Chapter 36.1
Viewers 21k

Chapter 36.1




ထန်ချွန်းမင်က ရယ်စရာကောင်းတယ်လို့တွေးလိုက်သည်။ ထန်မျိုးရိုးနာမည်နဲ့လူက ဖျင်ရှန်ရွာတွင် သူတစ်ဦးသာရှိသည်။ ထန်ချွန်းမင်က အောင်သွယ်တော်ကို စိုက်ကြည့်လိုက်သည်။ လီဖုန်း၏ ​အေးစက်သောအကြည့်ကိုပင် ကြောက်ရွံ့ခြင်းမရှိသော အောင်သွယ်တော်က တုန်လှုပ်သွားလေသည်။ ဒီကောအာက ဘာလို့ အဲ့လောက်ကြောက်ဖို့ကောင်းတာလဲ?

 

ဆိုင်ရှင်ချီကလည်း အံ့အားသင့်သွားပြီး သူ့ဘေးက ထန်ဖူလန်ကို ကြောင်တက်တက်ကြည့်မိသွားသည်။ သူက ထန်ဖူလန်ကို အောင်သွယ်ပေးဖို့ ရောက်လာတာလား? ထန်ဖူလန်က ဝတ်ပြုဆုတောင်းနေဆဲဆို​တာ မသိဘူးလား?

 

လီဖုန်း၏မျက်ဝန်းက မုန်တိုင်းကျလာသလိုပင် နက်မှောင်လာ၏။ ဇက်ကြိုးကိုဆုပ်ကိုင်ထား​သော သူ့လက်က ရုတ်တရက် တင်းကျပ်သွားပြီး အကြောင်းတစ်ခုခုကြောင့် မြင်းက ရုတ်တရက် မြှောက်တက်သွားကာ ခြေထောက်ကို ရှေ့သို့ ကန်ထုတ်လိုက်​လေသည်။ အမြဲတစေရိုးသားပြီး အလုပ်ကြိုးစားသော မြင်းအိုကြီးက ထိတ်လန့်နေပုံရပြီး မောင်းနှင်သူ၏အမိန့်ကို နားမထောင်ပဲ ရှေ့ကိုပြေးသွားခဲ့သည်။

 

​မပြင်ဆင်ထားခဲ့သော အောင်သွယ်တော်နှစ်ယောက်က လှည်းအောက်က ကမုကထစ်များကြောင့် ပြုတ်ကျမလိုဖြစ်သွားခဲ့သည်။ သူတို့က ထ်ိတ်လန့်တကြား လဲလျောင်းလိုက်ပြီး လှည်းဘုတ်ပြားကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြသည်။ ပေါင်ဒါရိုက်ထားသော သူတို့မျက်နှာက ပို၍ပင် ဖြူဖျော့လာပြီး နွားကိုအမြန်ထိန်းဖို့ မောင်းနှင်သူကို အော်ဟစ်နေကြသည်။



 

လီဖုန်းက ရှေ့ခုံမှ အေးအေးလူလူ ဆင်းလိုက်သည်။ မြင်းက ဟန်ချက်မညီပုံရသည်။ လီဖုန်းက မြင်း၏လည်ပင်းကိုပုတ်လိုက်ပြီး ​မြင်းက မကြာမီငြိမ်သက်သွားခဲ့သည်။ ထို့နောက် မြင်းက ခေါင်းကိုလှည့်ကာ လီဖုန်း၏လက်ဖဝါးကြီးကို ချစ်ခင်ယုယစွာ ပွတ်သပ်လိုက်သည်။ ထန်ချွန်းမင်က မြင်းများစွာကို မမြင်ဖူးသော်လည်း ဆိုင်ရှင်ချီက ခရီးသွားများ ခေါ်ဆောင်လာသော တိရစ္ဆာန်များစွာကို မြင်ဖူးသည်။ သူ့မျက်လုံးထဲမှာ လေးစားသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူက ချောမောပြီး အရှိန်အဝါကြီးပုံရသည့် လီဖုန်းကိုကြည့်လိုက်သည်။ ခဏလောက်တော့ လီဖုန်းက အောင်သွယ်တော်နှစ်ယောက်ကို ဘာလို့ခြောက်လှန့်ချင်မှန်း သူမသိခဲ့ပေ။

 

မြင်းနှင့်လီဖုန်း၏ အပြန်အလှန်ဆက်သွယ်မှုကိုကြည့်ကာ ဆိုင်ရှင်ချီက မြင်းနဲ့ပိုင်ရှင်ကို အတွေးတူတယ်လို့ ခံစားလိုက်ရသည်။ မြင်းက ပိုင်ရှင်အရိပ်အမြွက်မပေးပဲ လန့်ပြပါ့မလား?

 

အရင်တစ်ခေါက် သခင်လေးက ထိုလူအကြောင်း စုံစမ်းခိုင်းခဲ့တာကို ပြန်စဥ်းစားကြည့်တော့ ထိုလူက စစ်မှုထမ်းခဲ့ပြီး ဤနှစ်မှာပြန်လာခဲ့သည်ကလွဲလို့ တခြားဘာကိုမှရှာမတွေ့ခဲ့ပေ။ သို့သော် သူနဲ့အတူရှိခဲ့သော စစ်သားက တင်းကျိုးခရိုင်မှာ ပေါ်လာခဲ့ပြီး စစ်တပ်အရာရှိဖြစ်လာခဲ့သည်။ ယခုချိန်မှာ ဆိုင်ရှင်ချီက ထပ်မစုံစမ်းရဲပေမယ့် ဤလူကို သူ့စိတ်ထဲမှာ သာမန်လူအဖြစ် သတ်မှတ်ဖို့က ခက်ခဲလေသည်။

 

နွားလှည်းနှစ်စင်း၏ မောင်းနှင်သူများသည် အဝေးတစ်နေရာအထိ မောင်းနှင်ပြီးနောက် နွားကိုထိန်းချုပ်နိုင်ခဲ့သည်။ သူတို့က လှည်းပေါ်မှ ခုန်ဆင်းလာပြီး အောင်သွယ်တော်ကို လှည်းပေါ်မှဆင်းရန် ကူညီပေးခဲ့သည်။

 

သူတို့က ကမန်းကတန်းတောင်းပန်လိုက်သည်။ နွားများကို မထိန်းနိုင်ခဲ့ခြင်း အကြောင်းအရင်းကို မသိသော်လည်း အောင်သွယ်တော်များ ပြုတ်ကျသွားခဲ့လျှင် ပြဿနာတက်လိမ့်မည်။ အောင်သွယ်တော်များက ရိုးသားသော ​ယာဥ်စီးသူရဲများကို ခက်ခက််ထန်ထန် ပြစ်တင်ခဲ့ကြသည်။

 

ထိုသို့သော ရုတ်ရုတ်သဲသဲဖြစ်မှုက အနီးအနားက ကျန်းရှို့၏မိသားစုအပါအဝင် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကို ထိတ်လန့်စေခဲ့သည်။ တာရှန်က လယ်ကွင်းထဲမှာ အလုပ်လုပ်နေပြီး အပြင်ဘက်က မြင်းနှင့် နွားများ၏ အော်မြည်သံကို ကြားသောအခါ သူက ခြံထဲကနေ အမြန်ထွက်သွားခဲ့သည်။ ထို့နောက် သူက တံခါးဝရှိ သဲထိပ်ရင်ဖိုမြင်ကွင်းကို မြင်ခဲ့ရလေသည်။

  

“ဘာတွေဖြစ်နေတာလဲ?” ကျန်းရှို့ အိမ်ကထွက်လာခဲ့သည်။ သူနောက်တစ်လှမ်းတိုးလိုက်တော့ လူတွေကို ဆဲဆိုကြိမ်းမောင်းနေသော အောင်သွယ်တော်ကိုတွေ့ခဲ့ရသည်။ သူက ဘာတွေဖြစ်နေလဲနားမလည်ပေ။ ထန်ချွန်းမင် ခြံတံခါးဝမှာရပ်နေသည်ကို မြင်သောအခါ သူ ခြံထဲက ထွက်လာခဲ့သည်။ သူက သူ့ကိုကာကွယ်ဖို့ အသင့်ပြင်ထားပြီး ဘေးမှာရပ်နေသော ဆိုင်ရှင်ချီကို နှုတ်ဆက်လိုက်သည်။ သူက လီဖုန်းဘေးက အောင်သွယ်တော်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။

 

တာမောင်းနှင့်အာမောင်းကလည်း ပြေးထွက်သွားပြီး လီဖုန်း၏မြင်းအောက်မှာ ဆောင့်ကြောင့်ထိုင်နေကြသည်။ သူတို့က ဦးလေးဖုန်းခေါ်လာသောမြင်းကို ပို၍ပင် စိတ်ဝင်စားနေခဲ့သည်။ သူတို့က ထိချင်ပေမယ့် ကြောက်နေသည်။ အောင်သွယ်တော်နှစ်ယောက်ကတော့ သူ့ကိုလုံးဝဂရုမစိုက်ပါပေ။

 

လာကြည့်သည့်လူတွေ​ကိုမြင်တော့ အောင်သွယ်တော်နှစ်ယောက်က ပြဿနာရှာရမည့် အချိန်မဟုတ်မှန်း သိသွားခဲ့ပြီး ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့မှာ အရေးကြီးလုပ်စရာရှိသည်။ သူတို့က သူတို့၏ကံကြမ္မာဆိုးကိုသာ ရင်ထဲကနေ ကျိန်ဆဲနေပြီး ၎င်းက သူတို့အလုပ်ကို မထိခိုက်ဖို့ မျှော်လင့်သည်။

 

အောင်သွယ်တော်ချန်က သူ့လက်ကိုင်ပုဝါကို ခါယမ်းကာ လှည်းပေါ်ပြန်တက်ပြီး ကျောက်မိသားစုအိမ်ကို မောင်းနှင်သွားခဲ့သည်။ “မြန်မြန်လုပ်…ရှန်းတာဟူနဲ့ ကျောက်မိသားစုရဲ့ ကံကြမ္မာကို မနှောင့်နှေးစေနဲ့။”

  

“အို.. ဒါဆို ရှန်းမိသားစုက ကျောက်မိသားစုနဲ့ လက်ထပ်ဖို့ပြင်နေတာအမှန်လား။ ပြီးတော့ သူတို့က အောင်သွယ်တော်ကိုတောင် ဖိတ်လိုက်သေးတယ်။” ထိုကိစ္စက ရွာမှာပျံ့နှံ့နေတာကြာခဲ့ပြီး လူတိုင်းက အောင်သွယ်တော်ရောက်လာမလား စောင့်မျှော်နေခဲ့သည်။

  

“အမှန်ပဲ…ရှန်းတာဟူက ဘယ်လိုမိသားစုမျိုးလဲ? သူတို့မှာ ဆိုင်တွေ၊မြေတွေအများကြီးရှိပြီး သူတို့ရဲ့ကောလေးက ပိုလို့တောင် ထူးချွန်သေးတယ်။ သူနဲ့ ကျောက်ဖျင်ချွမ်က အလိုက်ဖက်ဆုံးပဲ။” အောင်သွယ်တော်ချန်က ရှန်းမိသားစုကို ချီးကျူးဖို့ အခွင့်အရေးယူခဲ့သည်။

 

အောင်သွယ်တော်ဟွားက အောင်သွယ်တော်ချန်ကို လှောင်ပြောင်လိုက်သည်။ သူနဲ့ အောင်သွယ်တော်ချန်က မြို့၏အရှေ့နှင့်အနောက်မှာနေသည်။ သူတို့က ရန်သူတွေဖြစ်ပြီး တွေ့ဆုံချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ချင်သည်။ တစ်ယောက်ကိုတစ်ယောက် မကြိုက်ကြပေမယ့် အောင်သွယ်တော်များမှာ လုပ်ငန်းကျင့်ဝတ်ရှိ၏။ သူက ရှန်းတာဟူမိသားစုရဲ့ အခြေအနေကို သိသော်လည်း အောင်သွယ်တော်ချန်၏ အကြံအစည်ကို ဖျက်စီးဖို့ မရည်ရွယ်ထားပေ။ 

 

သို့ပေမယ့် ယနေ့အောင်သွယ်ပေးခြင်းအတွက် သူရခဲ့သောငွေဟာ တစ်ဖက်လူထက် မနည်းပါပေ။ ရက်ရောသော သခင်လေး​ ပေးထားသည့် ကတိကို ပြန်စဥ်းစားကြည့်တော့ အောင်သွယ်တော်က စိတ်ရွှင်သွားခဲ့သည်။ သူ၏လျှာစောင်းထက်မှုနှင့် ထန်ကောအာ၏ အခြေအနေပေါ်မှာ မူတည်ပြီး သူ့အမြင်၌ ဤလက်ထပ်ပွဲစီစဥ်မှုက အားစိုက်ထုတ်စရာမလိုပဲ အလွယ်တကူပြီးသွားလိမ့်မည်။

  



“ဟေး….ငါမေးနေတယ်လေ.. ဖျင်ရှန်ရွာရဲ့ ထန်မိသားစုက ဘယ်မှာလဲလို့? “ အောင်သွယ်တော်ဟွားက ပြုံးလိုက်ပြီး သူ့ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။ “ငါအကူအညီရရင် ကောင်းမှာပဲ။ ညီအစ်ကိုတို့ လမ်းပြပေးပါဦး… အခုကစပြီး ငါ မင်းရဲ့ကလေးတွေအတွက် မြို့ထဲက မိသားစုကောင်းတစ်ခုကို ရှာပေးပါ့မယ်။”

 



မူလက လူတွေသည် ကျောက်မိသားစုနှင့် ရှန်းမိသားစုအ​ကြောင်းကို ပြောနေဆဲဖြစ်သော်လည်း အောင်သွယ်တော်ဟွား၏ အားရကျေနပ်နေသော အသံကိုကြားရသောအခါ ထန်ချွန်းမင်၏ အိမ်တံခါးက တိတ်ဆိတ်သွားပြီး လူတိုင်းက တံခါးဝမှာရပ်နေသော ထန်ချွန်းမင်ကိုကြည့်လိုက်သည်။ 

 



ထန်ချွန်းမင်က လီဖုန်းကို ​ငေးနေဆဲပင်။ ယခုလေးတင် ဖြစ်သွားခဲ့သော ယာဥ်မတော်တဆမှုအတွက် ဘယ်သူတာဝန်ရှိလဲ သူမသိဘူး မထင်လိုက်နဲ့။ ဒီလူက ဘာမှလည်းမပြောဘူး။ မုဆိုးဖို ကလေးနှစ်​ယောက်အဖေကို လက်ထပ်ဖို့ လာကမ်းလှမ်းတဲ့ လူရှိတယ်ဆိုတာ ဒီလူမမြင်နိုင်ဘူးလား…..

 

လီဖုန်းမှာ သူ့အတွက် ခံစားချက်ရှိနေတယ်လို့ သူမှန်းဆပြီးကတည်းက ထန်ချွန်းမင်သည် လီဖုန်း၏ နောက်ထပ်လှုပ်ရှားမှုများကို စောင့်ဆိုင်းနေခဲ့သည်။ မထင်မှတ်ထားသည်မှာ ထိုလူက မလိုအပ်သော လှုပ်ရှားမှုများကို မလုပ်ခဲ့ပဲ ယခင်ကလိုပင် ကောင်းကောင်းပြုမူနေတာကြောင့် လူကို အသည်းယားစေသည်။ ယင်းမှာ ထန်ချွန်းမင်ကို စိတ်မကောင်းဖြစ်စေပြီး သူဟာ စိတ်ကူးယဥ်ဆန်လွန်းသည်ဟု တွေးမိသွားသည်။ ထိုလူမှာ သူ့အတွက် ခံစားချက်မရှိပဲ ကိုယ်ဝန်သည်ကောတစ်ယောက်မို့ သနားနေတာလည်းဖြစ်နိုင်သည်။

 .



သို့သော် ယခုမြင်လိုက်ရသည့်မြင်ကွင်းက သူ့ရင်ထဲက ပျော်ရွှင်မှုကို ပွက်လောရိုက်စေပြီး သူက မထိန်းချုပ်နိုင်တော့ပဲ အားရပါးရပြုံးလိုက်သည်။

 

သို့ပေမယ့် သူက အောင်သွယ်တော်ကို ဘယ်သူလွှတ်လိုက်လဲ သိချင်နေသည်။ ဆိုင်ရှင်ချီ၏စကားအရ ဤအောင်သွယ်တော်က မြို့ပေါ်ကဖြစ်သည်။ ဖျင်အန်းမြို့မှာ သူက ဆိုင်ရှင်ချီ အလုပ်လုပ်သော ကျင်းကျိနဲ့သာ ဆက်သွယ်​ပြောဆိုခဲ့ပြီး တခြားဘယ်သူ့ကိုမှမသိပေ။ ဘယ်သူက သူ့ကိုသိလို့ အိမ်ကိုရောက်လာရတာလဲ? သို့ဖြစ်၍ တ​ခြားသူများက အောင်သွယ်တော်ကို လမ်းမညွှန်ပေးခင်မှာ ထန်ချွန်းမင်က ပြောလိုက်သည်။ “ကျွန်တော့်မိသားစုက ဒီရွာမှာ တစ်ခုတည်းသော ထန်မိသားစုပါ။ ဒါပေမယ့် ကျွန်တော်က ဝတ်ပြုဆုတောင်းနေရဆဲမို့ အောင်သွယ်တော်လက်မခံပါဘူး။ အားလင်း… အထဲပြန်ဝင်ရအောင်… ဆိုင်ရှင်ချီ…အာားနာပါတယ်.. ခင်ဗျားကို ရယ်စရာဖြစ်စေမိပြီ။”

  

“ဖေဖေ…” အားလင်းက သူ့အားမူ၏လက်ကို တင်းတင်းဆုပ်ထားပြီး စိုးရိမ်တကြီးမော့ကြည့်လိုက်သည်။ ပျော်ရွှင်ဖွယ်နေ့ရက်များကြောင့် သူမေ့ပစ်ခဲ့သော မှတ်ဉာဏ်ဆိုးများကို အောင်သွယ်တော်၏အသွင်အပြင်က ပြန်နိုးကြားစေခဲ့သည်။ သူဟာ ငယ်သေးသော်လည်း သူ့ဘိုးဘိုးက သူ့အားမူအား အတင်းအကျပ် နောက်အိမ်ထောင်ပြုခိုင်းခဲ့တာကို မှတ်မိသေးသည်။





သူ့အသိဉာဏ်အရ သူ့အားမူ၏ ​နောက်အိမ်ထောင်ပြုခြင်းသည် သူ့အားမူနှင့် သူ့ကို ခွဲနေခြင်းဟုဆိုလိုသည်။ သူ့ဘိုးဘိုးနဲ့ သူ့အားမော့က ​ငွေအရှုံးပေါ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် သူ့ကို စွန့်ပစ်ချင်သည်ဟု ပြောခဲ့ဖူးသည်။

 

သူ့သားမျက်လုံးထဲက ​ကြောက်ရွံ့မှုကို မြင်လိုက်ရတော့ ထန်ချွန်းမင်က သူ့သား၏အတွေးကို ချက်ချင်းနားလည်သွားခဲ့သည်။ သူက ရင်ထဲကနေကျိန်ဆဲလိုက်သည်။ သွေးအေးပြီး အမူအရာမဲ့သည့် လီဖုန်းကို စနောက်ဖို့လည်း သူမတွေးတော့ပေ။ သူ့သားကိုချော့ဖို့က ပိုအရေးကြီးသည်။ “အားလင်းက ဖေဖေပြောတာကို မေ့သွားပြီလား… ဖေဖေက အားလင်းနဲ့ မခွဲဘူးဆိုတာလေ။”

 

ဆိုင်ရှင်ချီက ယဥ်ကျေးသော စကားအနည်းငယ်ပြောမလို့ ပြင်လိုက်ပေမယ့် ထိုသားအဖနှစ်ယောက်၏ အ​ခြေအနေကို မြင်သောအခါ သူ ပါးစပ်ပိတ်ထားလိုက်သည်။ ကောအာလေးက ထိရှလွယ်လွန်းသည်။ သူ့အတိတ်မှာ ဆိုးရွားသော အတွေ့အကြုံတစ်ခုရှိတာဖြစ်ပေမည်။ သူ၏စုံစမ်းစစ်ဆေးမှုအရ နှစ်အစပိုင်း၌ သားအဖနှစ်ယောက်က ခွဲခွာရမလိုဖြစ်ခဲ့ဖူးသည်။

  



“သေစမ်း!” ကျန်းရှို့က အားလင်းလေး၏အတွေးကိိုသိ၍ ဒုက္ခပေးလွန်းသည့် ကျောက်မိသားစုကို တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။ မထင်မှတ်ထားသည်မှာ ကလေးလေးက ထိုဖြစ်ရပ်ကိုမှတ်မိနေသည်။ သူကလည်း အားလင်းကိုပွေ့ဖက်ကာ ချော့လိုက်သည်။ “အားလင်း… ကြည့် …ရှို့အားမော့ လူဆိုးတွေကို မောင်းထုတ်လိုက်ပြီ”

  

“လူဆိုးတွေ!” သူ့အားမူ၏ အာမခံချက်ရပြီးနောက် အားလင်းက အရင်ကထက် သတ္တိပိုရှိလာသည်။ သူက ကျန်းရှို့၏လည်ပင်းကိုဖက်ကာ အပြင်ဘက်ရှိ အောင်သွယ်တော်ဟွားကို ဒေါသတကြီးအော်ဟစ်လိုက်သည်။ “လူဆိုးတွေ… ထွက်သွား!”

  

“ဟုတ်တယ်…လူဆိုးတွေ… မင်အားမော့နဲ့ အားလင်းကို ခေါ်သွားခွင့်မပြုဘူး။!” အာမောင်းကလည်း အားလင်းရှေ့ကနေ အောင်သွယ်တော်ကို အော်လိုက်လေသည်။



 

ရှောင်ဟွာကလည်း အောင်သွယ်တော်ဟွားကို တိုးတိုးလေးအော်ဟစ်ကာ ပွဲဝင်နွှဲခဲ့သည်။ ပိုင်ရှင်က အမိန့်ပေးလျှင် သူက တစ်ယောက်ယောက်ကို ပြေးကိုက်ပစ်ဦးမှာပင်။

 

အပြင်ကရွာသားများက အရယ်မရပ်တော့ပေ။ ထိုမှသာ အောင်သွယ်တော်ဟွားက သူလုပ်ခဲ့တာ ရယ်စရာဖြစ်သွားမှန်း နားလည်ခဲ့သည်။ သူက လူတစ်ယောက်၏အိမ်ရှေ့မှာရပ်ပြီး လမ်းညွှန်းတောင်းနေသေးသည်။ အောင်သွယ်တော်သည် စကားပြောကောင်းရုံတင်မကပဲ အလွန်အရေထူသော ဝိသေသလက္ခဏာရှိ၏။ သူများတွေဘာပြောပြော သူတို့က သူတို့၏ ပန်းတိုင်ကိုမရောက်မချင်း အရှုံးပေးမှာမဟုတ်ပေ။ ထို့အပြင် သူက သူ့ကို ရန်ငြှိုးဖွဲ့နေသော ကလေးနှစ်ယောက်ကိုလည်း အလေးမထားခဲ့ပေ။

 

သို့သော်လည်း အောင်သွယ်တော် စေလွှတ်ခဲ့သော ထိုလူသည် မင်ကောအာ၏ ပုံပန်သဏ္ဍန်ကို အသေးစိတ်မဖော်ပြခဲ့ပေ။ သူ၏ဖော်ပြချက်မှာ ကောငယ်လေးတစ်ယောက်ရှိပြီး ကိုယ်ဝန်လွယ်ထားရသည့် လူတစ်ယောက်သာဖြစ်သည်။ အောင်သွယ်တော်က ဘယ်လိုပဲစဥ်းစားပါစေ သူ့စိတ်ထဲ၌ သူသည် ဆိုးရွားသောဘဝမှာ နေထိုင်ရတယ်လို့ ထင်ခဲ့သည်။ သူ(အောင်သွယ်တော်)က ဤခရီးကို ပိုက်ဆံရှာဖို့ထွက်ခဲ့ပေမယ့် တခြားလူတွေအများကြီးရှိသည့်အထဲမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် မုဆိုးဖိုကလေးနှစ်ယောက်အဖေကို ထိုလူ ဘာလို့ရှာချင်ခဲ့လည်း သူနားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုမြင်လိုက်ရတော့ စိတ်ထဲမှာ အံ့သြစပြုလာသည်။ အကယ်၍ သူက လူလွတ်ဖြစ်နေလျှင် ကောင်းမွန်သောမိသားစုမှာ နေထိုင်ရဖို့ သေချာသည်။ သူက ခင်ပွန်းကို ဆုံးရှုံးခဲ့ရုံတင်မကပဲ ကလေးနှစ်ယောက်ပါရှိနေခဲ့သည်။ သို့သော် ၎င်း​က အရမ်းမဆိုးပေ။ ယခုလိုမျိုးပင် သူက တစ်စုံတစ်ယောက်၏ နှလုံးသားကို အမိဖမ်းနိုင်ခဲ့ပြီး ထိုလူက ကလေးနှစ်ယောက်ရှိနေတာကို ဂရုမစိုက်ပဲ သူ့ကိုလက်ထပ်ဖို့ ဆန္ဒရှိနေ၏။

  

ထန်ချွန်းမင်က သူ့ကိုမတုံ့ပြန်တော့ပဲ ခြံဝင်းထဲလျှောက်သွားသည်ကို မြင်လိုက်တော့ အောင်သွယ်တော်က သူ့ကိုအလွတ်မပေးပဲ ကမန်းကတန်း အော်လိုက်လေသည်။ “ဟေး… ဒီတစ်​ယောက်က ငါရှာနေတဲ့တစ်ယောက်လို့ ထင်မထားဘူး။ မျက်စိကန်းနေတာငါ့အပြစ်ပါ… ငါအရိုက်ခံရလို့ထိုက်တန်တယ်။” စကားပြောရင်းဖြင့် သူက သူ့မျက်နှာသူရိုက်လိုက်လေသည်။