Chapter 35.3
Viewers 2k

Chapter 35.3




ထိုနေ့မွန်းလွဲပိုင်းတွင် ထန်ချွန်းမင်က အိမ်မှာထိုင်ကာ ချယ်ရီသီးသုံးပြီး ချယ်ရီအနှစ်ပြုလုပ်ခဲ့သည်။ နေရာလွတ်ထဲက ချယ်ရီသီးများ ရင့်မှည့်လာတော့ အားလင်းက အမြဲစားချင်နေခဲ့လို့ ထန်ချွန်းမင်က သူ့သားကိုကျွေးမွေးရတာပျော်နေ၏။ ယခု လူတွေရဲ့မျက်လုံးနှင့်နားကို ဖုံးကွယ်ရန် သူက ခြံထဲမှာ မက်မွန်သီး၊ သစ်တော်သီး၊ ဇီးပန်းသီးနှင့် တရုတ်တည်သီးများအပါအဝင် သီးပင်များစွာကို စိုက်ထားသည်။ သူက ခရိုင်မြို့၌ ရောင်းချသည့် သစ်သီးဝလံအမျိုးအစားကို စောင့်ကြည့်စုံစမ်းရန် ရှန်းဖူလန်မှတစ်ဆင့် သူ့သားနှစ်ယောက်ကို အကူအညီတောင်းခဲ့သည်။ နေရာလွတ်ထဲ၌ သီးပင်မျိုးစုံကို ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် နေရာလွတ်ထဲက သီးနှံများကိုထုတ်ကာ ယခုကဲ့သို့ ခိုးကြောင်းခိုးဝှက် စားသုံးဖို့မလိုတော့ပဲ အနာဂတ်မှာ ပွင့်လင့်မြင်သာစွာ ထုတ်ထားလို့ရလေသည်။ ၎င်းမှာ အစွန်အဖျား၌ စားနေသလိုပင် ဖမ်းမိသွားဖို့လွယ်ကူလေသည်။

 

ခွေးသုံးကောင်မှာ အကြီးတစ်ကောင်နှင့် အသေးနှစ်ကောင်က သူနဲ့အားလင်း၏ခြေရင်း၌ လဲလျောင်းနေပြီး အသီးများကိုက်ဝါးနေသည်။ ရှောင်ဟွာ၊ ရှောင်ဟေးနှင့် ရှောင်သိုက်က နေရာလွတ်မှထွက်ရှိသော သစ်သီးဝလံများကို ဘယ်တော့မှငြင်းဆိုခြင်းမရှိပေ။ တိရစ္ဆာန်များက နေရာလွတ်၏လေထုကို ပိုသတိထားမိပြီး ထိုအရာများကိုစားခြင်းက သူတို့အတွက်ကောင်းမှန်းသိကြလေသည်။

  

“ဖေဖေ…သားရဲ့ လက်ရေးလှစာလုံးကြီးကို ကြည့်ပါဦး။” မှင်စွန်းနေသော အားလင်း၏မျက်နှာမှာ အပြုံးကြီးကြီးတစ်ပွင့်ရှိနေပြီး သူက ထန်ချွန်းမင်ရှေ့မှာ စာရွက်တစ်ရွက် ထိုးပြလာသည်။ လီဖုန်းက ထိုမွန်းလွဲပိုင်း၌ အိမ်မှာမရှိသော်လည်း ကလေးနှစ်ယောက်ကို သူ့အိမ်မှာ ကိုယ်ခံပညာလေ့ကျင့်နေဖို့ ပြောခဲ့သည်။ ပျင်းရိနေတာကိုတွေ့ရင် ပြစ်ဒဏ်က နှစ်ဆတိုးမည်။ သို့ဖြစ်၍ လီဖုန်းမရှိရင်တောင် တာမောင်းနဲ့အာမောင်းက ပျင်းရိဖို့မဝံ့ရဲပေ။ အားလင်းက ထိုပွဲ၌မပါခဲ့ပဲ သူ့အားမူနဲ့အတူ အိမ်မှာနေခဲ့သည်။

  

“ကောင်းပြီ.. အားလင်း… မင်းရဲ့စာတွေက တကယ်ကောင်းတယ်..ဒါက အားလင်းကိုဆုချတာ။” ထန်ချွန်းမင်က ထိုစာကိုမြင်မြင်ချင်းပြုံးလိုက်ပြီး သူက ထောင်းထားသော ချယ်ရီသီးအနှစ်ကိုပေးကာ အားလင်း၏မျက်နှာပေါ်က မှင်နှင့်ဖုန်မှုန့်များကို ရေစိုဝတ်ဖြင့် သုတ်ပေးလိုက်သည်။ အားလင်းက အသီးနှစ်ကိုစားပြီးနောက် ထန်ချွန်းမင်က သူရေးထားသော စာလုံးကြီးများကို ဂရုတစိုက်ကြည့်လိုက်သည်။ ငယ်ရွယ်ပြီး အားနည်းသော အားလင်းလေး၏ စာလုံးများက သူနဲ့အတူလေ့လာနေသော အာမောင်းနဲ့တော့ မယှဥ်နိုင်ပေ။ သူ့အကြိုက်​ဆုံး ချယ်ရသီးရနံ့ကြောင့် နောက်ဆုံးစာလုံးတွေမှာ နည်းနည်းခက်ခဲနေသည်။ သူက စိတ်မရှည်စွာဖြင့် ကောက်ကွေးနေအောင် ရေးထားသော်လည်း စာသားများက မှန်ကန်ပါသည်။ ထန်ချွန်းမင်က အလွန်အကျွံမတောင်းဆိုပဲ အားလင်းကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ခွင့်ပေးထားသည်။

 

ထန်ချွန်းမင်ကလည်း အသီးအနှံတွေ ယူစားလိုက်သည်။ သူ့ဗိုက်ကကြီးလာလေ သူပိုစားလေဖြစ်၏။ နေ့လည်စာစားပြီး သိပ်မကြာခင်မှာ ဗိုက်ဆာလာတာကြောင့် အစာစားချင်စိတ်ကိုဖြည့်တင်းရန် အသီးအနှံများကို မှီခိုခဲ့ရသည်။ ထို့နောက် သူက ခွေးသုံးကောင်စားတာကိုစောင့်နေလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီး​နောက် အပြင်မှာ အသံတစ်ခုထွက်လာခဲ့သည်။ ရှောင်ဟွာက ကမန်းကတန်းပြေးထွက်သွားပြီး ရှောင်ဟေးက သူ၏နူးညံ့သောအသံဖြင့်အော်လိုက်ကာ ရှောင်သိုက်က ဘာတွေဖြစ်နေမှန်းမသိပဲ ခေါင်းညိတ်နေသည်။

  



“ဖေဖေ….ဧည့်သည်ရောက်နေတယ်။” အားလင်းက ခန်းပေါ်မှ စွေ့ခနဲလျှောဆင်းပြီး သူ့အားမူကို ဆင်းကူလိုက်သည်။ ထန်ချွန်းမင်က ထိုကဲ့သို့သော ကလေး၏ခွန်အားကို ချေးငှားရန်ပင် ဆန္ဒမရှိခဲ့ပေ။

 

ခြံထဲကိုလှမ်းကြည့်လိုက်တော့ တံခါးဝမှ လူတစ်ယောက်၏ အော်ခေါ်သံကိုကြားလိုက်ရသည်။ “ထန်ဖူလန် ဒီမှာရှိလား? ငါက ကျင်းကျိဆိုင်ရှင်ပါ။”

 

ဆိုင်ရှင်ချီလား? သူဘာလို့ဒီရောက်နေတာလဲ? ထန်ချွန်းမင်က ရှုပ်ထွေးနေပေမယ့် သူက ချက်ချင်းပြန်ထူးလိုက်သည်။ “လာပြီ….ခဏစောင့်ပါ။…” ပထမအကြိမ်ကတည်းက ကျင်းကျိဆိုင်မှ အစေအပါးလူငယ်လေးတစ်ယောက်က ဟင်းသီးဟင်းရွက်လာယူလေ့ရှိသည်။ သူက အလွန်ပင် လုံ့လဝီရိယရှိပြီး ထန်ချွန်းမင် အချိန်မီမပြီးလျှင် သူက ဟင်းသီးဟင်းရွက်များကို ကူခူးပေးလေ့ရှိသည်။ သို့ပေမယ့် သူက ရက်အနည်းငယ်တိုင်း မနက်ခင်း၌သာ လာတတ်သည်။ ဒီတော့ ဒီနေ့မှာ ဘာလို့နေ့လည်ဘက်လာရတာလဲ?

 

ထန်ချွန်းမင်က ခြံတံခါးဖွင့်ပြီး အပြင်မှာရပ်ထားသည့် လှည်းနှင့် လှည်းဘေးမှာ မတ်တပ်ရပ်နေသော ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။ တံခါးလာခေါက်သူက အသီးအရွက်လာကောက်လေ့ရှိသော လူငယ်ဖြစ်သည်။ ဆိုင်ရှင်ချီက ပြုံးပြပြီး ထန်ချွန်းမင်ကို ဦးညွတ်ကာပြောလာသည်။ “ထန်ဖူလန်…အနှောင့်ယှက်ပေးမိလို့ တောင်းပန်ပါတယ်။ ဖြစ်ချင်တော့ ကျုပ်ဒီနေ့အားနေလို့… ရှောင်ရွှင်းကျိနဲ့ အတူလာခဲ့တာ။”

 

ထန်ချွန်းမင်ကပြုံးကာ တံခါးဖွင့်ပေးလိုက်သည်။ “အထဲဝင်ခဲ့ပါဗျ… ဆိုင်ရှင်ချီက အလုပ်ရှုပ်နေတဲ့ကြားက လာရတော့မို့ ကျွန်တော်က အမြန်ကြိုဆိုပေးရမှာပေါ့”

 

ဆိုင်ရှင်ချီက ထန်ချွန်းမင်၏စကားကြောင့် စိတ်ရွှင်သွားသည်။ သူဟာ သူတွေ့နေကျ ကောတွေနဲ့မတူပေ။ သူ့မှာ ကျေးလက်ကကော​တွေလို ရိုင်းပျမှုမရှိပဲ တခြားကောများနှင့် ကွာခြားသည့် တက်ကြွသည့်အသွင်အပြင်ရှိသည်။ သူက လှည်းပေါ်မှလက်ဆောင်များကို ရှောင်ရွှင်းကျိအား သယ်ခိုင်းလိုက်သည်။ ထို့နောက် သူက ထန်ချွန်းမင်နောက်ကနေ ခြံထဲလိုက်သွားခဲ့သည်။ ဆိုင်ရှင်ချီက လမ်းလျှောက်ရင်း ရယ်မောလိုက်သည်။ “ထန်ဖူလန်…ဒီခွေးတွေက ဉာဏ်အရမ်းထက်တာပဲ။” မူလက သူ့ကိုဟောင်နေသော ရှောင်ဟွာက တိတ်ဆိတ်သွားပြီး ထန်ချွန်းမင်နောက်သို့ နိုးနိုးကြားကြားလိုက်လာပုံမှာ အချိန်မရွေး ထခုန်တော့မလိုပင်။ သူက ဆိုင်ရှင်ချီထံ ရောက်လာပေမယ့် အနက်​​ရောင်ခွေးပေါက်လေးက သူ့ခြေထောက်နားမှာ အနံ့လာခံသည်။ ဆိုင်ရှင်ချီက မတော်တဆတက်နင်းမိမှာ​ကြောက်၍ သတိထားလျှောက်နေသည်။ “မင်း ခြံအသစ်ဖွင့်လိုက်ပြီဆိုတာ ရှောင်ရွှင်းကျိပြောပြလို့ ဒီနေ့လာကြည့်ရင်း ဟင်းသီးဟင်းရွက်တချို့လာယူတာ။”

 

ရှောင်ရွှင်းကျိက ထန်ချွန်းမင် အသုံးပြုလို့ရသည့် ချည်ထည်များနှင့် အဆာပြေမုန့်များကို သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည်။ သူက အလွန်အမင်း စဥ်းစားပေးတတ်သည်။ ထန်ချွန်းမင်က ဆိုင်ရှင်ချီကို ဘေးခြံသို့ ဗိုက်တကားကားဖြင့် လိုက်ပြပေးခဲ့သည်။ “ကျွန်တော့်နေရာသေးသေးလေးက ဆိုင်ရှင်ချီနဲ့ သခင်လေးထန့်တို့ရဲ့ နားထဲရောက်သွားတာပဲ။ အခုမှဆောက်ခါစဆိုတော့ အရမ်းရှုပ်နေတယ်။ ခြေလှမ်းတွေကို သတိထားပါ။ အားလင်း…. အိမ်ပြန်ပြီး အစ်ကိုရှောင်ရွှင်းသောက်ဖို့ ရေခပ်ပေးလိုက်။”

  

“ဟုတ်ကဲ့ဖေဖေ….” အားလင်းက နာခံစွာတုံ့ပြန်သည်။ သူနဲ့ ရှောင်ရွှင်းကျိက တစ်​ယောက်နဲ့တစ်ယောက်ရင်းနှီးပြီး သူက ရှောင်ရွှင်းကျိကို လူကြီးလေးတစ်ယောက်လို အိမ်ထဲခေါ်သွားခဲ့သည်။

 

သူက ဆိုင်ရှင်ချီနဲ့အတူ ခြံသစ်တစ်ဝိုက်လည်ပတ်ခဲ့သည်။ ဆိုင်ရှင်ချီက ထန့်ယွီလိုချင်သည့်အတိုင်း စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုတွေ့တော့ ကျေနပ်သွားခဲ့သည်။ လက်ရှိတင်သွင်းမှုက စားသောက်ဆိုင်၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ပိုင်ရှင်မှာ စားသောက်ဆိုင်တစ်ခုထက် ပိုရှိတာကို ထည့်မပြောလျှင်ပင် ထန်ချွန်းမင်က တတ်နိုင်သလောက် များများစိုက်ပျိုးသင့်သည်။

 



ဆိုင်ရှင်ချီက စားသောက်ဆိုင်လုပ်ငန်းရှိ ထန်ချွန်းမင်၏လွှမ်းမိုးမှုနှင့် ဧည့်သည့်များထံမှ ချီးကျူးစကားများကို မဖုံးကွယ်ထားခဲ့ပေ။ သူပြောနေရင်းဖြင့် ကျောက်ဖျင်ချွမ်အကြောင်း ပါလာခဲ့သည်။ “ပညာရှင်အသစ်က မင်းတို့ဖျင်ရှန်ရွာကလာတာလို့ ငါကြားတယ်။ ဖျင်ရှန်ရွာက တကယ်ကို ထူးချွန်တဲ့နေရာပဲ။ စိုက်ပျိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ကောင်းသလို ဒီနေရာမှာ ကြီးပြင်းလာတဲ့သူတွေကလည်း ထူးခြားတယ်။” 

 

ထန်ချွန်းမင်က ဆိုင်ရှင်ချီကို စွေကြည့်လိုက်သည်။ ဆိုင်ရှင်ချီ ဤနေရာကို ဘာကြောင့်လာရောက်သည်ကို သူမသိလျှင် သူ့ဘဝတစ်ခုလုံးက အချည်းအနှီးဖြစ်သွားပေမည်။ သူက သူနဲ့ အချိန်အကြာကြီးစကားပြောနေတာက မထူးဆန်းတော့ပေ။ ကြည့်ရတာ သူက ယခုအခြေအနေကို စောင့်နေပုံရသည်။ သို့ဖြစ်၍ ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကလေးတွေကိုပဲ ပြုစုစောင့်ရှောက်နိုင်တဲ့ ကောတစ်ယောက်က ဆိုင်ရှင်ချီလို သိတတ်နားလည်နိုင်ပါ့မလား?- ဆိုင်ရှင်ချီက ထူးချွန်းတယ်ပြောတော့လည်း ထူးချွန်တယ်ပေါ့။”

  

“ဟားဟား.. “ ဆိုင်ရှင်ချီက ဤကောလေး ပို၍ပင်ထက်မြက်ပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိသည်။ သူက ဆက်ပြောလိုက်သည်။ “ငါ စားသောက်ဆိုင်မှာ လူတချို့နဲ့တွေ့ပြီး တချို့အကြောင်းအရာတွေကို ကြားခဲ့ရတယ်။ မဟုတ်ဘူး။ မြို့ပေါ်က ရှန်းတာဟူက ဒီလိုပညာရှင်မျိုးကို ရှာပြီး သူ့သားဖြစ်သူ ကောအာလေးနဲ့ လက်ထပ်ပေးချင်နေတာ။ သူက သူ့ကောငယ်လေးကို စောင့်ရှောက်ထားပေမယ့် အဲ့ဒီကောလေးက ကျန်းမာရေးမကောင်းဘူးလေ။ သူက ဒီကောင်းချီးကို လက်မခံနိုင်ပဲ ဆက်တိုက်ဖျားနာနေတာ။ သူတို့ရဲ့ ကောလေး အသက်မရှင်နိုင်မှာကိုကြောက်လို့ သူတို့လင်မယားက သူ့ကို ကျေးလက်ပို့ပြီး ကောလေးကို စောင့်ရှောက်ပေးစေချင်တာ။ ဒီကောငယ်လေးက ကျေးလက်​ရောက်လာရင် ကျန်းမာရေးကောင်းလာမယ်လို့ ဘယ်သူထင်မှာလဲ? ပြီးတော့ အခုသူက အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာပြီ။ ဒီချမ်းသာတဲ့စုံတွဲက အရည်အချင်းရှိတဲ့သူကို ဂရုတစိုက်ရွေးချယ်ထားတာပဲ။”

 

ရှန်းဖူလန် ယခင်က ပြောခဲ့သည်များကို စဥ်းစားကြည့်လိုက်တော့ ထန်ချွန်းမင်က ရယ်မောချင်စိတ်ကို မထိန်းနိုင်ဖြစ်လုနီးပါးပင်။ ဖြစ်ချင်တော့ ဆိုင်ရှင်ချီက သူ့ကို ကျောက်လောင်စန်းအိမ်ထောင်ရေးအကြောင်း ​ပြောဖို့လာခဲ့တာပဲ။ မြို့ပေါ်က ကောငယ်လေးအကြောင်း ဘာသတင်းမှမရှိတာ မထူးဆန်းတော့ပေ။ သူဟာ ကျေးလက်မှာကြီးပြင်းလာ၍ “သတိရှိ”ဆိုသော စကားလုံးက ထင်ရှားနေ၏။

  

“ရှန်းတာဟူနဲ့ သူ့ဇနီးက သူတို့ကောလေးအတွက် တကယ်တွေးပေးကြတာလား? သူတို့မှာ တခြားကလေးတွေရှိလား?”

  

“ရှိတာပေါ့. ဒီကောလေးက ကံကောင်းတဲ့လူတစ်ယောက်လို့ ငါကြားတယ်။ ရှန်းမိသားစုကိုပြန်လာပြီး သိပ်မကြာခင်မှာပဲ ရှန်းမိသားစုရဲ့ဇနီးက ကိုယ်ဝန်ရသွားတယ်။ နောက်နှစ်မှာ သူ လုံးကစ်ကစ်ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲ့ဒီကလေးက လက်ရှိမှာ ရှန်းမိသားစုရဲ့ ရတနာလေးပေါ့။” ဆိုင်ရှင်ချီက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

 

လမ်းလျှောက်ပြီး ခြံဟောင်းထဲပြန်ဝင်သွားပြီးနောက် ​ရှောင်ရွှင်းကျိက နောက်ဖေးခြံမှာ ဟင်းသီးဟင်းရွက်ကောက်ပြီး ခြံထဲပြန်သယ်ပြီးပြီပင်။ အားလင်းက ရှောင်သိုက်ကိုဖက်ကာ ကြီးကြပ်သူလေးလို စောင့်ကြည့်နေပြီး ရှောင်ရွှင်းကျိနဲ့ စကားပြောနေခဲ့သည်။

 

ထိုအချိန် တံခါးဝတွင် ရုတ်တရက်စကားများသံထွက်ပေါ်လာပြီး အေးစက်သော ကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။ ၎င်းက အလွန်ရင်းနှီးနေသည်။ ဒါ ခရီးကပြန်လာတဲ့ လီဖုန်းလား? ဘာတွေဖြစ်နေတာလဲ? ထန်ချွန်းမင်က ဗိုက်ကိုကိုင်ကာ ခြံတံခါးဝကို လျှောက်သွားခဲ့ပြီး လှမ်းကြည့်လိုက်သည်။

 

လီဖုန်းက မော့ကြည့်လိုက်တာနဲ့ ထန်ချွန်းမင်ကို တွေ့သွားခဲ့သည်။ ခြံတံခါးဝမှာ လှည်းတစ်စီးလည်းရပ်ထားသည်။ လီဖုန်းက ၎င်းကို ကျင်းကျိစားသောက်ဆိုင်မှ ဖြစ်သင့်သည့်ဟု ထင်မြင်ခဲ့ပြီး ထိုလူ့နောက်က လိုက်လာသူမှာ ဆိုင်ရှင်ချီဖြစ်နေ၏။ လီဖုန်းက သူ့ရှေ့မှာ ပိတ်ဆို့နေသော နွားလှည်းနှစ်စီးကို စိတ်မရှည်သလို ကြည့်လိုက်၏။ “မင်းက ဘယ်အိမ်ကိုသွားမှာလဲ? ဘာလို့ ဒီမှာရပ်နေတာလဲ?!”

  

လီဖုန်းက ခရီးထွက်သွားခဲ့ပြီး သူပြန်ရောက်တော့ လှည်းတစ်စီးမောင်းနှင်လာခဲ့သည်။ ထန်ချွန်းမင်၏အိမ်က အလွန်သက်ဝင်နေ၏။ ဆိုင်ရှင်ချီ၏လှည်းက တံခါးဝမှာရပ်ထားပြီး သူ့ရှေ့နားမှာ နွားလှည်းနှစ်စီးက ပြိုင်ဆိုင်နေသည်။ လူတိုင်းက ထိုနေရာမှာရပ်ချင်တာကြောင့် သူက တစ်ဖက်လူကို ကျော်ချင်နေ၏။

 

ထန်ချွန်းမင်ကို စိတ်အနှောင့်ယှက်ဖြစ်စေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော နွားလှည်းပေါ်မှ လူလတ်ပိုင်း ကောနှစ်ယောက်က ကျယ်လောင်စွာ ငြင်းခုံနေ၏။

  



“ငါက အရင်ရောက်တဲ့သူပဲ။ ထွက်သွားသင့်တာ မင်း! ငါလမ်းကိုမပိတ်နဲ့။!”

 

“နေရာကိုလည်းကြည့်ပါဦး…ကျုပ်အရင်သွားလို့ရတာကို… ခင်ဗျားတို့က ကျော်ဖြတ်လာတာလေ။ ခင်ဗျားတို့မှာ အသိဉာဏ်မရှိဘူးလား?”

 



လီဖုန်းပြောပြီးနောက် လူလတ်ပိုင်းကောနှစ်ယောက်က ခေါင်းကိုလှည့်ကာ တစ်ပြိုင်နက်တည်း ပြောလိုက်သည်။ “သူ့ကိုထွက်သွားဖို့ပြောလိုက်”

  

“ဟမ်? ဒါက မြို့ရှေ့ဘက်က အောင်သွယ်တော်ချန်နဲ့ မြို့နောက်ဘက်က အောင်သွယ်တော်ဟွာမလား?” ဒီနေ့ဘာဖြစ်လို့လဲ? မင်းတို့ ဖျင်ရှန်ရွာကို တူတူရောက်လာတယ်။ ဘယ်သူ့မိသားစုအတွက် အောင်သွယ်တော်လုပ်ပေးမှာလဲ?” ထန်ချွန်းမင်နောက်ဘက်က အသံသည် လမ်းပိတ်ထားသည့် လူနှစ်ဦး၏ သရုပ်မှန်ကို ပေါ်သွားစေသည်။ ထန်ချွန်းမင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူက သူ့မျက်လုံးကိုပင် ဆေးချင်မိသည်။ သူတို့က အောင်သွယ်တော်တွေမို့ သူစိတ်အနှောင့်အယှက်ဖြစ်ရတာ မဆန်းတော့ပေ။ 

  

“ဒါက ဆိုင်ရှင်ချီဖြစ်နေတာကိုး…ကျုပ်က ကျောက်မိသားစုကိုသွားမှာ။” အောင်သွယ်တော်ချန်က သူ့လက်ကိုင်ပုဝါကို ဝေ့ယမ်းကာ ပြောလိုက်သည်။

  


“ဆိုင်ရှင်ချီ…ကျုပ်က ထန်မိသားစုကိုသွားမှာ။ ထန်မိသားစုက ဘယ်မှာလဲသိလား?” အောင်သွယ်တော် ဟွာကလည်း အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။