Chapter 16
“ရွှတ် ရွှတ်၊ ကျွန်တော် တကယ် သေပြီ ထင်နေတာ အဟင့် ဟင့်”
ယောလ်မှာ မောဟိုက်နေပြီး အလန့်တကြားဖြင့် သူ့ ရင်ဘတ်လေးကို ပွတ်သပ်နေရှာသည်။
မိုက်ကီရယ်မှာ ယောလ်ကို ဒရာမာဆန်ဆန် ထပ်ကယ်တင်လိုက်ပြီးနောက် ယောလ်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ ဤအကြိမ်တွင်တော့ သူက ယောလ်ကို ပွေ့ချီထားပြီး လပ်ကီးမှာမူ ကြမ်းပြင်ပေါ်တွင် ရှိနေ၏။
ယောလ်က သူ့ ရင်ဘတ်သေးသေးလေးကို ခဏလောက် ဖိထားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ခေါင်းလေးကို မော့၍ လပ်ကီးကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးဝိုင်းဝိုင်းကြီးများမှာ ကျဉ်းမြောင်းသွားတော့သည်။
မှန်ပေသည်။ ဤသည်မှာ ယောလ်၏ အမြင်သက်သက်သာ ဖြစ်ပြီး မိုက်ကယ်လ်၏ မျက်လုံးထဲတွင်မူ မည်သည့်အရာမျှ ထူခြားခြင်းမျိုး မရှိချေ။
“ဒီ ကောင်လေးကတော့၊ ငါက ဒီလောက် ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ထားတာကို နားမလည်ဘူးတဲ့၊ လပ်ကီးတဲ့ ဘာ လပ်ကီးလဲ၊ ဘာမှမဟုတ်တဲ့ ခွေးမသားလေး”
ယောလ်က လပ်ကီးကို ကြည့်ပြီး ဝမ်းနည်းပက်လက် အော်ငိုလိုက်သည်။ ယောလ်တစ်ယောက် ဘာပြောပြော လပ်ကီးကတော့ ခေါင်းလေးကို စောင်းပြီး “ဘီး– ဘီး–” ဟုသာ အော်၍ ငိုနေရှာသည်။ ထိုအသံကြောင့် ယောလ်မှာ ပိုလို့တောင် ဒေါသထွက်လာပုံရသည်။ သူ၏ စိုနေသော လက်မောင်းလေးများကို ဝှေ့ယမ်းပြီး လက်သီးသေးသေးလေးအား တင်းတင်းဆုပ်လိုက်၏။
“မင်းကို ပြန်ပြောရမယ်လို့ ဘယ်က သင်ပေးလိုက်တာလဲ၊ လူဆိုးကောင်လေး မင်း ဒီလို လုပ်လို့မရဘူးလေ ဟမ်၊ ဒီကလေးလေးကတော့ ငါ မင်းကို ဘယ်လောက် ချစ်ခဲ့ရတယ်ဆိုတာ မင်း သိရဲ့လား”
[ဘီး– ဘီး–]
“ဘာ ဘာ”
[ဘီး ဘီး]
“မင်း ဒီလို ငိုပြနေလည်း ဘာပြောတာလဲဆိုတာ ငါ နားမလည်ဘူး၊ ချစ်ဖို့ကောင်းအောင် မငိုပါနဲ့ ဒါ လုံဝ မတရားဘူး”
သူတို့နှစ်ယောက်ကြားတွင် အဓိပ္ပါယ်မဲ့သည့် စကားစစ်ထိုးမှုများ ဆက်ဖြစ်နေခဲ့ပြီး ဘာဆက်သွယ်မှုမှ မဖြစ်ခဲ့ပေ။ ထိုနှစ်ယောက်ကြားထဲမှာ မောပန်းလာသူကတော့ မိုက်ကီရယ်ပင် ဖြစ်သည်။ သူသည် အိုလော့ဗ်မိသားစုမှာ မွေးဖွားလာပြီး လိုချင်တာမှန်သမျှ လုပ်နိုင်တဲ့အထိ အာဏာကြီးသည်ဟု ဆိုကြသည်။ သူ မွေးဖွားလာကတည်းက ဤကဲ့သို့ အကူအညီမဲ့မှုမျိုး ခံစားရသည်မှာ ပထမဆုံးဖြစ်၏။
ဒါ့အပြင် လူတစ်ယောက်ဟာ အချိန်တိုအတွင်းမှာ အိုမင်းပြီး ပင်ပန်းနွမ်းနယ်နိုင်သည်ဆိုသည်အား သူ မည်သည့်အခါကမျှ မသိခဲ့ပေ။ ယခုတော့ ဤကောင်လေး နှစ်ယောက်ကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်လာခဲ့၏။
“မိုက်ကီရယ်၊ မိုက်ကီရယ် ကျွန်တော် အံ့သြသွားတာ၊ ဟွတ် ကျွန်တော် အရမ်း အံ့သြသွားတာနော်”
လပ်ကီးနှင့် ခဏလောက် ငြင်းခုံပြီးနောက် ယောလ်တစ်ယောက် လက်လျှော့လိုက်သကဲ့သို့ မိုက်ကီရယ်၏ အင်္ကျီလက်နားသို့ မျက်နှာလေး အပ်ပြီး ညည်းညူလိုက်သည်။ ထို့ကြောင့် လပ်ကီး၏ တံတွေးများမှာ မိုက်ကီရယ် အဝတ်အစားများအပေါ်သို့ စိုစွတ်သွားသော်လည်း မိုက်ကီရယ်မှာမူ ဂရုမစိုက်ပေ။
ထိုအစား မိုက်ကီရယ်သည် ယောလ်အား ဂရုတစိုက်ဖြင့် ကိုက်လိုက်ပြီးနောက် သူ့မျက်နှာနားသို့ ကပ်လိုက်သည်။
မိုက်ကီရယ်မှာ သူ့လက်ကြီးကို မြှောက်၍ သူနှာခေါင်းလေးအား ညှင်သာစွာ ပွတ်သပ်ပေးလာသောကြောင့် ယောလ်လေးမှာ ထိတ်လန့်သွားပြီး ထိုအခြေအနေမှ လွတ်မြောက်ရန် ကြိုးစားနေ၏။
လပ်ကီး ကိုက်သည်မှာ မနာသော်လည်း ဤအခြေအနေမှာ ထိတ်လန့်စရာကောင်းလွန်းနေသည်။ သူ့နှလုံးသားလေးမှာ အပြင်သို့ ခုန်ထွက်လုနီးပါး ဖြစ်နေသည်ဟု ထင်နေမိသည်။
“ဘယ်နား နာသွားတာလဲ”
“ဟင့် မနာပါဘူး”
“ကောင်းပြီလေ ဒါဆို ရေချိုးရအောင်”
“ကျွန်တော်အခု ဘယ်လိုပုံစံ ဖြစ်နေလို့လဲ၊ အရမ်းညစ်ပတ်နေလို့လား”
“ကြမ်းတိုက်ဝတ်လိုပဲ”
“…”
ယောလ်တစ်ယောက် ဤပြတ်သားသော မှတ်ချက်ကြောင့် သူ့ ပါးစပ်လေးကိုသာ ပိတ်လိုက်ရတော့သည်။ မိုက်ကီရယ်က သူ့ကို ကြည့်ပြီး ရုပ်ဆိုးတယ်၊ ညစ်ပတ်တယ်၊ ကြည့်မကောင်းဘူး ဒါမှမဟုတ် တစ်ခြား မကောင်းတဲ့ တုံ့ပြန်မှုတစ်ခုခုကို ပြောလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ကြမ်းတိုက်ဝတ်နှင့်တူတယ်လို့ ပြောလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူးလေကွာ။
မိုက်ကီရယ်သည် ဝမ်းနည်းမှုကြောင့် မဲ့နေသော ပါးစပ်ကလေးအပြင် ယောလ်၏ စိုစွပ်နေသော ဆံပင်လေးများကိုပါ ပွတ်သပ်ပေးလိုက်သည်။
“ဒါပေမဲ့ အဆင်ပြေပါတယ်”
ငါ့ကို ကြမ်းတိုက်ဝတ်နဲ့တူတာလို့ ပြောတဲ့သူက အဆင်ပြေပါတယ်လို့ ပြောနေတာလား။
ကြမ်းတိုက်ဝတ်နှင့်တူသည်ဟု အပြောခံရသော ယောလ်မှာ စိတ်ထဲမှ ညည်းညူလိုက်သော်လည်း မိုက်ကီရယ်၏ နူးညံ့သော အထိအတွေ့ကြောင့် သူ့စိတ်ကို အနည်းငယ် သက်သာစေခဲ့သည်။
“အရင်ဆုံး ရေချိုးရအောင်”
“ရေချိုးမယ် ဟုတ်လား”
ယောလ်က အံ့သြတကြီး အော်လိုက်မိသည်။ ပြောစရာမလိုအောင်ပင် သူက အရုပ်၏ ကိုယ်ထဲသို့ ကူးပြောင်းပြီးနောက် တစ်ခါမျှ ရေမချိုးဖူးခဲ့ပေ။ သူ့အပေါ်မှာ တစ်ခုခုပေကျံသွားလျှင်တောင် မိုက်ကီရယ်မှ လက်ကိုင်ပဝါအစိုလေးဖြင့် ညင်သာစွာ သုတ်ပေးတတ်သောကြောင့် သူသည် အမြဲတစေ သန့်ရှင်းနေတတ်သည်။
ဒါဆို သူက အရုပ်ဖြစ်နေတဲ့အတွက် လျှော်ဖွပ်ခံရတော့မယ်လို့ မဆိုလိုဘူးလား။ ယောလ်က အံ့သြတကြီး ခေါင်းခါလိုက်၏။
“ဟင့်အင်း၊ မလျှော်ဘူးနော်၊ ခင်ဗျား ကျွန်တော့်ကို လျှော်စရာမလိုဘူး”
“မရဘူး”
သူပဲ ကြမ်းတိုက်ဝတ်ဖြစ်နေလည်း ရတယ်လို့ အရင်ပြောခဲ့တာလေ လူ့ဂွစာကြီး။
ယောလ်က မိုက်ကီရယ်ကို မကျေမချမ်း မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ မိုက်ကီရယ်မှာမူ ထိုမျက်လုံးများကို မြင်နေရသော်လည်း တစ်ချက်မှ နောက်ဆုတ်ပေးမည့်ပုံ မပေါ်ပေ။
မိုက်ကီရယ်သည် ယောလ်ကို ချီ၍ ရေချိုးခန်းထဲသို့ ဦးတည်သွား၏။ တစ်လမ်းလုံးတွင် ယောလ်က သူ၏ ခန္ဒာကိုယ်သေးသေးလေးအား ရုန်းကန်နေပြီး 'မချိုးချင်ဘူး'ဟု အော်ဟစ်နေခဲ့သည်။
“ဟူး … ရေချိုးချင်လား ဒါမှမဟုတ် လပ်ကီးရဲ့ အစာ ဖြစ်ချင်လား”
“ကျွန်တော် သန့်ရှင်းရေးပဲ လုပ်တော့မယ်၊ နေရာတိုင်းကို အသေးစိတ် ဆေးကြောပစ်မယ်”
နောက်ဆုံးတော့ သည်းမခံနိုင်တော့သော မိုက်ကီရယ်မှာ သူ့ကို အတင်းအကြပ် ခြိမ်းခြောက်လိုက်သည့် အခါမှသာ ယောလ်သည် အဖြစ်မှန်ကို ချက်ချင်း လက်ခံလိုက်ရ၏။
နဂါးစာကျွေးခံရတာထက်စာရင် အဝတ်လျှော်စရာ တစ်ခုခု ဖြစ်သွားတာက ပိုကောင်းတာပေါ့။
မိုက်ကီရယ်သည် ယောလ်၏ စိုစွတ်နေသော အဝတ်အစားများကို ချွတ်ပေးလေသည်။ သို့သော် စိုနေသော အဝတ်များသည် အရုပ်၏ ကိုယ်ပေါ်တွင် ကပ်နေသဖြင့် အပေါ်ပိုင်းကို ချွတ်ရန် ခက်ခဲလှ၏။ အရုပ်၏ ဦးခေါင်းကလည်း အတော်ပင် ကြီးနေသည် မဟုတ်ပါလား။
“ဖြည်းဖြည်းနော်… ဖြည်းဖြည်းလုပ်ပေး၊ နာတယ်လို့”
မိုက်ကီရယ်၏ ကြမ်းတမ်းသော လက်များကြောင့် ယောလ်သည် နာကျင်စွာ အော်လိုက်၏။ သို့ပေမဲ့ ထိုသို့ နူးညံ့ပြီး ဂရုတစိုက် လုပ်ဆောင်ခြင်းသည် မိုက်ကီရယ်၏ စရိုက်နှင့် လုံးဝ မကိုက်ညီပေ။ သူ အတတ်နိုင်ဆုံး ဂရုတစိုက် လုပ်နေသော်လည်း အရာအားလုံးသည် သူ့စိတ်တိုင်း မဖြစ်ခဲ့ချေ။ မသိလိုက်ခင်မှာပင် သူ့လက်၏ အားမှာ များသွားလေသည်။
ဗြီ!
ယောလ်၏ အင်္ကျီလေးမှာ စုတ်ပြဲသွားခဲ့လေပြီ။ ချိုင်းအောက်မှ စ၍ အောက်သို့ အတော်ရှည်ရှည် ပြဲသွားပြီးနောက် အပေါက်ကြီး တစ်ခု ဖြစ်သွားလေသည်။ ယောလ်သည် သူ့မှာ တစ်ထည်တည်းရှိသော အင်္ကျီလေး ဤကဲ့သို့ စုတ်ပြဲသွားသည်ကို တွေ့တော့ အလွန်တုန်လှုပ်သွားပြီး မေးရိုးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
“ကျွန်တော့်အင်္ကျီလေး ကျွန်တော့်အင်္ကျီလေး၊ ဒီတစ်ထည်တည်း ရှိတာကို”
“ဒီလိုအင်္ကျီမျိုး နည်းနည်းလောက်တော့ ငါ ပြန်ဝယ်ပေးနိုင်ပါတယ်၊ အဲဒါကြောင့် ငိုမနေနဲ့တော့”
မိုက်ကီရယ်၏ စကားကြောင့် ယောလ်သည် မျက်လုံးလေးများ ပြူးသွားသည်။
အခြားလူရဲ့ အဝတ်အစားကို ဆွဲဖြဲလိုက်မိရင် အရင်ဆုံး တောင်းပန်သင့်တာ မဟုတ်ဘူးလား။
ဒေါသများ တဟုန်ထိုး ထွက်လာသော်လည်း ထိုအချိန်တွင် မိုက်ကီရယ်၏ လက်သည် ယောလ်၏ ဘောင်းဘီထံသို့ ရောက်သွားလေသည်။
“ကျွန်တော့်ဘာသာ ချွတ်လိုက်မယ်”
နောက်တစ်ခါ စုတ်ပြဲသွားမှာ စိုးရိမ်တာကြောင့် သူ အလျင်အမြန် ပြောလိုက်ပေမဲ့ မိုက်ကီရယ်က ပိုပြီး မြန်ဆန်သွားသည်။ ကံကောင်းစွာဖြင့် ဘောင်းဘီမှာ မည်သည့် ပြဲရှရာမျိုးမှ မရှိသဖြင့် အလွယ်တကူ ကျွတ်သွားလေသည်။
ဘောင်းဘီကို ချွတ်လိုက်သည်နှင့် ယောလ်သည် ရုတ်တရက် သဘောပေါက်သွား၏။
သူ ယခုအချိန်ထိ အတွင်းခံ ဘာမှ မဝတ်ဘဲ နေခဲ့တာ။
ငါ အတွင်းခံ မဝတ်ထားမိဘူး။
ယောလ်သည် မိုက်ကီရယ် ချွတ်ထားသော ဘောင်းဘီကို တွေတွေလေး ကြည့်နေမိ၏။ သူသည် ဘောင်းဘီသာ ဝတ်ထားပြီး အတွင်းခံတော့ ပါမလာခဲ့ပေ။ ထိုအမှန်တရားကို သူ ယခုမှ သိလိုက်ရသဖြင့် အလွန်တုန်လှုပ်သွား၏။
သို့သော် ထိုတုန်လှုပ်မှုသည် ကြာရှည်မခံခဲ့ပေ။ အကြောင်းမှာ သူသည် ထို့ထက်ပင် တုန်လှုပ်စရာကောင်းသောအရာတစ်ခုကို သဘောပေါက်သွားသောကြောင့် ဖြစ်သည်။
“အား မကြည့်နဲ့”
မည်သို့ပင်ဖြစ်စေကာမူ ယောလ်မှာ ယခု အဝတ်ဗလာနှင့် ဖြစ်နေလေသည်။ သူ့ ခန္ဓာကိုယ်မှာ လူသားခန္ဓာကိုယ်လည်း မဟုတ်၊ အဝတ်စုတ်ဖြင့် လုပ်ထားသော အရုပ်လေး တစ်ခုသာ ဖြစ်သော်လည်း အရုပ်ကိုယ်ထဲတွင် ရှိနေသည့် ဝိညာဉ်မှာတော့ လူသားတစ်ယောက်၏ ဝိညာဉ်ပင် ဖြစ်သည်။
အရွယ်ရောက်ပြီးသည့် လူတစ်ယောက်အား သူ၏ အဝတ်ဗလာဖြင့် ကိုယ်ကို ပြနေသည်ဟု တွေးမိသွားသောအခါ သူ ရှက်ရွံ့သွားပြီး သည်းမခံနိုင်တော့ပေ။ ယောလ်သည် တတ်နိုင်သမျှ ခန္ဓာကိုယ်ကို သေးငယ်အောင် ကွေးလိုက်ပြီး သူ၏ အရေးကြီးသော နေရာလေးများကို လက်ဖြင့် အုပ်လိုက်လေသည်။
“မ-မဟုတ်ဘူး၊ ကျွန်-ကျွန်တော့်မှာ အဲဒါ မရှိတော့ဘူး”
“…”
ယောလ်၏ အော်သံကြောင့် မိုက်ကီရယ် လုပ်နေသည်များ ရပ်သွား၏။ ထိုစကားများကြောင့် သူ အလွန်အံ့သြသွားပြီး ကျောက်ရုပ်ကြီး တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ဖြစ်သွားလေသည်။
ဒီခန္ဓာကိုယ်ပေါ်မှာ ဘာရှိမယ်လို့များ ထင်နေတာလဲ။ သူ လုံးဝ နားမလည်နိုင်တော့ပေ။
ထိုအတောအတွင်း ယောလ်သည် နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားပြန်သည်။ သူ့ခေါင်းထဲတွင် သူသည် အရုပ်တစ်ရုပ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်းကိုလည်း သိထား၏။ ကလေးများ ဆော့ကစားသည့် အရုပ်တွင် ထိုကဲ့သို့သော အသေးစိတ်အချက်အလက်များ ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဆင်ခြင်တုံတရားဖြင့် စဉ်းစားကြည့်လျှင် သူကိုယ်ပေါ်၌ ငရုတ်သီး မရှိခြင်းသည် သဘာဝကျ၏။ သို့သော် သူ၌ ရှိသင့်သော အရာ မရှိသောကြောင့် လက်ခံဖို့ရာ ခက်ခဲလှသည်။
ယောလ်သည် သူ့ခန္ဓာကိုယ်ကို ဂရုတစိုက် ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်သည် မက်မွန်ရောင်ဖျော့ဖျော့ အထည်သားဖြင့် ပြုလုပ်ထားပြီး ဝါဂွမ်းလုံးလေး တစ်ခုနှင့်သာ တူ၏။ ထို့နောက် ယောလ်သည် ရှက်ရွံ့စွာဖြင့် သူ့ပါးလေးကို ကုတ်လိုက်သည်။
“အိုး ဟုတ်သားပဲ၊ အရုပ်ရဲ့ ခန္ဓာကိုယ်မှာ အဲလိုအရာမျိုး ရှိစရာမှ မလိုတာ”
အဖြစ်မှန်ကို မြန်မြန်ဆန်ဆန် လက်ခံလိုက်သော ယောလ်သည် တိုးညှင်းစွာ ပြောလိုက်သည်။ ထိုအခါ မိုက်ကီရယ်သည် ထိုအရာမှာ ရယ်စရာ ကောင်းသည့်အလား အားရပါးရ ရယ်မောလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ယောလ်သည် သူ့အသိစိတ် ပြန်ဝင်လာပြီး ရေချိုးခန်းကို ပတ်ကြည့်လိုက်လေသည်။
ရေချိုးခန်းသည်ပင် အလွန်ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသဖြင့် နေရာတိုင်းတွင် တောက်ပနေ၏။ အဖြူရောင် စကျင်ကျောက် ကြမ်းပြင်တစ်ခုလုံးကို ပွတ်တိုက်ထားသဖြင့် ကြည့်ရုံနှင့် စိတ်ကြည်နူးစေသည်။
ယောလ်သည် ပါးစပ်အဟောင်းသားလေးဖြင့် ရေချိုးခန်းကို ပတ်ကြည့်လိုက်သည်။
ရေချိုးခန်းကြီးတစ်ခု အလယ်တွင်ရှိပြီး ပတ်ပတ်လည်တွင် သေးငယ်သော ရေချိုးကန်လေးများလည်း အနည်းငယ် ရှိ၏။
ရေချိုးကန်တစ်ခုစီရှိ ရေ၏ အရောင်သည် ထူးဆန်းစွာ ကွဲပြားခြားနားသည်။ အချို့ရေကန်များသည် မြစိမ်းရောင်ဖြစ်ပြီး အချို့မှာ ကြည်လင်သော ရေသာဖြစ်ကာ အချို့မှာ လိမ္မော်ရောင်ဖျော့ဖျော့ ရှိသည်။ သူတို့ ပိုမို နီးကပ်လာသည်နှင့်အမျှ အနံ့များသည်လည်း အရောင်များကဲ့သို့ပင် ကွဲပြားခြားနားသည်။ နေရာတိုင်းမှ သင်းပျံ့သော အနံ့များသည် သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။
ယောလ်သည် ကျေနပ်သော အမူအရာဖြင့် ရေချိုးကန်များကို ပတ်ကြည့်ကာ သူ့ခန္ဓာကိုယ်ကို ဘယ်ကန်ထဲ စိမ်ရမည်ကို စဉ်းစားနေ၏။ ထို့နောက် သူသည် သင့်လျော်သော ရေချိုးကန်တစ်ခုကို တွေ့လိုက်သောကြောင့် သူ၏ အပြာရောင် မျက်လုံးလေးများ တောက်ပသွားလေတော့သည်။
အလွန်နိမ့်ပြီး တိမ်သော ရေချိုးကန်လေးတစ်ခု ရှိ၏။ မိုက်ကီရယ် တားဆီးရန် မတတ်နိုင်ခင်မှာပင် ယောလ်သည် ကန်ထဲသို့ ခုန်ဆင်းသွားသည်။ ထို့နောက် သူသည် သက်တောင့်သက်သာ လှဲချလိုက်ပြီး သူ့အတွက် အတော်ပင် သင့်တော်သော အရွယ်အစားဖြစ်သည်ဟု တွေးကာ ကျေနပ်နေလေသည်။
ဒါ ငါ့ခန္ဓာကိုယ်နဲ့ ဘယ်လို အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်။ ဒါ ဘာဆေးတဲ့ နေရာလဲ။ သေးသေးလေးနဲ့ အနေတော်ပဲ။ ခြေထောက်ဆေးဖို့ အတော်ပဲ။ ခဏလေး
ဒါ တကယ်ကြီး ခြေထောက်ဆေးဖို့အတွက်လား။
ရေနွေးနွေးထဲတွင် စိမ်နေသော ယောလ်သည် ထိုရေကန်လေး၏ ရည်ရွယ်ချက်ကို စဉ်းစားနေစဉ် ရုတ်တရက် သူ့စိတ်ထဲပေါ်လာသော အတွေးကြောင့် တောင့်တင်းသွားပြီး ထိုင်နေရာမှ ကပျာကယာ ခုန်ထလိုက်၏။
“မိုက်ကီရယ်! မိုက်ကီရယ်! ဒါ ဘာအတွက်…ဟင့်အင်း မပြောနဲ့တော့! မဖြေနဲ့တော့နော်!”
သူ့ပတ်ဝန်းကျင်မှ ရေကန်အရွယ်အစားနှင့် သူစိမ်နေသော ရေကန်အရွယ်အစားကို နှိုင်းယှဉ်လိုက်သည့် ယောလ်မှာ ကြောက်လန့်တကြား ရေကန်ထဲမှ ခုန်ထွက်လိုက်တော့သည်။
အား…. ငါ ခြေထောက်ဆေးတဲ့ ရေကန်ထဲ ရောက်သွားတာပဲ။