Chapter 15
"လပ်ကီး!"
ယောလ် လပ်ကီးကို အလောတကြီး ခေါ်လိုက်ပြီး အထိတ်တလန့် ဖြစ်နေတော့သည်။
ဥပေါက်တော့မယ်၊ ပေါက်တော့မယ်!
သူ စောင့်မျှော်နေခဲ့ရသော အခိုက်အတန့်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းပင်။ သို့သော် ယခု ဤအခြေအနေကို အမှန်တကယ် ကြုံလာရသောအခါ ဘာလုပ်ရမည်ကို သူမသိတော့ပေ။
ဒါကို ဖွင့်ဖို့ ခလုတ်က ဘယ်မှာလဲ ဒါမှမဟုတ် နည်းနည်း ထပ်စောင့်သင့်လား။
ယောလ်တစ်ယောက် ဟိုဟိုဒီဒီ လှုပ်ရှားနေစဉ်တွင် အသံက ထပ်မံ ထွက်ပေါ်လာသည်။ ဥပေါ်ရှိ အက်ကွဲရာများက သစ်ပင်၏ ပင်စည်အထူကြီးတစ်ခု အက်ကွဲလာ သကဲ့သို့ အက်ကွဲကြောင်းမှာ အလယ်မှ စတင်လာကာ ဘေးဘက်ရှိ အက်ကွဲရာများသည်လည်း သစ်ကိုင်းများ သဖွယ် တဖြည်းဖြည်း ပျံ့နှံ့လာလေ၏။
မည်သည်ကို လုပ်ရမည်မှန်း မသိသော ယောလ်က သူထိုင်နေသော ကုလားထိုင်ပေါ်မှ လျင်မြန်စွာ ခုန်ချလိုက်သည်။ သို့သော် သူ့ခေါင်း၏ အရွယ်အစားကို မထိန်းနိုင်ဘဲ ရှေ့သို့ လဲကျသွားတော့၏။
သာမန်ဆိုလျှင် ဒဏ်ရာရခြင်းအတွက် သူ ငြီးငြူနေမည် ဖြစ်သော်လည်း ယခုမူ ထိုသို့လုပ်ရန်ပင် စိတ်မပါနေ၍ အလျင်အမြန် ထကာ စက်နားသို့ ချဉ်းကပ်လိုက်သည်။
"အိုး…ငါ ဘာလုပ်ရမလဲ"
စက်ရှေ့သို့ ရောက်သော် သူ့ခန္ဓာကိုယ် သေးသေးလေးကြောင့် မည်သည်မျှ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ ခုန်ဆွခုန်ဆွ လုပ်ပြီး အော်ဟစ်နေရ၏။ ထိုစဉ် အက်ကွဲသံများက ပိုမို ကျယ်လောင်လာလေသည်။
"မိုက်ကီရယ် ဒီကောင်…ဘယ်တော့မှ ပြန်လာမှာလဲ!"
ယောလ် အလျင်စလိုဖြင့် ထိုစက်ကို လှည့်ပတ်နေရင်း သူ ပုံမှန်အားဖြင့် မမြင်ချင်သော မိုက်ကီရယ်ကို ရှာဖွေနေလေသည်။
သူ ကြည့်လိုက်သော် သားရဲက ဥကို ဖောက်ထွက်လာရန် အချိန် အနည်းငယ် ကြာဦးမည်ဟု ထင်ရ၏။ လပ်ကီးက သာမန်တိရစ္ဆာန်နှင့် တူပုံရသည်။ ထို့ကြောင့် လောနေစရာ မလိုဘူးဟု ယောလ်တွေးမိလိုက်၏။
စိတ်ထဲ၌ ထိုသို့ တွေးနေသော်လည်း သူ့နှလုံးသားကမူ ပြင်းထန်စွာ ခုန်နေခဲ့သည်။
အချိန် အနည်းငယ် ကြာဦးမည် ဖြစ်သောကြောင့် လပ်ကီး ဥထဲမှ ပေါက်ဖွားလာသည်ကို မြင်ရလျှင် ကောင်းလိမ့်မည် ဆိုသော်လည်း ယောလ်က ကုလားထိုင်ပေါ်မှ ဆင်းလာခဲ့ပြီးပြီ ဖြစ်သဖြင့် ထိုသို့ လုပ်၍ မရခဲ့ပေ။
"ပြန်တက်ရအောင်"
အတော်အတန် စဉ်းစားပြီး ယောလ် ကုလားထိုင်ပေါ်သို့ ပြန်တက်ရန် ဆုံးဖြတ်လိုက်သည်။
ယောလ်တစ်ယောက် သုတ်သီးသုတ်ပြာနှင့် ကုလားထိုင်ခြေထောက်ထံသို့ ပြေးသွားပြီး ၎င်းကို ဖမ်းဆုပ်ကာ အပေါ်တက်ရန် ကြိုးစားရုန်းကန်နေ၏။ သို့သော် သူ စိုးရိမ်စိတ် များနေသောကြောင့် ဖြစ်လောက်မည်။ အပေါ်သို့ ရောက်ရမည့်အစား ထိုနေရာတွင်သာ ရှိနေခဲ့သည်။
"အားးး ငါတော့ ရူးတော့မှာပဲ!"
ထိုအတောအတွင်း ဥမှ အက်ကွဲသံက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခဲ့သည်။
ယောလ်၏ စိတ်မထိန်းနိုင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိတော့မည့် အခိုက်အတန့်ပင်။
"ဘာဖြစ်နေတာလဲ"
ထိုအချိန်တွင် တံခါးပွင့်လာပြီး မိုက်ကီရယ် ပေါ်လာလေသည်။ ယောလ်မှာ ကယ်တင်ရှင် တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူ ခြေထောက် ပုတိုလေးများဖြင့် မိုက်ကီရယ်ထံသို့ ပြေးသွားပြီး ဘောင်းဘီအနားစကို ဆွဲကိုင်ကာ ခိုလိုက်သည်။
"မိုက်ကီရယ် မိုက်ကီရယ်! လပ်ကီး ဥပေါက်တော့မယ် ထင်တယ်၊ ကျွန်တော် ဘာလုပ်ရမလဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချီပေးပါဦး"
"ပေါက်တော့မှာလား"
"ဟုတ်တယ် အက်ကွဲကြောင်းတွေ မြင်လိုက်တယ်!"
မိုက်ကီရယ့်မေးခွန်းအား ယောလ်က သူ၏ လက်သီးစုပ်အရွယ် ခေါင်းလေးကို အပေါ်အောက် ငြိမ့်ပြခဲ့သည်။ မိုက်ကီရယ်က သူ့မျက်လုံးများမှ စိတ်အားထက်သန်မှုကို မြင်သောအခါ ယောလ်အား စက်ထံသို့ ခေါ်သွားလိုက်၏။
"အယ် တိတ်ဆိတ်နေပါလား"
အက်ကွဲသံများ မရှိတော့ပေ။ စိုးရိမ်စိတ် တစ်ဝက်၊ စိတ်လှုပ်ရှားမှု တစ်ဝက်ဖြင့် ယောလ် တံတွေးမျိုချလိုက်သည်။ သူက လည်ပင်းမရှိဘဲ မျက်နှာနှင့် ခန္ဓာကိုယ်ကို တွဲချုပ်ထားသော နှစ်ပိုင်းသာ ရှိသည့် ခန္ဓာကိုယ်ပုံစံ ဖြစ်နေသောကြောင့် လည်ဇလုတ် လှုပ်ရှားသွားရမည့်အစား သူ့ပါးပြင်များကသာ ဖောင်းပြီး မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
"မိုက်ကီရယ် ခင်ဗျား အထဲကို မြင်ရလား ဘယ်လိုလဲ၊ မဟုတ်ဘူး အခုဖွင့်ပေး ခလုတ်က အပေါ်မှာ ကျွန်တော် နှိပ်လို့မရဘူး"
ယောလ်က မေးခွန်းများကို အလျင်စလို မေးလိုက်သော်လည်း တစ်ဝက်တစ်ပျက်နှင့် စိတ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ သူ့မျက်စိဖြင့် မြင်ရခြင်းက ပို၍ စိတ်အေးရလိမ့်မည်ဟု သူ တွေးခဲ့၏။
မိုက်ကီရယ်က မည်သည်မျှ မပြောဘဲ စက်၏ အပေါ်ဘက်ရှိ ခလုတ်ကို နှိပ်လိုက်သည်။
လက်သည်းခွံ အရွယ်မျှသာ ရှိသော ယောလ်၏ နှလုံးမှာ ပေါက်ကွဲတော့မတတ် ခုန်နေလေ၏။ ထိုစက်တံခါး ပွင့်နေသည့် အခိုက်အတန့်က အချိန် အတော်လေး ကြာသကဲ့သို့ပင်။
နောက်ဆုံးတွင် အချိန် အတော်ကြာ စောင့်ဆိုင်းပြီးနောက် တံခါးမှာ ကျယ်ပြန့်စွာ ပွင့်လာတော့သည်။
[ဘီး၊ ဘီး!]
အသံတိုးတိုးလေး ထွက်လာကာ ယောလ်နှင့် လပ်ကီးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံသွားကြ၏။ ရွှေရောင် ခန္ဓာကိုယ်ကို ကြည့်ကာ ယောလ်၏ နူးညံ့သော ခန္ဓာကိုယ်မှာ တောင့်တင်းသွားလေသည်။
ကြီးမားသော မြကျောက်ရောင် မျက်လုံးများ၊ ချောမွေ့သော ကိုယ်ခန္ဓာနှင့် ရွှေရောင်အကြေးခွံများ…အကြေးခွံများမှာ ရွှေကဲ့သို့ တောက်ပနေ၏။
ထို့အပြင် ခန္ဓာကိုယ်နှင့် အချိုးအစား ညီမျှသော အတောင်ပံများနှင့် ၎င်း၏ အရွယ်အစားက အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး..."
ယောလ်မှာ စကားပင် မပြောနိုင်ချေ။
ငါ့လပ်ကီးလေး၊ ငါ့လပ်ကီးလေးက မဖြစ်နိုင်တာ။
"ဒါ နဂါးတစ်ကောင်ပဲ"
လပ်ကီးက တကယ်ကို နဂါးတစ်ကောင်ပင်။ သူ တကယ့် နဂါးကို မမြင်ဖူးသော်လည်း ယောလ်မှာ လပ်ကီး၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်သည်နှင့် ၎င်းမှာ နဂါးတစ်ကောင် ဖြစ်ကြောင်း ဝိုးတဝါး သိလိုက်သည်။
သူ ရုပ်ရှင်များတွင်သာ မြင်ဖူးခဲ့သော နဂါးက သူ့ရှေ့တွင် အမှန်တကယ် ရှိနေခြင်းပင်။ ရုပ်ရှင်ထဲကနှင့် မတူဘဲ အလွန် သေးငယ်ပြီး ချစ်ဖို့ကောင်းနေခဲ့၏။
"ဘီး!"
လက်ကီးက ယောလ်ကို ခဏလောက် စိုက်ကြည့်ပြီး အော်လိုက်၏။ ထို့နောက် ယောလ်ထံသို့ ပြေးသွားလေသည်။
အမှန်တော့ လပ်ကီးက မီဒီယာမှာ မြင်နေကြ နဂါးများနှင့် ယှဉ်လျှင် အလွန် သေးငယ်နေခဲ့သည်။ သို့သော် ယောလ်ထက်တော့ ပိုကြီး၏။
လပ်ကီးက ယောလ်ထံသို့ အပြေးအလွှား သွားလိုက်သည်နှင့် ယောလ်မှာ မသိစိတ်ကြောင့် လှည့်ပြေးမိတော့သည်။
"အားး မလာနဲ့!"
ငါ့ရဲ့ လပ်ကီးလေး…ချစ်စရာကောင်းပြီး အဖိုးတန်တဲ့ လပ်ကီးလေးက နဂါးလေးတဲ့၊ ဒါပေါ့ နဂါးတွေက အရမ်း မိုက်တယ်! အဲလို မိုက်တာက ကောင်းပါတယ် ဒါပေမဲ့ ငါ့ဆီကိုတော့ မပြေးလာနဲ့လေ ငါကြောက်တယ်လို့!
သူ့ခေါင်းလေးထဲတွင် ရှုပ်ထွေးသော အတွေးများ ပြည့်နှက်သွားသည်။ ယောလ်က သူ၏ ခြေထောက်ပုတိုလေးများနှင့် အလောတကြီး ပြေးရင်း လပ်ကီးကို ရှောင်နေ၏။
သို့သော် နဂါး ဖြစ်နေ၍လား မသိပေ၊ ယခုမှ မွေးကာစလေး ဖြစ်သော်လည်း လပ်ကီးက မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြေးနိုင်သည်။ သိပ်မကြာခင်မှာပင် ယောလ်ကို ဖမ်းမိသွားတော့၏။
"မိုက်ကီရယ် မိုက်ကီရယ်လို့ ကျွန်တော့်ကို ကယ်ပါဦး!"
လပ်ကီးက သူ့ရှေ့ခြေထောက်နှင့် ယောလ်ကို ဖိထားပြီး မလှုပ်နိုင်အောင် လုပ်လိုက်၏။ ထို့နောက် တစ်ခဏအတွင်း ယောလ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
မိုက်ကီရယ်၏ မျက်လုံးများက အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပြီး အန်ဒရီဟူသော လူယုတ်မာက သူ့ကို နဂါးတစ်ကောင် ပေးလိုက်သည့်အပေါ် သူ အတော်လေး ဒေါသထွက်နေခဲ့၏။
ယောလ်၏ အလောတကြီး အော်ဟစ်သံကို ကြားသော် မိုက်ကီရယ် မြင်လိုက်ရသည်မှာ လပ်ကီး၏ ပါးစပ်ထဲတွင် အပြည့်ငုံထား၍ မရသဖြင့် အပြင်သို့ သနားစဖွယ် ထွက်နေသည့် ယောလ်၏ လက်တစ်ဖက်ပင်။
"သေစမ်း ယူရီ!"
မိုက်ကီရယ်က ယောလ်ကို အော်ခေါ်ပြီး လပ်ကီးကို ဆွဲယူလိုက်၏။ ထို့နောက် လည်ပင်းကို ကလိထိုးလိုက်သဖြင့် လပ်ကီးက ခန္ဓာကိုယ်ကို ခါပြီး ပါးစပ်ဟမိလိုက်သည်။ ထိုအခါ မိုက်ကီရယ်က အချိန် မဆိုင်းဘဲ ယောလ်ကို လပ်ကီး၏ ပါးစပ်ထဲမှ အမြန် ဆွဲထုတ်လိုက်၏။
ကံကောင်းထောက်မစွာနှင့် မွေးကင်းစ လပ်ကီး၏ သွားလေးများက အလွန် သေးငယ်ပြီး မချွန်ထက်သေးပေ။ ထို့ကြောင့် ယောလ်မှာ မည်သည့် ဒဏ်ရာမျှ မရခဲ့ပေ။ မိုက်ကီရယ်က သက်ပြင်းချပြီး ယောလ်ကို ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ချပေးလိုက်သည်။
"အူးဝါးးး ဟင့်၊ ကျွန်တော် သေတော့မယ်လို့ ထင်နေတာ! ရား လပ်ကီး ငါ မင်းကို ပျိုးထောင်ခဲ့တာကို မင်း ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ! အမလေးလေး"
ဒဏ်ရာများ မရခဲ့သော်လည်း စိတ်ဒဏ်ရာကတော့ အတော်လေး ကြီးမား၏။ လပ်ကီး၏ တံတွေးတင်မက သူ၏ ကိုယ်ပိုင် မျက်ရည်များနှင့် ယောလ်မှာ ခဏလေးအတွင်းမှာပင် အဝတ်စုတ် တစ်ခုကဲ့သို့ ဖြစ်သွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ တရှုံ့ရှုံ့ ငိုနေတော့သည်။ တစ်ဖက်၌ လပ်ကီးက ယောလ်ကို ကြည့်ရင်း သူ့၏ လျှာအရှည်ကြီးကို ထုတ်လိုက် သွင်းလိုက် လုပ်နေ၏။
[ဘီး၊ ဘီး—]
"ဘာလဲ ချစ်စရာကောင်းအောင် ငိုပြနေရင် လွှတ်ပေးမယ် ထင်နေလား၊ ချစ်ဖို့ကောင်းတာနဲ့ ပြီးရောလား ဟမ် ကောင်းပြီလေ မင်းက ချစ်ဖို့ကောင်းတယ် ဟုတ်တယ်၊ ဒါပေမဲ့ ငါ့ကိုတော့ မစားနဲ့လေ! ငါက စားစရာ မဟုတ်ဘူး မင်းရဲ့ ဖေဖေကွ!"
ယောလ်က လပ်ကီးကို စူးရှကျယ်လောင်စွာ ငေါက်ငမ်းလိုက်သည်။ တစ်ချိန်တည်းမှာ လပ်ကီးက မိုက်ကီရယ်၏ လက်မောင်းပေါ်၌ ရုန်းကန်နေပြီး သူ၏ ချောမွတ်သော အမြီးလေးကို ရမ်းခါနေသည်မှာ သူ့ကို လွှတ်ပေးစေချင်နေပုံပင်။
"ဟင့် ချွဲကျိနေတာပဲ၊ နေရတာ အဆင်မပြေလိုက်တာ!"
ယောလ်က သူ့ကိုယ်ပေါ်မှာ ပေကျံနေသော အရည်များကို စိတ်ရှုပ်စွာ သုတ်လိုက်သည်။ လပ်ကီးကလည်း 'ဘီး...ဘီး...' နှင့် မြည်တမ်းနေသည်မှာ တရှုံ့ရှုံ့ ငိုပြီး သူ့ကို လွှတ်ပေးဖို့ ပြောနေသကဲ့သို့ပင်။
မိုက်ကီရယ် သက်ပြင်း ချလိုက်မိ၏။ နှစ်ဖက်စလုံးက မတူညီသည့် အကြောင်းပြချက်များနှင့် ဆူညံနေသောကြောင့် သူ့ခေါင်း ပေါက်ထွက်တော့မတတ်ပင်။ သူက တိတ်ဆိတ်သည့် အခန်းမှာ တစ်ယောက်တည်း နေဖို့ကိုသာ အမြဲ လိုချင်ခဲ့ခြင်း ဖြစ်၏။ ယခုမူ ဆူညံသော သတ္တဝါလေးနှစ်ကောင် ရောက်လာသည်ကို သူ မည်သို့မှ လက်မခံနိုင်သေးပေ။
"မကိုက်ရဘူး၊ မျိုမချရဘူး၊ မစားရဘူး! ငါက စားစရာ မဟုတ်ဘူး၊ ငါက မင်းရဲ့ ဖေဖေ ဟုတ်ပြီလား! လပ်ကီး ပြောကြည့် ဖေဖေ…လို့"
["ဘီး!"]
"ဟုတ်တယ် ဟုတ်တယ်"
ယောလ်က လပ်ကီးကို သံယောဇဉ် မဖြတ်နိုင်ဘဲ အဝတ်စုတ်တစ်ခုကဲ့သို့ ဖြစ်နေသည့် ကြားမှပင် မိုက်ကီရယ်၏ လက်ထဲ၌ ရှိနေသော လပ်ကီးကို လှမ်းပြောလိုက်သည်။
ယောလ်ခမျာ သေမင်းတခါးဝသို့ ခဏတာမျှ ရောက်သွားသော်ငြားလည်း ၎င်းက သူ နေ့ရောညပါ စောင့်မျှော်ခဲ့ရသည့် လပ်ကီးအပေါ်ထားသော သူ၏ ချစ်ခြင်းမေတ္တာကို လျော့ပါးမသွားစေခဲ့ပေ။
ဟုတ်တယ်လေ၊ ဒါက နဂါးပဲကို၊ နဂါးတွေက ဒီလိုမျိုး ဖြစ်နိုင်တာပဲ။
ယောလ် ထိုသို့တွေးပြီး သူ၏ အံ့သြတုန်လှုပ်နေသော နှလုံးသားကို နှစ်သိမ့်လိုက်သည်။
ထိုစဉ် လပ်ကီးကလည်း အတော်လေး တိတ်ဆိတ်သွား၏။ သူက သူ့ အမြီးကို မခါတော့ပေ။ ထိုအစား ခေါင်းလေးကို စောင်းပြီး တောက်ပသည့် မြစိမ်းရောင် မျက်လုံးဝိုင်းကြီးများကို ပေကလပ် ပေကလပ် မှိတ်ပြနေသည်။
၎င်းမှာ အလွန် ချစ်စရာကောင်းသောကြောင့် ယောလ်တစ်ယောက် ရင်ဘတ်ကို ဖိလိုက်မိ၏။
"ဟူးးး မင်းချစ်ဖို့ကောင်းနေလို့သာ ငါ တော်တော်လေး သည်းခံနေတာနော်"
ယောလ်က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ လပ်ကီးက အားပါးတရ သမ်းဝေပြီး ကြောင်လေးကဲ့သို့ သူ၏ လက်ဖဝါးများနှင့် မျက်နှာကို ပွတ်သပ်နေ၏။ ၎င်းကို စတင် စွဲလမ်းလာသော လပ်ကီးက ယောလ်ကို စိတ်မဝင်စားတော့သည့် ပုံပင်။
"အခုတော့ နည်းနည်း တည်ငြိမ်သွားပြီ ထင်တယ်၊ ချပေးလို့ ရပြီ ထင်တယ်နော်"
ထိုမြင်ကွင်းကြောင့် စိတ်သက်သာရာ ရသွားသော ယောလ်က မိုက်ကီရယ်ကို ပြောလိုက်သည်။ မိုက်ကီရယ်ကတော့ စိတ်ပူနေတုန်းပင်။ သို့သော် ယောလ်ပြောသည့်အတိုင်း လပ်ကီးက ယခင်ကထက် အများကြီး ငြိမ်သွားပုံ ရသောကြောင့် သူ လပ်ကီးကို ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ချပေးလိုက်သည်။
လပ်ကီးက ကြမ်းပြင်ပေါ်ရှိ ကော်ဇောကို အနံ့ခံကြည့်ပြီး သူ၏ အမြီးကို လှည့်ဖမ်းဖို့ ကြိုးစားနေ၏။
“ဟမ့် မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"
ယောလ်က သူ၏ အသွင်အပြင်ကို သဘောကျပြီး တီးတိုး ရေရွတ်နေစဉ် လပ်ကီးက ရုတ်တရက် လှုပ်ရှားနေသည်ကို ရပ်လိုက်၏။ သူ့အကြောင်း ပြောသည်ကို သိနေပုံပင်။ ထို့နောက် သူက ယောလ်ကို လှည့်ကြည့်လာသည်။
ဒီလို အရင်ကလည်း ဖြစ်ဖူးတဲ့ ခံစားချက်ကြီးက ဘာလဲ။ အဲဒါက…သူ ငါ့ကို မကိုက်ခင် ကြည့်တဲ့ အကြည့်မျိုး!
"အားးးးး မိုက်ကီရယ် ကယ်ပါဦး!"
ယောလ်တစ်ယောက် နောက်တစ်ခေါက် အကိုက်ခံလိုက်ရပြန်သည်။