Chapter 17
ယောလ်တစ်ယောက် ခြေထောက်လေးတွေနဲ့ ရေချိုးကန်ထဲကို ဝင်သွားကာ ရွံရှာစွာဖြည့် တုန်ရီနေသည်ကို မြင်နေရသော မိုက်ကီရယ်မှာ ခေါင်းကိုသာ ခေါင်းသာယမ်းလိုက်မိတော့သည်။
မိုက်ကီရယ်အား လုံးဝမပေးဘဲ သူ့သဘောနှင့်သူ အဘယ်ကြောက့် ဝင်သွားရသည်ကို နားမလည်နိုင်ပေ။ ဤချည်အရုပ်ကလေးမှာ နည်းမျိုးစုံဖြင့် ရယ်စရာကောင်းလွန်းသည်ဟု တွေးနေမိ၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေစက်လေးများကို သုတ်ပြီးနောက် ယောလ်သည် အနီးအနားမှ ရေချိုးကန်ကြီးရှိရာသို့ ဦးတည်သွားတော့သည်။ မိုက်ကီရယ်မှာ ချည်အရုပ်ကလေး ဦးတည်နေသည့် နေရာသို့ မြင်သော်အခါ၌ ရေချိုးကန်ထဲမှ ရေများကို ခွက်တစ်လုံးထဲသို့ ထည့်လိုက်ပြီး ယောလ်ကို ထိုခွက်ထဲတွင် ထည့်ပေးလိုက်သည်။
"အား ဒါက ကောင်းလိုက်တာ"
အရွယ်အစား သေးငယ်သော ရေပုံးလေးက ယောလ်အတွက် အနေတော်လေးပင် ဖြစ်သည်။
တက်လာသော အပူရှိန်ကြောင့် ယောလ်၏ ကိုယ်လေးဟာ ညင်သာစွာ အရည်ပျော်ကျသွားသလိုပင် ခံစားနေရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စုပြုံနေသော ပင်ပန်းနွမ်းနယ်မှုများမှာ လုံးဝပျောက်ကွယ်သွား သကဲ့သို့ပင်။
ယောလ်တစ်ယောက် ရေနွေးနွေးထဲမှာ စိမ်နေစဥ် မိုက်ကီရယ်မှာမူ ရေမွှေး၊ ရေချိုးသည့် ပစ္စည်းများနှင့် နူးညံ့သော ဘရပ်ရှ်လေးတစ်ခုကို ယူလာခဲ့၏။
သေချာပြန်စဉ်းစားကြည့်မည်ဆိုလျှင် အတော်လေး ရယ်စရာကောင်းလှသည်။ သူ့အနေဖြင့် တစ်စုံတစ်ယောက်အား ရေချိုးပေးရလိမ့်မည်ဟု မည်သည့်အခါမျှ မတွေးခဲ့ဖူးပေ။ ထို့အပြင် သူလုပ်ပေးနေရသူမှာလည်း အလွန်သေးငယ်လှသည့် သာမန် ချည်အရုပ်လေး တစ်ရုပ်ဖြစ်နေခြင်းမှာ အံဩစရာ ကောင်းလွန်းသည်။
မိုက်ကီရယ်သည် ယောလ်လေး စိမ်နေသော ရေခွက်လေးထဲသို့ အမွှေးဆီများအား အစက်အနည်းငယ်မျှ ချပေးရင်းဖြင့် ရယ်မောလိုက်မိ၏။
ရေပမာဏမှာ နည်းလွန်းသောကြောင့် အမွှေးဆီ အစက်အနည်းငယ်မျှ ထည့်ရုံဖြင့်ပင် အမွှေးရနံ့များမှာ တစ်ခွက်လုံး မွှေးပျံ့သွားလေသည်။ ထို့နောက် ရေချိုးဆပ်ပြာရည် ထည့်လိုက်သောအခါ အဖြူရောင် အမြှုပ်များ ထွက်ပေါ်လာတော့သည်။
ရေပြင်ပေါ်သို့ တပွက်ပွက်ဖြင့် ထပေါ်နေသော ဆပ်ပြုအမြှုပ်လေးတွေအား ယောလ်သည် သူ့လက်နှင့် ခြေထောက်တိုတိုလေးတွေကို အသုံးပြု၍ ရေကို ဆော့ကစားနေလေသည်။ ထိုသို့ အဆက်မပြတ် ရေကို လှုပ်ယမ်းနေခြင်းကြောင့် ဆပ်ပြာ အမြှပ်များမှာ ပိုမိုများပြားလာပြီး ပွတတ်လာသည်။
"ဝါး မွှေးလိုက်တာ"
ချိုမြိန်ပြီး လန်းဆန်းစေသော ရနံ့လေးကို ယောလ်တစ်ယောက် စိတ်ကျေနပ်စွာ ရှူရှိုက်ရင်းဖြင့် အမြုပ်လေးတွေ အနားသို့ သူ့မျက်နှာလေး ကပ်လိုက်သည်။ မိုက်ကီရယ်မှာ ယောလ်၏ ထိုအပြုအမူလေးအား တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေရင်းဖြင့် လှိုင်းလုံးလေးများကဲ့သို့ နူးညံ့ညင်သာသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။
မိုက်ကီရယ်က ယောလ်၏ ဆံပင်ပိစိလေးများကို ဘရပ်ရှ်လေးနှင့် ညင်သာစွာ ပွတ်တိုက်ပေးနေသည်။ ဘရပ်ရှ်နှင့် ယောလ်ခန္ဓာကိုယ်အား ညင်သာစွာ ပွတ်တိုက်ပေးရသည့် ခံစားချက်နှင့် အမြှုပ်များကြောင့် ချောမွေ့သွားသော သူ့ကိုယ်လေးကို မြင်လိုက်ရသောကြောင့် မိုက်ကီရယ်မှာ ကျေနပ်နေမိသည်။ ယောလ်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးအယး မိုက်ကီရယ်ကို လုံးလုံးလျားလျား အပ်နှံလိုက်ပြီး ရေချိုးပေးနေခြင်းကို ပျော်ရွှင်စွာ ဇိမ်ခံနေတော့သည်။
"အာ ကျွန်တော့် ကိုယ်လုံးကိုတော့ ကိုယ့်ဘာသာ လုပ်လိုက်မယ်"
နွေးထွေးသည့် နေရောင်ခြည်အောက်တွင် အရည်ပျော်ကျနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဇိမ်ခံနေသော ယောလ်မှာ မိုက်ကီရယ်၏ လက်က သူ့ခေါင်းအောက်သို့ ရောက်လာချိန်တွင် လန့်သွားခဲ့သည်။
ယခုအချိန်တွင် အရုပ်တစ်ရုပ်၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်နေရသော်လည်း သူဝိညာဉ်မှာတော့ လူကြီးတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ ဤအသက်အရွယ်ရောက်မှ အခြားလူတစ်ယောက်၏ ရေချိုးပေးခြင်းကို ခံရပါက သူ့ကို အလွန်ပင် ရှက်ရွံ့စေမိသည်။
"လုပ်နိုင်ရင် လုပ်လိုက်ပေါ့"
မိုက်ကီရယ်၏ စကားကိုကြားသည်နှင့် ယောလ်က ထိုလူလှမ်းပေးသော ရေချိုးဘရပ်ရှ်ကို လက်ခံလိုက်သည်။ ဘရပ်ရှ်ကို သူ့ခန္ဓာကိုယ်အား ချိန်လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် လက်ကိုင်ရှည်ကို မြဲမြံစွာ ကိုင်လိုက်၏။
သို့သော် လက်မောင်းနှစ်ဖက်စလုံး ယမ်းခါနေသောကြောင့် ယောလ်မှာ ချက်ချင်း ရှက်သွားတော့သည်။
ဘရပ်ရှ်၏ အရှည်က တအားရှည်လွန်းလို့လား သို့မဟုတ် ယောလ် ခန္ဓာကိုယ် ကိုက အရမ်းတိုလွန်းလို့လား မသိပေ မှန်ကန်သော အနေအထားသို့ ဘယ်လိုမှ ချိန်မရချေ။ သူက လက်ကိုင်ကို ဘရပ်ရှ်နှင့် တတ်နိုင်သမျှ နီးကပ်အောင် ကိုင်ပြီး ထပ်ကြိုးစားကြည့်ပြန်တော့လည်း ဤတစ်ကြိမ်မှာတော့ စိုစွတ်နေသည့် ဘရပ်ရှ်က ကိုင်ထားရန် ခက်ခဲလွန်းနေသည်။
သုံးလေးကြိမ်လောက် ကြိုးစားပြီးနောက် မအောင်မြင်သည့် ယောလ်မှာ စိတ်ဆိုးလာတော့သည်။ သူက စိုနေသည့် သူ့လက်သေးသေးလေးများဖြင့် သူ့ခန္ဓာကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ရန် ကြိုးစားနေသော်လည်း အမြှုပ်များကြား စိမ်ထားသည့် အဝတ်စကိုယ်ထည်က ချောမွတ်နေပြီး သူ့လက်ဖဝါးများက ချော်နေသောကြောင့် ရေချိုးနေသလို မခံစားရပေ။
ထိုအရာများအကုန်လုံးထက် အကြီးမားဆုံး ပြဿနာမှာမူ ကျောကုန်းပင် ဖြစ်သည်။ သာမန်လူများဆိုလျှင်တောင် သူတို့၏ ကျောကုန်းကို ကိုယ်တိုင်ဆေးကြောရန် ခက်ခဲနေပြီ ဖြစ်ပြီး ယောလ်က အရုပ်ဖြစ်နေသောကြောင့် သူ့လက်မောင်းများ၏ အရှည်က ပုံမှန်မဟုတ်ဘဲ တိုနေသည်။ ထိုအကြောင်းကြောင့် သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ စနစ်တကျ ရေချိုးဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
“...”
ယောလ်တစ်ယောက် သူ့ ခန္ဓာကိုယ်ကြောင့် အစီအစဉ်အတိုင်း မဖြစ်မြောက်သည့်အတွက် စိတ်ဓာတ်ကျလာတော့သည်။ အရုပ်တစ်ရုပ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်မှာ သူက အမြဲတမ်း မသက်မသာ ခံစားခဲ့ရသည်။ သို့ပေမယ့် ယနေ့ကတော့ သူ့ဆန္ဒအတိုင်း မဖြစ်မြောက်သည့် ပထမဆုံးနေ့ပင် ဖြစ်သည်။
သူမွေးထားသည့် ချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်လေး၏ စားသောက်ခြင်းကို ခံခဲ့ရသည့်အပြင် ခြေထောက်ရေစိမ်သည့် အထဲတွင်လည်း သူစိမ်လိုက်ရပြီး သူ့ဆန္ဒအတိုင်း ရေချိုးလို့လည်း မရခဲ့ပေ။တစ်ခုပြီးတစ်ခု ရေတွက်ကြည့်လိုက်တော့ ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းလာတော့သည်။
ယောလ်တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
မည်သည့် ပုံစံပဲ ဖြစ်နေပါစေ ခေါင်းကြီးကြီးနှင့် အရုပ်ကလေးဖြစ်နေသောကြောင့် သူက လုံးဝ ကြောက်စရာမကောင်းပေ။ ဆန့်ကျင်ဘက်အားဖြင့် မိုက်ကီရယ်က သူမြင်နေရသည့် အမြင်မှာတော့ ရာ်မောမိမတတ်ပင် ချစ်စရာကောင်းနေ၏။ မိုက်ကီရယ်က ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ရသည်။
စဉ်းစားကြည့်လိုက်မှ သူ ဤကဲ့သို့ ရယ်ခဲ့သည်မှာ ဘယ်နှစ်ကြိမ်ရှိပြီလဲ မသိတော့ပေ။ နောက်ဆုံး ရယ်ခဲ့သည်ကိုတောင် သူ သတိမရနိုင်တော့ပေ။
သို့သော် မကြာသေးခင်ကမှ စ၍ ရယ်စရာ အများကြီး ရှိခဲ့သည်။ ဤသေးငယ်ပြီး သာမန် ချည်အရုပ်လေးကြောင့်ပဲ ဖြစ်သည်။
ဤအရုပ်သေးသေးလေးကို ကြည့်၍ မရယ်ဘဲနေဖို့ဆိုတာ ထူးဆန်းလှ၏။ ဤသို့နှင့် ယောလ်၏ လှုပ်ရှားမှုများက လူတိုင်း အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
မိုက်ကီရယ်သည် ယောလ် ပစ်ချထားသော ဘရပ်ရှ်ကို ကောက်ယူပြီး ယောလ်၏ ခန္ဓာကိုယ်လေးကို ဖြည်းဖြည်းလေး ပွတ်တိုက်ပေးလိုက်၏။
ယောလ်မှာ မျက်လုံးလေးများ ပြူးကျယ်သွားသော်လည်း သူ လက်လျှော့လိုက်သလို ဘာမှမပြောဘဲ တိတ်ဆိတ်စွာနေခဲ့သည်။ မိုက်ကီရယ် သူ့ကို ရေချိုးပေးနေစဥ်မှာလည်း သူ ဆက်ပြီး တိတ်ဆိတ်နေတော့သည်။
နူးညံ့သည့် ထိတွေ့မှု၊ နွေးထွေးသော အပူချိန်နှင့် မွှေးကြိုင်သည့် ရနံ့တို့ ပေါင်းစပ်လိုက်ခြင်းက ရှူလိုက်ရုံနှင့်တင် စိတ်ချမ်းသာစေ၏။ သူ ရှက်ရွံ့နေသေးပေမယ့် ဤကဲ့သို့ အနားယူပြီး ငြိမ်ငြိမ်နေဪသည်က သိပ်မဆိုးလှပေ။ ဝမ်းနည်းမှုများ စွန်းထင်းနေသည့် သူ့နှလုံးသားလေးက သန့်စင်သွားသလိုပင် ခံစားရသည်။
ယောလ်၏ မျက်နှာလေးပေါ်တွင် ကျေနပ်သည့် အပြုံးလေးတစ်ခု ပေါ်လာ၏။
*
"အူဝါး…. ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ ကျွန်တော် သေတော့မယ်!"
ပျော်ရွှင်မှုက ကြာကြာမခံလိုက်ပေ။ ယောလ်က သေခါနီးအသံမျိုးနှင့် အော်ဟစ်လိုက်တော့သည်။
မွှေးကြိုင်ပြီး သန့်ရှင်းသည့် ရေချိုးခြင်း ပြီးသည်အထိ အရာရာ အဆင်ပြေခဲ့သည်။ ပြဿနာက ယောလ်၏ ခန္ဓာကိုယ်ပင်။ အပြင်ဘက်ရော အတွင်းဘက်ပါ ချည်သားဖြင့် ပြုလုပ်ထားခြင်းကြောင့် ယောလ်ကို သုတ်ပြီးသည့် နောက်မှာတောင် ရေများ စီးကျနေဆဲပင်။
မိုက်ကီရယ်က ပထမတော့ သည်းခံပြီး တဘက်နှင့် သုတ်ပေးခဲ့သော်လည်း စတုတ္ထမြောက်သဘတ် စိုစွတ်သွားသောကြောင့် သူ သက်ပြင်းတစ်ချက်ချလိုက်၏။
ယောလ် သူ့မျက်လုံးကို ကြည့်မလို့ လုပ်စဉ်တွင် မိုက်ကီရယ်၏ ကြောက်မက်ဖွယ်ကောင်းသော ကြမ်းတမ်းသည့် အသက်ရှူသံကို ကြားလိုက်ရ၏။ မိုက်ကီရယ်က ယောလ်ကို ကောက်ယူပြီး သူတတ်နိုင်သမျှ အားကုန်ညှစ်တော့သည်။
"ကျွန်တော် သေတော့မယ်၊ သေရပါတော့မယ် အာ့းးးးးးးးးး ကီရယ်-အာ့းးးးးးးးးး!"
လူသားသာဆိုလှင် သူ့တစ်ကိုယ်လုံး ကြေမွသွားလောက်သည်အထိ ညှစ်အားမှာ ပြင်းထန်လွန်းသည်။ သို့သော် ယောလ်မှာ ချည်ရုပ်လေးသာဖြစ်ပြီး လူသားမဟုတ်ခဲ့ပေ။ မိုက်ကီရယ် ဘယ်လောက်ပဲ ညှစ်ညှစ်၊ လိမ်လိမ်၊ ပုံသဏ္ဌာန်ပဲ ပျက်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာမရခဲ့ပေ။
ရိုးရိုးသားသားပြောရလှင် နာကျင်မှုက သိပ်မဆိုးလှပေ။ သို့သော် သူ့ခန္ဓာကိုယ် အလိမ်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာ ပြင်းထန်လှ၏။
"မိုက်ကီရယ်၊ ခွေးမသားကြီး! ရပ်လိုက်တော့လို့!"
နောက်ဆုံးမှာတော့ ယောလ် ပါးစပ်မှ ဆဲဆိုသံများ ထွက်ပေါ်လာ၏။ မိုက်ကီရယ်သည် ထိုဆဲဆိုသံကို ကြားလိုက်စဉ် ခဏရပ်လိုက်သော်လည်း ယောလ်ကို ညှစ်နေသည်ကိုတော့ မရပ်လိုက်ပေ။ နာရီလက်တံအတိုင်း အရှေ့သို့ ညှစ် ထို့နောက် နာရီလက်တံပြောင်းပြန် အတိုင်း နောက်သို့ ညှစ် နေခဲ့သည်။ သူ ဦးတည်ရာကို ပြောင်းပြီး သူ့ကိုယ်ကို ဆက်ညှစ်နေခဲ့သည်။
ဒီချည်ရုပ်က ရေ ဘယ်လောက်တောင် စုပ် ထားတာလဲ။
ညှစ်ပြီးသည့်နောက်မှာတောင် ရေ ဆက်ကျနေဆဲပင်။
ထို့နောက်မှာ လက်နှင့် အကြာကြီး ခြောက်သွားအောင် လုပ်ပြီးနောက် ရေများ ထပ်မကျတော့ပေ။ သူ ဆက်ပြီး စိုနေသေးသော်လည်း ယခင်ကလိုတော့ သိပ်မကျတော့ပေ။ ထိုအခါမှ မိုက်ကီရယ်က ယောလ်လ်ကို လွှတ်ပေးလိုက်သည်။
"ဒါ ငါ့ရဲ့ တတိယဘဝလား”
ယောလ်က ဝိညာဉ်ဆုံးရှုံးသွားပြီး သူ့စိတ်များ ရှုပ်ထွေးနေရင်း ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။
သူ့ ပထမဘဝက ကိုရီးယားက ဆင်းရဲတဲ့ ဘွဲ့လွန်ကျောင်းသားတစ်ယောက်။ ဒုတိယဘဝကတော့ စွဲလမ်းနေတဲ့ အရူးတစ်ယောက်ရဲ့ ချည်အရုပ်လေး။ တတိယဘဝက ဘာကြီးလဲ။
ဤကဲ့သို့ ဘဝမျိုးသာဆိုလျှင် သူ သုံးဘဝလုံး အသက်ရှင်ချင်စိတ် မရှိတော့ပေ။
ယောလ်က ကြမ်းပြင်ပေါ်မှာ ကူကယ်ရာမဲ့စွာ လဲလျောင်းနေ၏။
ယောလ်၏ ထိုပုံစံကို မြင်တော့ မိုက်ကီရယ်က မကျေနပ်သည့် အမူအရာဖြင့် သူ့ခေါင်းကို စောင်းလိုက်သည်။ ဒီဘက်တစ်ချက်၊ ဟိုဘက်တစ်ချက် ညှစ်ခံရပြီးနောက် ယောလ် ခန္ဓာကိုယ်က ရေမချိုးခင်ကနှင့်မတူဘဲ ပုံပျက်နေတော့သည်။
သူ့မျက်နှာမှာလည်း နည်းနည်းလှည်သွားသလို ခြေလက်တွေ၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းများလည်း မညီမညာဖြစ်နေ၏။ သူ့ဘယ်ဘက်ခြေထောက်များက ချည် မရှိသလောက်ဖြစ်နေသောကြောင့် ပျော့ခွေနေသည့်အပြင် သူ့ညာဘက်ခြေထောက်မှာမူ ပေါက်ထွက်တော့မတတ် ပြည့်ဖောင်းနေခဲ့သည်။
ကံကောင်းစွာဖြင့် ယောလ်မှာ မှန်ထဲသို့ မကြည့်မိခဲ့သောကြောင့် သူ့အခြေအနေကို သတိမထားမိခဲ့ပေ။ ယောလ်သာ သိခဲ့လျှင် ငိုယိုအော်ဟစ်ပြီး ငြီးတွားနေပေလိမ့်မည်။
ဒါကြောင့် သူ မသိခင်မှာပဲ မိုက်ကီရယ်က အမြန်ပြင်ရတော့သည်။
"အဟမ်း၊ စကားနားထောင်"
အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည့် မိုက်ကီရယ်က သူ့ကို အမိန့်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ယောလ်က ကြောင် အ, နေကာ 大 ပုံစံအတိုင်း လဲလျောင်းရင်းဖြင့် မျက်နှာကျက်ကို စိုက်ကြည့်နေတော့သည်။
မိုက်ကီရယ်က လက်ကီး သူ့ကို ပစ်မှတ်မထားနိုင်အောင် စင်ပေါ်တင်လိုက်ပြီး မြန်မြန်ဆန်ဆန် တစ်နေရာသို့ ထွက်သွားတော့သည်။
မိုက်ကီရယ် အခန်းထဲမှ ထွက်သွားပြီးနောက် ယောလ် လှုပ်ရှားခြင်းမရှိတော့ပေ။
ငါ နောက်ဆို ရေချိုးတော့ဘူး။ ဒီလို သောက်ကျိုးနဲ ရေချိုးတာမျိုးကို သေတောင်ထပ်မလုပ်တော့ဘူး။
ရေတွေစိုရွှဲနေစဉ်ကလို လေးလံနေခြင်းမျိုး မရှိတော့သော်လည်း သူ့ကိုယ်ခန္ဓာမှာ အနည်းငယ်လေးလံနေသေးသည်။ ဒါ့အပြင် သူ့ လက်ခြေအင်္ဂါများမှာ အားအင်ကုန်ခမ်းနေ၏။ အထူးသဖြင့် သူ့ဘယ်ဘက်ခြေထောက်က ထူးဆန်းစွာ အားနည်းနေခဲ့သည်။
"ဘာလို့ ငါ ဒီလောက်တောင် အားနည်းနေရတာလဲ၊ အား…ငါ့ခြေထောက်၊ ဘာလို့ ငါ့ခြေထောက်တွေ ဒီလိုဖြစ်နေရတာလဲ"
ပိန်လှီနေသည့် ဘယ်ဘက်ခြေထောက်ကို မြင်စဉ် ယောလ်မှာ ထိတ်လန့်တုန်လှုပ်ပြီး သတိမေ့သွားမလို ဖြစ်ခဲ့သည်။ နှိုင်းယှဉ်ကြည့်ရန် သူ့ညာဘက်ခြေထောက်ကို ကြည့်လိုက်သောအခါ သူ့ညာဘက်ခြေထောက်များက ပေါက်ထွက်တော့မတတိ ဖူးရောင်နေတော့သည်။ ခြေထောက်နှစ်ဖက်လုံးကို ကြည့်လိုက်သောအခါ ကွာခြားချက်မှာ ပိုပြီး သိသာထင်ရှားလှ၏။
ယောလ်မှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"င-ငါ့လက်တွေကရော ဘာဖြစ်တာလဲ"
လက်နှစ်ဖက်လုံးလည်း အလားတူပင်။ သူ့ဘယ်ဘက်လက်က ပိန်နေပြီး ညာဘက်လက်မှာ ပြည့်ဖောင်းနေခဲ့သည်။
ထူးဆန်းစွာ ပြောင်းလဲသွားသည့် သူ့ခန္ဓာကိုယ်ကို မြင်စဥ် ယောလ်တစ်ယောက် စိတ်ပျက်အားငယ်သွား၏။
သူ့မှာ ဘာဖြစ်သွားသလဲ သူ မသိတော့ပေ။
ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။ ရေမချိုးခင်အထိ ကောင်းကောင်းမွန်မွန်ပဲဟာ။
နေဦး၊ ရေမချိုးခင်အထိ ကောင်းကောင်းမွန်မွန်ပါ ဟုတ်တယ်၊ မိုက်ကီရယ် အဲခွေးမသားကြီး တဘက်နဲ့ မသုတ်ခင်အထိ ဒီလိုမဟုတ်ခဲ့ဘူး ဒါဆို…
"မိုက်ကီရယ်၊ ခွေးမသားကြီး!”