Chapter 38.1
Viewers 21k

Chapter 38.1




ထန်ချွန်းမင်က လာရောက်ရှင်းပြပေးသည့် ဆိုင်ရှင်ချီကို ကျေးဇူးတင်ရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ထန့်ယွီနှင့် ဆိုင်ရှင်ချီက သူနဲ့အလုပ်တွဲလုပ်ရန် တရားဝင်သောနည်းလမ်းများကိုသာ သုံးခဲ့ကြသည်။ အထူးသဖြင့် မျိုးရိုးနာမည်မုန့်၏ ရွံစရာကောင်းသော အပြုအမူကြောင့် နှိုင်းယှဥ်ပြီးနောက် ထန်ချွန်းမင်က ကျင်းကျိဘက်ကိုသာ မျက်နှာသာပေးခဲ့သည်။

 

ထန်ချွန်းမင်က မုန့်မိသားစုကို အလွန်အော်ဂလီဆန်ကြောင်း ဆိုင်ရှင်ချီက ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သဖြင့် သူတို့က မု့န်မိသားစုနှင့် ဖူမန်ထန်၏ လျှို့ဝှက်နည်းလမ်းများကို ပိတ်ဆို့ထားသရွေ့ ထန်ဖူလန်က တစ်ဖက်လူဘက်ကို လုံးဝပါသွားမှာမဟုတ်ပေ။ ဤအတွေ့အကြုံပြီးသွားတော့ သူတို့၏ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးက ပိုမိုတည်ငြိမ်လာသည်။ ထိုအကြောင်းစဥ်းစားပြီး​နောက် သူက မုန့်မိသားစုနှင့် ဖူမန်ထန်ကို ကျေးဇူးတင်သင့်သည်။ လူတိုင်းက ခြိမ်းခြောက်ခံမှာမဟုတ်သလို လာဘ်ပေးခြင်းတို့ ခံရမှာလည်းမဟုတ်ပေ။

 

ထန်ချွန်းမင်က တစ်ခုခုကိုသတိရသွားပြီး လီဖုန်းနှင့် ဆိုင်ရှင်ချီကိုမေးလိုက်သည်။ “ ကျောက်လောင်စန်းနဲ့ ရှန်းမိသားစုက အဆင်ပြေသွားပြီလား?” သူသည် လွန်ခဲ့သည့်နှစ်ရက်က ထိုလူနှင့် အတူနေထိုင််ခဲ့တာကြောင့် သူ့မှာ အပြင်ကမ္ဘာအတွက် စိတ်ပူဖို့အချိန်မရှိခဲ့ပေ။ သူက ကျောက်လောင်းစန်ကို ရင်ထဲမှာ တေးမှတ်ထားလိုက်သည်။ သူက သေချာပေါက် လက်စားချေချင်တာပေါ့။

  

“သူတို့ဇာတာဖလှယ်ပြီး ဇာတာခွင်တိုက်ပြီးသွားပြီ။ အဲ့ဒါက ကောင်းကင်ဘုံဖူးစာလို့လည်း ပြောနေကြတယ်။” ဤသည်မှာ ဆိုင်ရှင်ချီ ကြားခဲ့သော သတင်းဖြစ်သည်။

  

“အောင်သွယ်တော်ရောက်လာတဲ့နေ့မှာ ကျောက်လောင်စန်းမရှိခဲ့ဘူးလို့ကြားတယ်။ ဘိုးဘိုးကျောက်ကတော့ နေရာမှာတင် သဘောတူခဲ့တယ်။ ကျောက်မိသားစုရဲ့ တတိယဦးလေးက သူတို့အိမ်ကိုလာပြီး ဘိုးဘိုးကျောက်ကို ဆူသွားတယ်လို့ကြားတယ်။ သူက ဒီအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော်တော်စိတ်ပူနေပုံပဲ။ သူ့မှာအကောင်းမြင်စိတ်မရှိပေမယ့် အခုတော့ နောက်ဆုတ်လို့မရတော့ဘူး။

 

ဤသည်မှာ လီဖုန်းကြားခဲ့သောအရာဖြစ်ပြီး အထူးသဖြင့် ကျောက်မိသားစုက မင်ကောအာကို ပြဿနာရှာပြီးနောက်တွင် သူက ကျောက်မိသားစု၏လှုပ်ရှားမှုကို ပိုပြီးအာရုံစိုက်ခဲ့သည်။ သို့ဖြစ်၍ သူသည် အမျိုးသားတစ်ယောက်ဖြစ်သော်လည်း ကောတစ်ယောက်ဖြစ်သည့် ထန်ချွန်းမင်ထက် ကောလာဟလများကို ပိုဂရုစိုက်ခဲ့သည်။



  

“ကျောက်လောင်စန်း ပြန်မလာသေးဘူးလား?” ထန်ချွန်းမင်က ထိုစကားများကြားသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့မျက်ဝန်းက တောက်ပလာခဲ့သည်။

 

လီဖုန်း၏မျက်လုံးထဲမှာလည်း အပြုံးတစ်ခုပေါ်လာပြီး သူကပြောလိုက်သည်။ “မသိသေးဘူး။… သူ ခရိုင်မြို့ကိုသွားတယ်လို့ကြားတယ်။” ဘိုးဘိုးကျောက်က ရွာထဲမှာ သတင်းဖြန့်ခဲ့သည်။ ခရိုင်မြို့က အဆင့်မြင့်အရာရှိတစ်ဦးက ကျောက်လောင်စန်းကို ဧည့်သည်တစ်ယောက်အဖြစ် ဖိတ်ထားတဲ့သတင်းဖြစ်၏။

  





“ဟားဟား.. ကျောက်လောင်စန်းပြန်လာတာကို မစောင့်နိုင်တော့ဘူး။” ထန်ချွန်းမင်က ဝမ်းသာအားရပြုံးလိုက်ပြီး ငါးခိုးလာသော မြေခွေးတစ်ကောင်လိုပင်။ လီဖုန်းက သူ၏ ဤတစ်ဖက်ခြမ်းကို အများကြီးသဘောကျတာကြောင့် ထိုအပြုအမူမှာ ဘာအမှားမှရှာမတွေ့ခဲ့ပေ။ သူ့အတွက်တော့ လက်နက်မသုံးပဲ ရန်သူကိုအနိုင်တိုက်ခြင်းက သဘောကောင်းလွန်းလှပြီဖြစ်၏။ သူသဘောကျသော လူကလည်း ကျေးဇူးတရားနှင့် အာဃာတကို ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်သည့်လူဖြစ်ဖို့သာ မျှော်လင့်သည်။ မင်ကောအာ၏ ဤအချက်ကို သူအလွန်သဘောကျလေသည်။

  

“ဟားဟား…”ဆိုင်ရှင်ချီကလည်း နားလည်သည်။ ဤမြေခွေးအိုကြီးက ပွဲကြည့်ဖို့ ဖျင်ရှန်ရွာမှာမနေနိုင်တာ နှမြောစရာပင်။ သူက ကျောက်မိသားစု၏လှုပ်ရှားမှုများကို အာရုံစိုက်ထားဖို့ ရှောင်ရွှင်းကျိကို မှာထားလေသည်။ တစ်ခုခုဖြစ်ရင် သူ့ကို အချိန်မီသတင်းပို့ဖို့ပြောခဲ့သည်။

 

ထွက်လမ်းမရှိတာကိုသိသော ထန်ချွန်းမင်က လီဖုန်းကို​ ​အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ခဲ့သည်။ ဤမိသားစုက ကိစ္စတွေကို စီမံဖို့ လူတစ်ယောက်လိုအပ်သည်။ ​ထို့အပြင် သူ့မှာ စောင့်ကြည့်ရေးကာလခြောက်လရှိသည်။ သူ ကျရှုံးခဲ့ပါက ထန်ချွန်းမင်က မာနကြီးစွာပင် သူ့ကို ငြင်းလိုက်မှာဖြစ်သည်။

 

ဆိုင်ရှင်ချီမထွက်ခွာမီတွင် ရှောင်ရွှင်းကျိက တစ်နေ့တာ ဟင်းသီးဟင်းရွက်ရိက္ခါငွေကိုတွက်ကာ ထန်ချွန်းမင်ကို ချက်ချင်းပေးချေခဲ့သည်။ ထိုအချိန်တွင် ထန်ချွန်းမင်က ပိုက်​ဆံယူကာ နေရာလွတ်ထဲသို့ထည့်လိုက်သည်။ ယခု သခွားသီးများကို ခူးဆွတ်နိုင်ပြီဖြစ်ပြီး အကြိမ်တိုင်းမှာ ရောင်းဝယ်ဖောက်ကားသည့် အရေအတွက်တိုးလာတာကြောင့် ဝင်ငွေမနည်းလှပေ။ သူ့စိတ်ထဲတွင် စာရင်းတွက်ပြီးနောက် အ​နောက်ဘက်က တောင်ကိုဝယ်မည့် နေ့ရက်နီးလာပြီဟု တွေးလိုက်လေသည်။

 



ဤအခြေအတိုင်းဆိုလျှင် တခြားပစ္စည်းများထည့်ရန် ရက်ဘယ်လောက်ကြာမလဲဟု သူတွေးလိုက်သည်။ အိမ်ပြန်လာသော လီဖုန်းက ထန်ချွန်းမင်ကို သေတ္တာတစ်လုံးပေးပြီး ပြောလိုက်သည်။ “အခုကစပြီး ဒါတွေကို မင်းထိန်းသိမ်းပေးပါ”

 





သူ၏ဖြောင့်မှန်သောလေသံကိုကြားသောအခါ ထန်ချွန်းမင်၏နှုတ်ခမ်းက လှုပ်သွား​ပေမယ့် သူက မေးလိုက်သေးသည်။ “ဒီထဲမှာဘာတွေလဲ?” ရှင်းရှင်းပြောရမှာပေါ့….မရှင်းပြပဲ သိမ်းထားပေးစေချင်တာလား? ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ? လျော်​ကြေးပေးဖို့ပါ တာဝန်ယူရမှာလား?

 

သေတ္တာကို သော့မခတ်ထားတာကြောင့် လီဖုန်းက ထန်ချွန်းမင်အရှေ့မှာပဲ ဖွင့်ပြလိုက်သည်။ အထဲမှာဘာရှိလဲ မြင်သွားသောအခါ ထန်ချွန်းမင်၏မျက်လုံးက ပြူးကျယ်သွားပြီး သူအမြင်မှားသလား မျက်လုံးကိုပင် ပွတ်ကြည့်မိသည်။

 

ဤသေတ္တာကမ​သေးပေ။ အပေါ်ဆုံးလွှာမှာ ငွေကျောက်ဆူးနှင့် ရွှေရွက်များဖြင့် ဖုံးအုပ်ထားသည်။ ရွှေငွေနှင့်ပင် သူ့မျက်လုံးကို ပြိုးပြိုးပြက်ပြက်နိုင်စေသည်။ ထန်ချွန်းမင်က သူ့ပေါင်ကိုဆွဲ​ဆိတ်ကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ သူဟာ သူဌေးတစ်ယောက်ကိုတွေ့ခဲ့ရပြီး ထိုလူသည် ငွေတွေဖွက်ထားပြီး ဆင်းရဲသားလိုပင် သူ့အိမ်မှာနေ့တိုင်းစားခဲ့သည်။ မတိုင်ခင်က ထန်ချွန်းမင်သည် စားစရိတ်တောင်းဖို့ တွေးထားပေမယ့် သူ အိမ်မှာအလုပ်ရှုပ်နေပြီး အလုပ်ကြိုးစားနေတာကိုတွေ့တော့ ထန်ချွန်းမင်က အလျှော့ပေးပြီး စားသောက်စရိတ်ကို လုပ်အားခအဖြစ်သာ သတ်မှတ်ခဲ့သည်။

  

“ခင်ဗျား…သူဌေးကြီး” ထန်ချွန်းမင်က သေတ္တာကို ရုတ်တရက်ပိတ်လိုက်ပြီး အားကျသောမျက်ဝန်းဖြင့် ပြောလိုက်သည်။ “ခင်ဗျားအမျိုးတွေ ဒီအကြောင်းသိသွားရင် သူတို့အော်ငိုပြီး ခင်ဗျားကို အသနားခံလိမ့်မယ်။” သူက သေတ္တာကို လီဖုန်းထံတွန်းပို့ပြီး သူအားကျနေသော်လည်း ဤအရာများက သူ့အပိုင်မဟုတ်ပေ။

 

“လွန်ခဲ့တဲ့ငါးနှစ်က ငါ့ကိုလုပ်ကြံပြီး ဖျင်ရှန်ရွာကနေ ထွက်သွားခိုင်းတည်းက ငါ သူတို့ကိုလေးစားဖို့ မတွေးထားဘူး။ အဲ့ဒီချိန်တုန်းက သူတို့ဆီက အစားတစ်လုပ်စားမယ့်အစား အပြင်မှာငတ်သေတာက ပိုကောင်းမယ်လို့တွေးခဲ့တာ။” ဒါကြောင့် သူ့ပိုက်ဆံတွေကို မျှဝေပေးမှာမဟုတ်ပေ။ တခြားသူတွေက ကြားလျှင် သူ့ကို အငြိုးကြီးတယ်လို့ ပြောလိမ့်မည်။ တကယ်တော့ ထိုလူတွေက သူ့ဖခင်၏ဝမ်းကွဲများဖြစ်သည်လေ… သူ့ဖခင်အတွက်ကြောင့် သူလွန်လွန်ကဲကဲမလုပ်နိုင်ပေ။

 

သို့သော် သူ့ရှေ့ကလူက သူနဲ့တူတူပဲမို့ သူတို့က မျက်နှာရဖို့အတွက်နဲ့ ကိုယ့်ကိုကိုယ် တွန်းအားပေးမည့်လူ​တွေမဟုတ်တာကို သူသိသည်။ ကျောက်မိသားစုနှင့် အဆက်ဖြတ်ဖို့ စိတ်ပိုင်းဖြ​တ်ခဲ့သည့် အချက်ကနေ သူ ဤအရာကို မြင်နိုင်ခဲ့သည်။

 

ထို့နောက် သူက ထန်ချွန်းမင်၏လက်ထဲသို့ သေတ္တာတွန်းပို့လိုက်ပြီး ဆက်လက်ရှင်းပြလိုက်သည်။ “မင်းက ဒီအိမ်ရဲ့အကြီးအကဲမို့ သေချာပေါက် မင်းသိမ်းထားရမှာပေါ့။ ငါက ငွေပဲသုံးရမှာ။ ငွေရှာနည်းနည်းပဲသိတာ။ ဒီနေရာမှာ စစ်ပွဲမရှိတော့ ငါသိမ်းထားရင် အကုန်သုံးမိလိိုက်လိမ့်မယ်။”ကျင်းကျိဆိုင်၏ပိုက်ဆံကို မင်ကောအာထံ ကမ်းပေးလိုက်သည့်အချိန် သူ ဤအရာကိုနားလည်ခဲ့သည်။ သူ၏ ယခင်အမူအရာကို ဆန်ပျော့စားခြင်းလို့ သတ်မှတ်လို့ရသည်။

 





ဒါကိုဘယ်လိုလက်ခံနိုင်မှာလဲ? ကောတစ်ယောက်က အမျိုးသားတစ်ယောက်ကို ဘယ်လိုထောက်ပံ့နိုင်မှာလဲ? သူ့လို လူသန်ကြီးကမှ အိမ်ကိုထောက်ပံ့သင့်တာမလား? ဒါကြောင့် သူက အိမ်မှာရှိသည့် ငွေကိုသတိရသွားကာ အမြန်ယူလာခဲ့ခြင်းဖြစ်သည်။

 

သူပြန်တွန်းပေးတာကိုတွေ့တော့ ထန်ချွန်းမင်က ဝမ်းသာသွားသည်။ ထိုလူက သူ့ပိုင်ဆိုင်မှုများကို သူ့လက်ထဲအပ်ထားခဲ့သည်။ ယခုချိန်မှစ၍ သူ၏ဘဏ္ဍရေးအသက်သွေးကြောက သူ့လက်ထဲ၌ရှိပေမည်။ သူ့ကို အနိုင်ယူချင်သေးလား ကြည့်ကြတာပေါ့။ ထန်ချွန်းမင်၏ရင်ထဲက ဗီလိန်ဟာ အလွန်ပျော်ရွှင်နေခဲ့သည်။



မျက်နှာပေါ်ကအပြုံးတစ််ခုဖြင့် သူက သေတ္တာကိုဖွင့်လိုက်သည်။ သာမန်လူဆိုး​လေးတစ်ယောက်က ဂုဏ်ယူနေပြီး သူက အတွင်းမှာရှိသော ငွေပြားနှင့် ရွှေပြားကိုရေတွက်ကာ ​ပြောလိုက်သည်။ “ဒါ ခင်ဗျားဆုံးဖြတ်ချက်နော်။ ဘာမှမပြောတော့ဘူးလား။ ကျွန်တော့်လက်ထဲရောက်ရင် ပြန်မပေးတော့ဘူးနော်။ ဒီထဲမှာ ငွေဘယ်လောက်ရှိလဲ?”

 

လီဖုန်းက ရလဒ်ကိုကျေနပ်သွားသည်။ သူပေးပြီးလျှင် ခန်းဝင်ပစ္စည်းများကို ပြန်မရနိုင်တော့ဘူးဆိုတာသိသည်။ သို့ဖြစ်၍ ဤကောလေးက သူ့ကိုလက်ထပ်ဖို့ မငြင်းဆန်နိုင်တော့ပေ။ သူက အိမ်ကိုလည်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဝင်ထွက်သွားလာလို့ရပြီ။ မင်ကောအာ၏ ပြုံးနေသောမျက်နှာကို မြင်သောအခါ သူက ပြောလိုက်သည်။ “အနည်းဆုံးငွေပြားတစ်ထောင်လောက်တော့ရှိမယ်။ အတိအကျမရေထားဘူး။”



ထန်ချွန်းမင်လက်ထဲရှိ ငွေပြားလေးက လွတ်ကျသွားပြီး စားပွဲအောက်သို့ ချော်ထွက်သွားသည်။ ထန်ချွန်းမင်၏မျက်လုံးမှာ ပြူးကျယ်လာပြီး ထိုလူကို မယုံကြည်နိုင်သလိုကြည့်ကာ သူ့အသံက ကျယ်သွားခဲ့သည်။ “အနည်းဆုံးငွေပြားတစ်​ထောင်? ခင်ဗျားတကယ်ပြောနေတာလား?”

 

လီဖုန်းက ပြုတ်ကျသွားသော ငွေပြားကိုကောက်ကာ စားပွဲပေါ်တင်လိုက်ပြီး သေတ္တာ၏အပေါ်ဆုံးလွှာကို ဖွင့်လိုက်သည်။ ထန်ချွန်းမင် ခေါင်းငုံ့လိုက်တော့ အထဲမှာ ငွေအများကြီးရှိနေတာကို တွေ့လိုက်ရသည်။ အထူအပါးကိုကြည့်ပြီး ဘယ်လောက်များလဲသိနိုင်သဖြင့် သူက အသက်ပြင်းပြင်းရှူကာ ခေါင်းခါလိုက်သည်။ ဒါက…တကယ်ကို လူချမ်းသာမဟုတ်ဘူး…ဒေသခံသူဌေးပဲ….

  

ငွေဒါဇင်သို့မဟုတ် ရာဂဏန်းသာရှိလျှင် သူငြင်းချင်ယောင်ဆောင်မှာပေမယ့် အခုက ငွေပြားတစ်ထောင်တဲ့လား? မဖြစ်ဘူး…အကုန်ယူရမယ်.…. ထန်ချွန်းမင်က စားပွဲပေါ်က ရွှေနှင့်ငွေပြားများကို သေတ္တာထဲပြန်ထည့်ကာ လက်မောင်းထဲထည့်သယ်ပြီး လီဖုန်းရှေ့မှာတင် နေရာလွတ်ထဲထည့်မိမလိုဖြစ်သွားခဲ့သည်။ အနည်းဆုံးတော့ သူ့မှာ ကျိုး​ကြောင်းဆီလျော်မှုရှိပါသေးတယ်။ “ဟားဟား…ခင်ဗျားပြောပြီးပြန်ယူလို့မရဘူးနော။ အခု ကျွန်တော်ထိန်းချုပ်လိုက်ပြီ။ ကျွန်တော် တောင်တစ်လုံးဝယ်ချင်တယ်။ တောင်ပေါ်မှာ သစ်သီးဝလံတွေ စိုက်ပျိုးချင်တယ်။ သိုးနဲ့ကြက်ပေါက်တွေအများကြီးမွေးချင်တယ်။ စားသောက်ဆိုင်လည်းဖွင့်ချင်တယ်။ အိမ်မှာထိုင်ပြီး ပိိုက်ဆံစုဆောင်းလို့ရတဲ့ သူဌေးဖြစ်ချင်တယ်။”

  

“ကောင်းပြီ…မင်းပြောသမျှ ကိုယ်နားထောင်မယ်။” လီဖုန်းက မျက်ခုံးပင့်ပြီး အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။ ယွိမုသာ သူတို့သူဌေး၏အမူအရာကိုမြင်လျှင် သူ သေချာပေါက်လန့်သွားမှာဖြစ်၏။

  

“ဟုတ်ပြီ…ဒါဆို ဒီနေ့ ခင်ဗျားကို ဆုချတဲ့အနေနဲ့ ကောင်းကောင်းချက်ကျွေးမယ်။” ထန်ချွန်းမင်က ရက်ရောသလို ​​ပြောလိုက်၏။

 

“ကောင်းပြီ…” သူက မငြင်းဆန်ခဲ့ပေ။



ထန်ချွန်းမင် ထိုနေ့က အလွန်ရက်ရောခဲ့သည်။ သူက ဝက်သားဝယ်​ကာ လီဖုန်းကို တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တချို​့ အမဲလိုက်ဖို့ပြောခဲ့သည်။ အိမ်စိုက်ဟင်းသီးဟင်းရွက်များဖြင့် စားပွဲတစ်ခုလုံးပြည့်အောင် ချက်ပြုတ်ထားသည်။ ယင်းမှာ ကျန်းရှို့မိသားစု၊ ဝမ်မော့၊ လီကျန့်နှင့် ဦးလေးကျောက်လျို၏ မိသားစုအတွက်ပါ လုံလောက်သည်။ သူက သူတို့ကို အိမ်မှာထမင်းလာစားဖို့ ဖိတ်ခေါ်လိုက်ပေမယ့် ဝမ်မော့၏ခင်ပွန်းက လာဖို့ရှက်နေခဲ့သည်။

 

ရှန်းဖူလန်နှင့် လီကျန့်ရောက်လာခဲ့ပြီး ကျောက်လျိုကလည်း သူ့အကြီး​ဆုံးမြေးလေးကို ခေါ်လာခဲ့သည်။ သူတို့က ဆူညံစွာစားသောက်ခဲ့ကြသည်။ ကျန်းရှို့နှင့် တခြားသူများက ထန်ချွန်းမင်ကို ဘာလို့ထမင်းစားဖိတ်တာလဲ မေးချင်ပေမယ့် သူက အမှန်တိုင်းမပြောခဲ့ပေ။ ထန်ချွန်းမင်က သူ့နေရာလွတ်မှာ ငွေပြားထောင်ကျော်ရှိပြီး သူ၏ပျော်ရွင်မှုကို မျှဝေဖို့ လူတစ်ယောက်ကိုရှာနေ​ကြောင်း မပြောပြနိုင်ခဲ့ပေ။

 

အဆုံးမှာ ထန်ချွန်းမင်က လီဖုန်းနဲ့ တရားဝင်အ​ခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရှန်းဖူလန်က အရိပ်အမြွက်ပြလိုက်ရသည်။ တကယ်တော့ ဤအရာက အောင်ပွဲခံညစာဖြစ်ပြီး လက်သင့်ခံနိုင်သည့်အရာပင်။ တစ်စုံတစ်ယောက်ရဲ့ပိုက်ဆံကိုယူရင် အလဲအလှယ်အနေနဲ့ တစ်ကိုယ်လုံးပေးရမယ်မလား?

 

နောက်တစ်ရက်တွင် လီဖုန်းက ထန်ချွန်းမင်၏ခြံအသစ်ကို မြင်းခေါ်လာခဲ့ပြီး ထိုနေရာတွင် အခြေချနေထိုင်ခဲ့သည်။ လေနှင့်မိုးမှကာကွယ်ရန် တိရစ္ဆာန်များ၏ဘေးတွင် တဲတစ်လုံးဆောက်လုပ်ခဲ့သည်။ ပုံမှန်ဆိုလျှင် တာမောင်းနှင့်အာမောင်းက လီဖုန်း၏အိမ်မှာ ကိုယ်ခံပညာသွားသင်ပြီး ယခုမူ သူတို့က ထန်ချွန်းမင်၏အိမ်ကို လာရ​တော့သည်။ သူတို့က မနက်ခင်းတွင် ထန်ချွန်းမင်နှင့် လက်ရေးလှလေ့ကျင့်ပြီး နေလည့်မှာတော့ လီဖုန်းထံမှ ကိုယ်ခံပညာသင်ယူကာ တစ်နေကုန်ထိုနေရာမှာနေလေ့ရှိသည်။

 



လီဖုန်းက ထန်ချွန်းမင်၏စိုးရိမ်​မှုကို သတိထားမိပုံရသည်။ သူက အားလင်းနဲ့ အချိန်ပိုဖြုန်းပေးသည်။ မင်ကောအာက သူ့ကို လူတစ်ဦးအဖြစ် လက်ခံထားပေမယ့် အားလင်းကသာ သူ့ကို ပထွေးအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလျှင် သူ့မှာ စိုးရိမ်စရာရှိမည်မဟုတ်တော့ပေ။

 

လီဖုန်းက ခြံအသစ်၌ သူ့မြင်းကိုရေချိုးပေးနေပြီး ကလေးတွေက ထိုင်ကြည့်နေသည်။ ခွေးသုံးကောင်နှင့် ဘဲနှစ်ကောင်ကိုထည့်တွက်လျှင် ရှုခင်းက အသက်ဝင်လွန်းတာကြောင့် ထန်ချွန်းမင်ကလည်း ဗိုက်ပူကြီးဖြင့် သူတို့နဲ့အတူ စောင့်ကြည့်ဖို့သွားခဲ့သည်။ အခြေအနေကခွင့်ပြုလျှင် သူက မြင်းစီးထွက်ချင်သေးသည်။

  



“မင်းဘာလို့ဒီရောက်နေတာလဲ?” လီဖုန်းက ထန်ချွန်းမင်ရောက်လာတာကိုတွေ့တော့ ထိတ်လန့်သွားသည်။ သူက ထန်ချွန်းမင် ဗိုက်တစ်လုံးဖြင့် ပေါ့ပေါ့တန်တန် လမ်းလျှောက်ထွက်သည်ကိုမြင်တိုင်း လန့်ဖျပ်သွားတတ်သည်။ သူက တခြားကောလေးတွေ ဗိုက်လွယ်ထားရတာကို မမြင်ဖူးတာမဟုတ်ပေမယ့် ဘယ်သူကမှ မင်ကောအာနှင့်မတူပေ။ အမှန်တိုင်းဆိုရလျှင် ထန်ချွန်းမင်၏ လက်ရှိအခြေအနေဖြင့် ပန်းရောင်သန်းနေသော မျက်နှာကလွဲ၍ ကျန်တာက အလွန်ကြောက်ဖို့ကောင်းသည်။ အထူးသဖြင့် သူလမ်းလျှောက်သောပုံစံဖြစ်၏။ ကြည့်ကောင်းသော်လည်း သူ မတည်မ​ငြိမ်လမ်းလျှောက်လာပြီး တစ်ယောက်ယောက်နဲ့တိုက်မိမှာကို စိုးရိမ်တာကြောင့် လီဖုန်းက လက်ကိုအမြန်ဆေး​ကြောကာ သူ့ကိုကူညီရန် လျှောက်လာခဲ့သည်။ သူက ကလေးတစ်ယောက်ကို ခွေးခြေခုံယူလာပေးဖို့မှာလိုက်​ပြီး ထန်ချွန်းမင်ကို ထိုင်ခိုင်းပြီးမှ စိတ်သက်သာရာရသွားခဲ့သည်။ “မင်းလာကြည့်ရင် ကြိုပြောပါ့လား… ကိုယ်မင်းကို ခေါ်လာပေးမှာပေါ့။”