Chapter 54.3
Viewers 21k

Chapter 54.3




ထန်ချွန်းမင်နှင့် လီဖုန်းတို့ကြားက နောက်ဆုံးသော အတားအဆီးအလွှာကို ဖယ်ရှားလိုက်သည်နှင့် သူတို့နှစ်ယောက်၏ဆက်ဆံရေးက တစ်လှမ်းတိုးလာကာ ထုံးစံအတိုင်း ကျောက်မိသားစုသည်လည်း ပိုမိုတင်းမာလာခဲ့သည်။

 

တတိယဦးလေးက ကျောက်လောင်စန်းအား ငွေနည်းနည်းချေးပေးရန် သူ့သားငယ်လေးကိုပြောခဲ့သည်။ သို့သော် ပုံမှန်အားဖြင့် နာခံလေ့ရှိသော အငယ်ဆုံးသားက ဤတစ်ကြိမ်မှာခေါင်းမာပြီး ဘာကိုမှနားမထောင်ခဲ့ပေ။ လယ်ကွင်းများကို ကူရိတ်ပေးဖို့ပြောသည့် ကျောက်လောင်စန်း၏တောင်းဆိုချက်ကိုလည်း သူက လျစ်လျူရှုခဲ့သည်။ ယင်းက တတိယဦးလေးကို အလွန်ဒေါသထွက်စေခဲ့ပြီး သူထိုသို့လုပ်လေ သူ့မိသားစုကို အဝေးသို့တွန်းထုတ်မိလေဖြစ်သည်။

 

လယ်ကွင်းများမှ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးနောက် အခြောက်ခံကာ ရောင်းဖို့လိုအပ်တာကို ရောင်းချခဲ့သည်။ အခွန်ပေးဆောင်ဖို့လည်းလိုအပ်၍ ဘိုးဘိုးကျောက်က ယခုနှစ်၏ဝင်ငွေကို တွက်ချက်လိုက်ရာတွင် ယခင်နှစ်ထက် ထက်ဝက်လျော့နည်းနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူက တတိယဦးလေးဆီမှာ သွားငိုခဲ့သည်။



တခြားသော ကျောက်မိသားစုဝင်တွေက ထိုစကားကြားတော့ ရယ်လိုက်ကြသည်။ အထွက်နှုန်းမလျော့သွားပဲနေမလား? သူတို့က စိုက်ပျိုးရာတွင်လည်း သေချာမစိုက်ပျိုးပဲ ဂရုစိုက်ရမည့်အချိန်တွင်လည်း ဖြစ်သလိုလွှတ်ထားခဲ့သည်။ ကောက်ပဲသီးနှံတွေကို ဘာထင်နေလဲ? ကောက်ပဲသီးနှံများက ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အထွက်နှုန်းကောင်းတာဖြစ်သည်။



ကောင်းစွာပြုစုစောင့်ရှောက်လျှင် ကောင်းစွာကြီးထွား၍ ရိတ်သိမ်းမှုလည်း ကောင်းလိမ့်မည်။ သို့သော် ဝမ်ချွန်းဟွာနဲ့ ကျောက်တာနျိုက သူတို့မိသားစုရဲ့လယ်ကွင်းကို ဘယ်နှစ်ကြိမ်သွားကြည့်ခဲ့လို့လဲ? တခြားမိသားစုတွေ မြေသြဇာနှင့်ရေလောင်းနေချိန် သူတို့ဘာလုပ်နေခဲ့လဲ? ရိတ်သိမ်းသည့်အခါတွင်လည်း သူတို့က ပျင်းရိချင်ပြီး တခြားမိသားစုတွေ အခမဲ့ကူရိတ်ပေးတာကိုလိုချင်သည်။ သူတို့က သေအောင်ပျက်စီးနေတာပဲ!

“စိတ်ပူတာတွေရပ်လိုက်!” တတိယဦးလေးက ဘိုးဘိုးကျောက်ကို စိတ်ပျက်နေသည်။ တကယ်တော့ သူကမငယ်တော့ပေ။

      

“နောက်နှစ်အတွက် လယ်လုပ်ဖို့ အရမ်းခက်ခဲနေရင် အကူနည်းနည်းခေါ်ပြီး ပိုက်ဆံပေးလိုက်။ တခြားမိသားစုတွေဆီက အကူအညီမတောင်းနဲ့။ ဘယ်သူကမှ မင်းတို့လောက်အားမနေဘူး။ လုပ်အားခပေးဖို့ တွန့်တိုနေရင်တော့ ကိုယ့်ဟာကိုယ်လုပ်။” ဘိုးဘိုးကျောက်နဲ့ ဝမ်ချွန်းဟွာ ကန့်ကွက်တော့မှာကိုတွေ့လျှင် တတိယဦးလေးက သူတို့ကိုစူးစိုက်ကြည့်ကာ ခက်ခက်ထန်ထန်ပြောလိုက်သည်။

  

မျိုးဆက်သစ်လူငယ်များ*၏ မကျေနပ်မှုကိုလည်း သူသတိထားမိသည်။ ယခုလိုဆက်သွားနေလျှင် သူတို့၏ချစ်ခင်ရင်းနှီးမှု ပျောက်ဆုံးသွားလိမ့်မည်။ ကျောက်လောင်စန်း​ကြောင့်သာမဟုတ်ရင် သူတို့က ဘာလို့ကူညီနေမှာလဲ? သို့ဖြစ်၍ ပြန်လည်သုံးသပ်ပြီးနောက် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ကျောက်လောင်စန်းအား ပြန်ဆွဲမချနိုင်စေရန် တတိယဦးလေးက ဆုံးဖြတ်ခဲ့သည်။


(** မိသားစုထဲက လူငယ်တွေကိုပြောတာပါ)



တကယ်တော့ ဘိုးဘိုးကျောက် ငွေမက်လို့သာမဟုတ်လျှင် ဤအိမ်ထောင်ရေးက ယခုအခြေအနေကို ရောက်စေခဲ့မှာမဟုတ်ပေ။ ကျောက်လောင်စန်းက ခရိုင်မော်ကွန်းထိန်းနဲ့ ပတ်သက်နိုင်ပြီး ခရိုင်မြို့ရှိ သူ့ဘဝကိုစီမံရန် ဤမျှလောက် ပင်ပင်ပန်းပန်း အားထုတ်နေရာမှာမဟုတ်ပေ။

“ဒါက… “ ဘိုးဘိုးကျောက်က လူတွေရဲ့မျက်နှာကို မဖတ်နိုင်တာမဟုတ်ပေ။ အခန်းထဲရှိ တတိယဦးလေးနှင့် တခြားလူများ၏ မျက်နှာမကောင်းတာကို မြင်ရသောအခါ သူထပ်ပြီးဇာချဲ့နေလျှင် ဘယ်သူမှဂရုမစိုက်တော့မှာကိုသိသည်။ သူက ချီတုံချတုံ သဘောတူလိုက်ရပြီး တခြားကိစ္စကို ပြောလိုက်​လေသည်။ “တတိယဦးလေး အခုကဘယ်လိုလုပ်ရမလဲ? သူအခု ခရိုင်မြို့မှာ တစ်ယောက်တည်းဖြစ်နေပြီး ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ သူ့မှာ စားစရာ၊ ဝတ်စရာ လုံလုံလောက်လောက်ရှိရဲ့လားတောင် မသိဘူး။ ဝူး…. ဖခင်တစ်တယောက်အနေနဲ့ ဖျင်ချွမ်ကို မကူညီနိုင်တာ ကျုပ်အပြစ်ပါ…ဝူး…”




သူက တကယ်ကိုပူဆွေးနေသည်။ စန်းအာ​ထွက်သွားသည့်အချိန် သူ့ကိုစိတ်ဆိုးနေခဲ့သည်။ စန်းအာမှာထားတာကိုမေ့ပြီး ငွေလက်ခံကာ ရှန်းမိသားစုနဲ့လက်ထပ်ဖို့ ဘယ်လိုသဘောတူခဲ့မိမှန်းလည်း သူမသိတော့ပေ။

သူ့သား စိတ်ဆိုးသွားမှာကို သူသိခဲ့လျှင် သူက ရှန်းမိသားစုနဲ့လက်ထပ်ဖို့ သဘောတူခဲ့မှာမဟုတ်ပေ။ ဘိုးဘိုးကျောက်၏ရင်ထဲတွင် ကျောက်လောင်စန်းကို သူ၏တစ်သက်တာအထောက်အပံ့အဖြစ် မှတ်ယူထားသည်။ သူ့အမြင်အရတော့ ကျောက်တာနျိုဖြစ်ဖြစ် ကျောက်တာဟူဖြစ်ဖြစ် ကျောက်လောင်စန်းလောက် အလားအလာမရှိသလို သူ့အတွက် ဂုဏ်ကျက်သရေလည်း မသယ်ဆောင်လာနိုင်ပေ။

“ငိုပဲငိုနေ! မင်းလုပ်တတ်တာ ငိုဖို့ပဲ! အရင်ကဘာလုပ်နေခဲ့လဲ?” တတိယဦးလေးက အော်မေးလိုက်သည်။

ဘိုးဘိုးကျောက်က ခေါင်းငုံ့ကာ မျက်ရည်ကိုသုတ်လိုက်သည်။ သူက တတိယဦးလေးနဲ့ မကြာခဏဆက်ဆံပြောဆိုရ၍ မည်သည့်လှည့်ကွက်က ထိရောက်သည်ကိုသိသည်။

“ရပြီ.. ငါ ဒါတွေကြားပြီး စိတ်ပျက်လာပြီ။ ပြန်တော့.. လောင်စန်းကို ခရိုင်မြို့မှာ သွားတွေ့ဖို့ ကျောက်တာနျိုကိုလွှတ်လိုက်။ မင်း သူ့ကိုပို့ချင်တာရှိရင် မြန်မြန်ထုပ်ပိုးပြီး တာနျိုနဲ့ထည့်ပေးလိုက်။”

      

သေချာပါသည်။ တတိယဦးလေး၏အသံမှာ စိတ်မရှည်သော်လည်း သူက အလျှော့ပေးနေဆဲဖြစ်သည်။ ဘိုးဘိုးကျောက်က ကျောက်လောင်စန်း၏ မွေးဖခင်အရင်းဖြစ်၍ သူက သူ့ကို မျက်နှာသာပေးရဦးမည်။

  

“တာနျိုကို ပို့လို့အဆင်ပြေပါ့မလား?” မွေးဖခင်တစ်ယောက်အနေဖြင့် ဘိုးဘိုးကျောက်က အကြီးဆုံးသားကို သံသယဝင်တာတော့မဟုတ်ပေမယ့် သူက ပုံမှန်အားဖြင့် အလိုလိုသိစိတ်ရှိ၍ သူ တစ်ခုခုလုပ်မှာစိုးရိမ်သည်။

 

ထောင့်တစ်နေရာက လူအုပ်ထဲမှာရှိနေသော ကျောက်တာနျို၏မျက်လုံးထဲမှာ နက်မှောင်သောအကြည့်ရှိပေမယ့် ဘာမှ​တော့မ​ပြောခဲ့ပေ။

  

“တာနျိုဘာလို့မလုပ်နိုင်ရမှာလဲ? လောင်စန်း စာမေးပွဲအောင်သွားရင်တောင် သူ့အစ်ကို​တွေရဲ့ အကူအညီလိုနေဦးမှာပဲလေ။ မင်းအရမ်းဘက်လိုက်လို့မရဘူး။ မင်းပြောတာကို တာနျိုဘယ်လိုထင်သွားမလဲ? တာဟူက မရှိတော့လို့ မိသားစုရဲ့မြေယာတွေကို တာနျိုစီမံပေးနေတာ။ မင်းကိုယ်မင်းမေးကြည့်လိုက်။ တာနျိုကလွဲရင် ဘယ်သူ့ကို အားကိုးလို့ရသလဲ?”

       

တတိယဦးလေးက နောက်တစ်ကြိမ် ကြိမ်းမောင်းလိုက်ပြန်သည်။ ဤဦးနှောက်မရှိသော အဘိုးကြီးကျောက်က တာနျိုရှိနေလျက် မဆင်မခြင်ပြောဆိုနေသည်။ ဒါက တာနျိုကို သူနဲ့စိတ်ဝမ်းကွဲအောင် လုပ်နေတာမဟုတ်ဘူးလား? ကျောက်လောင်စန်း မအောင်မြင်ခင် သူ တာနျိုနဲ့ သူ့ဇနီးကို မှီခိုသင့်တာမဟုတ်ဘူးလား?

“ကျုပ်နားလည်ပါပြီ။ တတိယဦးလေး… ကျုပ်အိမ်ပြန်ပြီး ထု​ပ်ပိုးပေးလိုက်ပါမယ်။” တကယ်တော့ ဘိုးဘိုးကျောက်က တတိယဦးလေးကို ဆန့်ကျင့်ဖို့မဝံ့ရဲပေ။ ဤတစ်ကြိမ် သူ့သားထွက်မသွားခင်မှာ မိသားစုကိစ္စအလုံးစုံကို ဆုံးဖြတ်ချက်မချခင် တတိယဦးလေးနဲ့တိုင်ပင်ရမည်ဟု မှာသွားခဲ့သည်။

ယင်းက သူ့ကို မကျေမနပ်ဖြစ်စေပေမယ့် သူတတ်နိုင်တာဘာမှမရှိပေ။ သူက အဘိုးကြီးကို အရင်ချော့မော့ရမည်။ သို့ပေမယ့် ဤတစ်ကြိမ်တွင် အားသာချက်တချို့လည်းရှိသည်။ တတိယဦးလေးက လောင်စန်းကိုထောက်ပံ့ဖို့ ငွေနည်းနည်းထုတ်ပေးခဲ့သည်။

  

“တာနျို…..” ဘိုးဘိုးကျောက်ပြန်သွားတော့ တတိယဦးလေးက တာနျိိုကို သူ့နားသို့ခေါ်လိုက်သည်။ တာနျို၏ရှက်ရွံ့နေသော ပုံစံကိုမြင်လိုက်ရတော့ တတိယဦးလေးက ရင်ထဲကနေ သက်ပြင်းချလိုက်သည်။ သူက အကြီးဆုံးသားဖြစ်ပေမယ့် သူ့တွင် ဤကဲ့သို့စိတ်ထားမျိုးရှိသည်။ တာဟူက သူ့ထက် စိတ်ရှည်သည်းခံတတ်သည်။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ သူဟာ မိသားစုကိုစောင့်ရှောက်ဖို့ ဆန္ဓရှိခြင်းဖြစ်သည်။

    

တာနျိုနှင့်ယှဥ်လျှင် သူ​က အငယ်ဆုံးသားနဲ့ပိုတူသည်။ သို့တိုင်အောင် သူက သူ့ကို စိတ်ရှည်ရှည်ဖျောင်းဖျပြီး ကျောက်လောင်စန်း စာမေးပွဲအောင်လျှင် သူ့မိသားစုဝင်များကို စောင့်ရှောက်မည့်အကြောင်း​ ပြောပြခဲ့သည်။



အနာဂတ်မှာ တာနျိုက ကျောက်လောင်စန်းကို မှီခိုရလိမ့်မည်။ သူ ကျောင်းမတက်နိုင်လျှင်ပင် သူက မြို့ထဲမှာအလုပ်ရှာနိုင်လိမ့်မည်။ ထို့ကြောင့် တာနျိုက ကျောက်လောင်စန်း အပူအပင်မရှိစေရန် ဤတစ်ကြိမ်မှာ မိသားစုကို စောင့်ရှောက်ပေးရလိမ့်မည်။

 

ကျောက်တာနျိုက သူ့စကားကို နာခံမှုရှိရှိနားထောင်ပြီး ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။ ၎င်းက ကျောက်တာနျိုအား အလုပ်အပ်ဖို့ တတိယဦးလေးကို စိတ်သက်သာရာရစေခဲ့သည်။ သို့တိုင်အောင် ဖျင်ရှန်ရွာမှထွက်ခွာသွားပြီးနောက် ကျောက်တာနျို ဘာလုပ်ခဲ့သည်ကို သူသိလျှင် သူ အလွန်နောင်တရမှာသေချာသည်။



&&&



ဆောင်းဦးရာသီရိတ်သိမ်းပြီးနောက် ရွာရှိလယ်မြေအားလုံး လွတ်မနေခဲ့ပေ။ တချို့မိသားစုက ဟင်းသီးဟင်းရွက်စိုက်ပျိုးကာ တချို့က ဆီမုန်ညှင်းစေ့များ စိုက်ဖို့စီစဥ်ကြပြီး တချို့ကတော့ ဆောင်းစပါးစိုက်ချင်ခဲ့သည်။ ထန်ချွန်းမင်က ထိုအကြောင်းတွေးကာ သူ့မြေပေါ်မှာ ဆောင်းစပါးစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နွေစပါးနှင့်ယှဥ်လျှင် ဆောင်းစပါးက ပိုအရသာရှိသည်။

 ကောက်ပဲသီးနှံများ စိုက်ပျိုးပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ဘာမှလုပ်ခွင့်မပြုပဲ သူမြေ​ကိုထွန်ယက်ဖို့ သူ့ကိုယ်ပိုင်မြေသြဇာကို အသုံး​ပြုခဲ့သည်။ ထန်ချွန်းမင်၏မိသားစု အလုပ်စလုပ်နေပြီကို တွေ့လိုက်သောအခါ တချို့မိသားစုများက ထန်မိသားစုအိမ်မှာ မျိုးစေ့ကောင်းများရှိသေးလား လာမေးခဲ့သည်။ အကြောင်းမှာ ထန်ချွန်းမင်၏မြေမှ စ​ပါးရိတ်သိမ်းမှုသည် အလွန်ဆွဲဆောင်မှုရှိနေလို့ပင်ဖြစ်၏။

 

ထန်ချွန်းမင်ကိုယ်တိုင်က နေရာလွတ်ထဲမှ မျိုးစေ့များကို အသုံးပြုခဲ့သည်။ တကယ်တော့ ဆောင်းဂျုံစပါးက ဆောင်းရာသီ၏အအေးဒဏ်ကို ခံနိုင်ဖို့လိုပြီး နေရာလွတ်မျိုးစေ့၏ အားသာချက်မှာ တ​ခြားမျိုးစေ့တွေထက် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ခြင်းဖြစ်သည်။ 

      

သို့ပေသိ သူတို့မျိုးစေ့အရေအတွက်မှာ အကန့်အသတ်ရှိတာကြောင့် လီဖုန်းနှင့် ဆွေးနွေးပြီးသောအခါ ဂျုံစေ့၃၀၀ကီလိုဂရမ်ကိုထုတ်ယူပြီး ဖြန့်ဝေပေးဖို့တာဝန်ရှိသည့် ရွာလူကြီးကို ပေးအပ်ခဲ့သည်။ သို့သော် ဂျုံစေ့တစ်ကီလို၏စျေးနှုန်းက ဆင့်ငါးဆယ်ထက် မနည်းခဲ့ပေ။



နောင်မှာ တ​ခြားရွာမှလူတွေ လာရောက်ဝယ်ယူလိုပါက တစ်ကိီလိုကို ဆင့်၇၀ပေးဖို့လိုအပ်သည်။ မြေတစ်ဧကတွင် ဂျုံစေ့ ၁၀မှ၂၀ကီလို စိုက်ပျိုးလို့ရသည်။ သူ့အမြင်တွင် သူ့မျိုးစေ့များက လုံးဝ​စျေးတန်သည်။ မတိုင်ခင်က သူသည် ထန့်ယွီကို တစ်ကီလို ဆင့်ငါးဆယ်ဖြင့် ရောင်းချခဲ့သည်။

 



ထိုသို့သောစျေးနှုန်းဖြင့် ကြုံတွေ့ရသဖြင့် တချို့မိသားစုများက နောက်ဆုတ်ခဲ့ကြသည်။ တစ်ဧကစိုက်ပျိုးရန် ငွေတစ်ပြားနှစ်ပြားနီးပါး ကုန်ကျလိမ့်မည်။ နောက်နှစ်ရိတ်သိမ်းပြီးရင် သူတို့ဘယ်လိုရောင်းရတော့မလဲ? တစ်နှစ်မှာ သူတို့ငွေဘယ်လောက်ရှာနိုင်လဲ? သို့သော် တချို့မိသားစုများကတော့ ထန်ချွန်းမင်ကို ယုံကြည်နေဆဲဖြစ်သည်။

     

သူ့မိသားစု မည်မျှချမ်းသာနေသည်ကိုကြည့်ပြီး သူတို့နောက်လိုက်လျှင် ဆုံးရှုံးစရာမရှိဟု ခံစားရတာကြောင့် သူတို့က မြေနှစ်ဧကစိုက်ပျိုးဖို့ မျိုးစေ့လုံလုံလောက်လောက် ဝယ်ခဲ့လေသည်။ အိမ်ပြန်ရောက်တော့ သူတို့ လယ်စိုက်ဖို့ ပိုကြိုးစားခဲ့ကြသည်။

လီဖုန်းက မင်ကောအာနဲ့ဆွေးနွေးပြီး ရွာအကြီးအကဲကို သွားတွေ့သည်။ ရွာလူကြီးက ဤကလေးကိုမကျေနပ်ပေ။ သူက စပါးစေ့ပြဿနာကို သူ့ခေါင်းပေါ်တင်ပြီး တခြားသူများကို​ စော်ကားစေခဲ့သည်။ သူက မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့လိုက်သည်။ “မင်းဒီကိုဘာလို့ထပ်လာတာလဲ? စပါးစေ့တွေ ခုထိရောင်းမကုန်သေးတာကို ငွေလာသိမ်းတာလား?”

 

ရှန်းဖူလန်က ရွာလူကြီးကို သူချုပ်နေသည့်ဖိနပ်ဖြင့် ပစ်ပေါက်လိုက်လေသည်။ သူက ရွာလူကြီးဖြစ်ပြီး ဒီကိစ္စတွေကို သူမလုပ်ရင် ဘယ်သူလုပ်မလဲ?



လီဖုန်းက ရွာလူကြီးကို သတင်းကောင်းပါးဖို့လာခဲ့တာဖြစ်၍ ထိုင်ချကာ ပြောလိုက်လေသည်။ “မျိုးစေ့ဝယ်ခဲ့တဲ့လူတွေကို ကျွန်တော်နဲ့ စာချုပ်လာချုပ်စေချင်တယ်။ နောက်နှစ်ရိတ်သိမ်းပြီးရင် သူတို့စားဖို့ချန်ပြီး ကျန်တဲ့စပါးတွေကို ကျွန်တော့်ကိုလာရောင်းလို့ရတယ်။ ကျွန်တော်က တစ်ပေါင်ကို ၄၅ဆင့်ပေးမယ်ဆိုရင်ရော?”

 

ရွာလူကြီးက သတင်းကြောင့် အံ့အားသင့်သွားသည်။ သူက ဒေါသထွက်မနေတော့ပေ။ သေချာတာက သူ တကယ်စိတ်ဆိုးခဲ့တာမဟုတ်ပေ။ သူက ​ခေါင်းမော့ကာ ထပ်မံအတည်ပြုလိုက်သည်။ “တကယ်လား? ၄၅ဆင့်? ဘယ်လောက်ရောင်းလို့ရလဲ? မင်းငွေမရှုံးဘူးလား?”

“မရှုံးဘူး။ စိတ်မပူပါနဲ့။ ဦးလေး.. မင်ကောအာနဲ့ ကျွန်တော်က အရှုံးခံပါ့မလား? ခင်ဗျားက လယ်ထဲက ကောက်ပဲသီးနှံတွေကို စားပြီးပြီဆိုတော့ အရသာဘယ်လိုရှိလဲသိမှာပေါ့။ ကျွန်တော်တို့မှာ နည်းလမ်းရှိနေသရွေ့ အဲ့ဒါတွေကို စျေးတင်ရောင်းလို့ရတယ်။ ဒီလောက်ကောင်းတဲ့စပါးတွေကို စျေးနည်းနည်းနဲ့ရောင်းလိုက်ရင် အရှုံးပေါ်မှာပဲ”

      

၎င်းသည် မင်ကောအာနှင့် ဟဲလောင်၏ နောက်ဆုံးဆွေးနွေးမှုရလဒ်ဖြစ်သည်။ တန်ဖိုးမသိသည့် ရွာသားတွေကို ရောင်းခွင့်ပေးမယ့်အစား စပါးကိုစုဆောင်းပြီး သူတို့ကို ရောင်းလိုက်တာပိုကောင်းသည်။ အနာဂတ်မှာ သူတို့က အမှတ်တံဆိပ်တစ်ခု ဖန်တီးလို့ရနိုင်သည်။ ယင်းကလည်း မင်ကောအာ၏အကြံသာဖြစ်သည်။

  

“ဟုတ်တယ်.” လယ်ကွင်းထဲက ဂျုံကို ဂျုံမှုန့်အဖြစ်ကြိတ်ပြီးနောက် ထန်ချွန်းမင်က လူတိုင်းကို ထမင်းစားဖို့ခေါ်ခဲ့သည်။ ရွာလူကြီးက အစားမရပ်နိုင်၍ ဗိုက်ပြည့်သွားသဖြင့် သူနဲ့သူ့ဇနီးက တွဲကူပြီး ဖြည်းဖြည်းချင်းလျှောက်ကာ အိမ်ပြန်ခဲ့ရသည်ကို သူမှတ်မိသေးသည်။

      

မြို့က လူချမ်းသာတွေစားသုံးသော ထမင်းက ကျေးလက်မိသားစုတွေစားသုံးသော ထမင်းနဲ့ကွာခြားပြီး စျေးလည်းကြီးတယ်လို့ သူကြားခဲ့ဖူးသည်။ တော်ဝင်မိသားစုအတွက် အထူးထုတ်ထားသည့် ဆန်လည်းရှိပြီး ၎င်းကို ရွှေငွေနှစ်မျိုးနဲ့ဝယ်ရသည်။ မင်ကောအာ စိုက်ပျိုးသောစပါးက ထိုစပါးများ၏စျေးနှုန်းနှင့် မတိမ်းမယိမ်းလို့ ယူဆလို့ရသည်။ ထိုအကြောင်းတွေးလိုက်တော့ ရွာလူကြီးက စိတ်လှုပ်ရှားသွားပြန်သည်။

 

“ကောင်းပြီ.. စပါးမျိုးစေ့ဝယ်ခဲ့တဲ့မိသားစုတွေကို ငါတို့အကြောင်းကြားလိုက်မယ်။ ဒါမှ သူတို့ စိတ်ချလက်ချ စိုက်ပျိုးနိုင်မှာ။” နားလည်သွားပြီး​နောက် ရွာလူကြီးက ချက်ချင်းဆိုသလိုပင် လက်နောက်ပစ်ကာ အပြင်ထွက်သွားခဲ့သည်။ ရှန်းဖူလန်က တံခါးကိုလက်ညိုးထိုးကာ လီဖုန်းကိုအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒီလူကိုကြည့်… သူခဏတောင် မစောင့်နိုင်တော့ဘူး။ မင်းဒီမှာရှိနေသေးတာတောင် သူ​ပြေးထွက်သွားတယ်။”

    

ထန်ချွန်းမင်ကိုယုံကြည်ခြင်းဖြင့် ဆုံးရှုံးနစ်နာစရာမရှိဘူးလို့ ရှန်းဖူလန်က သိတာကြောင့် သူတို့လင်မယားက ဆောင်းဂျုံစပါး ငါးဧကစိုက်ပျိုးဖို့ ဆွေးနွေးခဲ့သည်။ ထန်ချွန်းမင်က စျေးလျှော့ပေးသော်လည်း သူက ရွာသားတွေလိုပဲ စည်းမျဥ်းလိုက်နာရမည်လို့ဆိုကာ ငြင်းဆိုခဲ့သည်။ သို့သော် ဂျုံစေ့ငါးဧကကို မျိုးစေ့၃၀၀ကီလိုဂရမ်မှ ထုတ်ယူခဲ့တာမဟုတ်ပေ။ တခြားရင်းနှီးသော မိသားစုများကလည်း အလားတူပင်ဖြစ်သည်။



(** 300 ထဲကမဟုတ်ပဲ သီးသန့်ရောင်းပေးတာလို့ပြောတာပါ)

ရွာလူကြီးက သတင်းထုတ်ပြန်ပြီးသည့်နောက်မှာ မျိုးစေ့မဝယ်ခဲ့သည့် မိသားစုများက ချက်ချင်းဆိုသလိုပင် နောင်တရနေခဲ့သည်။ တစ်ပေါင်လျှင် ၄၅ဆင့်ဖြင့် တစ်ဧကကို ပေါင်နှစ်ရာပဲ ရိတ်သိမ်းနိုင်လျှင်ပင် ငွေကိုးပြားရမည်ဖြစ်သည်။ ထို့အပြင် ထန်ချွန်းမင်၏ ယခင်ရိတ်သိမ်းမှုကို ကြည့်ခြင်းဖြင့် ၎င်းက ထိုထက်ပိုမည်မှာ သေချာသည်။

      


ဆိုလိုသည်မှာ ငွေတစ်ပြားတန်သော မျိုးစေ့က ငွေကိုးပြားကျော်နှင့် လဲလှယ်နိုင်မည်ဖြစ်သည်။ ထိုမိသားစုများက ငြိမ်ငြိမ်မထိုင်နိုင်တော့ပဲ မျိုးစေ့ဝယ်ရန် ရွာလူကြီးထံသို့ မြန်မြန်ပြေးခဲ့ကြသည်။