Chapter 54.2
Viewers 21k

Chapter 54.2



တံခါးပိတ်ပြီးနောက် နှစ်​ယောက်သား တံခါးခုံတွင် ထိုင်လိုက်ကြသည်။ ထန်ချွန်းမင်က ရှင်းပြချင်ပေမယ့် သူ့မှာ စကားလုံးပျောက်ရှနေပြီး ဘယ်ကစရမှန်းမသိပေ။ သူက ခေါင်းကုတ်လိုက်သည်။ ယင်းကပြဿနာပင်။

  

“ဒါက နတ်သမီးကျွန်းလား? မင်းဘာလို့အလွယ်တကူလာလို့ရတာလဲ?” လီဖုန်းက ထန်ချွန်းမင် နေရမခက်စေဖို့ အရင်ပြောလိုက်သည်။



“ဟမ်? ခင်ဗျား ဒါကိုသိတာလား?” ထန်ချွန်းမင်၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး လီဖုန်းကို သဘောကျစွာ​ကြည့်လိုက်သည်။ သူသာ ခေတ်သစ်အင်တာနက်ပေါ်က အလားတူဝတ္ထုများကို မဖတ်ထားလျှင် သူသည်လည်း ယခုလိုဖြစ်တည်မှုကို ဤမျှလောက်မြန်မြန်ဆန်ဆန် လက်ခံနိုင်မည်မဟုတ်ပေ။

  

“ခန့်မှန်းလိုက်တာ။” လီဖုန်းက နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်သည်။

မရယ်တတ်သည့်သူများ ရယ်သည့်အခါ ရင်သပ်ရှုမောဖွယ် ခံစားချက်ကိုပေးပါ၏။ တခြားသူတွေဘာဖြစ်သွားမှန်းမသိပေမယ့် ထန်ချွန်းမင်ကတော့ အံ့အားသင့်သွားခဲ့သည်။ သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေပြီး သူကနေရာခက်စွာ အဝေးသို့ကြည့်လိုက်သည်။ မဟုတ်​ပါက သူ ထိုလူကို ​မြေကြီးပေါ်ဖိချပြီး အောက်ပါစကားတွေကို ​ဆက်ပြောနိုင်မည်မဟုတ်တော့ချေ။

“ဒါ……” ထန်ချွန်းမင်က ခေါင်းကိုဆက်ကုတ်လိုက်ပြီး သေချာရှင်းပြလိုပါက သူ၏ယခင်ဘဝနှင့် စတင်ရမည်ဆိုတာသိလိုက်သည်။ နေရာလွတ်ကို သိသွားပြီဖြစ်၍ ခန္ဓာကိုယ်နှင့်စိတ်ဝိဉာဏ်ကူးပြောင်းခြင်း ကိစ္စရပ်ကို ဖုံးကွယ်ထားဖို့မလိုအပ်ပေ။ ထို့အပြင် လီဖုန်းပြန်ရောက်သည့်နေ့မှစ၍ သူက ဤခန္ဓာကိုယ်ပိုင်ရှင်ဖြစ်လာခဲ့သည်။ 

    



လီဖုန်း အစမှအဆုံးအထိ သိခဲ့သူဟာ သူသာဖြစ်ပြီး မူလပိုင်ရှင်မဟုတ်ပေ။ အနည်းငယ် အထိတ်တလန့်ဖြင့် ထန်ချွန်းမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းဇာတ်လမ်းကို အမြန်ပြောပြခဲ့သည်။

  

“မင်းက မူလ မင်ကောအာမဟုတ်ပဲ တခြားကမ္ဘာက လူတစ်ယောက်လို့ပြောတာလား?” ထန်ချွန်းမင်ပြောတာကို လက်ခံနိုင်ရန် လီဖုန်း အချိန်အတော်ယူခဲ့ရသည်။ သူက မျက်တောင်ခတ်ကာ အပ်ရှရှအသံဖြင့် မေးလိုက်လေသည်။ သူ့မျက်ဝန်းက ရှေ့ကလူကို လုံးဝအလွတ်မပေးပေ။ သူမြင်နေရတာ အရိ​ပ်တစ်ခုပဲဖြစ်နေမှာကြောက်၏။

 

ထို့နောက် ထန်ချွန်းမင် စိတ်သက်သာရာရသွားသည်။ သူက ပခုံးတွန့်ပြီး လီဖုန်း၏မျက်ဝန်းကို တည်တည်​ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်၏။ “ဟုတ်တယ်၊ အဲ့ဒါအမှန်ပဲ။ ကျွန်တော် ဒီခန္ဓာကိုယ်ထဲမှာနိုးလာတော့ မူလမင်ကောအာက ဆုံးသွားတာဖြစ်မယ်။ ဟူလန်ကျုံးက အားလုံးကိုသိတယ်။ ဒါပေမယ့် ကျွန်တော်နိုးလာတော့ သူက ကျွန်တော်သေရာက ပြန်ထလာတယ်ပဲထင်တာ။ ဒါကြောင့် သူ ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ခဲ့တာ။ မင်ကောအာရဲ့ ကျန်းမာရေးက မကောင်းခဲ့တော့ ဟူလန်ကျုံးက သူ့ကြုံတွေ့ခဲ့ရတာကို စာနာနေတာ။”

  

“မင်းဘယ်တုန်းကနိုးလာတာလဲ?”

 

လီဖုန်းက ထန်ချွန်းမင်၏လက်ကို တင်းတင်းညှစ်ထား၍ ၎င်းက အနည်းငယ်နာကျင်လာပေမယ့် သူက သေချာရှင်းပြဖို့လိုသေးသည်။ သူက အားနေသည့်လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူ လက်ညိုးထားကာ ရှင်းပြလိုက်သည်။ “ခင်ဗျားပြန်ရောက်တော့ ကျွန်တော်နိုးလာတာ။ ခင်ဗျားကျွန်တော့်ကို အစတည်းကသိခဲ့တာ။ ခင်ဗျား ကျွန်တော့်ကို မယူရဲမယူကြည့် ကျွန်တော် ခင်ဗျားပိုက်ဆံကိုယူပြီး ထွက်ပြေးသွားမှာ။ တစ်ပြားမှချန်မထားဘူး!”

 

အောင်မြင်စွာခြိမ်းခြောက်မှုမပြီးခင်တွင် သူက တစ်စုံတစ်​ယောက်၏ ပွေ့ဖက်ခံလိုက်ရသည်။ ထန်ချွန်းမင်က တစ်ဖက်လူ၏လေးလံသော ရင်ခုန်သံကို ကြားနိုင်သည်။ ကမ္ဘာကြီးက ရုတ်ချည်းဆိုသလို ဗလာကျင်းသွားပြီး သူနဲ့သူ့ကိုပွေ့ဖက်ထားသူသာ ကျန်ရစ်ခဲ့ပုံရသည်။ ထန်ချွန်းမင်၏ရင်ခုန်သံက မြန်လာပေမယ့် ပွေ့ဖက်မှုကြောင့် သူ့ရင်ထဲမှာ အေးချမ်းမှုကို ခံစားခဲ့ရသည်။

 

သူက အပြုံးတစ်ခုဖြင့် ခြိမ်းခြောက်ဟန်ဆောင်ခဲ့သော်လည်း သူ့ရင်ထဲမှာ မသက်မသာဖြစ်နေသေးသည်။ သူက တစ်ဘဝလုံးကို ဤလူနဲ့ကုန်ဆုံးချင်တာကြောင့် အနှီလူအား သူ့တစ်ဘဝလုံး ဘယ်လိုလူနဲ့ဖြတ်သန်းရမလဲဆိုတာ သိစေချင်သည်။ သူက မူလမင်ကောအာဆီမှ အရာအားလုံးဆက်ဆံရရှိခဲ့သော်လည်း သူဟာ မင်ကောအာအစစ်မဟုတ်ပေ။ သူဟာ တွေးခေါ်တတ်သူမဟုတ်ပဲ တစ်ခါတစ်လေ ခေါင်းကြောလည်းမာသည်။



သူ့ယခင်ဘဝမှာ သူက လူပင်လယ်ထဲတွင်ရှိခဲ့ပြီး သူရှာနေခဲ့တာက ဖြူစင်သောမေတ္တာဖြစ်လောက်ပေမယ့် လူတွေက ဝင်ထွက်သွားလာပြီး မည်သူကမျှ သူ့ဘေးမှာရှိမနေချင်ခဲ့ပေ။

 

“အင်း… ငါမင်ကောအာကို တာဝန်ယူမယ်။ မင်ကောအာ..စိတ်မပူပါနဲ့။” လီဖုန်းက သူ့ကိုလွှတ်ပေးကာ အလေးအနက် ကတိပေးလိုက်သည်။ ဘယ်လောက်ပဲထူးဆန်းသည့် ကိစ္စတွေဖြစ်ခဲ့ပါစေ မင်ကောအာက တစ်ခုတော့မှန်သည်။

   

သူ အစကနေအဆုံးအထိသိ​ခဲ့သော လူက သူအတူနေချင်သည့်လူဖြစ်သည်။ သူစိတ်ပူသည့် တစ်ခုတည်းသောအရာမှာ ဤလူ သူ့ကို နောက်တစ်​ကြိမ်ထားသွားမလားပင်ဖြစ်သည်။ သို့ဖြစ်၍ သူက ထပ်ပြောလိုက်သည်။ “မင်းလည်း ကိုယ့်ကိုတာဝန်ယူရမယ်နော်။”



ထန်ချွန်းမင်က မရယ်ပဲမနေနိုင်တော့ပေ။ သူက လီဖုန်း၏လက်ကိုဆွဲကာ သူ့ရင်ဘတ်ကို တခြားလက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်တော်က ခင်ဗျားကို သေချာပေါက်တာဝန်ယူမှာ။ ကျွန်တော် ဒီကမ္ဘာကို ဘာလို့ရောက်လာလဲမသိပေမယ့် ကျွန်တော် ဒီမှာတစ်သက်လုံးနေရမယ်ထင်တယ်။ ကျွန်တော်တို့ကလေးတွေကို တူတူပျိုးထောင်ရအောင်။” သူ ယခုချိန်မှာ ရွေးချယ်ရမယ်ဆိုလျှင်ပင် သူ ဤကမ္ဘာမှာနေမည်။ တကယ်တော့ ထိုကမ္ဘာတွင် သူ့ဖခင်ဆုံးပြီး သူ့ကိုတစ်ယောက်တည်းထားခဲ့တာ တစ်နှစ်ကြာခဲ့ပြီဖြစ်သည်။

  

“ကောင်းတယ်”

ထန်ချွန်းမင်က နောက်ဆုံးတွင် သူ၏စိိုးရိမ်ပူပန်မှုအ​ကြောင်းကို မျှဝေရန် လူတစ်​ယောက်ရှိလာခဲ့သည်။ သူက လီဖုန်းကိုဆွဲကာ စကားအများကြီးပြောလိုက်သည်။ ယင်းမှာ သူ့ယခင်ဘဝ၌ သူဟာ ယောကျာ်းလေးတစ်​ယောက်ဖြစ်ပြီး ဤကမ္ဘာကိုရောက်လာမှ ကလေးမွေးနိုင်မှန်းသိခဲ့သည်ဟူ၍ပင်။

    

လီဖုန်းက မင်ကောအာပြောပြသော ဆန်းဆန်းပြားပြားကမ္ဘာကို တိတ်တဆိတ်နားထောင်နေသည်။ ၎င်းမှာ ကောတွေမရှိပဲ အမျိုးသားနှင့်အမျိုးသမီးသာရှိသည်။ ထို့နောက် လီဖုန်း၏မျက်နှာက ပို၍ပင်ထူးဆန်းလာသည်။ ထိုကမ္ဘာတွင် မင်ကောအာက သူနဲ့လိင်တူအမျိုးသားတစ်ယောက်ဖြစ်သည်။

      

မင်ကောအာ၏နေပုံထိုင်ပုံက သာမန်ကောအာများနှင့်မတူဘူးလို့ သူအမြဲခံစားခဲ့ရသည်။ မင်ကောအာက အားစန်းလေးနဲ့ရှိနေတိုင်း ရှုပ်ထွေးနေသော အမူအရာကိုပြလေ့ရှိသည်။ သူသာ ကောတစ်ယောက်၏ ခန္ဓာကိုယ်ထဲကူးပြောင်းသွားလျှင်…… တွေးတောင်မတွေးရဲပေ။ သူက တုန်ယင်လာပြီး ထပ်မစဥ်းစားရဲတော့ချေ။ ကြည့်ရတာ မင်ကောအာ၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက သူ့ထက်သာလွန်ပုံရသည်။

 

“မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။” လီဖုန်းက ထန်ချွန်းမင်၏လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။ မင်ကောအာက ရက်စက်ပြီး တာဟူဆုံးသွားသည်နှင့် သူက သူ့ခင်ပွန်းမိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ကာ အဆက်အသွယ်မလုပ်တော့ပဲ​ နောက်ယောကျာ်းတစ်​ယောက်ရှာခဲ့သည်ဟု အားလုံးကပြောကြသည်။



သို့သော် သူကတော့ မင်ကောအာထက် စိတ်ထားကောင်းသူမရှိဟု ထင်သည်။ တခြားတစ်ယောက်သာဆိုလျှင် သူတို့က မင်ကောအာလို ကလေးနှစ်ယောက်အား လက်ခံနိုင်မည်လား။ သူ့မွေးခဲ့သော အားစန်းလေးကိုလည်း သူက လူယုတ်မာလေးလို့ခေါ်နေပေမယ့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာ ကြိုးစားသင်ယူသည်။ ကလေးကိုမချီရဲသည့် အစပိုင်းမှ အနှီးလဲပေးခြင်း၊ ရေချိုးပေးခြင်းနှင့် အစာကျွေးခြင်းကို သင်ယူနိုင်ခဲ့သည်။

   

ယခုမူ သူက အစစအရာရာကျွမ်းကျင်ပြီး အားစန်းလေး ဝကစ်ဖြူဖွေးလာပုံကိုကြည့်ကာ သူ့မျက်လုံးထဲမှာ ဂုဏ်ယူသောအကြည့်တစ်ခု ရှိနေခဲ့သည်။

  

“အွန်း…” ထန်ချွန်းမင်က ချီးကျူးခံလိုက်ရလို့ ရှက်သွားလေသည်။ သူက ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ရပါတယ်။ တကယ်တော့ ကျွန်တော်က မင်ကောအာရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ အတွေ့အကြုံတွေကို အလုံးစုံမှတ်မိတယ်။ ဒါကြောင့် ကျွန်တော်က မင်ကောအာရဲ့နောက်ထပ်ကိုယ်ပွားလို့ ပြောလို့ရတယ်။ ဒီတော့ ကျွန်တော်ကလေးနှစ်ယောက်ကို ပျိုးထောင်ပေးမယ်လေ။ မဟုတ်ဘူး… ဒါမမှန်သေးဘူး။ သူတို့က အခု ကျွန်တော့်ကလေးဖြစ်သွားပြီ။ သူတို့က အနာဂတ်မှာ ခင်ဗျားရဲ့ကလေးဖြစ်လာမှာ နားလည်လား?”

  

“ကိုယ်သိပါတယ်။ ကိုယ်တို့လက်ထပ်ပြီးရင် သူတို့က လီမိသားစုဝင်တွေဖြစ်လာမှာ။ ကိုယ်တို့နှစ်ယောက် သူတို့ကို ပြုစုပျိုးထောင်ကြမယ်။” လီဖုန်း၏ရင်ထဲမှာ ဘာအစွဲမှမရှိတော့ပေ။ ဆုံးသွားသော ကျောက်တာဟူက သူနဲ့မင်ကောအာကြားမှာ အတားအဆီးမဖြစ်နိုင်တော့ပေ။ အကြောင်းမှာ သူ့ရှေ့ကမင်ကောအာက ကျောက်တာဟူနှင့် လက်ထပ်ခဲ့သော ကောအာမဟုတ်လို့ဖြစ်သည်။



ထန်ချွန်းမင်က အင်မတန်ပျော်ရွှင်နေသည်။ ဤလောကမှာ​ မပေါ်သေးလို့ သူ ထုတ်ယူလို့မရသော နေရာလွတ်ထဲမှ ပစ္စည်းတွေရှိသည်။ သူက မျိုးစေ့များနှင့် အသုံးနည်းသော ကောက်ပဲသီးနှံများ ရှာဖွေစုဆောင်းပေးဖို့ လီဖုန်းနဲ့ ယွိမုအား ပြောထားပေမယ့် ရလဒ်ကတော့ မထူးခြားခဲ့ပေ။ ယခု လီဖုန်းက ဤနေရာမှာရှိနေ၍ ပြဿနာဖြေရှင်းခွင့်ပေးလိုက်ရုံပင်။



လယ်ကွင်းများတွင် လမ်းလျှောက်ထွက်ကာ သိုလှောင်ခန်းထဲမှ ကောက်ပဲသီးနှံအသစ်များနှင့် အကျွမ်းတဝင်မရှိသော အရာများကို သူနဲ့မိတ်ဆက်ပေးခဲ့သည်။ လီဖုန်းက ပစ္စည်းအသစ်များကို လက်မခံနိုင်သူမဟုတ်ပေ။ သူ့အတွေ့အကြုံက သာမန်ကျေးလက်သားများနှင့်ယှဥ်လျှင် ရှားပါးသည်။



     

ထို့ကြောင့် မင်ကောအာနေထိုင်သောကမ္ဘာက လက်ရှိကမ္ဘာထက် ချမ်းသာကြွယ်ဝပြီး ရိက္ခာပိုမိုများပြားကြောင်း သူကြားသိခဲ့ရသည်။

 

သူတို့က ပါးစပ်ခြောက်သည်အထိ စကားပြောနေစဥ် အခန်းထဲမှာ ငိုသံတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ နှစ်ယောက်သား ဘာကိုမှဂရုမစိုက်ပဲ အိမ်ထဲသို့ပြေးဝင်သွားကြသည်။ အားစန်းလေး ညဘက်ငိုသည်မှာ ရှူးပေါက်ချတာ သို့မဟုတ် ဗိုက်ဆာလို့ဖြစ်သည်။ ယခုချိန်မှာ သူဗိုက်ဆာနေတာဖြစ်လောက်မည်။ သေချာသည်မှာ အနှီးကခြောက်သွေ့နေဆဲဖြစ်ပေမယ့် ပါးစပ်ကတစ်ခုခုကို လိုချင်နေသလို စူထော်နေလေသည်​။

  

“အပြင်ထွက်ပြီး သိုးနို့ကိုနွှေးလိုက်ရအောင်။ အားလင်းကိုမနိုးစေနဲ့။”

  

“ကောင်းပါပြီ”

 

နှစ်ယောက်သားက နေရာလွတ်ထဲမှ အလျင်စလိုထွက်သွားပြီး လီဖုန်းက တွန့်ဆုတ်မနေ​ခဲ့ပေ။ သူ့အမြင်မှာ မင်ကောအာကို ဤနေရာသို့ခေါ်လာပေးသည်မှာ အံ့ဖွယ်ကောင်းသော နေရာလွတ်ဖြစ်၍ သူက ကျေးဇူးတင်နေမိသည်။ သို့သော် ဤနေရာလွတ်မရှိလျှင်ပင် သူက မင်ကောအာကို ကောင်းမွန်ပြီး တည်ငြိမ်သောဘဝမှာထားနိုင်သည်။

 

သိုးနို့သောက်ပြီးနောက်မှာ ရှောင်အားစန်းက ပြန်အိပ်ပျော်သွားခဲ့သည်။ ထန်ချွန်းမင်ကတော့ လုံးဝအိပ်မပျော်ပဲ သူ့ကိုစိုက်ကြည့်နေသည်။ လီဖုန်းက ထန်ချွန်းမင်၏မျက်နှာကို ပြုံးပြီးကြည့်ကာ ပြောလိုက်သည်။ “သူ သိုးနို့သောက်ပြီးတော့ မိုးလင်းတဲ့ထိအိပ်မှာပဲ။ မင်းလည်း စောစောအိပ်သင့်တယ်။ မဟုတ်ရင် နက်ဖြန်နိုးလာတဲ့အခါ ပင်ပန်းနေလိမ့်မယ်။”

  

“အင်းပါ… ခင်ဗျားရောပဲ..ပြန်တော့လေ” ထိုအဖြစ်ဆိုးကြီးပြီးဖို့ အချိန်ကြာခဲ့သည်။

  

“ကောင်းပြီ။ အဲဲဒီကိစ္စတွေကို ကိုယ့်ကိုအပ်လိုက်။ မင်းစိတ်ပူစရာမလိုပါဘူး။” မပြန်ခင်မှာ သူက မင်ကောအာ၏နဖူးကိုနမ်းလိုက်ပြီး လီဖုန်း၏ပုံရိပ်က အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။



ထန်ချွန်းမင်က သူပျောက်သွားတာကိုကြည့်ပြီး ရယ်လိုက်မိသည်။ သူက ညသန်းခေါင်မှာ နံရံပေါ်ခုန်တက်သည့် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပေမည်။ သူက အားစန်းလေး၏မျက်နှာကို လက်ချောင်းများဖြင့် တို့ထိလိုက်ပြီး တီးတိုးပြောလိုက်သည်။ “မင်း နောင်မှာ မင်းအဖေလီဖုန်းကို ကြည်ညိုလေးစားရမယ်နော်။ မင်းရဲ့မွေးဖခင် ကျောက်တာဟူကတောင် သူ့လောက်မကောင်းနိုင်​ဘူး။ သူက သူ့ကလေးတွေထက် တခြားကလေးတွေကိုပဲ ကောင်းကောင်းဆက်ဆံတာ။”

 

သို့သော် လီဖုန်းက ကွာခြားသည်။ သူက လီဖုန်းဆီမှာ သူ့ဖခင်၏အရိပ်ကိုမြင်နိုင်သည်။ သူက သူ့မိသားစုကို ဦးစားပေးကာကွယ်ပြီး မိသားစုဝင်တွေကို ဘယ်လိုဒုက္ခမျိုးမှ ခံစားခွင့်မပေးခဲ့ပေ။ သူ့သားသမီးတွေကို သွန်သင်ဆုံးမဖို့က သူ့ကိစ္စဖြစ်ပြီး တခြားလူတွေ လက်ညိုးထိုးလာတာကို ခွင့်မပြုခဲ့ပေ။



သူဂေးဆိုတာကို သူ့ဖခင်သိသွားလျှင်ပင် သူက သူ့ကို အိမ်မှာသွန်သင်ဆုံး​မနေမည်ဖြစ်သော်လည်း အပြင်လူတွေ သူ့အကြောင်းပြောလာမှာကိုတော့ ခွင့်ပြုမှာမဟုတ်ပေ။ ထန်ချွန်းမင်က ယင်းကိုကောင်းကောင်းသိသည်။ သို့သော် သူ့ဖခင် နာမကျန်းဖြစ်နေစဥ် သူ့ဖခင်ကို စိတ်မပျက်စေချင်၍ သူ အမှန်အတိုင်းမပြောနိုင်ခဲ့ပေ။ ထိုအစား သူက သူ့ဖခင်ကို လိမ်ညာကာ ဇနီးကောင်းရှာပြီး သားလေးမွေးပေးပါမည်ဟု ပြောခဲ့သည်။ 

ဤကမ္ဘာကိုရောက်လာကတည်းက ​ယောကျာ်းအမျိုးမျိုးကို တွေ့ခဲ့ရသည်။ တချို့တွေက မောက်မာသော ကြောင်သူတော်များဖြစ်ပြီး တချို့ကတော့ ခေါင်းမာကာ တချို့ကတော့ ရိုးသားသည့် ကျေးလက်သားများဖြစ်သည်။ သို့သော် သူ့ကိုအပြည့်အဝသည်းခံနိုင်သူမှာ လီဖုန်းဖြစ်သည်။ သူနဲ့သူ့ကလေးနှစ်ယောက်က လီဖုန်းနဲ့တွေ့ခွင့်ရတာကံ​ကောင်းသည်။

 

သူအိပ်မပျော်ဘူးလို့ ထင်ခဲ့သော်လည်း သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးမရှိတော့လို့ သူက မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်သွားခဲ့သည်။ နောက်နေ့မနက်မှာ သူ့သားငယ်လေးကိုချော့နေသော အားလင်း၏အသံကိုကြားမှ သူနိုးလာခဲ့လေသည်။

 

“ဖေဖေ.. နိုးပြီလား.. အားစန်းက မလိမ္မာဘူး။ ဦးလေးဖုန်းက ညီလေးကိုဂရုစိုက်ဖို့ပြောထားတယ်။ ဦးလေးဖုန်း ခဏနေရောက်လာလိမ့်မယ်။” သူ့အားမူနိုးလာတာကိုတွေ့​တေ့ အားလင်းက ချက်ချင်းပင် သတင်းပေးလိုက်သည်။ 

    

ထန်ချွန်းမင်က ပြုံးလိုက်ပြီး အားလင်းကိုချီးကျူးကာ အားစန်း၏ဖင်တုံးကြီးကို ရိုက်လိုက်သည်။ သူ ညဘက်ဆီးမသွားဖို့ မဖြစ်နိုင်ပေ။ ယင်းက လီဖုန်း မနက်အစောကြီး လာလဲပေးသွားတယ်လို့ ဆိုလိုသည်။