင် ဆန်ပြုတ်ပဲသောက်ရမှာလေ။ ငါက မှန်တဲ့ကိစ္စလုပ်ပေးတာကို”


 ဟော့ယုံချင်းက ဇွန်းကို တိတ်တဆိတ်ဖြင့် ကောက်ယူလိုက်သည် ကံကောင်းထောက်မစွာဖြင့် ဆန်ပြုတ်က အရသာ အလွန်ကောင်းပေသည်။


 "မင်းကြည့်ရတာ...ပုံထဲကပုံနဲ့ လုံးဝမတူဘူး"


 တစ်စုံတစ်ရာက ထူးဆန်းနေသည်ကို ဟော့ယုံချင်း သတိထားမိပါသော်လည်း  သူဒီနေ့ အလွန်ဖျားကာ နှုံးချိနေသည်။


သူ့အလုပ်ရှင်၏စကားကို နားထောင်ရင်းမှ ခေါင်းကို မော့လိုက်ချိန်၌ တစ်ဖက်လူက ဆိုင်ရှင်သူဌေးကို ဝိုင်ထပ်ယူလာဖို့ လက်ဟန်ပြနေပြီဖြစ်သည်။


ဟော့ယုံချင်းက မေးလိုက်သည်။


“ဘာဓါတ်ပုံလဲ”


အလုပ်ရှင်က ဟော့ယုံချင်းဘက် ပြန်လှည့်ကြည့်ကာ ဒွိဟလေသံဖြင့် ရယ်သည်။


“CVပေါ်က ဓါတ်ပုံ”


ဖြေရင်းမှ ကင်မရာထဲမှာ သိမ်းထားသော ဓါတ်ပုံတစ်ပုံက သူ့ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာသည်။သူ့ရှေ့က လူငယ်လေးဟာ ထိုင်ခုံပေါ်မှာ ကြိုးချည်ခံထားရပြီး နဖူးရှေ့က ဆံစရှည်ရှည်များအောက်ကနေ သူ့အား စိုက်ကြည့်နေသော ဗန်ဒါစေ့မျက်ဝန်းများဟာ ချွန်မြသော ဓါးသွားများအလား။


ကြည်လင်ပြတ်သားသော ရိုက်ချက်ကြောင့် ခြွင်းချက်မရှိကြည်လင်စွာ မြင်ရပေ၏။


ရဲပတောင်းခပ်နေသော ပါးပြင်နှင့် ချွေးလား မျက်ရည်လား မသဲကွဲသည့်အရာများ စိုစွတ်နေသည့် မျက်တောင်ရှည်များကမူ ထိုလူငယ်လေးကို ပို၍ပင် သနားစရာဖြစ်အောင် လုပ်ပစ်ချင်စိတ်ပေါက်စေသည်။


ထိုသို့သာဆိုလျှင် ဓါးသွားမျက်ဝန်းများဟာ ရေအိုင်လေးသဖွယ် ဖြစ်သွားလောက်ပေသည်။


“ခင်ဗျား အရင်တစ်ခေါက်က သိုက်ယွမ်လို့ပြောဖူးတယ်”


ဟော့ယုံချင်း၏ ရုတ်တရက်ဆန်သော စကားက အလုပ်ရှင်၏ အတွေးတွေကို ဖြတ်တောက်လာသည်။


အလုပ်ရှင်က ဝိုင်တစ်ခွက်ငှဲ့လျက် ပဟေဋ္ဌိဖြစ်ဟန်ဖြင့်


“ဘယ်က သိုက်ယွမ်လဲ”


မြေခွေးအိုကြီး…


ဟော့ယုံချင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။


ဆန်ပြုတ်သောက်နေရင်းမှ ဟော့ယုံချင်းသည် ချွေးစို့လာကာ အဖျားက အနည်းငယ်ကျလာသည်။ သို့ငြား အားတော့ မရှိသေးချေ။ သူ့အလုပ်ရှင်က ရပ်ကွက်ပေါက်ဝထိ လိုက်ပို့ပေးချိန်၌ သူ့ပြောင်ကောက ရပ်စောင့်နေတာကို မြင်လိုက်ရသည်။


ပြောင်ကောက ပြိုင်ကားကို မှတ်မိနေရာ ကားနားသို့ လှမ်းလာ၍ အလုပ်ရှင်ကို အင်္ဂလိပ်လို နှုတ်ဆက်ကာ ဟော့ယုံချင်း အပြင်ထွက်ဖို့ တံခါးဆွဲဖွင့်ပေးလာသည်။


ဟော့ယုံချင်း မြေကြီးပေါ် ခြေချလိုက်သည်နှင့် သူ့ပြောင်ကောဟာ သူနေမကောင်းဖြစ်နေမှန်း ချက်ချင်းနီးပါးကို သိသွားလေသည်။


သူက တွေဝေမနေဘဲ ဟော့ယုံချင်းအား သူ့ကျောပေါ်တက်ဖို့ပြော၍ ချီခေါ်သွားရန် ဟန်ပြင်လိုက်သည်။ ဟော့ယုံချင်းသည် အခုသူ့အသက်က ၂၇ဆိုတာကို မေ့သွား၏။ သူဟာ ဂရုစိုက်ခံနေရတာကို အသားကျနေပြီဖြစ်ရာ သူ့ပြောင်ကော ကျောပေါ်သို့ နာခံစွာဖြင့် တက်လိုက်တော့သည်။


အလုပ်ရှင်က ထိုမြင်ကွင်းကို စိုက်ကြည့်ကာ ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ချေ။


သူက ဟော့ယုံချင်းတစ်ယောက် သူ့ပြောင်ကော၏ လည်ပင်းအား ကလေးတစ်ယောက်လို ဖက်တွယ်ထား၍ ကျောပြင်နှင့် သူ့ပါးပြင်အားပွတ်သပ်နေသည်ကို အလွန်လေးနက်စွာ ကြည့်နေခဲ့လေသည်။


ညီအစ်ကိုနှစ်ယောက်ကတော့ အလုပ်ရှင်အား လုံးဝကို လျစ်လျူရှုထားလျက်သာ။ ပြောင်ကောက တမင်တကာ လျစ်လျူရှုထားတာဖြစ်၍ ဟော့ယုံချင်းကမူ မေ့သွားတာဖြစ်သည်။ သူက ပြောင်ကောကျောပြင်ပေါ် မျက်နှာအပ်ထားရင်း တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။


•••••••


နောက်တစ်နေ့၌ ဟော့ယုံချင်း အိပ်ရာကနိုးသည်နှင့် သူ့အလုပ်ရှင်ဆီကနေ မက်ဆေ့တစ်စောင် ရလိုက်၏။


တစ်ဖက်လူက သူ့အား အနားယူဖို့ရန် ခွင့်နှစ်ရက်ပေးခြင်းပေ။


ဟော့ယုံချင်းကမူ ထွက်စာပို့၍ တုံ့ပြန်လိုက်လေသည်။


သူ့ပြောင်ကောက သူ့ကိုဂရုစိုက်ပေးဖို့ ခွင့်ယူထားသည်။ နေ့လည်ခင်းမှာတော့ သူ နေလို့ကောင်းလာပြီဖြစ်ရာ အပြင်ထွက်ဖို့ ပူဆာတော့သည်။


“ဂီတပွဲကို သွားကြည့်ရအောင် စားပွဲပေါ်မှာ လက်မှတ်တွေ တွေ့တယ်”  


ဟော့ယုံချင်း စကားလုံးကြောင့် သူ့ပြောင်ကောင်မှာ တောင့်တင်းသွား၏​။


 ထိုအခါမှ သူက အားနာသွားကာ မေးလိုက်သည်။ 


“ပြောင်ကောက တခြားတစ်ယောက်နဲ့ သွားဖို့လား။ ဒါဆို…” 


 "မဟုတ်ဘူး" 


ပြောင်ကောက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ရင်း ဟော့ယုံချင်းစကားကို ကြားဖြတ်၍ဖြေလာသည်။ 


"ဒီလက်မှတ်ကို တခြားတစ်ယောက်က ပေးထားတာ။ မင်းက အရင်နှစ်တွေတုန်းက ဂီတပွဲကြည့်ရတာ မကြိုက်ဘူးလေ။ အဲ့ဒါကြောင့် မင်းကို ခေါ်သွားရ ကောင်းမကောင်း တွေးနေတာ။ မင်းပျင်းနေမှာစိုးလို့”


 ဟော့ယုံချင်းသည် ဂီတပွဲကို ကြည့်ရခြင်းအား အမြဲသဘောကျခဲ့ရာ ဘာကြောင့် ပျင်းရမှာလဲ ဟူသည်ကို  နားမလည်ချေ။


 "ပျင်းတယ်?"


 "ဟိုးအရင်နှစ်တုန်းက ငါ မင်းနဲ့ ဂီတပွဲကို ကြည့်ခဲ့သေးတယ်လေ။ ဒါပေမဲ့ မင်းက ရင်ဘတ်တွေ တင်းကြပ်တယ်ဆိုပြီး ခဏပဲနားထောင်ပြီး ထွက်သွားတာ”


၉နှစ်တာကာလအတွင်းမှာ အများကြီးဖြစ်ပျက်ခဲ့မှန်း ဟော့ယုံချင်း နားလည်ပါသော်လည်း ဒီနေ့တော့ သူဂရုမစိုက်ချင်တော့။ သိုက်ယွမ်ကိုလည်း ဂရုမစိုက်ချင်တော့သလို ဘာကိုမှလည်း ဂရုမစိုက်ချင်။ဒီတိုင်း အပန်းဖြေချင်စိတ်သာ ရှိသည်။


“ဒီတစ်ခါ ပျင်းမှာမဟုတ်ဘူး”


သူက ပြောင်ကောကို ပြောလိုက်သည်။


ပြောင်ကောက စိုးရိမ်နေပုံရပေမဲ့ ဟော့ယုံချင်းကို မဖျောင်းဖျနိုင်ချေ။


ဂီတဖျော်ဖြေပွဲခန်းမသို့ရောက်သောအခါဟော့ယုံချင်းက ထိုင်ခုံရှာပြီးနောက် သူ့လက်မှတ်ကို ဂရုတစိုက်ကြည့်ကာ ထိုင်ချလိုက်သည်။  ဒီနေ့ ဖျော်ဖြေမည့် အော်ပရာက “အချစ်စစ်ဟူသည် ဘယ်သောအခါမှ မသေဆုံးပေ” ဟူ၍ပင်။ အနှီပြဇာတ်ကို အရင်က တစ်ခါကြည့်ဖူးပေမဲ့ သူ့၏ စိတ်ဝင်စားမှုကို လျော့မသွားပေ။


သူဟာ အော်ပရာကို ဂရုတစိုက်ကြည့်နေသော်လည်း သူ့ပြောင်ကောက သူ့အား မကြာခဏဆိုသလို လှည့်ကြည့်နေသည်ကိုတော့ သတိပြုမိနေဆဲပါပင်။


 အကြိမ်ပေါင်းများစွာ အကြည့်တွေကို ဖမ်းမိပြီးနောက်မှာတော့ ဟော့ယုံချင်း မနေနိုင်စွာ အနားသို့တိုး၍ မေးလိုက်ရတော့သည်။


“ပြောင်ကော ဘာလို့ ကျွန်တော့်ကို ကြည့်နေရတာလဲ”


 ပြောင်ကောအသံကမူ ဗလုံးဗထွေးနိုင်လျက်သား။


“မဟုတ်….ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်”


 သူတစ်ခါထွက်သွားတာက အတော်ကြာသည်။


အချိန်အကြာကြီးစောင့်ဆိုင်းခဲ့သော်လည်း ပြောင်ကောက ပြန်မလာသေးချေ။ အော်ပရာအပေါ် သူ၏စိတ်ဝင်စားမှုက အလွန်လျော့ကျသွားပြီဖြစ်တာကြောင့် လူကို ရှာဖွေရန် ထလိုက်သည်။  ၂၇နှစ်အရွယ်၌ သူနှင့် သူ၏ပြေုင်ကောင်ဟာ တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားနေခဲ့ရသည်ပင်။


 ဂီတပွဲကျင်းပသည့် ခန်းမသည် မသေးငယ်လှချေ။ ဘေးနှစ်ဖက်တွင် သန့်စင်ခန်းများရှိသည်။  ဟော့ယုံချင်းက ဘယ်ဘက်လမ်းကနေ ထွက်ကာ တည့်တည့် လျှောက်သွားလိုက်သည်။  မျက်နှာကျက်မှ တွဲလောင်းကျနေသော ကြီးမားသော သလင်းကျောက်မီးဆိုင်းကြီးဟာ စူးရှတောက်ပနေပြီး စင်္ကြံလမ်း၏ အလင်းရောင်နှင့် အရိပ်အဆုံးတွင် လူတစ်ဦး မတ်တပ်ရပ်နေပေသည်။


 ဟော့ယုံချင်းက ဘေးဘီကို မကြည့်ဘဲ တည့်တည့်လျှောက်သွားသော်လည်း သူ့မျက်လုံးထောင့်ကနေမူ ကျောခိုင်းထားသော အမျိုးသား၏ လည်ပင်းဘက်တွင် ထိုးထားသော တက်တူးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေ၏။—


“ယုံ “   ဟူ၍။



ထို ယုံဟူသော စကားလုံးက ဟော့ယုံချင်းလက်မှတ်ထိုးသည့် ‘ယုံ’  နှင့်အလွန်ဆင်တူလှ၏။


သူ ကလေးဘဝတုန်းက ယုံဟူသော ဆွဲချက်ကို ကု နှင့် မှားရေးတတ်သည်။ ထို့ကြောင့် လူတွေက သူ့အား ဟော့ကုချင်းဟု အမြဲမှားခေါ်တတ်ကြ၏။ ထိုသို့ နာမည်မှားခေါ်ခံရခြင်းမျိုးအား အလွန်မုန်းလှရာ သူဟာ စုတ်ချက်ကို ဆွဲတိုင်း ယုံဟူသော စုတ်ချက်၏ အမြီးကို ရှည်ရှည်ထည့်ကာ イလူဘေးထိ ဆွဲဆန့်ပစ်ခဲ့တာဖြစ်သည်။


သူ တုံ့ခနဲ ဖြစ်သွားကာ ဘေးသို့ လှည့်ကြည့်လိုက်မိတော့သည်။


°°°°°°°